Quantcast
Channel: စီးပွားရေး - ဧရာဝတီ
Viewing all 5004 articles
Browse latest View live
အတိုးနှုန်း များသည့် တရုတ် ချေးငွေ အမြန်ဆုံး ပြန်ဆပ်သင့်ဟု ဆို
$
0
0
ပြည်ပ ကြွေးမြီများတွင် အတိုးနှုန်း အများဆုံး ဖြစ်နေသည့် တရုတ် ချေးငွေကို ဆပ်နိုင်သမျှ အမြန်ဆုံး ပြန်ဆပ်သင့်ကြောင်း ယမန်နေ့ က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ်များက တိုက်တွန်း လိုက်သည်။
ပြည်ထောင်စု အစိုးရ အဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ် ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာ ထုတ်ပြန်ရေးနှင့် ယင်းအစီရင်ခံစာ အပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ ( ၁/ ၂၀၁၉ ) တို့နှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အုတ်တွင်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက“လက်ရှိ ဆောင်ရွက်နေတဲ့ ချေးငွေ သဘောအရ ဆပ်လိုတဲ့ အချိန် မှာ ဆပ်ချင်တဲ့ ငွေပမာဏကို ဆပ်နိုင်တာ ဖြစ်လို့ အတိုးများပြီး နိုင်ငံတော် စုစုပေါင်း ကြွေးမြီ လက်ကျန်ရဲ့ ၄၀ ရာခိုင်နှုန်းခန့် ရှိတဲ့ ချေးငွေ လက်ကျန် အများဆုံး ဖြစ်တဲ့ တရုတ်ချေးငွေကို ဆပ်နိုင်သမျှ စောလျင်စွာ ပြန်လည် ပေးဆပ်သင့်ပါတယ်”ဟု ပြောသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စ၍ နှစ်အလိုက် ပြည်ပ ကြွေးမြီ လက်ကျန် အခြေအနေကို လေ့လာကြည့်ရာတွင် တရုတ်ချေးငွေ လက် ကျန် အများဆုံး ဖြစ်သည့် အပြင် ပေးရသည့် အတိုးနှုန်းကလည်း အများဆုံး ဖြစ်နေကြောင်း ၎င်းက လွှတ်တော်တွင် ထောက်ပြ ဆွေးနွေး သည်။
ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) ကလည်း တရုတ် ကြွေးမြီများကို ပြန်ဆပ်ရန် အတွက် ကြွေးမြီ ပြန်ဆပ်ရေး မဟာဗျူဟာ နည်းလမ်းမှာ အရေးတကြီး လိုအပ်ကြောင်း၊ တချို့ နိုင်ငံများတွင် ပြည်တွင်း ထုတ်ကုန်များနှင့် ကြွေးမြီများကို ပြန်လည် ပေးဆပ်မှုများ ရှိနေသဖြင့် မိမိတို့ နိုင်ငံ အနေဖြင့်လည်း ပြည်တွင်း ထုတ်ကုန်ဖြစ် သည့် ဆန်တင်ပို့မှုနှင့် ဆပ်၍ ရနိုင်ကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ ၎င်းက“တရုတ်ကြွေးမြီ အများစုဟာ အရင် အစိုးရ အဆက်ဆက်က ချေးယူခဲ့တဲ့ ငွေတွေ ဖြစ်ပြီးတော့မှ အခုအခါ ကြွေးမြီ ပြန်ဆပ်ရမယ့် ကာလကို ရောက်နေပါပြီ”ဟုလည်း ပြောဆိုသည်။
တရုတ်သို့ ပေးဆပ်ရမည့် ကြွေးမြီများနှင့် ပတ်သက်၍ အကြွေးလျှော်ပစ်ရန် (သို့မဟုတ်) အတိုးနှုန်း လျှော့ချကာ ပြန်ဆပ်ရမည့် အချိန် အား ပြင်ဆင် ရေးဆွဲမှုများ လုပ်ဆောင်ရန် အတွက် ညှိနှိုင်းသင့်ကြောင်းလည်း ပုလဲ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ၂၀၁၈ ဒီဇင်ဘာလ အတွင်း ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးဖူးသည်။
ပြည်သူ့ ငွေစာရင်း ကော်မတီမှ အတွင်းရေးမှူး ဦးခင်မောင်သန်းက“အတိုးနှုန်း မြင့်မားတဲ့ အတွက် ကိုယ်စားလှယ်တွေက တော့ အရေးကြီးတဲ့ အနေအထားနဲ့ ပြန်ဆပ်စေချင်တာပေါ့။ ပြန်ဆပ်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချေးငွေရဲ့ ပုံစံမှာ ချေးငွေရဲ့ မူလ သတ်မှတ်ချက်ကို ပြန်ကြည့်မှ ရမယ်။ ငွေသား ယူထားလို့ ငွေသား ပြန်ဆပ်ရမယ် ဆိုလည်း ဒါဟာ ဆပ်သင့်တဲ့ ကိစ္စပါ”ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက“လုပ်ငန်း အရ စီမံချက်တွေ အတိုင်း ဆောင်ရွက်တာ ဆိုရင်လည်း ပရော့ဂျက်တွေ အတိုင်း ဆောင်ရွက် ပြီးတော့ ဆိုင်းငံ့ ဘယ်လောက်၊ အရစ်ကျ ဘယ်လောက် ဆပ်မယ် ဆိုရင်တော့ အဲ့ဒီအတိုင်းပဲ ကျနော်တို့ သွားရမှာ ဖြစ်ပါ တယ်။ ကျနော်တို့မှာ ငွေရှိလို့ ပုံပေးမယ်။ ဒါ ဆပ်လိုက်တော့မယ် လို့ ပြောရင်တောင် တော်တော် ညှိနှိုင်းရမယ့် ကိစ္စပါ”ဟု ပြောဆိုသည်။
အစိုးရ ကြွေးမြီ မှတ်တမ်း အရ ပြန်ဆပ်ရမည့် ငွေများမှာ ၁၉၈၈ ခုနှစ် မတိုင်ခင် ကာလအတွင်း အမေရိကန် ဒေါ်လာသန်း ၄၀၀၀ ကျော်၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ဒေါ်လာသန်း ၂၇၀၀ ကျော်ရှိပြီး ယင်းကာလ ချေးငွေများ၏ ၉၇ ရာခိုင်နှုန်း မှာ တရုတ်နိုင်ငံမှ ဖြစ်သည် ဟု သိရသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် ( ဦးသိန်းစိန် အစိုးရ လက်ထက်) အထိ ဒေါ်လာ သန်း ၃၀၀၀ ကျော် ရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၇ – ၂၀၁၈ ခုနှစ် အထိ ဒေါ်လာ ၉၁ သန်းကျော်သာ ရှိသည်ဟု ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် အတွက် အစိုးရ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်း အစီရင်ခံစာ အရ ပြည်ပသို့ ပေးဆပ်ရမည့် ကြွေးမြီ ဒေါ်လာ သန်းပေါင်း ၁၀၂၀၀ ကျော် ရှိရာ ယင်းမှ ဒေါ်လာ သန်း ၄၀၀၀ ကျော်မှာ တရုတ်သို့ ပြည်လည် ပေးဆပ်ရမည် ဖြစ်ပြီး တချို့ တရုတ် အတိုးနှုန်းမှာ ၄ ဒသမ ၅ ရာခိုင်နှုန်း အထိ ပေးဆပ်နေရကြောင်း ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ထို့ပြင် ပြည်တွင်းကြွေးမြီတွင် အစိုးရငွေတိုက်လက်မှတ်များ၊ ငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချခြင်းဖြင့် ဘတ်ဂျက် လိုငွေကို ဖြည့် ဆည်းရန် ရည်မှန်းထားသော်လည်း ထိုစာချုပ်များကို အဓိကအားဖြင့် နိုင်ငံတော် ဗဟိုဘဏ်သို့ ရောင်းချခဲ့ ခြင်း ဖြစ်သောကြောင့် ဘတ် ဂျက် လိုငွေကို ဗဟိုဘဏ်ကသာ ဖြည့်ဆည်း နေရသည့်သဘော ဖြစ်နေကြောင်း ဒေါ်ချိုချိုက ဆက်လက် ပြောသည်။
“ငွေတိုက် လက်မှတ်တွေ ငွေတိုက် စာချုပ်တွေကို လေလံ စနစ်ဖြင့် ရောင်းချရာမှာ ပုဂ္ဂလိကဘဏ်များ၊ ငွေကြေး အဖွဲ့ အစည်းများက ပိုမို ဝယ်ယူလာရန် အတိုးနှုန်းကို ဈေးကွက်ပေါက်ဈေးဖြင့် သတ်မှတ်ခဲ့ရသောကြောင့် လက်ရှိအခြေအနေတွင် အတိုးနှုန်းမှာ ငွေတိုက်လက် မှတ်များအတွက် ၈ ရာခိုင်နှုန်းကနေ ၈ ဒသမ ၂ ရာခိုင်နှုန်း ၊ငွေတိုက်စာချုပ်များ အတွက် ၉ ရာခိုင်နှုန်းမှ ၉ ဒသမ ၅ ရာခိုင်နှုန်း အထိ ရှိနေသောကြောင့် အစိုးရအတွက် အတိုးတာဝန် ကြီးလေးလာနိုင်ပါတယ်”ဟုလည်း ဒေါ်ချိုချိုက ထောက်ပြဆွေးနွေးသည်။
၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာရေးနှစ် အစိုးရ၏ကြွေးမြီ ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ပေးဆပ်ရန် ကျန်ရှိ နေသော ကြွေးမြီသည် ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက် အထိ အမေရိကန်ဒေါ်လာ ၁၀၂၀၀ ဒသမ ၁၇၀ သန်း ကျန်ရှိနေပြီး ပြည်တွင်း ကြွေးမြီမှာ ကျပ် ၂၀၇၂၄ ဒသမ ၆ ဘီလီယံ ရှိပြီ ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့စည်းဝင်များက ပြန်လည် ရှင်းလင်း ဆွေးနွေး ခြင်းနှင့် ကျန်ရှိသည့် အစီအစဉ်များကို ဇန်နဝါရီလ ၂၉ ရက်တွင် ကျင်းပမည့် အစည်းအဝေး၌ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန်
တရုတ်ထံမှ အတိုးနိမ့်ချေးငွေယူရန် မြန်မာစဉ်းစားနေ
တရုတ်အကြွေး ဆပ်နေရပေမယ့် ပြစရာ စီမံကိန်း မရှိဟု အမတ်များ ဝေဖန် 
The post အတိုးနှုန်း များသည့် တရုတ် ချေးငွေ အမြန်ဆုံး ပြန်ဆပ်သင့်ဟု ဆို appeared first on ဧရာဝတီ.
ဒေါ်လာ ၃ ဘီလီယံကျော်တန် စီမံကိန်း ၁၂၀ ကျော်ပါ Invest Myanmar Summit 2019 လာပြီ
$
0
0
အရှေ့အာရှ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ရည်ရွယ်၍ မကြာမီကျင်းပတော့မည့် Invest Myanmar Summit 2019 တွင် စုစုပေါင်း ဒေါ်လာ ၃ ဘီလီယံကျော် တန်ဖိုးရှိသည့် ဒေသတွင်းနှင့် ပုဂ္ဂလိက စီးပွားရေး စီမံကိန်း ၁၂၀ ကျော်ကို ပြသသွားမည် ဖြစ်သည်။
Invest Myanmar Summit 2019 က ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၂ ခုအတွင်းတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု(FDI) သိသိသာသာ ကျဆင်းသွားခြင်းကို တန်ပြန်ရန် အစိုးရ၏ အားထုတ်မှု အစိတ်အပိုင်းတခု ဖြစ်သည်။ နေပြည်တော်ရှိ Myanmar Convention Centre 2 တွင် ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ကျင်းပသွားမည် ဖြစ်သည်။
“ပြသတဲ့ စီမံကိန်းတွေနဲ့ အတူ ပြည်တွင်းနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ သူတို့ ရင်းနှီးမြှုပ်နှံနိုင်မယ့် လုပ်ငန်းတွေ၊ ပြည်နယ်နဲ့ တိုင်းအလိုက် သူတို့အတွက် ဖွင့်လှစ်ပေးထားတဲ့ စီမံကိန်း အမျိုးအစားတွေနဲ့ ပတ်သက်လို့ အလားအလာတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ကြရပါလိမ့်မယ်” ဟု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ၏ ဥက္ကဌ ဦးဇော်ဝင်းမင်းက ပြောသည်။
Invest Myanmar Summit 2019 သည် မြန်မာအစိုးရ၊ ပြည်နယ်နှင့်တိုင်း အစိုးရများနှင့် စီးပွားရေး အသိုင်းအဝိုင်းကြားမှ ပူးပေါင်းဆောင်ရွက်မှုတခု ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများတွေ့ဆုံနိုင်မည့် ပလက်ဖောင်းတခု ဖန်တီးပေးရန် ရည်ရွယ်ထား သည်။ နိုင်ငံတကာနှင့် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူများက နိုင်ငံအတွင်းမှ ရင်းနှီးမြှုပ်နှံမှု အလားအလာကို ရှာဖွေတွေ့ရှိနိုင်မည့် အခွင့်အလမ်းကိုပေးသလို အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများကို သက်ဆိုင်သော သတင်းအချက်အလက်များ ပံ့ပိုးပေးသွားမည် ဖြစ်သည်။
Invest Myanmar Summit 2019 အတွင်းတွင် ပစ်မှတ်ထားသည့် နိုင်ငံများမှာ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ သြစတြေးလျ၊ အမေရိကန် နှင့် ဗြိတိန် တို့ဖြစ်သည်။
“ဒီနှစ်ထဲမှာ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းတွေ တိုးလာအောင် summit က ကူညီလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကနဦး ဆွေးနွေးမှုတွေ အရ ဂျပန်နဲ့ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံသူတွေက ဒီမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ တော်တော်လေးစိတ်ဝင်စားကြတယ်” ဟု UMFCCI ၏ ဒုတိယ ဥက္ကဌ ဦးမောင်မောင်လေးက ဧရာဝတီသို့ ပြောသည်။
Summit ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ပြည်နယ်နှင့် တိုင်း ၁၀ခု (ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ နှင့် တနင်္သာရီ) တို့က ပါဝင် ပြသကြမည် ဖြစ်သည်။ ပစ်မှတ်ထားသည့် လုပ်ငန်းများမှာ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ အထည်ချုပ်၊ လျှပ်စစ်နှင့် စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး နှင့် ရေလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံ အဆောက်အဦး နှင့် ပိုင်ဆိုင်မှုတို့ ဖြစ်သည်။
ပြပွဲအတွင်းတွင် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက၊ ပြည်နယ်နှင့် တိုင်းဒေသ စီးပွားရေး ကဏ္ဍများအတွက် အထောက်အကူ ပြုစေသော လုပ်ငန်း စီမံကိန်းများစွာ ပါဝင်သည့် ပြည်သူ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ် (National Project Bank) ကို ပထမဦးဆုံး စတင် မိတ်ဆက်မည်ဖြစ်သည်။ အားလုံးပါဝင်၍ အသွင်ကူးပြောင်းမှုနှင့် ဆက်နွယ်သော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ရရှိရေးတွင် တိုင်းပြည်၏ မူဝါဒ၊ အဖွဲ့အစည်းအမျိုးမျိုး နှင့် ကိုက်ညီမှု ရှိစေရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲ ထားသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှု စီမံကိန်း(MSDP) ကို အကောင် အထည်ဖော်ရာတွင် စီမံကိန်းဘဏ်က ထိရောက်မှုရှိစေလိမ့်မည်ဟု မျှော်လင့်ထားသည်။
ပြပွဲ၏ သတင်းထုတ်ပြန်ချက်အရ အလားအလာကောင်းများရှိသည့် စီမံကိန်းများထဲမှ တခုမှာ မန္တလေးတိုင်းအတွင်းမှ မြို့သာ စက်မှုဥယျာဉ်မြို့တော် (Myotha Industrial Park City-MIPC) အကောင်အထည်ဖော်ရေး ဖြစ်ပြီး လက်ရှိအချိန် ၌ စီမံကိန်းဘဏ်တွင် တန်ဖိုး အမြင့်ဆုံး ရှိနေသည်။ အလုပ်အကိုင်နေရာ ၃၃၇၀၀ ဖန်တီးပေးမည်ဟု မျှော်လင့်ရသည်။ အခြေခံ အဆောက်အဦး၊ အစားအစာနှင့် သစ်ကဲ့သို့သော အလုပ်သမားအင်အားကို အဓိကထားသည့် လုပ်ငန်းများ၊ ဆေး ဝါးထုတ်လုပ်ရေး၊ ပြည့်မြဲစွမ်းအင်ထုတ်လုပ်ရေး ကဲ့သို့သော အရင်းအနှီးကို အဓိကထားသည့်လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်း နှင့် ငွေရေးကြေးရေးလုပ်ငန်း ကဲ့သို့သော စားသုံးသူ ဝန်ဆောင်မှုများနှင့် ထုတ်လုပ်သူဝန်ဆောင်မှုများကို ဦးတည်ထားသည်။
အဓိက ဟောပြောမည့် သူများထဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အသစ်ဖွဲ့စည်းလိုက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်နှင့် နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (NECC) မှ အဖွဲ့ဝင် ဦးမင်းရဲပိုင်ဟိန်းတို့ ပါဝင်သည်။
မြန်မာနိုင်ငံသည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၉.၅ ဘီလီယံ ရှိခဲ့ ရာမှ ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်တွင် ဒေါ်လာ ၆.၆ ဘီလီယံသို့ သိသိသာသာကျဆင်းသွာခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။
၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာ ပြဿနာပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) က နောက်လာမည့် နှစ် ၂၀ အတွင်းတွင် တာဝန်ယူမှုရှိပြီး အရည်အသွေးပြည့်ဝသည့် စီးပွားရေးလုပ်ငန်းများထံမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံ၂၀၀ ကျော် ဆွဲ ဆောင်နိုင်ရန် ရည်ရွယ်သည့် အဓိက ရင်းနှီး မြှုပ်နှံမှု အစီအစဉ်တခု ဖြစ်သည့် Myanmar Investment Promotion Plan (MIPP) ကို စတင်ခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) ၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၏ အဆိုအရ ၂၀၁၉ ခု နှစ်တွင် အစိုးရ၏ ပထမ ဦးစားပေးမှာ MIPP အကောင်အထည်ဖော်ရေး၌ အာရုံစိုက်ရန် ဖြစ်ကြောင်း သိရသည်။
MIPP မှတဆင့် မြန်မာနိုင်ငံကို ၂၀၃၀ ခုနှစ်ရောက်သည့်အခါ ဝင်ငွေ အလယ်အလတ်ရှိသည့် နိုင်ငံတခုဖြစ်လာစေရန် အစိုးရက ရည်မှန်းထားပြီး မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော ရင်းနှီးမြှုပ်နှံမှုစနစ်များနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အဖွဲ့ အစည်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို သေချာစေမည့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်သွားမည် ဖြစ်သည်။
အခြေခံ အဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနှင့် ဆက်နွယ်သော အထောက်အကူပြုစနစ်များ၊ အများ နှင့် ယှဉ်နိုင်သော စက်မှုလုပ်ငန်း အဆက်အသွယ်များ နှင့် ပိုမိုအရည်အသွေးမြင့်မားသော လူသားအရင်းအမြစ်များကို ကြီးကြပ် စီမံရန် သူတို့က ရည်ရွယ်သည်။
( Nan Lwin ၏ 120 Projects Worth $3B to Showcase at Invest Myanmar Summit 2019  ကို ဘာသာပြန်သည်။)
The post ဒေါ်လာ ၃ ဘီလီယံကျော်တန် စီမံကိန်း ၁၂၀ ကျော်ပါ Invest Myanmar Summit 2019 လာပြီ appeared first on ဧရာဝတီ.
