Quantcast
Channel: စီးပွားရေး - ဧရာဝတီ
Viewing all 5004 articles
Browse latest View live

မန္တလေးတိုင်း အစိုးရဟောင်း၏ ကြွေးကျန် ကျပ်သန်း ၅၀၀ ယခုလအတွင်းဆပ်မည်

$
0
0

မန္တလေးတိုင်းအစိုးရအဖွဲ့ဟောင်းမှ ပြန်လည်ဆပ်ရမည့် ကြွေးကျန်များအနက် ငွေကျပ်သန်း ၅၀၀ အား ယခုလအတွင်း ရရှိမည်ဖြစ်ကြောင်း တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြော သည်။

ဝန်ကြီး ဦးမြတ်သူ က “နောက်တပတ်ထဲ သန်း ၅၀၀ ဆပ်မယ်လို့ ပြောတယ်။ ဒါက တတိယအရစ်ခွဲပေးတာ။  နောက်လ ပေးပြီးသွားရင်တော့ ကြွေးကျန်အားလုံးရှင်းပြီးပါပြီ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် ဇွန်လက မန္တလေးတိုင်းအစိုးရ၏ ဒုတိယ (၁) နှစ်ပြည့်ကာလအတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က တိုင်းအစိုးရ အဖွဲ့ဟောင်းမှ ပေးစရာ ငွေကြွေးကျန်များနှင့် ပတ်သတ်၍ စာရင်းစစ်ချုပ် အစီရင်ခံစာကို ဖတ်ကြားခဲ့ပြီး ကြွေးကျန်ငွေပမာဏ စုစုပေါင်း သန်းပေါင်း ၂၀၀၀ ကျော်ဖြစ်သည်ဟု သိရသည်။

၎င်းငွေကြေးများအား စာရင်းရှင်းလင်းပေးသွင်းရန်အတွက် တိုင်းအစိုးရအဖွဲ့ဟောင်းထံ အကြောင်းကြားစာ ပေးပို့ခဲ့ပြီးနောက် အစိုးရအဖွဲ့ဟောင်းက အရစ်ကျဖြင့် ၄ ကြိမ်ခွဲသွင်းရန် သဘောတူညီချက် ရရှိခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှသိရသည်။

ဦးမြတ်သူ က “အမှန်ကတော့ တလုံးတည်း ပေးရမဲ့ငွေတွေပါ။ သူတို့ဘက်က ဝန်ကြီးချုပ်ကို အဆိုပြု မေတ္တာရပ်ခံတဲ့အခါ ဝန်ကြီးချုပ်ကလဲ လက်ခံတဲ့ အတွက် တလတကြိမ် အရစ်ကျနဲ့ ခွဲပေးတာဖြစ်သွားတာ” ဟု ရှင်းပြသည်။

အဆိုပါကြွေးကျန်ကိစ္စနှင့် ပတ်သတ်၍ ပြီးခဲ့သည့်နှစ် ဇူလိုင်လက အစိုးရအဖွဲ့ဝင်ဟောင်းများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ကြွေးကျန်ဟု သတ်မှတ်ထားသော် ၎င်းငွေကြေးများသည် ပြည်သူပိုင် ငွေကြေး မဟုတ်ဘဲ ၎င်းတို့ အစိုးရ လက်ထက် က ပုဂ္ဂလိက အလှူရှင်များက ဒေသဖွံ့ဖြိုးရေးအတွက် လှူဒါန်း ခဲ့ကြသည့် ငွေကြေးများသာဖြစ်၍  လက်ရှိ တိုင်းအစိုးရထံ ပြန်လည်ပေးသွင်းရန် မဖြစ်နိုင်ကြောင်းနှင့် ပြန်လည်စိစစ်ပေးရန်အတွက် သမ္မတရုံးသို့ စာတင်ခဲ့သည်ဟု  တိုင်းဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ပြောခဲ့သည်။

မန္တလေးတိုင်း အစိုးရအဖွဲ့ ဒုတိယ သက်တမ်း သတင်းစာရှင်းလင်းပွဲတွင်မူ လက်ရှိတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က “ဒီငွေတွေဟာ ပြည်သူ့ငွေ တွေဖြစ်ပါတယ်။ ဒါကြောင့် စာရင်းရှင်း ကိုရှင်းရမှာ ဖြစ်ပါ တယ်။ ပြည်သူ့ငွေ အကြွေး တင်ထားပြီးရင် လျှော်လို့မရပါဘူး။ ဆပ်ကိုဆပ်ရမှာပါ” ဟု ပြောကြား ခဲ့သည်။

ယင်းနောက် အဆိုပါကြွေးကျန်များအား ပြန်လည်ပေးဆပ်ရမည့်ကိစ္စအား အရစ်ကျစနစ်ဖြင့် ပေးရန် ညှိနှိုင်း ပြေလည်မှု ရရှိခဲ့ပြီး တိုင်းအစိုးရ အဖွဲ့ဟောင်းက ပြီးခဲ့သည့်နှစ် နိုဝင်ဘာမှ စတင်၍ ကြွေးကျန်များအား အရစ်ကျဖြင့် ခွဲဆပ်ခဲ့ရာ ယခုလ ပေးသွင်းမည့် ကျပ် သန်း ၅၀၀ သည် တတိယအကြိမ်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလကုန်တွင် ပေးသွင်းမည့် သန်း ၅၀၀ ကျော်သည် နောက်ဆုံးအကြိမ်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။

အဆိုပါငွေကြေးများအား အစိုးရအဖွဲ့ဟောင်းက ချက်လက်မှတ်ဖြင့် ပေးဆပ်ခြင်းဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ ငွေစာရင်းအမှတ်သို့ စီမံ/ဘဏ္ဍာဝန်ကြီးက ပေးသွင်းရသည်ဟု သိရသည်။

ဆက်စပ်ဖတ်ရှုရန် – ပြန်ရမည့် မန္တလေးတိုင်း ရန်ပုံငွေများအား ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် သုံးမည်

The post မန္တလေးတိုင်း အစိုးရဟောင်း၏ ကြွေးကျန် ကျပ်သန်း ၅၀၀ ယခုလအတွင်းဆပ်မည် appeared first on ဧရာဝတီ.


YBS အကောင်းဆုံး ဆုရ ယာဉ်လိုင်း ကုမ္ပဏီများ ဝေဖန်ခံရ

$
0
0

YBS ၂ နှစ်ပြည့် အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) က ချီးမြှင့်သည့် ၂၀၁၈ အတွက် YBS အကောင်းဆုံး ဆုရရှိသော ယာဉ်လိုင်း ကုမ္ပဏီများနှင့် ပတ်သက်၍ လူမှု ကွန်ရက် သုံးစွဲသူ ခရီးသွား ပြည်သူများကြား ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။

ဆုများကို ဝန်ဆောင်မှု အကောင်းဆုံးဆု၊ စည်းကမ်း အကောင်းဆုံးဆု၊ နည်းပညာဆောင်ရွက် အသုံးချမှု အကောင်း ဆုံး ဆု၊ တိုးတက်မှု အရှိဆုံးဆု စသည်ဖြင့် အသီးသီး ရွေးချယ်ပေးအပ်ခဲ့ရာ ရရှိသည့် ဆုများနှင့် မြေပြင်တွင် ဖြစ်ပေါ် နေသော ယာဉ်လိုင်းများ၏ အားနည်းချက်များကို ဝေဖန်သူများက အဓိက ထောက်ပြကြသည်ကို တွေ့ရသည်။

ဆုရရှိသည့် ကုမ္ပဏီ အမည်နှင့် ယာဉ်လိုင်း နံပါတ်များကို “YBS ခရီးသွားများ၏ အသံ” ဟူသည့် လူမှုကွန်ရက် စာမျက်နှာ တွင် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း အင်ဒမင်က ဇန်နဝါရီ ၁၆ ရက်တွင် ရေးသား ဖော်ပြသည်။

ယင်းပို့စ်၏ အောက်တွင် “နံပါတ် ၁၇ မီနီဘတ်စ် ငွေပုံးပါပေမယ့် စပါယ်ယာကိုပဲ ပိုက်ဆံပေးစီးရတဲ့ ကားက နည်းပညာ ဆောင်ရွက် အသုံးချနိုင်မှုဆု ရတဲ့ထဲမှာ ပါတယ်တဲ့လား .. အေးပါကွာ”ဟု Htet Htet Pan အကောင့်ပိုင်ရှင်က မှတ်ချက် ပြုထားသည်ကို တွေ့ရသည်။

လက်ရှိ YBS စနစ်တွင် YBS operator ကုမ္ပဏီများနှင့် တာဝန်ခံအစုအဖွဲ့ ၂၈ ခု ရှိသည့်အနက် ၆ ခု ရွေးချယ် ခံရခြင်း ဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့ Sky Star Hotel တွင် YBS ၂ နှစ်ပြည့် ပြုလုပ်ခဲ့သည့်  အခမ်းအနား၌ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင် ဆုများ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် YRTA ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ညီညီမော်က ဆုပေးရွေးချယ်မှုနှင့် ပတ်သက်၍ ၂၀၁၇ အထိ ပြန်လှန်သုံးသပ်၍ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ YBS ၂ နှစ်တာကာလအတွင်း ကုမ္ပဏီများ၏ ဝန်ဆောင်မှု၊ စည်းကမ်း လိုက်နာမှု၊ ကုမ္ပဏီစီမံခန့် ခွဲမှုနှင့်စနစ်ကျမှု၊ ဘဏ္ဍာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်မှု၊ နည်း ပညာအသုံးပြုနိုင်မှု စသည့် ကဏ္ဍ ၅ ခုကို အခြေခံကာ အမှတ်ပေး စည်းမျဉ်းနှင့်အညီ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်း တင်ပြသည်။