တရုတ် စီမံကိန်းများ အတွက် စိုးရိမ်ရန် မလိုဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဆို
$
0
0
ခေတ်ပြောင်းသွားပြီ ဖြစ်သည့် အတွက် တရုတ် စီမံကိန်းတိုင်းကို ပြည်သူများ စိုးရိမ် ကြောင့်ကြရန် မလိုဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဧရာဝတီကို ပြောသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က“ပြည်သူတွေက တရုတ် ကြောက်တာလည်း ပါတယ်။ ဒီ စိုးရိမ် စိတ်တွေ ရှိနေတယ်။ အဲဒါတွေက ဘာကြောင့်ဖြစ် တာလဲ ဆိုတော့ မြစ်ဆုံ စီမံကိန်းကို ပြည်သူ ဘာမှ မသိလိုက်ရဘဲ လက်မှတ် ထိုးလိုက်တယ်။ ဒါတွေကြောင့်မို့ စိုးရိမ်ကြောင့်ကြ မှုတွေ ရှိကြတာပါ”ဟု ပြောဆို သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပါအဝင် အာရှ၊ ဥရောပ၊ သမုဒ္ဒရာတွင်း နိုင်ငံများ၊ အရှေ့အာဖရိက စသည့် နိုင်ငံ ပေါင်း ၆၀ ခန့်ကို ဖြတ်သန်း ချိတ်ဆက်မည့် အစီအစဉ်ဖြင့် ဆယ်စုနှစ်ကြာမည့် စီမံကိန်းကြီး တခုဖြစ်သော One Belt One Road (OBOR) စီမံကိန်းကို ဖော်ဆောင်လျက်ရှိသည်။
ယင်း OBOR စီမံကိန်းသည် ခန့်မှန်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၄ ထရီလီယံမှ ၈ ထရီလီယံ အထိ ကုန်ကျ နိုင်ကြောင်း သိရသည်။
OBOR ၏ အစိတ်အပိုင်း တခု ဖြစ်သော တရုတ်-မြန်မာ စီးပွားရေး စင်းကြံ (China-Myanmar Economic Corridor (CMEC) စတင် အကောင်အထည် ဖော်ရန် အတွက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက နှစ်နိုင်ငံ အစိုးရ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။
အဆိုပါ နားလည်မှု စာချွန်လွှာ အရ တရုတ်နိုင်ငံက မြန်မာ အတွင်း မူဆယ်-မန္တလေး ရထားလမ်း အပါအဝင် လုပ်ငန်း စီမံကိန်း ၉ ခုကို ဆောင်ရွက်သွားမည် ဖြစ်ရာ အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ အကျိုးစီးပွား ခေါင်းပုံဖြတ် ခံရမည်ကို ပြည်သူများက စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်း သိရသည်။
နမ္မတူ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက အဆိုပါ စီမံကိန်းနှင့် ဆက်စပ်သည့် ဆွေးနွေး ပွဲ တခု၌ တရုတ် အစိုးရ စီမံကိန်းများ အနက် ရှမ်းပြည်နယ်အတွင် ပြုလုပ်သည့် စီမံကိန်းများနှင့် ပတ်သက်ပြီး အကောင် အထည် ဖော်သူများသည် ဒေသတွင်း တိုင်းရင်းသားများ အပေါ် မြေယာ လျော်ကြေး၊ အလုပ်အကိုင် အခွင့် အလမ်း ဆိုင်ရာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ရှိခဲ့သည့်အတွက် ယခု လာမည့် စီမံကိန်းကြောင့် မြေယာ များ ထပ်မံ ဆုံးရှုံးရမည်ကို တိုင်းရင်းသားများ စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ပြောကြားထားသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ်က“ဒီစီမံကိန်းက ကိုယ့်ပြည်သူတွေ အတွက် အခွင့်အလမ်းတွေ များတယ်။ စိန်ခေါ်မှု တွေ လည်း ရှိပါတယ်။ ဒါပေမယ့် အခုခေတ်က အရင်လို မဟုတ်တော့ပါဘူး။ ပွင့်လင်းမြင်သာမှု ရှိလာပြီး နိုင်ငံ တွေ ပူးပေါင်း ဆောင်ရွက်တဲ့ခေတ် ဖြစ်လာသလို နိုင်ငံတွေ အချင်းချင်း Win Win Policy နဲ့ လုပ်နေကြပါပြီ”ဟု ပြောကြားသည်။
တရုတ် စီမံကိန်းကြောင့် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး ပိုကောင်းလာမည် ဖြစ်၍ ကုန်သွယ်မှု ကဏ္ဍ ပို တိုးလာ စေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ပိုများလာရန် ကိစ္စများအား အစိုးရ အချင်းချင်း နားလည် ညှိနှိုင်း မှုများဖြင့် ရှေ့ဆက် ဆောင်ရွက်သွားမည် ဟုလည်း ဆိုသည်။
ဒေါက်တာ ဇော်မြင့်မောင်က“တရုတ်လာတော့ တရုတ်နဲ့ ဆက်ဆံရတာပေါ့ဗျာ။ဒီလိုပဲ EU (ဥရောပ သမဂ္ဂ) လာရင် လည်း ဒီလိုပဲ ဆက်ဆံရမှာ ပါပဲ။ နိုင်ငံ ဖွံ့ဖြိုးဖို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို လက်ခံတယ်။ ဒါပေမယ့် အကုန်လုံး ရောပြွန်းတာ မဟုတ်ဘဲ ကိုယ့်နိုင်ငံရဲ့အရေးပါတဲ့ ပထဝီ အနေအထားပေါ် မူတည်ပြီး ကိုယ်လို ချင်တာကိုတော့ ဆွေးနွေးရမှာပေါ့ဗျာ”ဟု ပြောဆိုသည်။
မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက တရုတ်-မြန်မာ စီးပွားရေး စင်းကြံ အကောင်အထည် ပေါ်လာပါက လက်ရှိ ကုန်သွယ်ရေး ကဏ္ဍတွင် အဓိက လိုအပ်ချက်တခု ဖြစ်သည့် အခြေခံ အဆောက်အအုံပိုင်း၌ ပြည့်စုံသွားမည် ဖြစ်ရာ ကုန်သွယ်မှုလည်း ယခင်ထက် ပိုမို ဆောင်ရွက်နိုင်မည်ဟု ဧရာဝတီ ကို ပြောသည်။
တရုတ်နိုင်ငံသည် ဥရောပနှင့် အာရှနိုင်ငံများကြား ကုန်းလမ်းနှင့် ရေလမ်း ကုန်သွယ်ရေးလမ်းကို တဆက်တည်း ပေါင်းစည်းရန် ရည်ရွယ်ပြီး ကုန်သွယ်ရေး ပိုးလမ်းမကြီးကို အခြေခံချဲ့ထွင်ကာ One Belt One Road စီမံကိန်း ကို ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်နှစ် မေလ လယ်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်သော Belt and Road နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်၌ တရုတ် သမ္မတ မစ္စတာ ရှီကျင့်ဖျင်က စီမံကိန်း ဖြတ်သန်းရာ နိုင်ငံများ၏ စီးပွားရေး စည်ပင် ဝပြောမှုနှင့် ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အတွက် အကျိုးဖြစ်ထွန်း စေရန်၊ မတူညီ သော ယဉ်ကျေးမှုများ ဖလှယ်ရင်း ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ တရုတ်နိုင်ငံက ဦးစီး၍ ဆောင်ရွက်မည့် မဟာစီမံကိန်း ဖြစ်သည်ဟု ပြောကြားထားသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၂ သောင်းကျော် ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားလုံး၏ ၂၅ ရာခိုင်နှုန်းကျော် ရှိကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီး ဌာန(DICA)က ထုတ်ပြန်ထားသော စာရင်းဇယားများ အရ သိရသည်။
ဆက်စပ် ဖတ်ရှုရန် – တရုတ် စီမံကိန်းတွေမှာ အလောတကြီး ဆုံးဖြတ်ရင် သမိုင်း တရားခံ ဖြစ်သွားမယ်
OBOR စီမံကိန်းတွင် တရုတ်ထံမှ အကျိုးရှိအောင် ယူတတ်ရန် လိုဟု ဆို
The post တရုတ် စီမံကိန်းများ အတွက် စိုးရိမ်ရန် မလိုဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဆို appeared first on ဧရာဝတီ.
၂၀၁၉ တွင် စောင့်ကြည့်ရမည့် တရုတ် ပိုးလမ်းမ စီမံကိန်းများ
$
0
0
တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော ခေတ်သစ်ပိုးလမ်းမ စီမံကိန်း(BRI) ၏ အစိတ်အပိုင်း ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် (CMEC) သဘောတူညီချက်အောက်မှ အရေးပါသော စီမံကိန်းများကို စတင်ဆောင်ရွက်ရန် မြန်မာ အစိုးရက မကြာသေးမီက သဘောတူညီခဲ့သည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုက ယခုနှစ်အတွင်းတွင် အကောင်အထည် ဖော်ရန် ရှိနေသည့် BRI ၏ အဓိက အခြေခံ အဆောက်အဦး စီမံကိန်းများ အပေါ်တွင် ကြီးမားစွာ မူတည်နေလိမ့်မည်ဟု ကမ္ဘာ့ဘဏ် အပါအဝင်ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြသည်။
ကီလိုမီတာ ၁၇၀၀ ရှည်လျားသည့် စီးပွားရေးစြင်္ကန်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် စတင်၍ မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးမြို့များ (မြန်မာနိုင်ငံ အလယ်ပိုင်းမှ မန္တလေးမြို့ နှင့် စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်) တို့ကို ဖြတ်ကျော်၍ ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ကမ်းရိုးတန်းသို့ ရောက်ရှိမည် ဖြစ်သည်။ အဆိုပြုချက်တွင် မန္တလေး နှင့် တရုတ်နယ်စပ် မြန်မာဘက်ခြမ်း မူဆယ်တို့ကို ဖြတ်သွားသည့် အဓိက လမ်း ၃ ခု နှင့် ရှမ်းပြည်နယ် အတွင်းမှ အခြားလမ်း အချို့ကို အဆင့်မြှင့်တင်မှုများပြုလုပ်ရန် လည်းပါဝင်သည်။
စုစုပေါင်း စီမံကိန်း ၂၄ ခု ပါဝင်မည်ဟု မျှော်လင့်ထားသည့် စီမံကိန်း၏ ကနဦးအဆင့်များတွင် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ သုံးစွဲမည်ဟု ခန့်မှန်းထားသည်။
အဆိုပြုထားသည့် CMEC စီမံကိန်း ၂၄ ခုထဲတွင် အဓိကစီမံကိန်း ၉ ခု၏ လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ရန် မြန်မာနိုင်ငံ က သဘောတူထားပြီး ၎င်းတို့ထဲတွင် နောက်ပိုင်းမှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရန်ကုန်တွင် ရန်ကုန်မြို့သစ် စီမံကိန်း နှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များမှ နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန်များ ပါဝင်ကြသည်။
ယခုနှစ်အတွင်းတွင် အကောင်အထည်ဖော်ရန် ရှိနေပြီး ယခုနှစ်အတွင်းတွင် နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည် စီမံကိန်း အပါအဝင် ဂရုတစိုက် စောင့်ကြည့်ရမည့် စီမံကိန်း ၆ ခုကို ဧရာဝတီက လေ့လာ တင်ပြလိုက်ပါသည်။
၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စောင့်ကြည့်ရမည့် BRI စီမံကိန်း ၆ခု
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း
  •  မူဘောင်သဘောတူညီချက်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။
  • တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိခွင့် ရစေသည်။
  • တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များပို့ဆောင်ပေးသည့် ပိုက်လိုင်းများ ၏ စစ် ဆေးရေးစခန်းဖြစ်သည်။
  •  စုစုပေါင်း ဟက်တာ ၅၂၀ (ဧက ၁၃၀၀ နီးပါး) ကျယ်ဝန်းပြီး ဟက်တာ ၂၀မှာ ဆိပ်ကမ်းအတွက်၊ ဟက်တာ ၁၀၀ မှာ အိမ်ယာများအတွက်နှင့် ဟက်တာ ၄၀၀ မှာ စက်မှုဥယျာဉ် အတွက် ဖြစ်သည်။
  • အဆင့်(၁) တွင် ဆိပ်ကမ်း ၂ ခုဆောက်လုပ်ခြင်း ပါဝင်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ထက် မကျော်လွန်ပါ။
  • ဒေသခံပြည်သူများအတွက် အလုပ်အကိုင်နေရာ ၁၀၀၀၀၀ ဖန်တီးပေးရန် မျှော်လင့်ထားသည်။
  • အကြွေးထောင်ချောက်၊ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ပင်လယ်ရေကြောင်း လုံ ခြုံရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။
မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်း
  • အဆိုပြုထားသည့် ရထားလမ်းကြောင်းလေ့လာရေး စတင်ရန် မြန်မာနှင့် တရုတ်နိုင်ငံတို့ ၂၀၁၈ ခုနှစ် အောက် တို ဘာလတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
  • လေ့လာရေးကာလ ၁ နှစ်ကြာမြင့်မည်ဟု မျှော်လင့်ရသည်။
  • ရွှေလီ(မူဆယ်မှ နယ်စပ် တဘက်ခြမ်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းမှမြို့) မှ ကျောက်ဖြူသို့ အမြန်လမ်း နှင့် ရထားလမ်းတခု အပြိုင်တည်ဆောက်ရန် တရုတ်အစိုးရ အစီအစဉ်၏ တစိတ်တပိုင်း ဖြစ်သည်။
  • စီမံကိန်းက ၄၃၁ ကီလိုမီတာ (၂၆၈မိုင်) ရှည်လျား၍ ရှမ်းပြည်နယ်အတွင်းမှ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေ သည့်ဧရိယာများကို ဖြတ်သန်းသွားမည်ဖြစ်သည်။
  • အဆိုပြုထားသည့် လျှပ်စစ်ရထားများက တနာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်လိမ့်မည် ဖြစ်သည်။
  • လမ်းကြောင်းတလျှောက်တွင် အနည်းဆုံး အနေဖြင့် ကုန်တင်ဘူတာ ၇ ခုနှင့် လူစီး ဘူတာ ၅ခု တည်ဆောက်ရန် မျှော်မှန်းထားသည်။
  • ရထားလမ်းမှ နောင်ချို-လားရှိူး အပိုင်းနှင့် လားရှိူး-မူဆယ် အပိုင်းများအတွက် မြေပြင်တိုင်းထွာမှုများကို ဇန်နဝါရီ လမှ ဧပြီလ အတွင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။
  • ရှမ်းပြည်နယ်အတွင်းမှ လမ်းကြောင်းတလျှောက်တွင် လက်နက်ကိုင် ပဋိပက္ခများ အလွယ်တကူ ပိုမိုဖြစ်ပွားစေ နိုင်သည်။
ရန်ကုန်မြို့သစ် စီမံကိန်း
  • ရန်ကုန် မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက် (NYDC) နှင့် ဟောင်ကောင်တွင် စာရင်းသွင်းထားသည့် China Communication and Construction Company (CCCC) တို့ကြားတွင် မူဘောင်သဘောတူညီချက် တခု လက် မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။
  • တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်(CMEC) ၏ အစိတ်အပိုင်းတခု ဖြစ်သလို BRI ၏ အစိတ်အပိုင်းတခုဖြစ်သည်။
  • အခြေခံ အဆောက်အဦးအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထား သည်။
  • မြို့သစ်များ၊ စက်မှုဥယျာဉ်များနှင့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများပါဝင်မည်ဟု မျှော်မှန်းထားသည်။
  • အမှန်တကယ်လိုအပ်သော စီမံကိန်းဟုတ်/မဟုတ် မေးခွန်းများပေါ်ထွက်စေခဲ့သည်။ ကုန်ကျစရိတ် နှင့် ရေလွှမ်း မိုးနိုင်မည့် အလားအလာအပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
နယ်စပ် စီးပွားရေးဇုန် ၃ ခု
  • တရုတ်အစိုးရ၏ ရည်မှန်းချက်ကြီးမားလှသော ခေတ်သစ်ပိုးလမ်းမ စီမံကိန်း(BRI) ၏ တစိတ်တပိုင်း အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ တရုတ်-မြန်မာ နယ်စပ် တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဇုန် များတည်ဆောက်ရန် စီစဉ်ထားသည်။
  • ကချင်ပြည်နယ်၊ အထူးဒေသ(၁) ရှိ ကန်ပိုက်တီး၊ ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်မှ ချင်းရွှေဟော်နှင့် ရှမ်းပြည် နယ်မှ မူဆယ်မြို့နယ်တို့တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် ၃ ခုကို မြန်မာနိုင်ငံက ဇူလိုင်လတွင် အတည် ပြုခဲ့သည်။
  • ကုန်သွယ်ရေး စန်တာများနှင့် ပြင်ဆင်ရေး ဧရိယာများ၊ အသေးစားနှင့် အလတ်စားအရွယ် စက်မှုလုပ်ငန်းများ၊ ကုန်သွယ်ရေး ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး စန်တာ တခုနှင့် အရည်အသွေးမြင့် ထုတ်ပိုးရေး စန်တာတခုတို့ ပါဝင်မည်ဟု မျှော်လင့်ရသည်။
  • ချင်းရွှေဟော် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများကို ဧပြီလတွင် စတင်မည် ဟု မျှော်လင့်ထားသည်။
  • လက်နက်ကိုင် ပဋိပက္ခနှင့် ရွှေ့ပြောင်းအခြေချသည့်လူဦးရေတို့နှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်နေသည်။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း
  • မြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီးက မကြာသေး မီက ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့သည်။
  • မြစ်ဆုံက BRI စီမံကိန်းများအတွက် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
  • ပြည်သူလူထု၏ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ဒေါ်လာ ၃.၆ ဘီလီယံတန် စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင ယခင် သမ္မတ ဦးသိန်းစိန်က ဆိုင်းငံ့ထားခဲ့သည်။
  • မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီ၏ မြစ်ဆုံတွင် တည်ရှိသည်။
  • ဆည်တည်ဆောက်မည့်နေရာတွင် ကမ္ဘာပေါ်၌ အကျန်းမာဆုံး ဇီဝမျိုးကွဲများထဲမှ အချို့ ရှိနေသည်။
  • စီမံကိန်းက မရေမရာ အနေအထားတွင် ရှိနေဆဲ ဖြစ်ပြီး အစိုးရက ၎င်းတို့၏ အစီအစဉ်ကို တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါ။
  • ဧရာဝတီမြစ်၏ သဘာဝအလှအပများ ပျက်စီးမည့် အခြေအနေနှင့် ရေစီးဆင်းမှုကို အဟန့်အတာဖြစ်စေနိုင်မှု အပေါ်တွင် စိုးရိမ်မှုများမြင့်တက်နေသည်။
  • ရေလွှမ်းမိုးနိုင်သည့် ဧရိယာက စင်ကာပူနိုင်ငံ၏ အရွယ်အစားအထိရှိနိုင်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ကို ထိခိုက်ပျက်စီးစေ၍ လူ ၁၀၀၀၀ ကျော်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေနိုင်သည်။
ကျောက်ဖြူ-ကူမင်း ရထားလမ်း
  • စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားသည်။
  • ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဆက်သွယ်မည့် ရထားလမ်းနှင့် ကား လမ်း စီမံကိန်းက ရပ်တန့်နေသည်။
  • ရထားလမ်းတခုလုံးက ၈၁၀ ကီလိုမီတာ ရှည်လျားမည်ဖြစ်သည်။
  • ဒေသခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးနောက်ပိုင်းတွင် ယခင်သမ္မတ ဦးသိန်းစိန်က စီမံကိန်းကို ရွှေ့ဆိုင်းခဲ့သည်။
  • ၂၀၁၄ ခုနှစ်တွင် သဘောတူညီချက်သက်တမ်းကုန်ဆုံးခဲ့ပြီး ရထားလမ်းစီမံကိန်းက မရေမရာ အနေအထားတွင် ရှိနေဆဲ ဖြစ်သည်။
  • ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော မန္တလေး-မူဆယ် ရထားလမ်း စီမံကိန်း အတွက် လေ့လာမှုများကို ယခုလ အတွင်းတွင် စတင်ခဲ့သည်။
  • ကျောက်ဖြူ-ကူမင်း ရထားလမ်းက မူဆယ်-မန္တလေး စီမံကိန်းပြီးသည့်နောက်တွင် နောက်ထပ် တဆင့်ဖြစ်နိုင်ပါ သည်။
  • အကြွေးထောင်ချောက်နှင့် လက်နက်ကိုင် ပဋိပက္ခ အလားအလာအပေါ် စိုးရိမ်မှုများမြင့်တက်နေသည်။
(Nan Lwin ၏ China’s Six Belt and Road Projects in Myanmar to Watch in 2019 ကို ဘာသာပြန်ဆိုသည်။)
The post ၂၀၁၉ တွင် စောင့်ကြည့်ရမည့် တရုတ် ပိုးလမ်းမ စီမံကိန်းများ appeared first on ဧရာဝတီ.