“ကဏ္ဍ ၅ ခုကို အခြေခံထားပြီး အမှတ်ပေးစနစ်နဲ့ အဖွဲ့လိုက် ဖွဲ့စည်းပြီး တခုချင်းစီမှာ စနစ်တကျ အမှတ်ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဆု ၆ ခုထဲ၌ ဝန်ဆောင်မှု အကောင်းဆုံးဆုကို YBS 20, 56, 83, 98, 99, Airport Shuttle လိုင်းများကို တာဝန်ယူ ပြေးဆွဲ နေသည့် Omni Focus General Services Public Co.,Ltd ကလည်းကောင်း၊ စည်းကမ်းအကောင်းဆုံးဆုကို YBS 5,33, 34, 50, 51, 70, 95 ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲနေသည့် ရွှေတောင်ပိုင်း ခရိုင် အများနှင့် သက်ဆိုင် သော ကုမ္ပဏီ က လည်းကောင်း ရရှိသည်။

နည်းပညာ ဆောင်ရွက်မှု၊ အသုံးချနိုင်မှု အကောင်းဆုံးဆုကို YBS 2, 3, 4, 7, 8, 10, 11, 15, 17, 24, 26, 28, 29, 36, 40, 58, 59, 65, 84 ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲနေသည့် ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင် ရေး အများပိုင် ကုမ္ပဏီလီမိတက် (YUPT) က လည်းကောင်း၊ ကုမ္ပဏီဖွဲ့စည်းပုံ အကောင်းဆုံးဆုကို YBS 12, 13, 14, 25, 30, 38, 55 ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲနေသည့် ဗန္ဓုလ အများနှင့်သက်ဆိုင်သော ကုမ္ပဏီက လည်းကောင်း အသီးသီး ရရှိသည်။

ငွေကြေးစနစ်တကျ ဆောင်ရွက်ထားရှိမှုကို YBS 31, 64 ယာဉ်လိုင်းများကို တာဝန်ယူ ပြေးဆွဲနေသည့် ကုန်းဘောင် ရန်ကုန် အများနှင့်သက်ဆိုင်သော ကုမ္ပဏီက လည်းကောင်း၊ တိုးတက်မှု အရှိဆုံးဆုကို YBS 32, 78, 93, 94, 97 ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲနေသည့် လူထုမိတ်ဆွေ အများနှင့်သက်ဆိုင်သော ကုမ္ပဏီက လည်းကောင်း ရရှိ ခဲ့ခြင်း ဖြစ်သည်။

YBS 21, 39, 41 ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲနေသည့် Power Eleven ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ကိုတရုတ်လေးက ဆုရရှိသည့်အထဲတွင် Omni Focus ၊ ဗန္ဓုလ၊ YUPT နှင့် လူထုမိတ်ဆွေများ ရရှိသည့် ဆုသည် ကိုက်ညီမှု ရှိသော်လည်း ရွှေတောင်ပိုင်းနှင့် ကုန်းဘောင်ရန်ကုန် ကုမ္ပဏီများကို ပေးသည့် ဆုများမှာ ကိုက်ညီမှု မရှိဟု ထောက်ပြသည်။

ကိုတရုတ်လေးက“ဝန်ဆောင်မှု ညံ့ပြီး စည်းကမ်းပျက်တာ YBS မှာ ဒုတိယ အဆင့်လောက်ရှိတဲ့ ကုမ္ပဏီတွေမို့ပါ”ဟု ပြောဆိုသည်။

ဆက်လက်၍ ၎င်းက လာမည့်နှစ်များတွင် ယင်းသို့ ဆုပေးမည်ဆိုပါက မည်သည့်အချက်များဖြင့် ကိုက်ညီမှှုရှိမှ ပေး မည် ကို ကြိုတင် ကြေညာထားစေချင်ကြောင်း၊ သို့မှသာ ပွင့်လင်းမြင်သာမှု ရှိမည်ဖြစ်ကြောင်း၊ ခရီးသွားပြည်သူများ၏ သဘောထား ကိုလည်း စစ်တမ်းယူသင့်ကြောင်း အကြံပြုသည်။

“ကုမ္ပဏီ အမည်နဲ့ တွဲဖက်ပြီး ဘယ် YBS လိုင်း အမှတ်က ဝန်ဆောင်မှုကောင်းလို့ ပေးကြောင်း ပြုလုပ်သင့်တယ်။ အခု ဆု ပေးလိုက်တဲ့ ကုမ္ပဏီတွေရဲ့အောက်မှာ ဝန်ဆောင်မှု ကောင်းတာရှိသလို စည်းကမ်း ပျက်နေတာတွေလည်း ရှိပါ တယ်” ဟု ကိုတရုတ်လေးက ပြောသည်။

YRTA အနေဖြင့် ကုမ္ပဏီကို ရွေးချယ် ဆုပေးခဲ့ခြင်း ဖြစ်သော်လည်း ဆုရရှိသည့် ကုမ္ပဏီများ၏ လက်အောက်မှ ယာဉ် လိုင်း များ၏ ချို့ယွင်းချက်များကို ခရီးသည်များက အဓိက ဝေဖန်ခြင်းဖြစ်ပြီး စည်းကမ်းပိုင်း၊ ခရီးသည်များ အန္တရာယ် ကင်းရှင်းမှု၊ ယာဉ်မောင်းများ၏ ယဉ်ကျေးမှု စသည့် အပိုင်းများတွင် ကောင်းမွန်သည့် YBS ယာဉ်လိုင်း ၂၁ က ဆု မရ ရှိခြင်း အပေါ်တွင်လည်း မည်သည့်အတွက်ကြောင့် ဆုမရသနည်းဟု မေးခွန်းထုတ်သည်ကို တွေ့ရသည်။

“78 က ဘာ တိုးတက်။ တစီးနဲ့တစီး ကြာတာ ဆိုတာ ပိုးစိုးပက်စက်။ ၂၁ ကျ ဆုမပေးဘူး။ ၃၁ ကျ ငွေကြေးစီမံ တော် တယ်တဲ့။ တခါတခါ စပယ်ယာ အပိုပါပြီး သူပဲ ပိုက်ဆံတွေ ကောက်နေတာ”ဟု Khin Yadanar Moe ဆိုသည့် အကောင့် ပိုင်ရှင်က ပြောဆိုထားသည်။

ဆုရရှိသည့် ယာဉ်လိုင်းများနှင့် ပတ်သက်၍ ခရီးသည်များ အပြောများဆုံးထဲတွင် ကားပေါ်ရှိ ဘဲလ်ခလုတ်များ ပျက်နေ ခြင်း၊ မှတ်တိုင်တွင် ကျောက်ချရပ်နားခြင်း၊ အချို့ယာဉ်လိုင်းများတွင် စပယ်ယာပါပြီး ကားခ ကောက်ခံနေခြင်း၊ ကား များ စုတ်ပြတ်နေခြင်း၊ ကားတစီးနှင့်တစီး အချိန် အလွန်ကွာဟခြင်း၊ ဒရိုင်ဘာ တချို့၏ ပြောဆို ဆက်ဆံမှု ရိုင်းဆိုင်း ခြင်း တို့ဖြစ် သည်။

YRTA ၏ စာရင်းများအရ ၂၀၁၈ တွင် ခရီးသည်များ တိုင်ကြားသည့် အမှုပေါင်း ၂၅၀၀ ကျော်ရှိပြီး အများဆုံး တိုင်ကြားမှုမှာ ယာဉ်စီးခ ပိုမိုတောင်းခံခြင်း၊ မချေမငံဆက်ဆံခြင်း၊ မှတ်တိုင်တွင် မရပ်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

တိုးတက်မှုအရှိဆုံး ဆုကို ရရှိခဲ့သည့် လူထုမိတ်ဆွေ ပြည်သူ့အကျိုးယာဉ်လိုင်းက ဆုရရှိသည့်အတွက် ခရီးသွား ပြည်သူ များ အပါအဝင် YRTA နှင့် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ကြောင်း၊ ဆက်လက်၍လည်း ခရီးသွား ပြည်သူ တို့၏ အကျိုးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖော်ပြ ထားသည်။

အဆိုပါ ကုမ္ပဏီမှ စီနီယာမန်နေဂျာ ကိုဇော်ဇော်ကလည်း ယာဉ်လိုင်းများအပေါ် ခရီးသည်များ၏တိုင်ကြားမှုများနှင့် ပတ်သက်၍ “ကျနော်တို့က လူထုမိတ်ဆွေ ဖေ့စ်ဘုတ်ပေ့ချ်လည်း လုပ်ထားပါတယ်။ အဲဒီမှာ ကွန်ပလိန်း တက်လာ တယ် ဆိုတာနဲ့ ချက်ချင်း ကားသမားကို အရေးယူမှုပြုပါတယ်”ဟု ရှင်းပြသည်။

လက်ရှိတွင် YBS စနစ်၌ အများပိုင်ကုမ္ပဏီပေါင်း ၁၈ ခု၊ ပုဂ္ဂလိကအစုအဖွဲ့ပိုင် ၁၀ ခုမှ ယာဉ်အစီးရေ ၆၀၀၀ ခန့် မှတ်ပုံ တင် ထားသော်လည်း မြေပြင်တွင် ယာဉ်အစီးရေ ၄၀၀၀ ကျော်၊ ယာဉ်လိုင်းပေါင်း ၁၀၀၊ ယာဉ်လမ်းကြောင်း ၁၂၀ ကျော် ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

The post YBS အကောင်းဆုံး ဆုရ ယာဉ်လိုင်း ကုမ္ပဏီများ ဝေဖန်ခံရ appeared first on ဧရာဝတီ.

တိုင်ကြားမှုများရှိ၍ တယ်လီနော တာဝန်ရှိသူများကို စားသုံးသူရေးရာ ဦးစီးဌာနမှ ခေါ်တွေ့မည်

$
0
0

Telenor Broadband အင်တာနက်ဆိုင်ရာ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ရာနှင့်ချီ တိုင်ကြားမှုများ ရှိနေသဖြင့် တယ်လီနောမြန်မာ ကုမ္ပဏီ တာဝန်ရှိသူများကို လာမည့်တပတ်အတွင်း စားသုံးသူရေးရာ ဦးစီးဌာနမှ ဖြေရှင်းညိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခု ဇန်နဝါရီလ ၈ ရက်မှစတင်၍ ယင်း Telenor Broadband အင်တာနက်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ (သုံးစွဲသူ) ပြည်သူများမှ တိုင်ကြားမှုမှာ စုစုပေါင်း ၃၃၈ မှု အထိရှိလာသဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များသို့ ပေးပို့၍ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင် က “တယ်လီနော် Broadband ပထမတော့ ကြိုကြား ကြိုကြား တိုင်တယ်ပေါ့နော်။ အခု ဇန်နဝါရီလက စပြီး ရာနဲ့ ချီပြီး တိုင်စာတွေ ဝင်လာလို့လေ အခု ဦးစီးဌာန အနေနဲ့ ညိုနှိုင်းဖြေရှင်းပေးဖို့ ဆောင်ရွက်နေပါတယ်။ ရှေ့တပတ်အတွင်း လုပ်မှာပါ။ ညိုနှိုင်းချက်ကို စားသုံးသူတွေအတွက် ဝက်ဆိုဒ်ကနေ ပြန်ပြီး တင်ပေးပါ့မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ရှေ့တပတ်ထဲဖြေရှင်းပေးဖို့က သေချာပါတယ်။ ရက်ကိုတော့ ကျနော်မပြောချင်လို့ပါ။ သူတို့နဲ့ ဆွေးနွေးဖို့ အစီစဉ် လုပ်ထားပြီးပါပြီ” ဟု ပြောသည်။

အရေးယူဆောင်ရွက်မှု အနေနှင့်က စားသုံးသူရေးရာ ဦးစီးဌာနမှ လုပ်ဆောင်၍ မရသောကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အငြင်းပွားမှု ဖြေရှင်းအဖွဲ့သို့ လွဲပြောင်းပြီး စားသုံးသူများ (သုံးစွဲသူများ) ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ပေးမည်ကို ညိုနှိုင်းထုတ်ပြန် ပေးမည်ဖြစ်သည်။

တယ်လီနောမြန်မာသည် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ဝန်ဆောင်မှု ပေးခဲ့ပြီး ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၈ ထောင်ကျော်ဖြင့် တိုင်းနှင့်ပြည်နယ် အားလုံးတွင် အသုံးပြု ၁၉ သန်းကျော် ရှိကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

The post တိုင်ကြားမှုများရှိ၍ တယ်လီနော တာဝန်ရှိသူများကို စားသုံးသူရေးရာ ဦးစီးဌာနမှ ခေါ်တွေ့မည် appeared first on ဧရာဝတီ.

Google က Fossil စမတ်နာရီ နည်းပညာကို ဒေါ်လာ သန်း ၄၀ နဲ့ ဝယ်ယူ

$
0
0

နာရီကုမ္ပဏီ Fossil ကနေ တီထွင်ထုတ်လုပ်နေတဲ့ စမတ်နာရီနည်းပညာကို Google က ဒေါ်လာ သန်း ၄၀ နဲ့ ဝယ်ယူဖို့ သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း Fossil Group က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Fossil ရဲ့ စမတ်နာရီ နည်းပညာကို တီထွင်ဖန်တီးနေတဲ့ သုတေသနဌာန အဖွဲ့ဝင်အားလုံးပါ Google လက်အောက် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

Fossil စမတ်နာရီ နည်းပညာကို ဝယ်ယူလိုက်ခြင်းအားဖြင့် Google ရဲ့ WearOS ပလက်ဖောင်းမှာ ဟာ့ဒ်ဝဲ ထုတ်လုပ်မှု အတွေ့အကြုံရှိတဲ့ အဖွဲ့ဝင်တွေ ပါဝင်လာမှာ ဖြစ်သလို စမတ်နာရီ ဒီဇိုင်းအသစ်တွေလည်း ထွက်ပေါ်လာဖို့ ရှိပါတယ်။

“စိတ်ကြိုက် ဒီဇိုင်းပြောင်းလဲနိုင်ပြီး ကျန်းမာရေး ကောင်းမွန်စေဖို့နဲ့ ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ Wearables (ဝတ်ဆင်နိုင်သည့် နည်းပညာပစ္စည်း) တွေဟာ အသုံးပြုသူတွေ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မြန်ဆန်တိကျစွာ ဖော်ပြပေးနိုင်ပြီး လူနေမှုဘဝတွေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်”

“Fossil Group ရဲ့ နည်းပညာနဲ့ အဖွဲ့သားတွေ Google ကို ရောက်လာတာဟာ Wearables ဈေးကွက်အပေါ် ကျမတို့ ဘယ်လောက် အလေးထားဆောင်ရွက်နေလဲဆိုတာ ပေါ်လွင်စေမှာပါ။ အမြဲတမ်း တက်ကြွလှုပ်ရှားနေတဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်အသစ်အသစ်တွေကို ယူဆောင်ပေးမယ့် စမတ်နာရီ အမျိုးမျိုး ပေါ်ထွက်လာစေဖို့ ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”လို့ Google ရဲ့ WearOS ပလက်ဖောင်းဆိုင်ရာ ထုတ်ကုန်စီမံခန့်ခွဲရေးဌာနမှူး Stacey Burr က ပြောပါတယ်။

Fossil က လုပ်ဆောင်နေတဲ့ စမတ်နာရီနည်းပညာဟာ ဈေးကွက်ထဲ မရောက်သေးတဲ့ နည်းပညာအသစ်အဆန်းတခု ဖြစ်ပါတယ်။ ဘယ်လို တီထွင်ဆန်းသစ်မှုမျိုး ဖြစ်မလဲ၊ Google ဘက်က ဘာကြောင့် အသည်းအသန် ဝယ်ချင်နေလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ ဒေါ်လာ သန်း ၄၀ ဆိုတဲ့ ပမာဏကတော့ Google ဝယ်ခဲ့သမျှ နည်းပညာတွေနဲ့ ယှဉ်ရင် မပြောပလောက်တဲ့ ပမာဏပဲ ရှိပါတယ်။

Fossil ဟာ ၂၀၁၅ ခုနှစ်တုန်းက wearable ပစ္စည်းတွေ ထုတ်နေတဲ့ Misfit ကုမ္ပဏီကို ဒေါ်လာ သန်း ၂၆၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ ယခု Google ဝယ်ယူလိုက်တဲ့ နည်းပညာဟာ Misfit နည်းပညာအပေါ် အခြေခံပြီး ဖန်တီးနေတဲ့ နည်းပညာသစ်တခု ဖြစ်တယ်လို့ သိရပါတယ်။

Google ဟာ Fossil နည်းပညာကို ယခုလအတွင်း အပြီးသတ် ငွေချေ၊ ဝယ်ယူ သွားမှာပါ။ ဒီနည်းပညာ သုံးထားတဲ့ ပစ္စည်းတွေကို ဘယ်တော့ မြင်တွေ့ရမလဲဆိုတာကိုတော့ ကုမ္ပဏီ နှစ်ခုစလုံးက မပြောခဲ့ပါဘူး။

Ref: The Verge, GSM Arena

The post Google က Fossil စမတ်နာရီ နည်းပညာကို ဒေါ်လာ သန်း ၄၀ နဲ့ ဝယ်ယူ appeared first on ဧရာဝတီ.