မြန်မာ့ ဟင်းခတ် အမွှေးအကြိုင် ဈေးကွက် အင်္ဂလန် ရင်းနှီး မြှုပ်နှံမည်
$
0
0
မြန်မာ့ ဟင်းခတ် အမွှေးအကြိုင် ဈေးကွက်တွင် အင်္ဂလန် အဖွဲ့အစည်းတခု ဖြစ်သည့် UKAid မှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ သန်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို UK အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာန (DFID) ၏ အစီစဉ်တခု ဖြစ်သော မန္တလေးတိုင်း ဒေသ ကြီးရှိ ဟင်းခတ် အမွှေးအကြိုင်၊ စားသောက်ကုန် ထုတ်လုပ်ရေးတွင် ပါဝင်သည့် စိုက်ပျိုးရေး တောင်သူများ အလုပ် အကိုင် ပိုမို ရရှိစေရေး အတွက် ကြယ်သုံးပွင့် စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်ဟု ဆိုသည်။
ယင်း စီမံကိန်းတွင် ဆင်းရဲနွမ်းပါးသည့် တောင်သူ ၄၀၀၀ ခန့်ကို တန်ဖိုးမြင့် သီးနှံ စိုက်ပျိုး ထုတ်လုပ်ရေး ကွင်းဆက်တွင် ပါဝင်၍ ၎င်းတို့၏ ဝင်ငွေ တိုးပွားစေရေး အတွက် သင်တန်းများ ပို့ချခြင်းများလည်း ပြုလုပ်သွားမည်ဟု DFID ၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးအကဲ Dr.Gail Marzetti က ပြောဆိုသည်။
ပြည်တွင်းရှိ တောင်သူ လယ်သမားများ စိုက်ပျိုးသော ဟင်းခတ်အမွှေးအကြိုင် ဟင်းသီးဟင်းရွက်များ ဖြစ်သည့် ငရုတ်သီး၊ ချင်း (ဂျင်း)၊ နနွင်း၊ ချဉ်ပေါင်ရွက် နှင့် ငရုတ်ကောင်းများကို UKAid က ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်၍ တောင်သူများထံမှ ဝယ်ယူပြီး ယင်းတို့ အနက်မှ စီးပွားရေးအရ တွက်ခြေကိုက်သော ထိုင်းနိုင်ငံ၏ မျိုးရင်းဖြစ်သည့် ချဉ်ပေါင်ရွက် Hibiscus (Magenta color) တို့ကို ပြည်ပဈေးကွက်သို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ဟင်းခတ် အမွှေးအကြိုင် ဈေးကွက်၌ ကုန်သည်များက တောင်သူများထံမှ ပေးဝယ်နေသော ဈေးထက် ၁၆ ရာခိုင် နှုန်း မှ၂၃ ရာခိုင်နှုန်းထိ မြင့်သည့် ပေါက်ဈေးတခုဖြင့် တိုက်ရိုက် ဝယ်ယူရန်တို့ ပါဝင်ကြောင်း Dr.Gail Marzetti က ပြောသည်။
“ပြီးရင် Snacks Mandalay ကနေ ဟင်းခတ် အမွှေးအကြိုင်တွေကို ပြည်တွင်းနဲ့ ပြည်ပ ဈေးကွက်တွေမှာ ထုတ်လုပ် ရောင်း ချ သွားမှာ ဖြစ်တယ်။ ထုတ်လုပ်မှုကိုလည်း နိုင်ငံတကာ စံချိန်မီအောင် လုပ်ပြီး ပြည်ပဈေးကွက်မှာ ဈေးနှုန်း မြှင့် တင် ရောင်းချမှာ ဖြစ်တယ်”ဟုလည်း ၎င်းက ပြောပြသည်။
DaNa Facility အဖွဲ့ နှင့် အစားအစာ ထုတ်လုပ်ရေး ကုမ္ပဏီတခု ဖြစ်သော Snacks Mandalay တို့ ပူးပေါင်း၍ UKAid နှင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု DaNa Facility က ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန်ထားသည်။
DaNa Facility သည် UK နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာန (DFID) မှ ထောက်ပံ့ပေးထားသော အစီအစဉ် တခုဖြစ်ပြီး ၂၀၁၆ ခုနှစ် မေလတွင် စတင် အကောင်အထည် ဖော်ခဲ့သည်။
ဟင်းခတ် အမွှေးအကြိုင် ထုတ်လုပ်မှု အရည်အသွေးကို တိုးတက်အောင် လုပ်ဆောင်ပြီး တောင်သူများ၏ လုပ်ငန်း ကျွမ်း ကျင်မှုကို မြှင့်တင်ခြင်း အားဖြင့် မြန်မာ တနိုင်ငံလုံးရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ (SMEs) ဝင်ငွေ ပိုမို တိုးတက်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Snacks Mandalay ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာ ပြည့်ဖြိုးအေးက“ဟင်းခတ်အမွှေးအကြိုင် ထုတ်လုပ်မှုလုပ်ငန်း တခုလုံးမှာ ပါဝင်နေသူ အားလုံးကို ဦးတည် ဆောင်ရွက်တာ ဖြစ်တယ်။ ဒီစီမံကိန်းကနေ တောင်သူတွေ ဝင်ငွေပိုရဖို့၊ အမျိုးသမီးတွေ လယ်ယာ လုပ်ငန်းမှာ အလုပ်အကိုင် ရရှိဖို့နဲ့ ဟင်းခတ် အမွှေးအကြိုင် ဈေးကွက် တည်ငြိမ်ဖို့ ဆောင်ရွက် တာ ဖြစ်တယ်”ဟု ပြောသည်။
ယင်း ကြယ်သုံးပွင့် စီမံကိန်းတွင် ထိုင်းနိုင်ငံမှ နည်းပညာ ကျွမ်းကျင်မှု ရယူခြင်းဖြင့် လယ်သမားများ အတွက် အထွက် တိုး ရေး၊ ပိုးမွှား ထိန်းချုပ်ရေး၊ ဓာတ်မြေသြဇာ သုံးစွဲရေး အစရှိသည့် စိုက်ပျိုးရေး ဗဟုသုတများကို မျှဝေပေးနိုင်မည့် အပြင် နည်းပညာ ပံ့ပိုးမှုမှတဆင့် အရည်အသွေးမြင့် ဟင်းခတ် အမွှေးအကြိုင်များ ထုတ်လုပ်နိုင်၍ နိုင်ငံတကာနှင့် မြန်မာ့ ဈေး ကွက်ကို ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း ဆိုသည်။
The post မြန်မာ့ ဟင်းခတ် အမွှေးအကြိုင် ဈေးကွက် အင်္ဂလန် ရင်းနှီး မြှုပ်နှံမည် appeared first on ဧရာဝတီ.
တရုတ်-မြန်မာ မူဆယ်နယ်စပ် ဆန် ကုန်သွယ်ရေး ရပ်တန့်နေ
$
0
0
တရုတ်- မြန်မာ မူဆယ်နယ်စပ် ဆန် ကုန်သွယ်ရေးမှာ တရုတ်နှစ်သစ်ကူး နီးနေသောကြောင့် ကုန်သည် အဝယ်မရှိ၍ ကုန်သွယ်မှု ရပ်တန့်နေကြောင်း မူဆယ်နယ်စပ် ကုန်သည်များ ထံမှ သိရသည်။
မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက“အခုကုန်သွယ်မှုအခြေနေက ဒီနေ့(ဇန်နဝါရီ ၂၈ ရက်)က စမယ်ဆိုရင် ကုန်သွယ်မှုက လုံးဝရပ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ နှစ်သစ်ကူးရှိတော့ တရုတ်တွေက လာမဝယ်တော့ဘူး။ သူတို့ နယ် သူတို့ပြန်သွားပြီ။ ဦးတို့လည်း တရက် နှစ်ရက်ဆို ပြန်တော့မှာ။ ဟိုတလောက ပိတ်တာက နယ်စပ်ကနေ ရဲတွေ က မှောင်ခို တိုက်ဖျက်ရေး ဆိုလို့ ပိတ်ရတာ။ အခု ပိတ်သွားတာတော့ ဝယ်သူမရှိလို့”ဟု ဧရာဝတီသို့ ပြောသည်။
ကုန်စည် စီးဆင်းမှုအနေနှင့် ယခင်က တရုတ်ဘက်သို့ တရက်လျှင် မူဆယ် ကုန်စည်ဒိုင်မှ ပုံမှန်တရက်လျှင် ဆန် အိတ် ရေ ၃ သောင်းနှင့် ၄ သောင်းကြား တရုတ်ဘက်သို့ အထွက်ရှိပြီး လက်ရှိတွင် လုံး၀ ရပ်တန့်နေကြောင်းလည်း ၎င်းက ပြောပြသည်။
ထိုသို့ ကုန်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်နေမှုကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) သိသော်လည်း တဖက် တရုတ်နိုင်ငံ၏ ပေါ်လစီအတိုင်း ဖြစ်သောကြောင့် အခက်အခဲများကို ဖြေရှင်းရန် မရသေးကြောင်း၊ သို့သော် တဖြည်းဖြည်းနှင့် ဖြေလျှော့ပေးမည်ဟု ထင်ကြောင်း မူဆယ်နယ်စပ် ကုန်သည်များ ထံမှ သိရသည်။
တရုတ်သို့ ရောင်းချနေသော ၂၅ မှတ်တန် ဆန်ကြမ်းဈေးနှုန်းများ အနေနှင့် မနောသုခ ဆန်တအိတ်လျှင် တရုတ်ယွမ် ၁၁၀၊ ရတနာတိုး တအိတ်လျှင် ၁၁၂ ယွမ် ရှိပြီး လက်ရှိတွင် ဈေးနှုန်း ကျမသွားသော်လည်း ဝယ်သူ မရှိဖြစ်နေကြောင်း ဦးမင်းသိန်းက ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးနေလင်းဇင်က“နယ်စပ် ကုန်သွယ်ရေးမှာ ကျနော်တို့ တော်တော် အခက်အခဲ ကြုံနေရတယ်။ အချိန်ကာလ တော်တော်များများ နယ်စပ် ကုန်သွယ်ရေးကို မှီခိုနေတဲ့ ဆန်တင်ပို့မှု ဒီနှစ်မှာ တော်တော်လေး ကျသွားတယ်။ တဝက်လောက်နီးပါး ကျသွားတဲ့ အနေအထား ရှိတယ်။ လက်ရှိတော့ ဒီအကန့်အသတ် အခက်အခဲက ရှိနေဦးမယ်။ ဒါက စီးပွားရေးကဏ္ဍ တခုတည်းတင် မဟုတ်ဘူး၊ နိုင်ငံရေးတွေလည်း အများကြီးပါတယ်”ဟု ပြောဆိုသည်။
နယ်စပ် ကုန်သွယ်ရေးတွင် B to B (နှစ်ဖက်ကုန်သည် အချင်းချင်း ကုန်သွယ်မှု) လုပ်ဆောင်နေသော်လည်း တဖက် တွင်လုပ်ဆောင်၍ မရသည့် အကန့်အသတ်တချို့ ရှိသောကြောင့် အစိုးရအနေနှင့်လည်း G to G (အစိုးရချင်း နားလည်မှု စာချွန်လွှွာ) လုပ်ဆောင်မှုကိုလည်း အချိန်နှင့်တပြေးညီ ဆောင်ရွက်ရန် လိုအပ် လာသောကြောင့် စီးပွား/ကူးသန်းသို့ တင်ပြထားမှုများ ရှိကြောင်း ၎င်းက ပြောပြသည်။
စီးပွား/ကူးသန်း လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က“နယ်စပ် ကုန်သွယ်မှု ပမာဏက မူဆယ် ဆိုရင် တော်တော်လေး လျော့ကျတာပေါ့။ မူဆယ်ဆိုရင် ပို့ကုန် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်လောက် လျော့ ကျတဲ့ အနေအထားရှိတယ်။ အခုမူဆယ်ရော၊ လွယ်ဂျယ်ရော၊ ချင်းရွှေဟော်ရော ကာလတူထက်စာရင် လျော့ကျနေ တဲ့ အနေအထားမှာ ရှိတယ်။ အဓိကပြောလို့ရှိရင် ဆန်နဲ့ ပြောင်းနဲ့ နယ်စပ် ကုန်သွယ်မှုက ကျနေတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
တရုတ်ဘက်မှ ဆန်၊ ပြောင်းနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် ၁ လ ကျော်က ကန့်သတ် စစ်ဆေးမှု တချို့ ပြုလုပ်ခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံဘက်မှ တင်ပို့နေသော ဆန်၊ ပြောင်းနှင့် သကြား တင်ပို့မှုများ လျော့ကျခဲ့ကြောင်း ၎င်းက ရှင်းပြ သည်။
“ဆန်ဆိုရင် နယ်စပ်တင်ပို့မှုက တန်ချိန် ၃ သိန်း ကျော်လောက် လျော့တဲ့ အနေအထားမှာ ရှိတယ်။ ဒါက ကာလတူ အောက်တိုဘာလကနေ အခု ဇန်နဝါရီ ၁၈ ရက်အထိ ဖြစ်တယ်။ အခု အနေအထားအရတော့ နှစ်နိုင်ငံ တရုတ် နိုင်ငံ ဘက်က စီးပွားရေးသံမှူးတွေက ဖြေလျှော့သင့်တာတွေလည်း ဖြေလျှော့ပေးသွားမယ် ဆိုတဲ့ ညိုနှိုင်း ဆွေးနွေးမှု လုပ် တယ်”ဟု ဦးခင်မောင်လွင်က ဆက်လက် ပြောဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် တရားဝင် ကုန်ပစ္စည်းများ အပြန်အလှန် လဲလှယ်တင်ပို့ရေး အတွက် အစိုးရချင်း MOU ရေးထိုး ရန် အတွက်လည်း သဘောထားမှတ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ အလိုက် စီးပွား/ကူးသန်းက တောင်းခံ ထားကြောင်း သိရသည်။
ထို တရားဝင် ကုန်ပစ္စည်းများ တင်ပို့နိုင်ရေး အတွက် MOU ကိုလည်း မကြာခင် ဆောင်ရွက်သွားရန် ရှိနေကြောင်း ဦးခင်မောင်လွင်က ပြောသည်။
လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး လျော့ကျလျက် ရှိသော်လည်း တနိုင်ငံလုံး အတိုင်းအတာ အနေနှင့် ကုန်သွယ်မှု ပမာဏကို ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၄ လအတွင်း ပို့ကုန် ဒေါ်လာ သန်း ၃၆၀ ကျော် ပိုတင်ပို့နိုင်၍ သွင်းကုန် ဒေါ်လာ သန်း ၁၅၀ ကျော် လျော့နည်း တင်သွင်းထားသောကြောင့် ဒေါ်လာသန်း ၂၀၀ ကျော် ကုန်သွယ်မှုတိုးလာပြီး ကုန်သွယ် မှု လိုငွေ ဒေါ်လာသန်း ၅၀၀ နီးပါး လျော့နည်းလျက် ရှိနေသည်ဟု စီးပွား/ကူးသန်း စာရင်းများတွင် ဖော်ပြထားသည်။
The post တရုတ်-မြန်မာ မူဆယ်နယ်စပ် ဆန် ကုန်သွယ်ရေး ရပ်တန့်နေ appeared first on ဧရာဝတီ.