ပြည်ပအားကိုး မိတ်အင် ဗီယက်နမ်တွေ လာပြီ

$
0
0

၂၀၂၀ ပြည့်နှစ်တွင် ကုန်ထုတ်လုပ်ရေး ဗဟိုချက်ဖြစ်ရန် အစိုးရ၏ ရည်မှန်းချက်နှင့်အညီ ဗီယက်နမ် ကုမ္ပဏီများသည် နယ်ပယ်သစ်များတွင် လုပ်ငန်းခွဲများ ထူထောင်လာကြသည်။

အိမ်ခြံမြေ လုပ်ငန်းစုကြီးဖြစ်သော Vingroup သည် လျှပ်စစ်ဆိုင်ကယ်များနှင့် စမတ်ဖုန်းများကို စတင် ထုတ်လုပ်နေပြီဖြစ်ပြီး ကားလုပ်ငန်းသို့ ဇွန်လတွင် စတင်ဝင်ရောက်ရန် စီစဉ်ထားသည်။

Vingroup ၏ လုပ်ငန်းခွဲဖြစ်သော VinFast သည် လျှပ်စစ်ဆိုင်ကယ်များကို နိုဝင်ဘာလက စတင်ထုတ်လုပ်ခဲ့သည်။ အီတလီမှ Vespa မိုဖြင့် ပုံစံထုတ်ထားသည့် Klara သည် ပုံစံကျလှပြီး ထုတ်လုပ်မှုကောင်းသည့် တခါအားသွင်းထားလျှင် ကီလိုမီတာ ၈၀ မောင်းနိုင်သော ဆိုင်ကယ်ဖြစ်သည်။

တခြားသော ဗီယက်နမ်ထုတ်ကုန်များကဲ့သို့ပင် Klara သည်လည်း ပြည်ပမှ စက်ပစ္စည်း အစိတ်အပိုင်းများနှင့် နည်းပညာများကို အကြီးအကျယ်မှီခိုနေရသည်။ BMW, Robert Bosch နှင့် Siemens ကဲ့သို့သော ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် Vingroup အနေဖြင့် မော်တော်ယာဉ်ဈေးကွက်သို့ ဝင်ရောက်မည်ဟု ကြေညာပြီး တနှစ်ကျော်အတွင်း Klara ကို ဈေးကွက်အတွင်းသို့ ပို့ဆောင်စေနိုင်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံအနေဖြင့် စက်မှုအင်အားကြီးနိုင်ငံ အဆင့်သို့ မတက်လှမ်းနိုင်မီ လုပ်ဆောင်ရမည့် ရှည်လျားလှသည့် ခရီးကို ထင်ဟပ်နေသည်။

ဥရောပမှ စီးပွားရေးလုပ်ငန်း ၂၀ သည် Vingroup ကို ဆိုင်ကယ်များ ထုတ်လုပ်ရန် ကူညီနေပြီး ဂျာမန်အင်ဂျင်နီယာ ၂၀၀ ခန့်သည် မြောက်ပိုင်းမြို့ကြီးဖြစ်သော ဟိုင်ဖောင်ရှိ Vingroup ၏ စက်ရုံတွင် လုပ်ကိုင်နေကြသည်။ ထိုကုမ္ပဏီက ဇွန်လတွင် စတင်ထုတ်လုပ်မည့် ဗီယက်နမ်လုပ် ပထမဆုံးကားအတွက် မည်ကဲ့သို့သော ပြင်ပအကူအညီများ ပါဝင်မည်ကို Klara က တစေ့တစောင်း ပြသနေသည်။

ထိုကုမ္ပဏီက ထုတ်လုပ်သော ကားတချို့သည် ဂျာမနီမှ Opel က ထုတ်လုပ်သည့် ကားငယ်များကို အခြေခံပြီး အနောက်နိုင်ငံများက ထုတ်လုပ်သည့် ကိုယ်ထည်အောက်ခံကို အသုံးပြုသည်ဟု ပြည်တွင်းမီဒီယာများ၏ အဆိုအရသိရသည်။ Ferrari နှင့် တခြား ဥရောပ တန်ဖိုးမြင့်ကားများအတွက် လုပ်ဆောင်ပေးနေသော အီတလီ ဒီဇိုင်း စတူဒီယို တခုသည် VinFast အတွက် ကားဒီဇိုင်းများ ထုတ်လုပ်ရာတွင် တာဝန်ခံဖြစ်သည်။

ဗီယက်နမ်လုပ် Bphone 3/ CNet

သို့သော် ဗီယက်နမ်နိုင်ငံတွင် ကားထုတ်လုပ်ရေး အထောက်အကူပြု ထုတ်လုပ်ရေး လုပ်ငန်းမရှိသောကြောင့် စက်ပစ္စည်း အစိတ်အပိုင်း အများစုကို ပြည်ပမှ တင်သွင်းရသည်။

Vingroup ၏ စမတ်ဖုန်း ထုတ်လုပ်သော လုပ်ငန်းတွင်လည်း ပြည်ပမှ ထုတ်လုပ်သူများက အကြီးအကျယ် ကူညီခဲ့ရသည်။

ဗီယက်နမ်လုပ် Bphone 3 များ ထုတ်လုပ်သည့် Bkav သည် ယှဉ်ပြိုင်နိုင်သော ဈေးနှုန်းများဖြင့် ၎င်း၏ ဈေးကွက်ကို တိုးချဲ့ရန် ကြိုးစားနေသည်။

ထိုလုပ်ငန်းစုသည် Vsmart မိုဒယ်များ ထုတ်လုပ်ရန် စပိန်မှ BQ နှင့် ပူးပေါင်းထားပြီး ၎င်း၏ စမတ်ဖုန်းစက်ရုံသည် ဟိုင်ဖောင်တွင် စတင် လည်ပတ်နေပြီဖြစ်သည်။

Vingroup ကမူ ၎င်း၏ စမတ်ဖုန်းလုပ်ငန်းအတွက် Qualcomm နှင့် Google ထံမှ အကူအညီ တောင်းထားသည်။

ဗီယက်နမ်၏ ပထမဆုံး ပြည်တွင်းထုတ် စမတ်ဖုန်းဖြစ်သည့် Bphone ကို ၂၀၁၅ ခုနှစ်တွင် ဆော့ဖ်ဝဲလုပ်ငန်း Bkav က ၂၀၁၅ ခုနှစ်တွင် စတင်ထုတ်လုပ်ပြီး အဓိကအားဖြင့် ပြည်ပမှ တင်သွင်းသော အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသည်။ ဥပမာ ဆိုရပါက ၎င်း၏ liquid crystal မျက်နှာပြင်မှာ Sharp မှဖြစ်ပြီး ချစ်ပ်များမှာ Qualcomm မှဖြစ်သည်။

အောက်တိုဘာလတွင် Bkav သည် တတိယမျိုးဆက် Bphone ကို ဈေးကွက်တင်ခဲ့သည်။

Mazda Motor နှင့် Kia Motors တို့အတွက် ကန်ထရိုက်ဖြင့် ထုတ်လုပ်ပေးနေသည့် Thaco ဟုလည်း သိကြသော Truong Hai Automobile ကားလုပ်ငန်းသည် ဗီယက်နမ်လုပ် လယ်ယာသုံး စက်ယန္တရားများကို ၂၀၁၈ ခုနှစ်တွင် စတင် ထုတ်လုပ်သည်။ တောင်ကိုရီးယားနိုင်ငံမှ LS Mtron နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်နေသော ထိုကုမ္ပဏီသည်လည်း ပြည်ပမှတင်သွင်းသော အစိတ်အပိုင်များကို အများစု အသုံးပြုနေရသည်ဟု သတင်းများကဆိုသည်။

ဗီယက်နမ်အစိုးရသည် ပြည်တွင်းထုတ်လုပ်သူ အဝန်းအဝိုင်း တခုကို တည်ဆောက်ရန် ကြိုးစားနေပြီး ပြည်တွင်း ထုတ်ကုန်များ ရောင်းချခြင်းသည် ပြည်တွင်းလုပ်ငန်းများကို နည်းပညာ အဆင့်တက်စေကာ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်နေသည်။

ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရန် အစိုးရ၏ အားထုတ်မှုတွင် ပူးပေါင်းဆောင်ရွက်နေသော Vingroup နှင့် တခြား ကုမ္ပဏီများကို အခွန်နှင့် တခြားမက်လုံးများ ပေးထားသည်ဟု ယူဆရသည်။

သို့သော် ထိုနည်းလမ်း၏ ရေရှည်တည်တံ့မှုကို သုတေသီများက မေးခွန်းထုန်နေကြသည်။

“ဗီယက်နမ်နိုင်ငံ အနေနဲ့ လုပ်ဆောင်ရမှာက ကြီးမားတဲ့ ကုမ္ပဏီကြီးတွေကို မက်လုံးတွေမပေးဘဲ အသေးစားအလတ်စား ကုမ္ပဏီ ရေရှည် တိုးတက်ရေးအတွက် နည်းပညာလွှဲပြောင်းရယူမှုကို အရှိန်မြှင့်တင်ဖို့ဖြစ်တယ်” ဟု ဟနွိုင်း အခြေစိုက် ဂျပန်အတိုင်ပင်ခံ တဦးက ပြောသည်။

Thaco ကားလုပ်ငန်းသည် ဗီယက်နမ်လုပ် လယ်ယာသုံး စက်ယန္တရားများကို ၂၀၁၈ ခုနှစ်တွင် စတင် ထုတ်လုပ်သည်/ english.vietnamnet.vn

ထို့အပြင် “ဗီယက်နမ်တွင် လုပ်သည်” ဟူသောတံဆိပ်သည် စားသုံးသူများကို ဖမ်းစားနိုင်ခြင်း မရှိသေးကြောင်း အာရှပစိဖိတ် သုတေသန ဌာနမှ ကောင်းသီခန်း ငူယက်က ပြောပြီး ထုတ်လုပ်သူများအနေဖြင့် ဈေးကွက်တွင် အခိုင်အမာ ရပ်တည်နိုင်ရေး အတွက် ဒီဇိုင်းကောင်းသော ကုန်အမှတ်တံဆိပ် သေနင်္ဂဗျူဟာ လိုသည်ဟုလည်း ဆိုသည်။

ဗီယက်နမ်တွင် ထုတ်လုပ်ရေးစက်ရုံကြီး ၂ ရုံရှိသော ဆမ်ဆောင်း အီလက်ထရွန်းနစ်သည် စမတ်ဖုန်းဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသည်။ သုံးစွဲသူများက အစားအစာနှင့် နေစဉ်သုံးကုန်များနှင့် ပတ်သက်လျှင် ဂျပန်၊ ထိုင်းနှင့် တောင်ကိုရီးယား ထုတ်ကုန်များကို ရွေးချယ်ကြသည်။

ထွန်းသစ်စဈေးကွက်များမှ ကုန်ထုတ်လုပ်သူများသည် ၎င်းတို့၏ တိုးတက်မှုနှင့်ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုအတွက် ပြည်ပ အင်အားကြီး လုပ်ငန်းများမှ အကူအညီကို အားကိုးနေရသည်။

ယေဘုယျ ဆိုရလျှင် စက်မှုလုပ်ငန်းများသည် လုံလောက်သော ကျွမ်းကျင်မှုရရှိပြီး မှီခိုအားထားလောက်သော ပြည်တွင်း ပံ့ပိုး ကုန်ထုတ်သူများ ကွန်ရက်တည်ဆောက်ပြီးမှသာလျှင် ပြည်တွင်းထုတ်လုပ်ရေးသို့ ကူးပြောင်းလေ့ရှိကြသည်။

၂၀၂၀ တွင် ပြီးပြည့်စုံသော ပြည်တွင်းထုတ်လုပ်မှု ထူထောင်ရန် ဗီယက်နမ်က တွန်းအားပေးခြင်းသည် ရည်မှန်းချက် လွန်စွာ မြင့်မားနေခြင်းဖြစ်သည်ဟု တချို့သော သုတေသီများက ပြောသည်။ သို့သော် ထိုစီမံကိန်းကို လုပ်ကိုင်နေသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။

အာဏာရ ကွန်မြူနစ်ပါတီက ၁၉၉၆ ခုနှစ်တွင် ကျင်းပသည့် အမျိုးသားကွန်ဂရက်တွင် ၂၀၂၀ ရည်မှန်းချက်ကို စတင် ချမှတ်ခဲ့သည်။ ထို အစီအစဉ်ကို စွန့်လွှတ်ရမည်ဟု မှန်းဆမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိသော်လည်း ဆယ်စုနှစ် ၂ ခု ကြာသောအခါ ပါတီက နိုင်ငံကို ခေတ်မီစက်မှုနိုင်ငံဖြစ်စေမည့် ထိုရည်မှန်းချက်ကို ထပ်မံအတည်ပြုသည်။

Vingroup သည် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းသို့ ဝင်ရောက်မည့် အစီအစဉ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာသည်။ ထိုနေ့သည့် ဟိုချီမင်းက ၁၉၄၅ ခုနှစ်တွင် လွတ်လပ်ရေး ကြေညာသည်ကို အထိမ်းအမှတ် ပြုသည့် အမျိုးသားနေ့ ဖြစ်နေသည်မှာ တိုက်ဆိုင်မှု မဟုတ်ပေ။

ကိုးကား ။ ။ Nikkei Asian Review မှ From bikes to phones, ‘Made in Vietnam’ grows with foreign help

The post ပြည်ပအားကိုး မိတ်အင် ဗီယက်နမ်တွေ လာပြီ appeared first on ဧရာဝတီ.

ထူးဆန်းသောအကောင်များနှင့်အတူ ကော်ဖီဆိုင် ထိုင်ခြင်း

$
0
0

Pet café ခေါ် အိမ်မွေးတိရိစ္ဆာန်များ ထားရှိပေးသည့် ကော်ဖီဆိုင် ယဉ်ကျေးမှုက ရန်ကုန်မြို့တွင် ပြီးခဲ့သည့်နှစ်များအတွင်း လူကြိုက် ပိုများလာခဲ့သော်လည်း ယခုချိန်အထိ ကြောင်နှင့် ခွေးများထားသည့် ကော်ဖီဆိုင် အနည်းငယ်သာ ရှိသေးသည်။

လွန်ခဲ့သည့် ၂ ပတ်ခန့်က စပါးအုံးမြွေများ၊ဖားများ၊ ပုတက်များနှင့် အခြားသော ထူးခြားသည့် သတ္တဝါ များကဲ့သို့သော ပုံမှန်တွေ့နေကျမဟုတ်သည့် အိမ်မွေး တိရိစ္ဆာန်များထားသော Pet café အသစ်တခု ရှိကြောင်း ကျမ၏ သူငယ်ချင်းများထံမှ ကြားသိရပါသည်။ သို့သော်လည်း ချစ်စရာ အကောင်းဆုံး သတ္တဝါငယ်လေးများ ဖြစ်သည့် fennec foxes (အာဖရိကမှ နားရွက်ရှည် မြေခွေးငယ်လေးများ) က အဆိုပါ ကော်ဖီဆိုင်သို့ ချက်ချင်းသွားချင်လာရသည့် အဓိက အကြောင်းရင်းဖြစ်ပါသည်။

ရှားပါး ခေါင်းကြီး စပါးအုံး/ အောင်ကျော်ထက်

Lizzo and Mammo ဟုခေါ်သည့် ထူးဆန်းသတ္တဝါများရှိသော Pet café က ကန်တော်ကြီး ဥယျာဉ်၊ ကရဝိတ်ဝင်ပေါက် အနီး ကန်တော်ကြီး မျှော်စင်ကျွန်းပေါ်တွင် တည်ရှိပါသည်။ ကော်ဖီဆိုင်ငယ်လေးကို သစ်ရိပ်ဝါးရိပ်များဖြင့် ဝိုင်းရံထားပြီး ဆိုင်အပြင်ဘက်တွင် ကော်ဖီ စားပွဲအချို့ ရှိသည်။ အတွင်းဘက်တွင် မိန်းကလေးငယ်အချို့က မြန်မာစပါးအုံးမြွေများ၊ ဖွတ် များနှင့် ဆိုင်တွင် ချစ်စရာအကောင်းဆုံး ကြောင်တို့ကို ပွေ့ပိုက်ရင်း အလုပ်များနေကြသည်။

ရှည်လျားသည့် အဝါရောင် မြန်မာ စပါးအုံးမြွေကို သူ၏ လည်တိုင်ပတ်လည်တွင် ရစ်ပတ်ထားရင်း Sarah ဟု အမည်ရ သည့် အဆိုပါမြွေကို ပွေ့ပိုက်ထားသည့် မိန်းကလေးငယ်က ပြုံးနေ၏။ သူ၏ လက်များ၏ နူးညံ့သော ထိတွေ့မှုမှတဆင့် သူ၏ အချစ်ကို မြွေက ခံစား၍ ရနေသည့် အသွင်ရှိသည်။ မိန်းကလေး၏ ပုခုံးနှင့် လက်များပေါ်တွင် ကနေသလို ထင်ရသည်။

အဝါရောင် စပါးအုံး ဆာရာနှင့် တွဲဖက် ဓာတ်ပုံရိုက်သူ/ အောင်ကျော်ထက်

Lizzo and Mammo ကို ဒီဇင်ဘာလကုန်ပိုင်းတွင်မှ စတင် ဖွင့်လှစ်ခဲ့ပါသည်။ ဆိုင်ကို ပူးတွဲ တည်ထောင်သူ ကိုမြတ်စည်သူအောင်က တိရိစ္ဆာန်များ အားလုံးကို ထိုင်းနိုင်ငံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။

“ဒီဆိုင်ကို မဖွင့်ခင်က ကျနော့်သူငယ်ချင်းနဲ့ ကျနော့်မှာ ထူးဆန်းတဲ့ အကောင်တချို့ ရှိခဲ့တယ်။ တချို့ လူ တွေက သူတို့ကို ကြောက်ကြတယ်။ မထိရဲကြဘူး။ တကယ်တော့ သူတို့က ချစ်ဖို့ ကောင်းပါတယ်။ လူတွေကို တိုက်ခိုက်ဖို့ သူတို့မှာ ရည်ရွယ်ချက်မရှိပါဘူး။ တချို့ကတော့ သိကြပါတယ်။ ဒါကြောင့် ကျနော်က ဒီအသိပညာနဲ့ အတွေ့အကြုံကို လူအများအပြားအတွက် ဝေမျှချင်ပါတယ်” ဟု သူက ပြောသည်။