တန်ဖိုးကြီးဖုန်းတွေ ရောင်းအားတက်လာပေမယ့် ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်တခုလုံး ကျဆင်းလျက်ရှိ
$
0
0
၂၀၁၈ ခုနှစ်အတွင်းမှာ စမတ်ဖုန်းမော်ဒယ် အမြောက်အများ ထွက်ရှိခဲ့ပေမယ့်လည်း ကမ္ဘာ့ စမတ်ဖုန်းဈေးကွက် တခုလုံးဟာ အကျဘက်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်လေ့လာရေးကုမ္ပဏီ Counterpoint Research ရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက် တခုလုံးဟာ အရင်နှစ်ကထက် ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်လာ ၄၀၀ နှင့်အထက် ပေးရတဲ့ တန်ဖိုးကြီး ပရီမီယမ်ဖုန်းဈေးကွက်ကတော့ ၁၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။
Apple ၊ Samsung နဲ့ Google တို့အပြင် Huawei ၊ OPPO ၊ Vivo စတဲ့ တရုတ်ဖုန်းကုမ္ပဏီတွေကလည်း မော်ဒယ်မြင့်ဖုန်းတွေ အပြိုင်အဆိုင် မိတ်ဆက်ခဲ့ကြတာကြောင့် ပရီမီယမ်ဈေးကွက်မှာ အတက်ပြခဲ့တာပါ။
ကမ္ဘာ့စမတ်ဖုန်း ဈေးကွက် နှစ်စဉ် တိုးတက်မှုနှုန်း
ပရီမီယမ်ဈေးကွက်ထဲမှာမှ ဒေါ်လာ ၈၀၀ နှင့်အထက် ပရီမီယမ်လွန် (Ultra-premium) ဈေးကွက်ကဏ္ဍဟာ တိုးတက်မှုအမြန်ဆုံး ဖြစ်ပါတယ်။ ပရီမီယမ်လွန်ဈေးကွက်ကဏ္ဍဟာ Apple ကနေ iPhone X မိတ်ဆက်ပြီးမှ ဖြစ်ပေါ်လာတဲ့ ကဏ္ဍသစ်ဖြစ်ပါတယ်။
ဒါပေမယ့် iPhone X ထွက်ရှိပြီးနောက်မှာ ဖုန်းဈေးနှုန်းတွေဟာ အရင်ကထက် ပိုမြင့်တက်သွားခဲ့ပြီး၊ ၂၀၁၈ ခုနှစ်အတွင်း ထပ်မံ မိတ်ဆက်ခဲ့တဲ့ iPhone XS၊ XS MAX၊ Samsung Galaxy Note 9၊ Google Pixel 3 XL စတဲ့ ဖုန်းအကုန်လုံးဟာ ဒေါ်လာ ၈၀၀ ကျော် ဈေးတွေနဲ့ ထွက်ရှိခဲ့တဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ Ultra-premium ဈေးကွက်တခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကိုတော့ Apple က သိမ်းပိုက်ထားပါတယ်။
ဒေါ်လာ ၄၀၀ ကျော်တန် ပရီမီယမ် စမတ်ဖုန်းဈေးကွက် တခုလုံးရဲ့ ၅၁ ရာခိုင်နှုန်းကိုလည်း Apple က သိမ်းပိုက်ထားပြီး၊ Apple နောက်မှာတော့ Samsung က ၂၂ ရာခိုင်နှုန်း၊ Huawei က ၁၀ ရာခိုင်နှုန်းတို့နဲ့ အသီးသီး ဈေးကွက်ဝေစု ရယူထားကြပါတယ်။
ဒေါ်လာ ၈၀၀ နှင့်အထက် ဖုန်းများ၏ ပရီမီယမ် ဖုန်းဈေးကွက်အတွင်း ဈေးကွက်ဝေစု
P20 နဲ့ Mate 20 စမတ်ဖုန်းစီးရီးတွေ ရောင်းအားကောင်းခဲ့တာကြောင့် Huawei ဟာ အရင်နှစ်ကထက် ပရီမီယမ်ကဏ္ဍ မှာ ဈေးကွက်ဝေစု ၂ ဆ တိတိ တိုးတက်လာတာပါ။ ပရီမီယမ် ကဏ္ဍရဲ့ ကျန်တဲ့ ၁၇ ရာခိုင်နှုန်းကိုတော့ Xiaomi၊ OPPO၊ Vivo၊ OnePlus စတဲ့ တရုတ်ကုမ္ပဏီတွေကပဲ သိမ်းပိုက်ထားကြပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ ဖုန်းဝယ်ယူသူတွေဟာ ဖုန်းတလုံးအတွက် ပိုက်ဆံ ပိုသုံးဖို့ လိုလားလာကြတယ်လို့လည်း Counterpoint ရဲ့ Customer လေ့လာမှုမှာ ဖော်ပြပါတယ်။ အရင်ကထက် စာရင် တန်ဖိုးကြီးဖုန်းတွေ ပိုကိုင်လာကြပေမယ့် ဖုန်းတလုံးကို ကိုင်တဲ့ ကာလလည်း ပိုကြာလာကြပါတယ်။
ဒါကြောင့် ဖုန်းဈေးကွက်တခုလုံးရဲ့ တိုးတက်နှုန်းဟာ နှေးကွေးနေပြီး၊ တန်ဖိုးကြီး ပရီမီယမ်ဖုန်းဈေးကွက်ကတော့ ပိုမို ကျယ်ပြန့်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: GSM Arena, Counterpoint
The post တန်ဖိုးကြီးဖုန်းတွေ ရောင်းအားတက်လာပေမယ့် ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်တခုလုံး ကျဆင်းလျက်ရှိ appeared first on ဧရာဝတီ.
ပလတ်စတစ်ထုပ်ပိုးမှု ရှောင်ကြဉ်သွားမှာ ဖြစ်ကြောင်း Samsung ပြောကြား
$
0
0
မိုဘိုင်းဖုန်း၊ တက်ဘလက်နဲ့ အိမ်သုံးပစ္စည်းအမျိုးမျိုးတို့ကို ပြန်လည်အသုံးချမှု မလုပ်နိုင်တဲ့ ပလတ်စတစ်တွေနဲ့ ထုပ်ပိုးတော့မှာ မဟုတ်ကြောင်း Samsung Electronics က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။ ဒီ့အစား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိတဲ့ ပြန်လည်အသုံးချ သို့မဟုတ် ဇီဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ စက္ကူ၊ ပလတ်စတစ်တွေပဲ အစားထိုး အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဥပမာအားဖြင့် မိုဘိုင်းဖုန်းနဲ့ တက်ဘလက်ပစ္စည်းတွေရဲ့ ပါကင်ဘူးထဲမှာပါတဲ့ ပလတ်စတစ်အကန့်တွေကို သစ်ပျော့ဖတ်တွေကနေ ထုတ်လုပ်ထားတဲ့ အကန့်တွေနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပလတ်စတစ် အသုံးပြုမှုကို လျော့ချဖို့အတွက် ဖုန်းအားသွင်းခေါင်းတွေရဲ့ ဒီဇိုင်းကိုလည်း ပြောင်းလဲပစ်ဖို့ရှိပါတယ်။
အားသွင်းခေါင်းတွေရဲ့ ပြောင်လက်လက် အပြင်ကိုယ်ထည် ဒီဇိုင်းအစား မွဲခြောက်ခြောက် အရောင်ကို အစားထိုး အသုံးပြုသွားမှာ ဖြစ်ကာ၊ ပလတ်စတစ် အကာပတ်တွေ ပတ်ပေးတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
တီဗီ၊ ရေခဲသေတ္တာ နဲ့ လေအေးပေးစက်လိုမျိုး အိမ်သုံးပစ္စည်းတွေရဲ့ မျက်နှာပြင်ကို ကာကွယ်ထားတဲ့ ပလတ်စတစ် အိတ်ခွံတွေနေရာမှာလည်း ပြန်လည်အသုံးချပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အိတ်တွေ၊ ဇီဝပလတ်စတစ် အိတ်ခွံတွေ လဲလှယ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဇီဝပလတ်စတစ် ဆိုတာကတော့ ပြောင်းဖူး၊ ကြံ စတဲ့ သစ်ပင်သစ်သီးတွေမှာ ပါရှိတဲ့ ကစီဓာတ်နဲ့ အခြား သဘာဝ ကုန်ကြမ်းတွေကို အသုံးပြုထုတ်လုပ်ထားတဲ့ သဘာဝပတ်ဝန်းကျင်ကို ဘေးမဖြစ်စေတဲ့ ပလတ်စတစ်အမျိုးအစား ဖြစ်ပါတယ်။
သက္ကရာဇ် ၂၀၃၀ မှာ ပြန်လည်အသုံးချထုတ်လုပ်ထားတဲ့ Recycled ပလတ်စတစ် တန်ချိန်ပေါင်း ၅ သိန်းကို အသုံးပြုနိုင်ပြီး၊ စွန့်ပစ်ထုတ်ကုန်ပစ္စည်းပေါင်း တန်ချိန် ၇ ဒဿမ ၅ သန်းကို ပြန်လည်သိမ်းယူနိုင်ပြီး ဖြစ်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ပလတ်စတစ်မပါဘဲ ဆန်းသစ်တဲ့ ပစ္စည်းထုပ်ပိုးမှု စိတ်ကူးစိတ်သန်းတွေ ဖော်ဆောင်နိုင်ဖို့အတွက် အထူးအဖွဲ့တခု ဖွဲ့ထားပြီး ဖြစ်တယ်လို့ Samsung က ပြောကြားခဲ့ပါတယ်။
“ကုန်ကျစရိတ် ပိုများသည့်တိုင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မဖြစ်စေတဲ့ ပစ္စည်းတွေကို ကုမ္ပဏီအနေနဲ့ ပိုမို အသုံးပြုသွားမှာ ဖြစ်ပါတယ်” လို့ Samsung ရဲ့ တကမ္ဘာလုံးဆိုင်ရာ သုံးစွဲသူလိုအင်ဆန္ဒဖြည့်ဆည်းရေးစင်တာရဲ့ အကြီးအကဲဖြစ်သူ Gyeong-bin Jeon က ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်အတွင်း P&G၊ Coca-Cola နဲ့ Unilever တို့ အပါအဝင် ကုမ္ပဏီ၊လုပ်ငန်းပေါင်း ၄၀ ကျော်ဟာ ပလတ်စတစ်ညစ်ညမ်းမှုကို လျော့ချဖို့အတွက် မလိုအပ်တဲ့ တခါသုံး ပစ္စည်းထုပ်ပိုးမှုပစ္စည်းတွေကို ဖယ်ရှားသွားမှာဖြစ်ကာ၊ ပလတ်စတစ်ပစ္စည်း ထုပ်ပိုးမှုရဲ့ ၇၀ ရာခိုင်နှုန်းဟာ ပြန်လည်အသုံးချ ပလတ်စတစ်တွေ ဖြစ်စေဖို့ ကတိကဝတ် ပြုခဲ့ကြပါတယ်။
Ref: Tech Crunch, CNBC
The post ပလတ်စတစ်ထုပ်ပိုးမှု ရှောင်ကြဉ်သွားမှာ ဖြစ်ကြောင်း Samsung ပြောကြား appeared first on ဧရာဝတီ.
တရုတ် ရထားလမ်း စီမံကိန်း မလေးရှား တကယ် ဖျက်မှာလား
$
0
0
မလေးရှား ဝန်ကြီးချုပ် မဟာသီယာမိုဟာမက် အစိုးရက အရှေ့ဘက်ကမ်းရိုးတန်း ရထားလမ်းပိုင်း (ECRL) စီမံကိန်းကို ပြီးခဲ့သည့် စနေနေ့ အစိုးရအစည်းအဝေးတွင် ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း မလေးရှား စီးပွားရေးဝန်ကြီး အေဇမင်အလီက ပြောသည်။
အဆိုပါစီမံကိန်းကို ပြီးခဲ့သည့်မေလက ပယ်ချကြောင်း ထုတ်ဖော်ပြီးနောက် ၆၈၈ ကီလိုမီတာအရှည်ရှိ ရထားလမ်းပိုင်း အတွက် အပြီးသတ်ဆုံးဖြတ်ချက်ကို ယခု မလေးရှားအစိုးရက ချမှတ်လိုက်ကြောင်း ရှင်းရှင်းလင်းလင်း ပြလိုက်ခြင်း ဖြစ်သည်ဟု စနေနေ့က မလေးရှား စီးပွားရေးဝန်ကြီး၏ သဘောထားမှတ်ချက်ကို South China Morning Post သတင်းစာ၏ ယခုတပတ် အာရှသတင်းအစီအစဉ်က ဖော်ပြသည်။
အဆိုပါစီမံကိန်းကို တရုတ် ဆက်သွယ်ရေး ဆောက်လုပ်မှုကုမ္ပဏီ (CCCC) က တည်ဆောက်နေခဲ့ခြင်းဖြစ်ပြီး ဘဏ္ဍာရေး ၈၅ ရာခိုင်နှုန်းကို တရုတ်သွင်းကုန်/ထုတ်ကုန် ဘဏ်က ထုတ်ပေးထားသည်။
စနေနေ့က ထွက်ပေါ်လာသော သဘောထားမှတ်ချက်သည် မဟာသီယာအပါအဝင် မလေးရှားအစိုးရ၏ ယခင်က ကြေညာချက်ကို သိသာ ထင်ရှားစေလိုက်ခြင်း ဖြစ်သည်။ မဟာသီယာ ဦးဆောင်သည့် အစိုးရက ယင်းစီမံကိန်းကို ၎င်းတို့ ရာထူး လုပ်ပိုင်ခွင့်ဖြင့် ကန့်သတ်၍ လုံးဝဖျက်သိမ်းရန် ရည်ရွယ်ခဲ့သော်လည်း စီမံကိန်း အဆိုပြုချက်မှာ ဆက်လက် တည်ရှိနေဆဲဖြစ်သည်။
အေဇမင်၏ သဘောထားမှတ်ချက်မှာ အပြီးသတ် ဆုံးဖြတ်ချက် မဟုတ်သေးကြောင်း ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အင်းက တုံ့ပြန်ပြောကြားခဲ့သဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ အစိုးရအဖွဲ့အတွင်း သဘောကွဲလွဲမှုများလည်း ပေါ်ပေါက်နေသည်။
တရုတ်ကုမ္ပဏီနှင့် ချုပ်ဆိုထားသော အသက်ဝင်နေဆဲစာချုပ် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ အေဇမင်က အစိုးရ၏ နောက်ဆုံး ရပ်တည်ချက်ဟု အတည်ပြုသည့်ကိစ္စမှာ သတင်းရင်းမြစ်နှစ်ခု ကွဲလွဲနေခဲ့သည်။
ယမန်နှစ်က ငွေကြေးအရှုပ်တော်ပုံရှိခဲ့သော ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်အစိုးရထံမှ အာဏာလွှဲပြောင်း ယူပြီးနောက် အဆိုပါ စီမံကိန်းသည် အစိုးရအတွက် တန်ဖိုးအားဖြင့် ပမာဏ များပြားလွန်းသဖြင့် ကြီးမားသော ကြွေးမြီဝန်ထုပ်ဝန်ပိုး လျှော့ချခြင်းဖြစ်သည်ဟု အေဇမင်က ဆိုထားသည်။
“ဖွံ့ဖြိုးရေးစရိတ် ကြီးမားလွန်းတဲ့အတွက် ဒီစီမံကိန်းကို ဖျက်သိမ်းဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ အခုအချိန်မှာ ဆိုရင် ကျနော်တို့ဆီမှာ ဘဏ္ဍာရေး စွမ်းရည်မရှိသေးပါဘူး” ဟု အေဇမင်က သတင်းထောက်များကို ပြောကြားကြောင်း ၎င်းရုံးမှ ထုတ်ပြန်သည့် မှတ်တမ်းတခုအရ သိရသည်။
“တကယ်လို့ ဒီစီမံကိန်းကို မဖျက်သိမ်းနိုင်ဘူးဆိုရင် အစိုးရပြန်ပေးရမယ့် ကြွေးမြီက ရင်းဂစ် ၁ ဘီလီယံ ထက်ဝက်နီးပါး (အမေရိကန်ဒေါ်လာ ၁၂၁ သန်း) လိုအပ်ပါတယ်” ဟု သူက ပြောသည်။
“ကျနော်တို့ လောလောဆယ် အဲဒီလောက် မတတ်နိုင်သေးလို့ တရုတ်နဲ့ ကျနော်တို့ကြား ကောင်းမွန်နေတဲ့ဆက်ဆံရေး မထိခိုက်စေဘဲနဲ့ စီမံကိန်းကို ဖျက်သိမ်းနိုင်ဖို့ လိုနေတာပါ။ ကျနော်တို့က တရုတ်ဆီကနေ ရင်းနှီးမြှုပ်နှံမှုပုံစံမျိုးစုံ ကြိုဆိုနေတုန်း ဖြစ်ပေမယ့် ဒီကိစ္စအပေါ် အခြေခံတွေ တခုပြီးတခု စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်” ဟု မလေးရှား စီးပွားရေးဝန်ကြီးက ဆက်လက် ပြောကြားသည်။
၂၀၁၆ ခုနှစ်တွင် CCCC ၏ အဆိုပါစီမံကိန်းကို မဟာသီယာမတိုင်မီ အစိုးရက လက်ခံခဲ့ရာ ယင်းစီမံကိန်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ကြေညာခဲ့သော Belt and Road Initiative – BRI အတွက် တခုသောအုတ်မြစ်ဖြစ်၍ အကဲခတ်သမားများက ချီးကျူးခဲ့ကြသည်။
အမည်မဖော်သည့် သတင်းရင်းမြစ်များ ကိုးကား၍ အဆိုပါကိစ္စရပ်ကို သတင်းမီဒီယာ အများအပြားက မီးမောင်း ထိုးပြနေခဲ့သဖြင့် စီမံကိန်းဖျက်သိမ်းရေးမှာ အများအမြင်တွင် သတိထား စောင့်ကြည့်ခြင်းခံခဲ့ရသည်။
သို့သော် မဟာသီယာနှင့် ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အင်းအပါအဝင် အစိုးရတာဝန်ရှိသူများက စီမံကိန်း ဆက်လုပ်ရေး၊ မလုပ်ရေးအပေါ် အတည်ပြုပေးရန် ငြင်းဆန်ခဲ့ကြသည်။
ယမန်နှစ်မေလက အံ့အားသင့်ဖွယ် ရွေးကောက်ပွဲ အောင်နိုင်မှုအပေါ် အသက် ၉၃ နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးချုပ်က တရုတ်နှင့် ချိတ်ဆက်ထားသည့် အခြေခံအဆောက်အဦ စီမံကိန်းများမှ တခုဖြစ်သည့် အဆိုပါ ရထားလမ်း စီမံကိန်းကို ဖျက်သိမ်းရန် စီစဉ်နေကြောင်း ပြသခဲ့ပြီး စရိတ်များပြားလွန်းကာ မလိုအပ်ဟု အကြောင်းပြခဲ့သည်။
အကျေအလည် စေ့စပ်ညှိနှိုင်းကြသဖြင့် အကယ်၍ စရိတ် ပိုကျဉ်းမည့်ပမာဏဆိုလျှင် ယင်းစီမံကိန်း ဆက်လုပ်နိုင်ကြောင်း မဟာသီယာက ဇန်နဝါရီလအစောပိုင်း၌ အဆိုပြုခဲ့သည်။
စနေနေ့က အေဇမင်ထံမှ ထွက်ပေါ်လာသော စီမံကိန်း ဖျက်သိမ်းလိုက်ကြောင်း အတည်ပြုချက်ကို ချင့်ချိန်ရလျှင် အဆိုပါစီမံကိန်းမှာ ပျက်သွားခဲ့ပြီဟု ဆိုနိုင်သည်။
အဆိုပါစီမံကိန်းကို တင်ဒါခေါ်ယူခြင်းမရှိဘဲ လက်သင့်ခံခဲ့သူ နာဂျစ်က “ဒီစာချုပ်ကို ဖျက်သိမ်းခြင်းအားဖြင့် မဟာသီယာ အစိုးရအနေနဲ့ အမှားတခု ကျူးလွန်မိမယ်” ဟု ထပ်တလဲလဲ ပြောကြားနေခဲ့သည်။
၎င်းအစိုးရဟောင်း လက်ခံခဲ့သော စီမံကိန်းစာချုပ် အသုံးအနှုန်းများကို လူသိရှင်ကြားချပြရန် နာဂျစ်က မဟာသီယာကို စိန်ခေါ်ခဲ့ပြီး ဖြစ်သည်။
ယခင် ခေါင်းဆောင်ဟောင်း၏ အဆိုအရ စာချုပ်ပါ အသုံးအနှုန်းများကို တရုတ်သွင်းကုန်/ထုတ်ကုန်ဘဏ်က ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစွာဖြင့် သုံးနှုန်းချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ငွေလဲလှယ်နှုန်း အတက်အကျကို ကာကွယ်နိုင်ရန် အတိုး ၃.၂၅ ရာခိုင်နှုန်းဖြင့် အကြေပေးနိုင်ရေး ၇ နှစ် ဆိုင်းငံ့သတ်မှတ်ထားကြောင်း ၎င်းက ဆိုသည်။
1MDB အရှုပ်တော်ပုံကြောင့် ဆယ်ဂဏန်းမျှရှိသော ရာဇဝတ်မှုစွဲချက်များ ရင်ဆိုင်နေရသူ နာဂျစ်သည် တိုင်းပြည် အနေဖြင့် အာရှစူပါပါဝါ ဖြစ်ရေး အားသန်နေသဖြင့် ဘေဂျင်းနှင့် နှောင်ကြိုးရှိသော စီမံကိန်းများကို လက်ခံခဲ့ခြင်း ဖြစ်ကြောင်း မဟာသီယာ၏ ပါကာတန်ဟာရာပန် အဖွဲ့က ယုံကြည်ထားသည်။
တရုတ်နှောင်ကြိုးရှိသည့် စီမံကိန်းများကို ပြန်စဉ်းစားခြင်းကိစ္စသည် အာဏာရပြီး ရက် ၁၀၀ အတွင်း အကောင်အထည် ဖော်ပေးရန်အတွက် ယမန်နှစ်က မဟာသီယာ အစိုးရပေးခဲ့သော ရွေးကောက်ပွဲကတိ ၁၀ ချက်မှ တချက်ဖြစ်သည်။
စီမံကိန်းများ ပြန်စဉ်းစားရန် တရုတ်အစိုးရနှင့် မိမိတို့ သဘောတူညီမှု ရခဲ့ကြောင်း၊ မလေးရှားအနေဖြင့် ယင်းသို့ လုပ်ဆောင်ရခြင်းအပေါ် ရှီအနေဖြင့် နားလည်ပေးပါကြောင်း ယမန်နှစ်က တရုတ်သမ္မတရှီနှင့် တွေ့ဆုံမှုအပေါ်အခြေခံ၍ မဟာသီယာက ပြောကြားခဲ့သည်။
ကိုးကား ။ ။ South China Morning Post, Nikkei Asian Review
The post တရုတ် ရထားလမ်း စီမံကိန်း မလေးရှား တကယ် ဖျက်မှာလား appeared first on ဧရာဝတီ.