ရွှေထူး အမည်ပေး ဝဝကစ်ကစ် ချစ်စရာ ရှဉ့်ကလေး/ အောင်ကျော်ထက်

“ဒါကြောင့် Lizzo and Mammo က ထူးခြားတဲ့ အိမ်မွေးတိရိစ္ဆာန်မျိုးစိတ် အမျိုးမျိုးနဲ့ အတူ အခု ဒီမှာ ရှိနေတာ ဖြစ်ပါတယ်” ဟု သူက ထပ်ပြောသည်။

“Lizzo ဆိုတာက ပုတက်တွေကို ကိုယ်စားပါတယ်။ Mammo ကတော့ နို့တိုက် သတ္တဝါတိုင်းကို ရည်ညွှန်းပါတယ်။ ဆိုင်မှာ ၂ မျိုးလုံး ရှိပါတယ်။ Lizzo and Mammo က ခင်ဗျား ကော်ဖီ သို့ မဟုတ် အအေးတခွက် သောက်နိုင်တဲ့၊ အားလပ်ချိန်တွေကို အသုံးချနိုင်တဲ့၊ ကွဲပြားခြားနားတဲ့ တိရိစ္ဆာန် မျိုးစိတ် ၂၀ နီးပါးနဲ့ ကစားနိုင်တဲ့ နေရာတခု ဖြစ်ပါတယ်။”

ရှားပါး ဖွတ်များ၊ ပုတတ်များကိုလည်း တွေ့ရသည်/ အောင်ကျော်ထက်

ဆိုင်တွင် ရှိသော တိရိစ္ဆာန်များမှာ ဖွတ်များ၊ လိပ်များ၊ bearded dragon(ပုတ်သင် မျိုးစိတ်တမျိုး)၊ မြွေများ၊ ပုတက်များနှင့် တောက်တဲ့များ အပါအဝင် တွားသွားသတ္တဝါများ ဖြစ်ကြသည်။ သူတို့တွင် ဖားများ၊ ဝဝဖောင်းဖောင်းနှင့် တက်ကြွလှုပ်ရှား နေသော ရှဉ့်တကောင်၊ အမွှေးဖွားဖွားနှင့် ကြောင်များ၊ ကြက်တူရွေးကဲ့သို့သော အရောင်စုံသည့် ငှက်များလည်း ရှိသည်။

ရှားပါး ဖွတ်များ၊ ပုတတ်များကိုလည်း တွေ့ရသည်/ အောင်ကျော်ထက်

Lizzo and Mammo ကော်ဖီဆိုင်က ကျင့်ဝတ်နှင့် ကိုက်ညီခြင်း ရှိ/မရှိ မေးခွန်းများ မြင့်တက်လာခြင်းက အံ့အားသင့်စရာ တခု မဟုတ်ပါ။

“ကျနော်တို့က ဒီဆိုင်ကို ဖွင့်မယ်လို့ ကြေညာတော့ လူအများစုက ကျနော်တို့ကို နားလည်မှု လွဲကြတယ်။ ကျနော်တို့က ဒီ တိရိစ္ဆာန်လေးတွေကို အသုံးပြုပြီးတော့ ကော်ဖီတွေ ကိတ်မုန့်တွေ ရောင်းချင်တယ်လို့ သူတို့က ထင်ခဲ့ကြတယ်။ အဲဒါက လုံးဝကို မှားယွင်းပါတယ်။ ကျနော်တို့က ဒီ ထူးခြားတဲ့ အကောင်လေးတွေကလည်း ကြောင်တွေ ခွေးတွေလိုပဲ ချစ်စရာ ကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေပါ ဆိုတဲ့ အသိကို ဝေမျှချင်တာ သက်သက်ပါ။ ကော်ဖီဆိုင်ကို ပြည့်စုံစေဖို့ အတွက် ကျနော်တို့က ကော်ဖီနဲ့ တခြားမုန့်တွေ ထပ်ဖြည့်ခဲ့ပါတယ်” ဟု ကိုမြတ်စည်သူအောင်က ပြောသည်။

ရှားပါး ဖွတ်များ၊ ပုတတ်များကိုလည်း တွေ့ရသည်/ အောင်ကျော်ထက်

မြန်မာ စပါးအုံးမြွေမလေး Sarah က ထိုဆိုင်တွင် ထင်ရှားသည်။ သူ့ကို ကြည့်ရန် အတွက် လူအများအပြားက ထပ်ခါ၊ ထပ်ခါ လာရောက်ခဲ့ကြသည်ဟု သူက ပြောသည်။

“လူတွေက ပျော်တတ်တဲ့ ရွှေထူး(အကောင်ထွားသည့် ရှဉ့်ကလေး) နဲ့ အမွေးပွကြောင် Jack နဲ့ လှပတဲ့ ကြက်တောလေး Amanda တို့ကို ချစ်ကြတယ်။ ကျနော်တို့မှာ တွားသွားသတ္တဝါတွေ ပိုများတယ်။ ဒါကြောင့် ဧည့်သည် အများစုက တွားသွား သတ္တဝါ ချစ်သူတွေ ဖြစ်ကြပါတယ်” ဟု သူက ပြောသည်။

Lizzo and Mammo က လူကြိုက်များတဲ့ ပါရှန်းကြောင်/ အောင်ကျော်ထက်

“သူတို့ကို ကြည့်တဲ့အခါ သူတို့ပုံစံက နည်းနည်း ကြောက်စရာ ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမယ့် သူတို့က အလွန် နူးညံ့တဲ့ သတ္တဝါတွေပါ။”

Lizzo and Mammo က တိရိစ္ဆာန်များကို ထိတွေ့လိုသော၊ ကစားလိုသော ဓာတ်ပုံတွဲရိုက်လိုသူများထံမှ ဝင်ကြေး အဖြစ် ၅၀၀၀ ကျပ် ကောက်ခံပါသည်။

မေရီ အမည်ပေး မီးခိုးရောင် အာဖရိက ကြက်တူရွေး/ အောင်ကျော်ထက်

“တကယ်လို့ ဖောက်သည်တွေက ကော်ဖီသောက်ဖို့ မုန့်စားဖို့ လာတာဆိုရင် သူတို့က ဝင်ကြေးပေးစရာ မလိုပါဘူး။ တချို့ သူငယ်ချင်းအဖွဲ့တွေထဲမှာ တိရိစ္ဆာန်တွေကို ထိတွေ့ရမှာ ကြောက်တဲ့သူတွေ ပါပါတယ်။ အဲဒါဆိုရင် သူတို့အနေနဲ့ ကော်ဖီ ဆိုင်ရဲ့ တခြားဘက်ခြမ်းမှာ တခုခုသောက်ရင်း စောင့်ဆိုင်းနိုင်ပါတယ်” ဟု ကိုမြတ်စည်သူအောင်က ပြောသည်။

“ကျနော်က ဆိုင်ကို ဧည့်သည်တွေ အတွက်ရော ကျနော်တို့ရဲ့ တိရိစ္ဆာန်တွေ အတွက်ရော သဘာဝကျအောင် ပြင်ဆင် ထားပါတယ်။ ဖောက်သည်တွေအနေနဲ့ အနားယူနိုင်ပါတယ်။ စားသောက်နိုင်ပါတယ်။ ကျနော်တို့မှာ ရှိတဲ့ ကွဲပြားတဲ့ မျိုးစိတ်တွေကို လေ့လာနိုင်ပါတယ်” ဟု သူက ပြောသည်။

လက်ကို မြန်မြန်ဆေး၍ ဆိုင်က ထုတ်ပေးသည့် ညှပ်ဖိနပ်များ ပြောင်းစီးပြီးသည့်အခါ ဧည့်သည်များကို ဆိုင်၏ အဓိက အပိုင်းအတွင်းသို့ ဝင်ခွင့် ပြုသည်။ တိရိစ္ဆာန်များနှင့် ကစားရန် အခွင့်အရေး ရသည်။

အစိမ်းရောင် ဖား/ အောင်ကျော်ထက်

ဆိုင်တွင် တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူများ ရှိပြီး သူတို့က ဧည့်သည်များ တောင်းဆိုသည့် တိရိစ္ဆာန်များကို ယူဆောင်ပေးသည်။ တိရိစ္ဆာန်အများစုကို သူတို့ တမျိုးချင်းစီအလိုက် လိုအပ်သည့် ရာသီဥတု ဖြစ်အောင် ပိုင်ရှင်က ဖန် တီးပေးထားသည့် မှန်သားကန် တခုအတွင်းတွင် ထည့်သွင်းထားသည်။

“တိရိစ္ဆာန်တွေလည်း စိတ်ဖိစီးမှု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့က သူတို့ကို တချိန်လုံး ထိတွေ့ခွင့် ပြုမထားပါ ဘူး။ ကျနော်တို့မှာ အချိန် အကန့်အသတ်ထားပါတယ်” ဟု ကိုမြတ်စည်သူအောင်က ပြောသည်။

Lizzo and Mammo မှာ ရတဲ့ ကိတ်မုန့်တွေ/ အောင်ကျော်ထက်

နားရွက်ရှည်မြေခွေးများနှင့် လိပ်များကို သီတင်းပတ်ကုန်ရက်များတွင်သာ ကြည့်ခွင့် ပေးထားသည်။ အခြားတွားသွား သတ္တဝါများမှာလည်း ဧည့်သည်များနှင့် ထိတွေ့ဆက်ဆံမှုကို အချိန်အကန့်အသတ်ဖြင့် ထားရှိသည်။