ယူရို ၈၀ တန် Redmi Go စမတ်ဖုန်းကို Xiaomi မိတ်ဆက်
$
0
0
Xiaomi ဟာ Redmi Go လို့ခေါ်တဲ့ စမတ်ဖုန်းမော်ဒယ်အသစ်တမျိုးကို ယနေ့ မိတ်ဆက်လိုက်ပါတယ်။
Xiaomi ဖုန်းတွေထဲမှာ Android Go စနစ်နဲ့ ထွက်ရှိလာတဲ့ စမတ်ဖုန်းဖြစ်ပြီး၊ ယူရို ၈၀ ထဲနဲ့ ရောင်းချသွားမှာပါ။ Android Go ဆိုတာကတော့ နောက်ဆုံးပေါ် Android ဗားရှင်းတွေကို တန်ဖိုးနည်းဖုန်းတွေမှာ ပေါ့ပါး၊ အဆင်ပြေပြေ အသုံးပြုနိုင်အောင်အတွက် ရည်ရွယ်ဖန်တီးထားတဲ့ ဆော့ဖ်ဝဲစနစ် တခု ဖြစ်ပါတယ်။
Android Go ဖုန်းတွေအတွက် ထုတ်ပေးထားတဲ့ Maps Go၊ YouTube Go စတဲ့ Go Apps တွေလည်း ဒီဖုန်းမှာ တပါတည်း ပါဝင်လာမှာပါ။
Redmi Go ကို Android 8.1 Oreo (Go Edition) နဲ့ ထုတ်သွားမှာဖြစ်ပြီး အနက်ရောင်နဲ့ အပြာရောင် နှစ်မျိုး ရောင်းချသွားမှာပါ။ ဥရောပနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ဖေဖော်ဝါရီလအတွင်း စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
Redmi Go ဖုန်းမှာ ၅ လက်မအရွယ် 1280×720 pixels (HD) LCD Display ပါရှိပြီး၊ လွန်ခဲ့တဲ့ ၁ နှစ်ခွဲ လောက်က ဖုန်းတွေအတိုင်း 16:9 Aspect Ratio သုံး မျက်နှာပြင် ဖြစ်ပါတယ်။ တန်ဖိုးနည်းဖုန်း ဖြစ်တာနဲ့ အညီ Snapdragon 425 Chipset၊ 1GB RAM နဲ့ 8GB ဒါမှမဟုတ် 16GB Storage တို့ ပါရှိမှာ ဖြစ်ပါတယ်။
microSD ကတ်လည်း ထပ်စိုက်နိုင်မှာပါ။ ဒါပေမယ့် Hybrid Slot ဖြစ်တာကြောင့် SIM နှစ်ကတ် သုံးမယ်ဆိုရင် microSD ကတ်တော့ စိုက်နိုင်မှာ မဟုတ်ပါဘူး။
ကျောကင်မရာက LED ဖလက်ရှ်မီးပါ8MP နဲ့ ရှေ့ကင်မရာက 5MP ဆန်ဆာတို့ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3,000mAh ပါဝင်မှာပါ။ ပါဝါအသုံးပြုမှုနည်းတဲ့ Chipset နဲ့ OS တို့ကြောင့် ဘက်ထရီကြာကြာခံမယ့် ဖုန်းတလုံး ဖြစ်ပါတယ်။
Xiaomi ဟာ Redmi Go ဖုန်းကို ဥရောပနဲ့ ဖိလစ်ပိုင် ဈေးကွက်တို့အပြင် တခြားဈေးကွက်တွေမှာလည်း ရောင်းချဖို့ အစီအစဉ် ရှိ၊ မရှိ မသိရသေးပါဘူး။
Ref: GSM Arena
The post ယူရို ၈၀ တန် Redmi Go စမတ်ဖုန်းကို Xiaomi မိတ်ဆက် appeared first on ဧရာဝတီ.
မြစ်ဆုံဆည် သေးပစ်ရန် သို့မဟုတ် နေရာရွှေ့ရန် ဦးသောင်းထွန်း အကြံပြု
$
0
0
တရုတ်ကျောထောက်နောက်ခံပြု မြစ်ဆုံ ဆည်စီမံကိန်းကို အရွယ်အစားလျှော့ချရန် သို့မဟုတ် နေရာပြောင်းရန် မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက ယနေ့အကြံပြုလိုက်ကြောင်း ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြသည်။
နေပြည်တော်တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံတွင် မေးမြန်းသောအခါ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးလည်း ဖြစ်သူ ဦးသောင်းထွန်းက စီမံကိန်းနေရာရှိ ငလျင်ကြောနှင့် ဒေသခံအများအပြားကို ထိခိုက်စေသည့် ကျယ်ပြန့်လှသော ရေလွှမ်းဒေသ စသည့် ပြဿနာ အများအပြားကို ကိုးကားပြောဆိုခဲ့ကြောင်း သတင်းက ဆိုသည်။
“ရေလွှမ်းဒေသက စင်္ကာပူနိုင်ငံရဲ့ နှစ်ဆလောက်ဖြစ်နေတယ်။ ဒီတော့ ရွာတွေ အရမ်းအများကြီး သူတို့နေရာက ထွက်သွားပေးရမယ့်သဘောပေါ့။ ဒါပြဿနာပဲ” ဟု ဦးသောင်းထွန်းက နေပြည်တော်တွင် ကျင်းပသည့် ညီလာခံတွင် သတင်းထောက်များကို ပြောသည်။
ဆည်ကို အရွယ်အစား လျှော့ချခြင်း၊ အခြားနေရာတခုသို့ ရွှေ့ပြောင်းခြင်းနှင့် အခြားစီမံကိန်းတခု အစားထိုးပေးခြင်း စသည့် အခြားရွေးစရာ နည်းလမ်း အများအပြားကိုလည်း ဦးသောင်းထွန်းပြောသော်လည်း အစိုးရအနေဖြင့် မည်သည့်နည်းလမ်းကို ပိုမိုလိုလားသည်ကို ဦးသောင်းထွန်း မပြောပေ။
မြန်မာနိုင်ငံသည် အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားရပြီး အဖြေရှာနိုင်ရန်ကြိုးစားနေကြောင်း ဦးသောင်းထွန်းပြောသည်။
မူလစီမံကိန်းသည် ရပ်ရွာအသိုင်းအဝိုင်းများနှင့် ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုများကို ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်း ဦးသောင်းထွန်းပြောသည်။
ထိုဆည်မှ ထွက်မည့် လျှပ်စစ်ဓါတ်အားများ၏ ၉၀ ရာခိုင်နှုန်းကို အသုံးပြုမည့် ယူနန်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားပိုလျှံနေသောကြောင့် ထိုမျှကြီးမားသော ဆည်တည်ဆောက်ရန်မလိုတော့ကြောင်းလည်း ဦးသောင်းထွန်းပြောသည်။
သို့သော် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကချင် တိုင်းရင်းသား ခေါင်းဆောင်တချို့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ဟုန်လျံက တွေ့ဆုံရာ မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရန် လိုအပ်ကြောင်း အကြိမ်ကြိမ် ဖိအားပေးပြောဆိုခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – မြစ်ဆုံစီမံကိန်းသည် NLD အတွက် အကျပ်အတည်းကို သယ်ဆောင်လာသည်
The post မြစ်ဆုံဆည် သေးပစ်ရန် သို့မဟုတ် နေရာရွှေ့ရန် ဦးသောင်းထွန်း အကြံပြု appeared first on ဧရာဝတီ.
မျက်နှာပြင် ၃ ခုပါတဲ့ ခေါက်ချိုးဖုန်းတမျိုးကို Intel ဖန်တီးလျက်ရှိ
$
0
0
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဟာ Notch ပါတဲ့ ဖုန်းတွေ ခေတ်စားခဲ့တဲ့ နှစ်တနှစ် ဖြစ်ပါတယ်။ ယခု ၂၀၁၉ ခုနှစ်မှာတော့ Foldable Phone လို့ ခေါ်တဲ့ ခေါက်ချိုးဖုန်းတွေကို စတင် မြင်တွေ့ရဖို့ ရှိနေပါတယ်။
Samsung, Xiaomi, Huawei, LG အပါအဝင် ဖုန်းကုမ္ပဏီ အများအပြားဟာ ဖုန်းကိုယ်ထည် တခုလုံးကို ခေါက်ချိုး အသုံးပြုနိုင်တဲ့ ဖုန်းတွေကို ဈေးကွက်ထဲ ယူဆောင်လာဖို့ ပြင်ဆင်နေကြပါတယ်။ ဖုန်းကုမ္ပဏီတွေနည်းတူ Chipset ကုမ္ပဏီတခုဖြစ်တဲ့ Intel ကလည်း ခေါက်ချိုး အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတလုံးကို ဖန်တီးနေတယ်လို့ သိရပါတယ်။
ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့အစည်း (WIPO) နဲ့ အမေရိကန် မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်ရုံး (USPTO) တို့က ထုတ်ပြန်ထားတဲ့ မူပိုင်ခွင့်တခုမှာ Screen မျက်နှာပြင် ၃ ခုကို တက်ဘလက် အရွယ်အစား Screen ကြီးတခုအဖြစ် ပေါင်းစည်း အသုံးပြုနိုင်တဲ့ Intel စမတ်ဖုန်းတလုံးကို တွေ့မြင်ခဲ့ရပါတယ်။
“ခေါက်ချိုးနိုင်သော မျက်နှာပြင်ချပ်များနှင့် အီလက်ထရောနစ်ပစ္စည်း” လို့ နာမည်ပေးထားတဲ့ Intel Corporation ရဲ့ မူပိုင်ခွင့်လျှောက်လွှာကို LetsGoDigital က စတင် တွေ့ရှိခဲ့တာပါ။ ဖုန်းကို အပြည့် ခေါက်ထားမယ်ဆိုရင် သာမန် စမတ်ဖုန်းတလုံးလို အသုံးပြုနိုင်ပြီး၊ ဘေးဘောင်တွေ လုံးဝ မပါဝင်တဲ့ စခရင်အပြည့် ဖုန်းတမျိုး ဖြစ်ပါတယ်။
ကင်မရာ၊ ဆန်ဆာတွေနဲ့ ဖုန်းနားခွက် တို့ကိုတော့ Screen အောက်မှာ မြှုပ်နှံ ထည့်သွင်းထားမှာပါ။ ခေါက်ထားတဲ့ မျက်နှာပြင် ၂ ချပ်ကို တချပ်စီ ဆွဲလှန်နိုင်ပြီး တက်ဘလက်အဖြစ်လည်း အသုံးပြုနိုင်မယ့် အနာဂတ် ဖုန်းပုံစံတမျိုး ဖြစ်ပါတယ်။
Intel ရဲ့ ခေါက်ချိုးဖုန်းဟာ မျက်နှာပြင် ၂ ထပ် ပါဝင်တာကြောင့် လက်ရှိ ဈေးကွက်ထဲက စမတ်ဖုန်းတွေထက်တော့ အရွယ်အစား သိသိသာသာ ထူနေမှာပါ။ တက်ဘလက်အဖြစ် မျက်နှာပြင် ၃ ဘက်လုံးကို ဖြန့်ထားမယ်ဆိုရင်လည်း မျက်နှာပြင် တချပ်စီမှာ ကင်မရာနှစ်လုံးစီ ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Stylus တချောင်လည်း ပါဝင်မှာ ဖြစ်ကာ၊ Stylus ကိုတော့ မျက်နှာပြင်တွေ ခေါက်ထားရင် ဖြစ်ပေါ်လာတဲ့ အကန့်အတွင်း သံလိုက်အားနဲ့ ထိုးထည့်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Intel အနေနဲ့ ယခု ခေါက်ချိုးဖုန်းမှာ ဘာ Operating System ကို အသုံးပြုသွားမယ်ဆိုတာကိုတော့ သေချာ မဖော်ပြထားပါဘူး။ Microsoft ကလည်း ခေါက်ချိုးဖုန်းတွေအတွက် အထူးပြင်ဆင်ထားတဲ့ Windows 10 OS ကို ဖန်တီးနေတယ်လို့ သိရတာကြောင့် တကယ်ထုတ်ရင်လည်း Windows 10 နဲ့ ဖြစ်ဖို့ များပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေဟာ နည်းပညအသစ်အဆန်းတွေကို မူပိုင်ခွင့် ကြိုတင်ထားလေ့ရှိတာကြောင့်၊ မူပိုင်ခွင့်တိုင်းဟာ ထုတ်ကုန်ပစ္စည်းအဖြစ် အမှန်တကယ် ထွက်ရှိလာမယ်လို့ ယူဆလို့ မရပါဘူး။ ဒါပေမဲ့ Intel ဟာ ထိုင်ဝမ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Computex 2018 ပွဲမှာလည်း Tiger Rapids ပရောဂျက်လို့ အမည်ရတဲ့ အလားတူ ခေါက်ချိုးဖုန်း ရှေ့ပြေးမော်ဒယ် နှစ်မျိုးကို ပြသခဲ့ဖူးပါတယ်။ ဒါကြောင့် Intel ရဲ့ ပရောဂျက်ကတော့ အမှန်တကယ် မြင်တွေ့ရဖို့ ပိုနီးစပ်နေပါတယ်။
Ref: Gadgets NDTV, Tech Radar
The post မျက်နှာပြင် ၃ ခုပါတဲ့ ခေါက်ချိုးဖုန်းတမျိုးကို Intel ဖန်တီးလျက်ရှိ appeared first on ဧရာဝတီ.
ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Apple ဝင်ငွေ ကျဆင်း
$
0
0
Apple ဟာ ၂၀၁၉ ခုနှစ်အတွက် ပထမဆုံး ဘဏ္ဍာရေး အစီရင်ခံစာကို အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အားလပ်ရက်ရာသီ ရောင်းအားတွေပါ ပါဝင်ခဲ့ပေမယ့် ဒေါ်လာ ၈၄ ဒဿမ ၃ ဘီလျံပဲ အဝင်ပြခဲ့ပြီး၊ ယမန်နှစ်ကထက် ၅ ရာခိုင်နှုန်းနီးပါး ဝင်ငွေကျဆင်းခဲ့တာ တွေ့ရပါတယ်။
ပထမဆုံး iPhone ကို မိတ်ဆက်ပြီးနောက် ဝင်ငွေကျဆင်းမှု မကြုံဖူးတဲ့ Apple အတွက် ဆယ်စုနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဝင်ငွေကျဆင်းခဲ့တာလို့ ဆိုရင်လည်း မမှားပါဘူး။ ၂၀၁၉ ပထမသုံးလပတ်အတွက် ခန့်မှန်းဝင်ငွေကို လျော့ချမျှော်မှန်းထားကြောင်း Cook က ရင်းနှီးမြှပ်နှံသူတွေကို သတိပေးခဲ့အပြီးမှာ၊ ယခုဘဏ္ဍာရေး အစီရင်ခံစာကို ထုတ်ပြန်ကြေညာခဲ့တာပါ။
Apple ရဲ့ လက်ရှိ CEO ဖြစ်သူ Tim Cook ကတော့ တရုတ်နိုင်ငံကနေ ဝင်ငွေလျော့နည်းသွားခြင်းနဲ့ iPhone ရောင်းအားကျရခြင်းတို့ကြောင့် ကုမ္ပဏီဝင်ငွေ ကျဆင်းခဲ့တာ ဖြစ်တယ်လို့ ကိုးကား ပြောဆိုထားပါတယ်။ ယမန်နှစ် ဒီဇင်ဘာလမှာ အဆုံးသတ်ခဲ့တဲ့ Apple ရဲ့ ၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အစီရင်ခံစာမှာ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၈၄ ဒဿမ ၃ ဘီလျံ ရရှိခဲ့ပါတယ်။
ဒီပမာဏဟာ ယမန်နှစ်၊အလားတူ သုံးလပတ်အတွင်း ရရှိခဲ့တဲ့ ဝင်ငွေထက် ၄ ဒဿမ ၅ ရာခိုင်နှုန်း နည်းပါးနေတာပါ။ ထို့အတူ ယမန်နှစ် သုံးလပတ်တုန်းက အမြတ်ငွေ ဒေါ်လာ ၂၀ ဘီလျံ ရရှိခဲ့ပေမယ့် ယခုနှစ်မှာတော့၁၉ ဒဿမ ၉၇ ဘီလျံပဲ ရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်ပြည်မကြီးကနေ ဝင်ငွေ ၁၃ ဒဿမ ၁၇ ဘီလျံသာ ရရှိခဲ့ပြီး၊ ယမန်နှစ်ကနဲ့ ယှဉ်ရင် ၂၆ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့တာပါ။ iPhone ရောင်းရငွေကလည်း ယမန်နှစ်ထက် ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် အခြားထုတ်ကုန်များနဲ့ ဝန်ဆောင်မှုတွေက စုစုပေါင်း ဝင်ငွေကတော့ ယမန်နှစ်ကထက် ၁၉ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ Apple က ထုတ်ပြန်ထားပါတယ်။
Apple က စုစုပေါင်း ဝင်ငွေနည်းသွားတယ်လို့ ဆိုသည့်တိုင်အောင် ရင်းနှီးမြှပ်နှံသူတွေကတော့ သဘောကျဆဲပါပဲ။ ယခုအစီရင်ခံစာ ထုတ်ပြန်အပြီး စတော့ဈေးကွက် ပိတ်သိမ်းချိန်မှာ Apple ရှယ်ယာတွေဟာ ၅ ဒဿမ ၅ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပါသေးတယ်။
“မှန်းချက်နဲ့ လွဲခဲ့တာက စိတ်ပျက်စရာဆိုပေမယ့်လည်း ကျနော်တို့က ရေရှည်အထိ တွေးပြီး Apple ကို စီမံထိန်းကျောင်းနေတာပါ။ ယခုသုံးလပတ် ရလဒ်တွေကို ကြည့်ရင် ကျနော်တို့ လုပ်ငန်းတွေရဲ့ အခြေအမြစ် ကျယ်ပြန့်ခိုင်မာမှု ရှိတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်” လို့ Apple CEO Tim Cook က အစီရင်ခံစာမှာ ရေးသားခဲ့ပါတယ်။
“အသုံးပြုလျက်ရှိတဲ့ Apple ထုတ်ကုန်ပစ္စည်းတွေ ပမာဏဟာ အမြင့်ဆုံးအဖြစ် ၁ ဒဿမ ၄ ဘီလျံအထိ ရောက်ရှိသွားခဲ့ပါတယ်။ နေရာဒေသတိုင်းမှာ အတက်ပြခဲ့တာပါ။ ကျနော်တို့ Customer တွေရဲ့ စိတ်ကျေနပ်မှုနဲ့ သူတို့တွေ ဘယ်လောက် စွဲမြဲသစ္စာရှိလဲဆိုတာ အကောင်းဆုံး သာဓကပါပဲ။
ကျနော်တို့ရဲ့ ကြီးမား တိုးတက်လာတဲ့ Ecosystem (ချိတ်ဆက်ထားသည့် ပစ္စည်း၊ဝန်ဆောင်မှုစနစ်)ကြောင့်လည်း ဝန်ဆောင်မှုလုပ်ငန်း (iCloud၊ App Store၊ Apple Music စသည်တို့) မှာ စံချိန်သစ်တွေ တင်နိုင်ခဲ့တာပါ” လို့ Cook က ဆိုပါတယ်။ အသုံးပြုလျက်ရှိတဲ့ ထုတ်ကုန်ပစ္စည်း ၁ ဒဿမ ၄ ဘီလျံမှာ iPhone တွေချည်း အလုံးရေ သန်း ၉၀၀ ရှိပါတယ်။
iPhone ဝင်ငွေ ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်ဆိုပေမယ့်၊ iPad ဝင်ငွေကတော့ ယမန်နှစ်ကထက် ၁၇ ရာခိုင်နှုန်း၊ Mac က ၉ ရာခိုင်နှုန်းနဲ့ Wearables/ အိမ်သုံးပစ္စည်း/ ဆက်စပ်ပစ္စည်းတွေက ၃၃ ရာခိုင်နှုန်း အသီးသီး အတက်ပြခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ အမြဲတစေ အဆက်အသွယ်ရှိတဲ့ Tim Cook ကတော့ အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေး တင်းမာမှုတွေ လျော့ကျလာဖို့ မျှော်လင့်ထားကြောင်း Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ထို့အတူ တရုတ်ပြည်မကြီးအပြင် တခြားနိုင်ငံတွေမှာလည်း iPhone ရောင်းအား တက်စေဖို့အတွက် iPhone တွေရဲ့ ဈေးနှုန်းကို အမေရိကန်ဒေါ်လာအစား ဒေသတွင်းငွေကြေးနှုန်းထားတွေနဲ့ ပြောင်းလဲသတ်မှတ်ဖို့ စဉ်းစားနေကြောင်းလည်း Tim Cook က ပြောကြားခဲ့ပါတယ်။
Ref: DailyMail, The Verge
The post ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Apple ဝင်ငွေ ကျဆင်း appeared first on ဧရာဝတီ.
ဖုန်းများတွင် ဒေတာပမာဏ 1TB အထိ သိမ်းဆည်းနိုင်မည့် Chip ကို Samsung ဖန်တီးနေ
$
0
0
ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေအတွက် ကမ္ဘာ့ပထမဆုံး 1TB eUFS Chip တမျိုးကို ထုတ်လုပ်ပေးသွားမှာ ဖြစ်ကြောင်း Samsung က ကြေညာလိုက်ပါတယ်။ အဆိုပါ Memory Chip တွေကို အလုံးအရင်းနဲ့ စတင် ထုတ်လုပ်နေပြီဖြစ်တယ်လို့ဆိုတာကြောင့် မကြာခင် ဖုန်းတွေမှာ မြင်တွေ့ရဖို့ ရှိပါတယ်။
eUFS ဆိုတာကတော့ စမတ်ဖုန်းအတွင်းမှာ တပါတည်း တပ်ဆင်ထားတဲ့ Flash Storage Chip တခု ပါ။ ပထမဆုံး UFS Chip ကိုတော့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှာ 128GB နဲ့ အရင်ဆုံး မိတ်ဆက်ခဲ့ပါတယ်။ ထို့နောက် UFS Chip တွေရဲ့ ဒေတာသိမ်းဆည်းနိုင်မှု ပမာဏနဲ့ မြန်နှုန်းတို့ကို တဖြည်းဖြည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ခဲ့ပြီး၊ ယခုလို 1TB အထိ ထုတ်လုပ်လာနိုင်တာပါ။
Galaxy Note 9 မှာတုန်းကလည်း 1TB Storage ရတယ်ဆိုပေမယ့်၊ ဖုန်းထဲမှာတော့ 512 GB Chip တခုပဲ ပါဝင်ပါတယ်။ 1TB အပြည့် သုံးချင်ရင် အပြင်ကနေ 512 GB ကတ် ထပ်စိုက်သုံးခဲ့ရတာပါ။ယခု UFS Chip အသစ်ကတော့ ဒေတာသိမ်းဆည်းနိုင်မှု ပမာဏ 1TB အထိ တပါတည်း ပါဝင်လာမှာဖြစ်တဲ့အတွက် စမတ်ဖုန်း၊ တက်ဘလက်တွေအနေနဲ့ နောက်ထပ် မမ်မိုရီကတ် ထပ်စိုက်စရာ မလိုဘဲ လက်ပ်တော့၊ ကွန်ပျူတာ တလုံးအတိုင်း အသုံးပြုလာနိုင်ဖို့ ရှိပါတယ်။
Samsung က အခုအသစ်ထုတ်မယ့် 1TB eUFS Chip ကို ကုမ္ပဏီကိုယ်တိုင်ထုတ် ဖုန်းတွေ၊ တက်ဘလက်တွေမှာ အသုံးပြုသွားဖို့ စီစဉ်ထားသလို၊ တခြားကုမ္ပဏီတွေကို ထုတ်ရောင်းသွားမှာလည်း ဖြစ်ပါတယ်။ ဖုန်းကုမ္ပဏီတွေဆီကနေလည်း ဝယ်လိုအားများပြားမယ်လို့ Samsung က ခန့်မှန်းထားပါတယ်။
Samsung ရဲ့ 1TB Chip မှာ eUFS 2.1 စံနှုန်းကို အသုံးပြုထားပြီး၊ အရွယ်အစားက အရင် 512GB Chip အတိုင်းပါပဲ။ ဒါပေမဲ့ မြန်နှုန်းက ပိုမို တိုးတက်လာပြီး၊ ကြီးမားတဲ့ ဖိုင်အမြောက်အများကို တစက္ကန့် 1000MB နှုန်းနဲ့ ဖတ်ရှုနိုင်ပါတယ်။ သာမန် microSD ကတ်တကတ်ရဲ့ အမြန်နှုန်းထက် ၁၀ ဆ တိတိ မြန်ဆန်တယ်လို့ Samsung က ဆိုပါတယ်။
64GB eUFS သုံးထားတဲ့ လက်ရှိမော်ဒယ်မြင့်ဖုန်းတွေမှာ ၁၀ မိနစ်စာ 4K UHD ဗီဒီယို ၁၃ ခု လောက်ပဲ သိမ်းဆည်းထားနိုင်ပေမယ့် Samsung ရဲ့ 1TB Chip မှာတော့ ဗီဒီယို အခု ၂၆၀ လာက်သိမ်းထားနိုင်မှာပါ။
မျိုးဆက်သစ် မိုဘိုင်းပစ္စည်းတွေအတွက် Notebook ပုံစံ အသုံးပြုမှုအတွေ့အကြုံကို ယူဆောင်လာပေးရာမှာ 1TB eUFS Chip တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်မယ်လို့ Samsung ရဲ့ မမ်မိုရီမားကက်တင်း ဒုဥက္ကဋ္ဌ Cheol Choi က ပြောကြားခဲ့ပါတယ်။
အသစ် မိတ်ဆက်မယ့် Galaxy S10 ဖုန်းတွေမှာ 12GB RAM နဲ့ 1TB Storage ပါဝင်လာမယ်လို့ ကာလာဟလတွေ ထွက်နေတဲ့အချိန်မှာ Samsung က 1TB eUFS ကို မိတ်ဆက် ကြေညာလိုက်တာဖြစ်ပါတယ်။
Ref: The Verge, Gadgets NDTV
The post ဖုန်းများတွင် ဒေတာပမာဏ 1TB အထိ သိမ်းဆည်းနိုင်မည့် Chip ကို Samsung ဖန်တီးနေ appeared first on ဧရာဝတီ.
အမေရိကန်၏ ပြစ်မှုဆိုင်ရာ စွဲချက်များ ဟွာဝေးက ပယ်ချ
$
0
0
အမေရိကန်ပိတ်ဆို့မှုကို ချိုးဖောက်ခြင်းနှင့် ကုမ္ပဏီအကျိုးစီးပွားအတွက် ဘဏ်များအား လှည့်စားခဲ့ ခြင်းစသည့် စွဲချက် များ အတွက် တရုတ် နည်းပညာ ကုမ္ပဏီကြီး ဟွာဝေးက ၎င်း၏ လုပ်ငန်းခွဲနှစ်ခု နှင့် ထိပ်တန်းအမှုဆောင်တဦးအပေါ် တရားစွဲ ဆိုမှုကို အမေရိကန်တရားရေးဌာနက တနင်္လာနေ့တွင် လက်ခံလိုက်ပြီဖြစ်သည်။
T-Mobile ထံမှ ကုန်သွယ်ရေး လျှို့ဝှက်ချက် ခိုးယူမှုဖြင့်လည်း သီးခြားတရားစွဲထားသေးကြောင်း ဖက်ဒရယ်အစိုးရရှေ့နေ များ၏ အဆိုအရ သိရသည်။
ထိုစွပ်စွဲချက်များနှင့် ပတ်သက်၍ ဟွာဝေးက အင်္ဂါနေ့တွင် ငြင်းပယ်လိုက်ပြီး ငြင်းပယ်လိုက်ပြီး ထိုအမှုများ နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုသည်။
အဆိုပါ ကုမ္ပဏီ၏ ဘဏ္ဍာရေး အမှုဆောင် အရာရှိချုပ် မုန်ဝမ်ကျိုဝူ ကို တရားခံလွှဲပြောင်းရန် အစိုးရ ရှေ့နေများက ကြိုးပမ်း လျက်ရှိပြီး ၎င်းသည် အီရန်နိုင်ငံတွင် ဟွာဝေးလုပ်ငန်းနှင့်ပတ်သက်၍ ဘဏ်ကိစ္စမမှန်မကန်ပြုလုပ်ထားသည်ဟု စွပ်စွဲထား သည်။
သူသည် ဒီဇင်ဘာလ ၁ ရက်က ကနေဒါနိုင်ငံတွင် ဖမ်းဆီးခံရပြီး တရားခံလွှဲပြောင်းပေးရေး စောင့်ဆိုင်းနေရဆဲဖြစ်သည်။
အဆိုပါအမှုကို စစ်ဆေးမည့် ဘရွတ်ကလင်းနှင့် ဆီယက်တဲလ်မြို့တို့တွင် တရုတ်နှင့်အမေရိကန်ကြား ကုန်သွယ်ရေး ဆွေးနွေးပွဲ ယခုရက်သတ္တပတ်၌ ကျင်းပရန်ရှိသည်။
“သြဂုတ်က တရုတ်အဆင့်မြင့်ဥပဒေအရာရှိတွေကို  ကျနော်ပြောခဲ့တဲ့အတိုင်း တရုတ်နှင့်အတူ ဥပဒေစိုးမိုးရေးပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ ကျနော်တို့ လိုအပ်နေပါတယ်” ဟု ယာယီရှေ့နေချုပ် Matthew Whitaker က အခြားအစိုးရအရာရှိများ တက် ရောက်သော သတင်းစာရှင်းလင်းတွင် ပြောကြားခဲ့သည်။
ယင်း သတင်းစာရှင်းလင်းပွဲသို့  ကူးသန်းရောင်းဝယ်ရေး အတွင်းဝန် ဝီဘာရော့စ်နှင့် ပြည်တွင်း လုံခြုံရေးအတွင်းဝန် ကီရက်ဂျန် နေလ်စန်တို့လည်း ပါဝင်သည်။
“တရုတ်ကုမ္ပဏီတွေက ရာဇဝတ်မှုကျူးလွန်တာတွေကို တရုတ်အစိုးရအနေနဲ့ စိုးရိမ်ပူပန်သင့်ပြီးတော့ အရေးယူသင့် ပါတယ်”ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
အမေရိကန် ပိတ်ဆို့ဒဏ်ခတ် ထားသည့် အီရန်နိုင်ငံသို့ စက်ပစ္စည်း ရောင်းချရန် ဟောင်ကောင် ကုမ္ပဏီတခုကို ဟွာဝေး အနေဖြင့် အသုံးပြုခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေများက ပြောသည်။ Skycom ဟုခေါ်သည့် ဟောင်ကောင် ကုမ္ပဏီ မှတဆင့် အီရန်တွင် ဟွာဝေးက စီးပွားရှာခဲ့ကြောင်း၊ ကုမ္ပဏီနှစ်ခုကွဲပြားသည်ဟု ယုံကြည်စေရန် အမေရိကန်ဘဏ်များကို မုန်ဝမ်ကျိုဝူက ပုံမှားရိုက်ခဲ့ သည်ဟု စွပ်စွဲထားကြောင်း အမေရိကန်တရားရေးဌာန၏အဆိုအရ သိရသည်။
အင်္ဂ ါနေ့က အမေရိကန်ဘက်မှ တရားစွဲထားမှုကို ဟွာဝေးကုမ္ပဏီက ပယ်ချခဲ့ပြီး စွဲချက်တင်မှုအပေါ် ကျူးလွန်မှု ၌ အပြစ်မရှိကြောင်း ငြင်းဆန်ခဲ့သည်။
“ကုမ္ပဏီနဲ့ ပတ်သက်ပြီး စွဲဆိုထားမှုအပေါ် ကြားနာရင်ဆိုင်ဖို့ ဟွာဝေး ကစိတ်ပျက်မိပါတယ်” ဟု ဟွာဝေးက AFP သို့ ပေးပို့သောကြေညာချက်တစောင်တွင် ဆိုထားသည်။
ဟွာဝေးကုမ္ပဏီအမှုသည် ၃နိုင်ငံကြားသံတမန်ဆက်ဆံရေးမပြေမလည်ဖြစ်မှု ပေါ်ပေါက်စေပြီး အမေရိကန်နှင့် ကနေဒါ တို့အကြား ရှုပ်ထွေးစေရန် ခြိမ်းခြောက်လျက်ရှိသည်။
The post အမေရိကန်၏ ပြစ်မှုဆိုင်ရာ စွဲချက်များ ဟွာဝေးက ပယ်ချ appeared first on ဧရာဝတီ.
ဆွေမျိုးပေါက်ဖော်တို့ လာနေပြီ
$
0
0
ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးကြောင့် အနောက်နိုင်ငံ ခရီးသွားများ လာရောက်မှု ကျဆင်းသွားသော်လည်း မြန်မာအစိုးရ၏ အရှေ့မျှော်ဝါဒကြောင့် အာရှ နိုင်ငံများမှ ခရီးသည် ဝင်ရောက်မှု ပိုများလာသည်။ အထူးသဖြင့် တရုတ်နိုင်ငံသား ခရီးသွား အရေအတွက် တိုးလာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှ စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ ပြည်တွင်းသို့ နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုမှာ လူဦးရေ ၃ ဒသမ ၄၄ သန်း ရှိပြီး ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်းရှိခဲ့သည်။ ယင်းတို့အထဲတွင် တရုတ်နိုင်ငံ ခရီးသွား ဝင်ရောက်မှုမှာ ၃၈ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ကြောင်း သိရသည်။
ဆွေမျိုးပေါက်ဖော်တို့ လာချေပြီ။ အမှန်တကယ်တွင်လည်း တရုတ်ခရီးသည်များသည် တကမ္ဘာလုံးနေရာ အနှံအပြား သွားရောက်လည်ပတ်လျက် ရှိသည်။ ကမ္ဘာလှည့်ခရီးသည်သွားလာမှု အထိန်းချုပ်ဆုံးနေရာဖြစ်သည့် အာဖရိကတိုက်မှာပင် အနည်းဆုံး တရုတ်ခရီးသည်များကို တွေ့နိုင်သေးသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအကြောင်းပြောလျှင် တရုတ်ခရီးသည်များ မပါမဖြစ်သည့် အနေအထားဟုပင် ဆိုနိုင်သည်။
ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့(UNWTO) ၏အဆိုအရ ၂၀၁၇ ခုနှစ်တွင် ပြည်ပခရီးစဉ်သွားလာနေသည့် တရုတ်နိုင်ငံသားဦးရေမှာ ၁၃၁ သန်းရှိပြီး ယင်းနှစ်က အမေရိကန်မှ ပြည်ပခရီးသွားနေသူဦးရေထက် မြင့်မားသွားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်က ပြည်ပခရီးသွားနေသူ တရုတ်နိုင်ငံသား ၁၀.၅ သန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ရာခိုင်နှုန်း ၁၃၀၀ ထက်ကျော်လွန်သွားခဲ့သဖြင့် အရှိန်အဟုန် မည်မျှကြီးကြောင်း သိနိုင်သည်။ တရုတ်ခရီးသည်များ ပြည်ပရောက် သုံးစွဲငွေပမာဏမှာလည်း ၂၀၀၀ ပြည့်နှစ်က ဒေါ်လာ ၁၀ ဘီလီယံသာရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၂၅၇.၇ ဘီလီယံရှိလာသည်။ အမေရိကန်ခရီးသည်များက ဒေါ်လာ ၁၃၅ ဘီလီယံသာ သုံးစွဲခဲ့သဖြင့် တရုတ်က ထိပ်ရောက်သွားသည်။
အရှေ့တောင်အာရှသို့ ပြန်ကြည့်လျှင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှာ တရုတ်ခရီးသည်ဦးရေ ဧရာမ များပြားသည့် အကျိုးကျေးဇူးကြောင့် ၎င်းတို့ ခရီးသွားကဏ္ဍများ ပွင့်လန်းလာခဲ့ကြသည်။ တရုတ်ခရီးသွားများမှာ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင် ခရီးသွားလုပ်ငန်းတို့၏ ဝင်ငွေရရှိရေး အဓိက ရင်းမြစ်များဖြစ်လာကြသည်။
အိမ်ရှင်နိုင်ငံအဖို့ တရုတ်ဧည့်သည်များ အဆင်ပြေချောမွေ့စေရေး မန်ဒရင်း စကားပြော လူဝင်မှု ကြီးကြပ်ရေး အရာရှိများ၊ ဈေးရောင်းသူများ၊ ဧည့်လမ်းညွှန်များ၊ ဟိုတယ်မန်နေဂျာများကို မွေးထုတ်ရသည်သာမက ဒစ်ဂျစ်တယ်ငွေကြေး ပေးချေရေးစနစ်ကို တရုတ်ဘဏ်များနှင့် ချိတ်ဆက်အလုပ်လုပ်နိုင်ရန်လည်း လုပ်ကြရသည်။ အခြားအာဆီယံနိုင်ငံများကဲ့သို့ မြန်မာကလည်း အလျင်အမြန် ကိုင်တွယ်ဖြေရှင်းရတော့မည်။
တရုတ်ခရီးသွားလုပ်ငန်းတွင် အငြင်းပွားဖွယ် “zero-dollar tourism” ဇီးရိုးဒေါ်လာ ခရီးသွားလုပ်ငန်းကိုလည်း နားလည်ရန် လိုသည်။ တရုတ်အခြေစိုက် ခရီးသွားအေဂျင်စီများသည် တရုတ်ခရီးသည်များကို လျှော့ဈေးအလုံးအရင်းဖြင့် ကမ်းလှမ်းကြပြီး ခရီးသည်အုပ်စုတို့သည် package tour အနေဖြင့် ၎င်းတို့အတွက် သတ်မှတ်ထားသောဆိုင်များ (သို့မဟုတ်) သတ်မှတ်ထားသောဈေးနှုန်းအတိုင်း ရောင်းချသော လက်လီဆိုင်များတွင်သာ တည်းခိုကြ၊ ဈေးဝယ်ကြသည်။ ထိုသို့ စီစဉ်ထားသည့်အတွက် အခြား ဒေသခံများက မရောင်းရ။ တည်းခိုရာနှင့် သတ်မှတ် ဈေးဆိုင်များမှအပ ဝင်ငွေ အကျိုးအမြတ်များမှာ တရုတ် ခရီးသွားအေဂျင်စီများသာ ခံစားရ၍ ဇီးရိုးဒေါ်လာ ခရီးသွားလုပ်ငန်းဟု နာမည်တွင်လာသည်။ ထိုင်းတွင် အရေးယူမှုများ ရှိသည်။
တဘက်မှာမူ တရုတ် ခရီးသွားလုပ်ငန်း ဖော်ပြပါအတိုင်း အရှိန်အဟုန်ဖြင့် ကြီးထွားလာရခြင်းတွင် တရုတ်ခရီးစဉ် စီစဉ်သူများသည် အငြင်းပွားဖွယ် ဇီးရိုးဒေါ်လာခရီးများအပါအဝင် အုပ်စုလိုက် ခရီးစဉ်များ စီစဉ်ရေးဆွဲရေး ပိုမို အဆင့်မြင့် ကျွမ်းကျင်လာပြီး ထိရောက်စွာ စီမံလာနိုင်ခြင်းကြောင့်လည်း ပါသည်။ ယင်းသို့ခရီးစဉ်များ စီစဉ်ရေးဆွဲရာတွင် ခရီးသည်များဘက်မှ ကုန်ကျစရိတ်ကို ကြိုပေးထားရပြီး သတ်မှတ်ထားသောနေရာများတွင် ဝယ်ယူနိုင်ကြစေရန် တရုတ်အွန်လိုင်းကုမ္ပဏီများက အွန်လိုင်းငွေချေစနစ် ပံ့ပိုးပေးထားသည်။ တရုတ်ရမ်မင်ဘီဖြင့် Wechat နှင့် Alipay ကဲ့သို့ တရုတ်ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းများကို သုံးစွဲကြသည်။
တရုတ်ခရီးသွားလုပ်ငန်း အကယ်ဒမီ Chinese Tourism Academy နှင့် ခရီးသွားဝက်ဘ်ဆိုက် Ctrip.com တို့၏အဆိုအရ အေဂျင်စီမှ စီစဉ်ပေးမှု မဟုတ်ဘဲ မိမိဘာသာ အင်တာနက်မှတဆင့် ကြိုတင်စီစဉ်ပြီး လွတ်လပ်စွာ ခရီးသွားလိုသူနှုန်း တက်လာကြောင်းလည်း သိရသည်။
ဂျကာတာအခြေစိုက် ဝါရင့်သတင်းစာဆရာနှင့် စာရေးဆရာ Veeramalla Anjaiah က အရှေ့တောင်အာရှသို့ တရုတ်ခရီးသည်ဦးရေ များပြားလာခြင်းသည် အလုပ်အကိုင်သစ်များ သန်းပေါင်းများစွာ ဖန်တီးပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းကို တိုးချဲ့ပေးမည်ဖြစ်သော်လည်း ထိုအချက်သည်ပင် တရုတ်၏ ပါဝါအပျော့ သံခင်းတမန်ခင်းတွင် လက်နက်ကိရိယာတခု ဖြစ်လာနိုင်သည်ဟု ဆိုသည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းထံမှ အကျိုးအမြတ်များ ခံစားရရှိနိုင်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်နှင့် ရင်းနှီးဖော်ရွေသော ဆက်ဆံရေးထိန်းသိမ်းထားရေးက မလွဲမသွေ လုပ်ရမည်ဟုလည်း ဆိုလိုက်သည်။
ထိုအရှိတရားသည် အစစ်အမှန် ဖြစ်ကြောင်း တဖန်ပြန်လည် တိုးတက်လာနေသော တရုတ်-မြန်မာ ဆက်ဆံရေးက သက်သေပင်။ အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်းအပေါ် အပြီးသတ် အဆုံးအဖြတ် အဖြေမပေးသေးသော်ငြား တရုတ်ပိုးလမ်းမသစ် စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော တရုတ် – မြန်မာ စီးပွားရေး စင်ကြန် CMEC အကောင်အထည်ဖေါ်ရေး ကော်မတီကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီး ဖွဲ့စည်းပြီး တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုနေခဲ့သလို တရုတ် ခရီးသွားများအတွက်လည်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းဖြင့် လမ်းဖွင့် ကြိုဆိုခဲ့ပြီ ဖြစ်သည်။
ဆွေမျိုးပေါက်ဖော်တို့ လာနေပြီ။
The post ဆွေမျိုးပေါက်ဖော်တို့ လာနေပြီ appeared first on ဧရာဝတီ.
Apple ထံမှ လျှို့ဝှက်ချက်ခိုးယူရန် ကြိုးပမ်းမှုကြောင့် တရုတ်နိုင်ငံသားတဦး တရားစွဲခံရ
$
0
0
အမေရိကန်ပြည်ထောင်စု ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဟာ Apple ဝန်ထမ်း၊ တရုတ်နိုင်ငံသားတဦးကို ကုမ္ပဏီရဲ့ မောင်းသူမဲ့ကားပရောဂျက်ဆိုင်ရာ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေ ခိုးယူရန် ကြိုးပမ်းမှုကြောင့် တရားစွဲဆိုထားပါတယ်။
မောင်းသူမဲ့ကား ပရောဂျက်ဆိုင်ရာ လျှို့ဝှက်ချက်တွေ ခိုးယူမှုကြောင့် ၆ လအတွင်းမှာ ဒုတိယအကြိမ်မြောက် Apple ဝန်ထမ်းတဦး တရားစွဲခံရတာပါ။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း အလားတူပြစ်မှုတခုကြောင့် တရုတ်နိုင်ငံသား တဦးကို FBI က တရားစွဲခဲ့ဖူးပါတယ်။
ဒုတိယအကြိမ်မြောက် တရားစွဲခံရတဲ့ တရုတ်နိုင်ငံသား Jizhong Chen ဟာ “Project Titan” လို့ လူသိများတဲ့ Apple မောင်းသူမဲ့ကားပရောဂျက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၅,၀၀၀ ထဲက တဦးဖြစ်ပါတယ်။ Apple ကုမ္ပဏီကို လွန်ခဲ့တဲ့နွေရာသီကမှ Hardware Engineer ရာထူးနဲ့ ရောက်ရှိလာသူပါ။
မောင်းသူမဲ့ကားပရောဂျက်ကို တိုက်ရိုက်ကိုင်တွယ်နေတဲ့ အဓိက ဝန်ထမ်း ၁,၂၀၀ ထဲမှာ တဦးအပါအဝင်ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ စွဲချက်မှာ ဖော်ပြထားပါတယ်။
မောင်းသူမဲ့ကားပရောဂျက် လုပ်ငန်းခွင်မှာ Jizhong Chen တယောက် ဓာတ်ပုံတွေ ရိုက်ယူနေတာကို လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေက တွေ့ရှိခဲ့ပြီးနောက်မှာ Apple က စတင် စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ Chen ဟာ သူ့ကိုယ်ပိုင် ကွန်ပျူတာကို Apple စုံစမ်းစစ်ဆေးရေးဝန်ထမ်းတွေအား ရှာဖွေခွင့် ပြုခဲ့ရာမှာ Apple ကုမ္ပဏီပိုင် လျှို့ဝှက်ချက်များစွာ ပါဝင်တဲ့ ဖိုင်ပေါင်း ၂ ထောင်ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ကုမ္ပဏီရဲ့ အရေးကြီးသတင်းအချက်အလက်တွေ ပြထားတဲ့ ကွန်ပျူတာ Screen ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ရာကျော်ကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ စွဲချက်မှာ ဖော်ပြထားပါတယ်။
Chen ဟာ ဒီဇင်ဘာလတုန်းက ကုမ္ပဏီရဲ့ “စွမ်းဆောင်ရည်မွမ်းမံရေး အစီအစဉ်” မှာ ထည့်သွင်းခံခဲ့ရပြီး၊ အလုပ်ပြုတ်ဖို့ အထိ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက Chen ဟာ တရုတ်မောင်းသူမဲ့ကား ကုမ္ပဏီတခု အပါအဝင် တခြားကုမ္ပဏီနှစ်ခုထံ အလုပ်ပြောင်းဖို့ လျှောက်ထားပြီး ဖြစ်တယ်လို့ Apple ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ နောက်မှာတော့ နာမကျန်းဖြစ်နေတဲ့ ဖခင်ဖြစ်သူဆီ ပြန်ဖို့ အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံကို မထွက်ခွာမီ တရက်အလိုမှာ Chen ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ယခုပြစ်မှုကြောင့် ထောင်ဒဏ် ၁၀ နှစ်နဲ့ အမြင့်ဆုံးဒဏ်ကြေး ဒေါ်လာ ၂ သိန်းခွဲအထိ ချမှတ်ခံရနိုင်ခြေ ရှိပါတယ်။
အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေချိန်မှာ တရုတ်နိုင်ငံသားတဦးကို FBI က ဉာဏမူပိုင်ခွင့် ခိုးယူရန် ကြိုးပမ်းမှုကြောင့် တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဉာဏမူပိုင်ခွင့်တွေကို ခိုးယူရန် ဆယ်စုနှစ်များစွာ ကြံစည်ကြိုးပမ်းနေတယ်လို့လည်း အမေရိကန် အစိုးရအေဂျင်စီ များစွာက စွပ်စွဲထားကြပါတယ်။
Ref: The Verge, NBC
The post Apple ထံမှ လျှို့ဝှက်ချက်ခိုးယူရန် ကြိုးပမ်းမှုကြောင့် တရုတ်နိုင်ငံသားတဦး တရားစွဲခံရ appeared first on ဧရာဝတီ.