Lizzo and Mammo မှ အစားအသောက်များ၏ ဈေးနှုန်းက ၂၀၀၀ မှ ၅၀၀၀ ကျပ်အတွင်း ရှိပြီး ကော်ဖီ၏ အရသာက ကောင်းမွန်ပါသည်။ ဆိုင်အပြင်ဘက်တွင် လှပသော ငှက်အများအပြားနှင့် ဖွတ်များ ထည့်သွင်းထားသည့် လှောင်အိမ် ရှိပါသည်။

ရန်ကုန် ကန်တော်ကြီးမှာ ရှိတဲ့ Lizzo and Mammo ကော်ဖီဆိုင်/ အောင်ကျော်ထက်

တိရိစ္ဆာန်ချစ်သူ တယောက်အနေဖြင့် ကိုမြတ်စည်သူအောင်က မြို့တော်တွင် နေထိုင်သူများကို တိရိစ္ဆာန်များနှင့် အနီးကပ် ကိုယ်တိုင်ကိုယ်ကျ ထိတွေ့စေချင်သည်။ အဆိုပါ တိရိစ္ဆာန်များသည် အန္တရယ်မရှိကြောင်း ပြည်သူများကို သိစေချင်သည်။

Lizzo and Mammo ကို နေ့စဉ် မနက် ၁၁ နာရီမှ ည ၁၀နာရီ အထိ ဖွင့်လှစ်ထားပြီး ဗုဒ္ဓဟူးနေ့တိုင်း ဆိုင်ပိတ်ပါသည်။

( Lwin Mar Htun ၏ A Lunch Date with Exotic Pets  ကို ဘာသာပြန်ဆိုသည်။)

The post ထူးဆန်းသောအကောင်များနှင့်အတူ ကော်ဖီဆိုင် ထိုင်ခြင်း appeared first on ဧရာဝတီ.

Apple က iPhone SE ကို ၂၄၉ ဒေါ်လာနဲ့ ပြန်လည် ရောင်းချ

$
0
0

iPhone မော်ဒယ်တွေထဲမှာ ရေပန်းအစားဆုံး မော်ဒယ်တခုဖြစ်တဲ့ iPhone SE ကို Apple က ၂၄၉ ဒေါ်လာနဲ့ ပြန်လည် ရောင်းချလိုက်ပါတယ်။

Apple ဟာ iPhone Xs ၊ Xs Max နဲ့ Xr တို့ကို မိတ်ဆက်အပြီးမှာ iPhone SE ၊ iPhone X ၊ iPhone 6s နဲ့ iPhone 6s Plus တို့ကို ဆက်ထုတ်တော့မှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် လေးလအကြာမှာ iPhone SE ကို ပြန်လည် ရောင်းချနေတာပါ။

iPhone SE ကို ၂၀၁၆ ခုနှစ်၊ မတ်လမှာ 16GB မော်ဒယ်ကို ဒေါ်လာ ၄၀၀ နဲ့ စတင်ရောင်းချခဲ့ပြီး အကောင်းဆုံး ၄ လက်မအရွယ် စမတ်ဖုန်းအဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ ဖုန်းမော်ဒယ်တခု ဖြစ်ပါတယ်။ သူ့ အရင် ခြောက်လလောက်က ၆၄၉ ဒေါ်လာနဲ့ မိတ်ဆက်ခဲ့တဲ့ iPhone 6s နီးပါး စွမ်းဆောင်ရည် ကောင်းမွန်တဲ့ စမတ်ဖုန်းတလုံးပါ။

iPhone 6s နည်းတူ 64-bit A9 Processor ၊ M9 motion coprocessor နဲ့ 2GB RAM တို့ ပါဝင်ပြီး၊ လက်ရှိ နောက်ဆုံး iOS ဗားရှင်းလည်း တင်သုံးနိုင်ပါသေးတယ်။ iPhone 6s ထက်တော့ စခရင်သေးပြီး၊ 3D Touch တော့ မပါဝင်ပါဘူး။

အခုမှ iPhone SE ပြန်ကိုင်ချင်သူတွေအနေနဲ့ Apple ရဲ့ တရားဝင်စတိုးမှာ အရင်ဈေးနှုန်းထက် ပိုနည်းတဲ့ ဈေးနဲ့ ဝယ်ယူရရှိနိုင်ပါပြီ။ 32GB မော်ဒယ်ကို ၂၄၉ ဒေါ်လာပဲ ကျသင့်မှာပါ။ iPhone SE ထုတ်လုပ်မှု ရပ်လိုက်တုန်းက ၃၄၉ ဒေါ်လာ ရှိခဲ့တာကြောင့် ဒေါ်လာ ၁၀၀ တောင် ပိုသက်သာသွားတာ တွေ့ရပါတယ်။

ဒါ့အပြင် အရင်က ၄၄၉ ဒေါ်လာနဲ့ ရောင်းချခဲ့တဲ့ 128GB မော်ဒယ်ကိုလည်း အခု ၂၉၉ ဒေါ်လာထဲနဲ့ ဝယ်ယူနိုင်မှာပါ။

Apple အနေနဲ့ iPhone SE ကို ဘာလို့ ရုတ်တရက် ပြန်ထုတ်လိုက်တာလဲဆိုတာတော့ မသိရပါဘူး။ လက်ကျန်အလုံးတွေ အပြတ်ဖြတ်တာ ဖြစ်နိုင်သလို၊ iPhone မော်ဒယ်အသစ်တွေ ရောင်းအားမကောင်းတာကြောင့် မော်ဒယ်အဟောင်းတွေ ပြန်ရောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။

နိုဝင်ဘာလတုန်းကလည်း ဆက်မထုတ်တော့ဘူးလို့ ကြေညာထားတဲ့ iPhone X ကို ပြန်လည် ထုတ်လုပ်ရောင်းချခဲ့တာ တွေ့ရပါတယ်။

Ref: Digital Trends, Phone Arena

The post Apple က iPhone SE ကို ၂၄၉ ဒေါ်လာနဲ့ ပြန်လည် ရောင်းချ appeared first on ဧရာဝတီ.

Uber မိုးပျံတက္ကစီ ကို ၂၀၂၃ ခုနှစ်မှာ စတင် ပျံသန်း ပြေးဆွဲမည်

$
0
0

စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ကားတွေထဲက မိုးပျံကားတွေကို မကြာမီနှစ်အနည်းငယ်အတွင်း ကောင်းကင်ယံမှာ စတင် မြင်တွေ့ရတော့မှာပါ။

အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber ဟာ ဒေါင်လိုက် အဆင်း၊အတက် ပြုလုပ်နိုင်တဲ့ နယ်ဝေး ခရီးသည်တင် လျှပ်စစ် မိုးပျံယာဉ်တစီးကို ဖန်တီးလျက် ရှိပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း Los Angeles နဲ့ Dallas မြို့တွေမှာ စတင် စမ်းသပ် ပျံသန်းပြေးဆွဲသွားမယ်လို့ အဆိုပါ မိုးပျံယာဉ်ကို တာဝန်ယူထုတ်လုပ်နေတဲ့ Uber Elevate ဌာနက ပြောကြားခဲ့ပါတယ်။

စမ်းသပ်မှု အောင်မြင်တာနဲ့ ခရီးသည်တွေကို ဝန်ဆောင်မှုပေးသွားဖို့ ရှိပါတယ်။ ခရီးသည် လေးဦးနဲ့ လေယာဉ်မောင်း တဦးတို့ လိုက်ပါစီးနင်းနိုင်မှာပါ။ ၂၀၂၈ ခုနှစ်မှာတော့ လုံးဝ မောင်းသူမဲ့ယာဉ် ဖြစ်လာဖို့ မျှော်မှန်းထားတယ်လို့ Uber က ပြောကြားခဲ့ပါတယ်။

“3D ပုံဖော်မှုနည်းပညာကို အသုံးချပြီး ကောင်းကင်ယံမှာ တကယ်ရှိသယောင် ထင်ရမယ့် ယာဉ်လမ်းကြောင်း (Virtual Highways) တွေကို ဖန်တီးနေပါတယ်။ မြေပြင်ပေါ်က ဆိုးရွားတဲ့ ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်မယ့် နည်းပညာပါ။ ဒါတွေအကုန်လုံးက တကယ့်ကို မြန်ဆန်စွာ အကောင်အထည်ပေါ်လာပါပြီ” လို့ NASA မှာ ၃၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး Uber Elevate မှာ အင်ဂျင်နီယာချုပ်အဖြစ် တာဝန်ထားတဲ့ Mark Moore က The Times သတင်းဌာနကို ပြောကြားပါတယ်။

Uber မိုးပျံတက္ကစီကို ငှားရမ်းစီးနင်းမယ်ဆိုရင် ၂၅ မိုင်ကို သာမန် Uber X ကားဈေးနှုန်းထက် ဒေါ်လာ ၃၀ လောက် ပိုများပါလိမ့်မယ်။ ဒါပေမယ့် Uber X ကားထက် ကြာချိန် ၃ ဆ ပိုမို သက်သာမှာပါ။