ဂျပန်နှင့် တရုတ် ငွေများ ဘဏ်များတွင် လဲလှယ်ခွင့်ပြု
$
0
0
ဗဟိုဘဏ်က ဂျပန်ငွေ ယန်းနှင့် တရုတ်ငွေ ယွမ်တို့ကို နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှုများ ဆောင်ရွက် နိုင်သည့် ငွေကြေးများ အဖြစ် ဇန်နဝါရီလ ၃၀ ရက်က စတင် သတ်မှတ် ခွင့်ပြုလိုက်ကြောင်း ပြည်တွင်း ဘဏ်များအား ထုတ်ပြန် ကြေညာခဲ့သည်။
ယင်းသို့ ခွင့်ပြုလိုက်ခြင်းသည် တရုတ် -မြန်မာ ကုန်သွယ်ရေးတွင် အဆင်ပြေ လာနိုင်မည်ဟု လုပ်ငန်းရှင်များက မျှော်လင့်ကြသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း(UMFCCI) လက်အောက်ရှိ နယ်စပ် ကုန်သွယ်မှု မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှဦးက “မြန်မာနိုင်ငံမှာ နယ်စပ် ကုန်သွယ်ရေး ကနေ သွားနေတဲ့ ကုန်သွယ်မှုက ကြီးကြီး မားမား ပမာဏ ရှိတယ်။ အခု သုံးခွင့်ပြုလိုက်တော့ ဟိုဘက်ကို ရောင်းတဲ့ငွေက ဒီဘက်ကို ဘဏ်ကနေ တိုက်ရိုက်ဝင်လို့ ရပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ဗဟိုဘဏ် ညွှန်ကြားချက်တွင် နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှုများ၊ နယ်စပ် ကုန်သွယ်ရေးတွင် ငွေပေးချေမှု ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံခြား သုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း Authorized Dealer-AD လိုင်စင်ရ ဘဏ်များတွင် ဆောင်ရွက်ခွင့်ပြုပြီး လူပုဂ္ဂိုလ် ၁ ဦးချင်း (သို့မဟုတ်) အဖွဲ့စည်းများအတွက် ငွေစာရင်း ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုကြောင်း ပါရှိသည်။
ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး အရာရှိ ဦးသန်းလွင်က “ဒါတွေ ခွင့်ပြုလိုက်တာ တဆင့်တော့ ဖြေလျှော့ပေး လိုက် တာပေါ့လေ။ ဒါပေမယ့် အဓိကတော့ သူတို့က တဦးချင်းအနေနဲ့ စာရင်းထားခွင့် မရှိသေးဘူး။ စာရင်းပေးချေခွင့် မရသေးဘူး။ အခုက ဘဏ်ကနေပဲ ငွေပေးချေတဲ့ စနစ်နဲ့ သွားမယ် ဆိုတော့ ဘဏ်ကပဲ လုပ်ပေးရမယ့် သဘောရှိတယ်။ ဥပမာ နယ်စပ် ကုန်သွယ်ရေး ဆိုပါတော့ နယ်စပ် ကုန်သွယ်ရေးမှာ ယွမ်နဲ့ ကိုင်ဆောင်ခွင့်၊ ယွမ်နဲ့ ပေးချေလို့ရတဲ့ စနစ် မဟုတ်သေးဘူး။ ဒါကျတော့ ၂ နိုင်ငံ ဗဟိုဘဏ် အချင်းချင်း သဘောတူညီချက် လိုသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ပြည်တွင်း၌ နိုင်ငံခြား သုံးငွေ အဖြစ် အမေရိကန် ဒေါ်လာ၊ ယူရို၊ စင်ကာပူ ဒေါ်လာ၊ ထိုင်းငွေ ဘတ်တို့ကို ငွေလွှဲ ကောင်တာများနှင့် ဘဏ်များတွင် နိုင်ငံခြားသုံးငွေအဖြစ် လဲလှယ် ခွင့်ပြုထားသည်။
ဦးသန်းလွင်က “အခု ထပ်ပြီးတော့မှ တရုတ်ယွမ်နဲ့ ဂျပန်ယန်းကို ဘဏ်ကနေ တဆင့် ငွေပေးချေမှု စနစ် လုပ်ပေးလို့ ရမယ်။ အဓိကတော့ ငွေလဲ ကောင်တာတွေမှာ ဒီငွေတွေကို တရားဝင် ထားခွင့်ရှိပြီးတော့မှ အရောင်းအဝယ် လုပ်လို့ ရမယ်။ ငွေလဲလှယ်ပေးလို့ ရမယ်။ လေဆိပ်တွေမှာလည်း ရမယ်။ ဒီ သဘောပါ။ ငွေပေးချေမှု စနစ်တို့ ဘာတို့ဆိုတာ တကယ့် ကုန်သွယ်မှု စနစ် တခုလုံးတော့ မပါဘူး” ဟု ရှင်းပြသည်။
ယခင်က နယ်စပ် ကုန်သွယ်ရေးတွင် ကုန်သွယ်မှု ပြုလုပ်ရာ၌ တရုတ် ယွမ်မှာ တရားဝင် လဲလှယ်ခွင့် မရှိသဖြင့် ဒေါ်လာ အဖြစ် တဆင့် ပြောင်းပြီးမှသာ ကုန်ပစ္စည်း အရောင်းအဝယ် ပြုလုပ်ရခြင်း တို့ကြောင့် စရိတ် ပိုကုန်ခြင်း၊ လုပ်ငန်း လုပ်ကိုင် ရာတွင် အလုပ် ပိုရှုပ်ခြင်း၊ အချိန်ကုန်ခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်ရကြောင်း ကုန်သည်များက ဆိုသည်။
ဦးလှဦးက “တခုတော့ ရှိတယ်။ အခုက ဖွင့်ပေးလိုက်တယ် ဆိုပေမယ့် ဥပမာ တရုတ်နဲ့ ကုန်သွယ်မှု လုပ်သမျှတော့ ဒီထဲကို ဝင်မလာနိုင်သေးဘူး။ ခန့်မှန်းခြေ ကတော့ ဘာပဲပြောပြော ၄၀ ရာခိုင်နှုန်းလောက် ကုန်သွယ်မှု ငွေတွေတော့ ဝင်လာ နိုင်တယ်။ အရင်တုန်းက ၁၀၀ ရာခိုင်နှုန်း အဆင်မပြေတာ ထက်စာရင် အခု ၄၀ ရာခိုင်နှုန်း အဆင်ပြေသွားရင် မဆိုးဘူး ပေါ့။ ကျန်တဲ့ အပိုင်းတွေ ဖြည်းဖြည်းချင်း လျှော့ရင် အဆင်ပြေမယ်လို့ ထင်တယ်” ဟု သုံးသပ် ပြောဆိုသည်။
ဗဟိုဘဏ်က ယခုကဲ့သို့ စ၍ လုပ်ဆောင်ပေးခြင်းမှာ ကောင်းမွန်ကြောင်း စတင် လုပ်ဆောင်ချိန်တွင် အခက်အခဲများ ရှိ သော်လည်း နောက်ပိုင်းတွင် ကုန်သွယ်မှုကိုလည်း အထောက်အကူ ပြုလာမည့် အနေအထားတွင် ရှိနေကြောင်း ပြည် တွင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်တွင် ပြုလုပ်သည့် Invest Myanmar Summit 2019 ၌ တရုတ်၊ မကာအို လုပ်ငန်းရှင် များက မြန်မာနိုင်ငံတွင် တရုတ် ယွမ်ငွေကို လဲလှယ်ခွင့် မရကြောင်းနှင့် ဒေါ်လာကို အသစ်မှသာ လဲလှယ်ခွင့်ရကြောင်း စသည့် အခက်အခဲများကို ဖြေရှင်းပေးရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းထံ တောင်းဆိုခဲ့ရာတွင် ပြည်တွင်းဘဏ်များနှင့် ဗဟိုဘဏ် ပူးပေါင်း၍ ဖြေရှင်းပေးမည်ဟု ကတိ ပေးခဲ့ပြီး နောက် ယခု ထုတ်ပြန်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။
ထို့ပြင် လက်ရှိ၌ တရုတ်၊ ဂျပန် နိုင်ငံများကိုလည်း ဆိုက်ရောက် ဗီဇာ ပေးထားသောကြောင့် ခရီးသွားများ ငွေကြေးလဲလှယ်ရာတွင် ပိုအဆင်ပြေလာနိုင်သည်။
ပြီးခဲ့သည့် နိုင်ငံတော် ဒု သမ္မတ ဦးဆောင်သော ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိက လုပ်ငန်းရှင် များ တွေ့ဆုံပွဲ ၂၂ ကြိမ်မြောက်တွင်လည်း ဗဟိုဘဏ် အနေနှင့် တရုတ်ငွေ ယွမ်နှင့် ကိုရီးယားငွေ ဝမ် တို့ကို တရားဝင် ငွေလွှဲ ကောင်တာများတွင် လဲလှယ်ခွင့် ပေးရန် အတွက် UMFCCI လက်အောက်ရှိ မြန်မာ စီးပွားရေး အင်နီရှီတစ် (Myanmar Economic Initiative)၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း အဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်မင်းလှိုင် က တင်ပြခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ တရုတ် ခရီးသွား ဝင်ရောက်မှုမှာ ၃၀ ရာခိုင်နှုန်းနှင့် အရှေ့တောင် အာရှနိုင်ငံများတွင် အများ ဆုံး ဖြစ်နေပြီး ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင်လည်း တရုတ်နိုင်ငံသည် လုပ်ငန်းပေါင်း ၂၉၉ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ၂၀ ဒသမ ၃၅၁ ဘီလီယံနှင့် အများဆုံး ဝင်ရောက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် စာရင်းများ၌ ဖော်ပြ ထားသည်။
ထို့ပြင် ဂျပန်နိုင်ငံမှ ခရီးသွားများလည်း ဝင်ရောက်မှု တိုးလာပြီး မြန်မာနိုင်ငံ အနှံ့တွင် ဂျပန်နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင် လျက် ရှိသော သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအပြင် အခြား ဖွံ့ဖြိုးရေး စီမံကိန်းများစွာ ရှိနေသည်။
The post ဂျပန်နှင့် တရုတ် ငွေများ ဘဏ်များတွင် လဲလှယ်ခွင့်ပြု appeared first on ဧရာဝတီ.
၂၀၁၈ အကုန်တွင် Samsung အမြတ်ငွေ သိသာစွာ ကျဆင်း
$
0
0
Samsung ဟာ ၂၀၁၈ ခုနှစ်၊ စတုတ္ထ သုံးလပတ်အတွက် ဝင်ငွေခန့်မှန်း အစီရင်ခံစာကို ထုတ်ပြန်ကြေညာခဲ့စဉ်က ဝင်ငွေသိသိသာသာ ကျဆင်းဖို့ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ တကယ်လည်း Samsung အတွက် ၂၀၁၈ နှစ်ကုန်က ကြမ်းတမ်းခဲ့တယ်လို့ ပြောရမှာပါ။
Samsung ဟာ Chipset ထုတ်လုပ်မှုလုပ်ငန်းကနေ ဝင်ငွေအများဆုံး ရရှိနေတာပါ။ ဒါပေမယ့် ၂၀၁၈ နှစ်ကုန်မှာ စမတ်ဖုန်းတွေနဲ့ ဒေတာစင်တာတွေမှာ အသုံးပြုတဲ့ Memory Chips တွေ ဝယ်လိုအား ကျဆင်းမှုကြောင့် အမြတ်ငွေ ကျဆင်းရတာ ဖြစ်တယ်လို့ Samsung က ဆိုပါတယ်။
Samsung က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ စတုတ္ထ သုံးလပတ် ဘဏ္ဍာရေးရှင်းတမ်းမှာ ဖော်ပြထားချက်အရ ၂၀၁၈ နောက်ဆုံး ၃ လပတ်အတွင်းမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၃ ဒဿမ ၄ ဘီလျံ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ ၂၀၁၇ ခုနှစ်၊ စတုတ္ထ သုံးလပတ်နဲ့ ယှဉ်ရင် ၁၀ ရာခိုင်နှုန်းတိတိ လျော့နည်းသွားတာပါ။ ဒါ့အပြင် အမြတ်ငွေကလည်း ၂၀၁၈ ခုနှစ်၊ စတုတ္ထ သုံးလပတ်မှာ ၉ ဒဿမ ၇ ဘီလျံသာ ရရှိခဲ့ပြီး၊ သူ့အရင်နှစ်ကထက် ၂၉ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ပါတယ်။
Memory Chip လုပ်ငန်း (NAND နှင့် DRAM ထုတ်လုပ်မှု) တွေဟာ ဝယ်ယူသူ ဒေတာစင်တာကုမ္ပဏီတွေနဲ့ စမတ်ဖုန်းကုမ္ပဏီတွေရဲ့ စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် ထိခိုက်မှု ရှိခဲ့တာ ဖြစ်တယ်လို့ Samsung က ဆိုပါတယ်။ ယမန်နှစ်အတွင်း ကမ္ဘာ့စမတ်ဖုန်းရောင်းအား ကျဆင်းမှု ဒဏ်ကို Samsung ရဲ့ Memory Chip လုပ်ငန်းလည်း ခံခဲ့ရပုံ ပေါ်ပါတယ်။
မိုဘိုင်းဖုန်း ထုတ်လုပ်ရေးဌာနအနေနဲ့လည်း ဈေးကွက်ကျဆင်းမှုဒဏ်ကို ကောင်းကောင်းခံခဲ့ရပြီး၊ ဒီအတိုင်း မပြောင်းမလဲ ရှိနေဦးမယ်လို့ Samsung က ကြိုတင် ခန့်မှန်းထားပါတယ်။ စမတ်ဖုန်းနဲ့ တက်ဘလက် ဝယ်လိုအားဟာ ၂၀၁၉ ခုနှစ်၊ ပထမသုံးလပတ်မှာ ထပ်မံ ကျဆင်းပြီး၊ ကုမ္ပဏီရဲ့ Display ထုတ်လုပ်မှုလုပ်ငန်းကိုပါ လာရောက် ထိခိုက်နိုင်ခြေရှိတယ်လို့ Samsung က ခန့်မှန်းထားပါတယ်။
ရှေ့လ မိတ်ဆက်မယ့် Galaxy S10 နဲ့ နောက်ထပ် မော်ဒယ်မြင့်ဖုန်းတွေ ထုတ်ပြီးရင်တော့ ရောင်းအားအနည်းငယ် ပြန်တက်လာဖို့ မျှော်လင့်ထားတယ်လို့ Samsung က ပြောကြားခဲ့ပါတယ်။
Samsung ဟာ ၂၀၁၈ ခုနှစ်၊ စတုတ္ထသုံးလပတ်မှာ အခြေအနေ မကောင်းခဲ့ပေမယ့် ၂၀၁၈ ဘဏ္ဍာရေးတနှစ်လုံးရဲ့ ဝင်ငွေကိုတော့ ဆိုးရွားစွာ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။ ၂၀၁၈ မှာ Samsung အနေနဲ့ စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၀ ဘီလျံ ရရှိခဲ့ကာ လုပ်ငန်းအမြတ်ငွေ အမေရိကန်ဒေါ်လာ ၅၃ ဘီလျံအထိ ရရှိခဲ့ပါတယ်။ ၂ နှစ်ဆက်တိုက် အမြတ်ငွေစံချိန်တင် ရရှိခဲ့တာ ဖြစ်ပါတယ်။
Ref: Engadget
The post ၂၀၁၈ အကုန်တွင် Samsung အမြတ်ငွေ သိသာစွာ ကျဆင်း appeared first on ဧရာဝတီ.
ရန်ကုန်မြို့ပတ်ရထားလမ်း အနောက်ခြမ်း အဆင့်မြှင့်ခြင်း စမည်
$
0
0
ရန်ကုန်မြို့ပတ် ရထားလမ်း အနောက်ခြမ်း (အပိုင်း ၂) အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီလ လဆန်းပိုင်း အတွင်း စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား အထွေထွေ မန်နေဂျာ (အောက်မြန်မာပြည်) ဦးထွန်း အောင်သင်း က ပြောသည်။
ဇန်နဝါရီလ ၃၀ ရက်က မြန်မာ့ မီးရထား (အောက်မြန်မာ ပြည်ရုံး) အစည်းဝေး ခန်းမတွင် ပြုလုပ်သော ရန်ကုန် မြို့ပတ် လမ်း အဆင့်မြှင့်တင်ခြင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောခြင်း ဖြစ်သည်။
ဦးထွန်းအောင်သင်းက “မီးရထားလမ်း အဆင့်မြှင့်တင်ဖို့က လမ်းပိတ်ပြီး လုပ်ရမှာ ဆိုတော့ အခုက ကလေးတွေ စာမေးပွဲလည်း နီးနေတော့ စာမေးပွဲကို အတတ်နိုင်ဆုံး ရှောင်ရှားပြီးတော့ အထူးသဖြင့် ဆယ်တန်း ကျောင်းသားတွေရဲ့ စာမေးပွဲ ရက်ကို ရှောင်လုပ်ပါတယ်။ ချေးငွေနဲ့ လုပ်တာ ဖြစ်တဲ့အတွက် time line ဝင်မှသာ ဒီ အဆင့်မြှင့်တင်မှု လုပ်ငန်းတွေကို အကောင်းမွန်ဆုံးနဲ့ ထိခိုက်မှု အနည်းဆုံးနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အဆင့်မြှင့်တင်ရေး လုပ်ငန်းများမှာ အချက်ပြ စနစ်၊ ဆက်သွယ်ရေးနှင့် ရထား ပြေးဆွဲမှု စနစ်များကို ခေတ်မီ နည်းစနစ် များဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) လေ့လာရေး အဖွဲ့တို့နှင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဂျပန်အစိုးရ ဘတ်ဂျက် ချေးငွေ အမေရိကန် ဒေါ်လာ ၂၀၆ သန်းကျော်နှင့် မြန်မာ အစိုး ရ ဘတ်ဂျက် ဖြစ်သည့် ဒေါ်လာ ၉၄ သန်း ကျော်ဖြင့် ဆောင်ရွက်သွားမည်ဟု မြန်မာ့ မီးရထားက ထုတ်ပြန်ထားသည်။
အဆိုပါ Level Crossing အဆင့်မြှင့် ပြုပြင်ခြင်း လုပ်ငန်း အစီအစဉ်တွင် ကမာရွတ် ဘူတာရုံ လမ်းအား ဖေဖော်ဝါရီလ ၁၀ ရက် မှ ၁၄ ရက် အထိ လည်းကောင်း၊ အုတ်ကျင်း ဘူတာရုံလမ်းအား ၃ ရက် မှ ၇ ရက် အထိ လည်းကောင်း လမ်းအပြည့် ပိတ်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လမ်းအပြည့်ပိတ် စနစ်ဖြင့် ဆောင်ရွက်မည့် ကမာရွတ် ဘူတာရုံလမ်းနှင့် အုတ်ကျင်း ဘူတာရုံလမ်းတို့တွင် ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်းစေပြီး သွားလာမှု အဆင်ပြေစေရန် အတွက် လမ်းလွှဲ ပြုလုပ်နိုင်ရန် မြန်မာ့ မီးရထားမှ တာဝန် ရှိ သူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စည်ပင် သာယာရေး ကော်မတီ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ စသည့် သက်ဆိုင်ရာ ရပ် မိရပ်ဖ များနှင့် ပူးပေါင်း၍ သွားရောက် စစ်ဆေး လုပ်ဆောင် သွားမည် ဖြစ်သည်။
ဆက်လက်၍ ဦးထွန်းအောင်သင်းက “လမ်းလွှဲလုပ်တဲ့ အခါ မလွတ်ရင် ဖျက်ခိုင်းရမှာပါ။ ငြိစွန်းတဲ့ ဆိုင်တွေကို ဖယ်ရှား ပါမယ်။ ဇန်နဝါရီ ၃၁ ရက်ထဲက ကမာရွတ်မြို့နယ်ကို စပါမယ်။ အုတ်ကျင်း ဘူတာရုံပြီးရင် ကြို့ကုန်း ဆေးဝါးစက်ရုံ လမ်းကို ဆက်သွားပါမယ်။ Level Crossing သုံးခုကို ကွင်းဆင်းပါမယ်” ဟု ရှင်းပြသည်။
ယင်းသို့ စစ်ဆေးရာတွင် လွတ်ကင်းမှု မရှိသော ကျူးကျော်များ၊ ဆိုင်ခန်းများကို ဖယ်ရှားသွားမည် ဟုလည်း မြန်မာ့ မီး ရထားမှ သိရသည်။
အထက်ပါ အင်းစိန်-ကြည့်မြင်တိုင် ဘူတာ ကြားရှိ Level Crossing များ အဆင့် မြှင့်တင်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ပတ်လမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အင်ဂျင်နီယာ ဦးမင်းအောင်က ပြောသည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ နိုဝင်ဘာလ အထိ တညင်းကုန်း- အင်းစိန် ရထား လမ်းပိုင်းကို အဆင့်မြှင့်တင်ခဲ့သည်။
ရန်ကုန်မြို့ပတ် ရထား စနစ်တွင် လက်ရှိ ရထားလမ်းကြောင်း သုံးခုနှင့် လမ်းခွဲ ငါးခု ရှိပြီး စုစုပေါင်း ၁၄၈ ဒသမ ၃ ကီလို မီတာ ရှည်လျားပြီး ဘူတာပေါင်း ၈၀ ခန့် ရှိကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
ဆက်လက်၍လည်း ရန်ကုန်မြို့ပတ် ရထားလမ်း (အရှေ့ခြမ်း) အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ် များကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက် ရရှိရန် တင်ပြထားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်ရန်ကုန် မြို့ပတ် ရထားလမ်း အဆင့်မြှင့် စီမံကိန်း ၂၀၂၃ တွင် အပြီးသတ်ရန် ခန့်မှန်း
The post ရန်ကုန်မြို့ပတ်ရထားလမ်း အနောက်ခြမ်း အဆင့်မြှင့်ခြင်း စမည် appeared first on ဧရာဝတီ.
Viewing all 5004 articles
Browse latest View live