Uber မိုးပျံတက္ကစီ ငှားစီးချင်သူ ခရီးသည်တွေအတွက် အဆင်ပြေချောမွေ့မယ့် ဝန်ဆောင်မှုတမျိုးကို ဖန်တီးဖို့လည်း စဉ်းစားထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ခလုတ်တချက်နှိပ်လိုက်တာနဲ့ Uber ကားတစီးက အိမ်တိုင်ရာရောက် လာခေါ်ပြီး၊ ရဟတ်ယာဉ်ကွင်းစီ လိုက်ပို့ပေးမှာပါ။

ထို့နောက် Uber မိုးပျံတက္ကစီကို အဝေးဆုံး မိုင်ပေါင်း ၆၀ အကွာအဝေးအထိ စီးနင်းနိုင်ပြီး၊ နောက်ဆုံးသွားလာရာနေရာကို နောက်ထပ် Uber ကားတစီးက ပြန်လိုက်ပို့ပေးမှာ ဖြစ်ပါတယ်။ နယ်ဝေးကို အချိန်တိုအတွင်း သွားလာချင်သူတွေအတွက် အဆင်ပြေစေမှာပါ။

အခြေခံအဆောက်အဦ ကုန်ကျစရိတ် နည်းပါးစေဖို့အတွက် ကားရပ်နားရာအဆောက်အဦ အမိုးပိုင်းကို ရဟတ်ယာဉ်ကွင်းအဖြစ် ပြောင်းလဲသွားဖို့ စီစဉ်ထားတယ်လို့ Uber က ဆိုပါတယ်။ မြို့တမြို့မှာ မိုးပျံတက္ကစီ အစီး ၅၀ စတင် ထားရှိသွားပြီး၊ နောက်ပိုင်းမှာ အစီး ၃၀၀ အထိ ထားသွားဖို့ ရှိပါတယ်။

Uber ဟာ လျှပ်စစ်စွမ်းအင်သုံး မိုးပျံတက္ကစီယာဉ်ကို ကုမ္ပဏီ ၅ ခုနဲ့ ပူးပေါင်း ထုတ်လုပ်နေပါတယ်။ တစီးကို အမေရိကန်ဒေါ်လာ ၂ သန်းလောက် ကုန်ကျသွားမှာပါ။ Uber မိတ်ဖက်ကုမ္ပဏီတခုဖြစ်တဲ့ Bell ကလည်း မောင်းသူမဲ့ မိုးပျံတက္ကစီ ရှေ့ပြေးမော်ဒယ်တစီးကို ပြီးခဲ့တဲ့ CES 2019 ပွဲမှာ လာရောက် ပြသသွားခဲ့ပါတယ်။

Ref: The Times, Digital Trends

The post Uber မိုးပျံတက္ကစီ ကို ၂၀၂၃ ခုနှစ်မှာ စတင် ပျံသန်း ပြေးဆွဲမည် appeared first on ဧရာဝတီ.


ရန်ကုန်မြို့သစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် တိုင်းအစိုးရ ဖိတ်ခေါ်

$
0
0

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့အနေနှင့် ရန်ကုန်မြို့သစ် စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် လုပ်ငန်း ရှင်များကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက် (NYDC) က ထုတ်ပြန်ထားသည်။

နေပြည်တော်တွင် ပထမဆုံး အကြိမ် ကျင်းပမည့် Invest Myanmar Summit (IMS) 2019 ဖိုရမ်တွင် ရန်ကုန်မြို့သစ် စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည် ဖြစ် ကြောင်း NYDC ၏ ဒုဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။

“လာမယ့် ၂၈ ရက်နဲ့ ၂၉ ရက်မှာ ပြုလုပ်မယ့် IMS 2019 မှာ ရန်ကုန် မြို့သစ် စီမံကိန်းက တိုင်းအစိုးရ အနေနဲ့ ပြသ သွား မယ့် စီမံကိန်းထဲက တခု ဖြစ်တယ်။ ဒီ Summit မှာ NYDC အနေနဲ့ ရန်ကုန်မြို့သစ် အတွက် ရင်းနှီးမြှုပ်နှံမှု ရှာဖွေ နေတဲ့ ကဏ္ဍတွေ ဖြစ်တဲ့ အများပြည်သူသုံး လမ်းပန်းဆက်သွယ်ရေး၊ မြို့တော် သန့်ရှင်းရေးနဲ့ အမှိုက်သိမ်း စနစ်၊ Convention Centre ၊ ဆက်သွယ်ရေး တို့ကို ရှင်းလင်းပြီး ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုထားသည်။

လက်ရှိတွင် ရန်ကုန်မြို့သစ် Master Plan ရေးဆွဲခြင်းမှာ မူကြမ်း ပထမ အဆင့် ပြီးနေပြီ ဖြစ်ပြီး ဒုတိယအဆင့် မူကြမ်း ကို လည်း လာမည့် တပတ်အတွင်း ထွက်ရှိရန် အတွက် AECOM စင်ကာပူ ကုမ္ပဏီနှင့် အခြား သက်ဆိုင်ရာ ကဏ္ဍ အလိုက် အကြံပေးများနှင့် လုပ်ဆောင်လျက် ရှိကြောင်း ဦးသိမ်းဝေက ပြောသည်။

အဆိုပါ Master Plan ရေးဆွဲနေသော အချိန်မှာပင် မြို့သစ် စီမံကိန်း၏ ကနဦး အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများကိုလည်း ဖေဖော်ဝါရီလ အလယ်ပိုင်းတွင် စတင်နိုင်ရန် ကြိုးစား လုပ်ဆောင်နေကြောင်း NYDC ထုတ်ပြန် ချက် ၌ ဖော်ပြထားသည်။

စီမံကိန်းကို မြေဧက၂ သောင်းကျော်ပေါ်တွင် ပထမ အဆင့် စတင် အကောင်အထည်ဖော်မည် ဖြစ်ပြီး စင်ကာပူ နိုင်ငံထက် ၂ ဆ ကျယ်ဝန်းမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့သစ် စီမံကိန်းသည် အလုပ်အကိုင်သစ် ၂ သန်းကိုလည်း ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း တိုင်းအစိုးရက ပြောဆိုထားသည်။

Invest Myanmar Summit (IMS) 2019 ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့က စီစဉ်ပြီး အစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး စီးပွားရေး အဖွဲ့အစည်းတို့မှ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။

ဦးသိမ်းဝေက ရန်ကုန်မြို့သစ် စီမံကိန်းကို Summit ၏ ၂၉ ရက် အပိတ် ဆွေးနွေးပွဲ၌ “ပုဂ္ဂလိက ကဏ္ဍ၏ အမြင် – မြန်မာ နိုင်ငံသို့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများအား ဆွဲဆောင်ခြင်း” ခေါင်းစဉ်နှင့် ဆွေးနွေးပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ် ခေါ် သွားမည် ဖြစ်ကြောင်း ပြောသည်။

IMS ပွဲကို နိုင်ငံတကာနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများ အတွက် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နိုင်မည့် အခွင့်အ လမ်း များကို ရှာဖွေ တွေ့ရှိစေနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံကျော် တန်ဖိုးရှိ ပုဂ္ဂလိက စီးပွားရေး စီမံကိန်းပေါင်း ၁၂၀ ကျော်ပါဝင် ပြသမည် ဖြစ်ကြောင်း သိရသည်။

UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက“Summit မှာ ခင်းကျင်းပြသမယ့် စီမံကိန်းတွေ လေ့လာခြင်းက ရင်းနှီးမြှုပ်နှံမယ့် သူတွေ အနေနဲ့ မြန်မာ နိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံ နိုင်တဲ့ ကဏ္ဍတွေနဲ့ စီမံကိန်းတွေကို ကောင်းစွာ သိရှိမှာ ဖြစ်ပါတယ်”ဟု ပြော သည်။

The post ရန်ကုန်မြို့သစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် တိုင်းအစိုးရ ဖိတ်ခေါ် appeared first on ဧရာဝတီ.

ဂိမ်းကစားသူ (Gamer) တွေအပေါ် လူတွေထင်မြင်တတ်ကြတဲ့ အယူအဆအလွဲများ

$
0
0

ဗီဒီယိုဂိမ်းတွေကစားခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေတယ်၊ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တယ် စသဖြင့် လူအများထင်နေကြသလိုတော့ အလုံးစုံ မမှန်ကန်ပါဘူး။

ဗီဒီယိုဂိမ်းကို စွဲစွဲလမ်းလမ်း ကစားသူတွေသာ ဂိမ်းကစားရတဲ့ ခံစားချက်ကို နားလည်ကြပြီး ရှုပ်ထွေးလှတဲ့ လူနေမှုဘဝမှာ ဒါဟာ ထွက်ပေါက်တခုလို့လည်း ပြောလို့ရပါတယ်။

အခုဖော်ပြပေးမှာကတော့ ဂိမ်းကစားသူ (Gamer) တွေကို ပတ်ဝန်းကျင်ကနေ ထင်မြင်တတ်ကြတဲ့ အယူအဆအလွဲတွေကို ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

(၁) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ထင်မြင်ခြင်း

တကယ်တော့ ဂိမ်းကစားခြင်းဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်တာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေကို လျော့ကျစေတာသာ ဖြစ်ပါတယ်။ သုတေသနတွေအရ ဂိမ်းဆော့ခြင်းဟာ ဦးနှောက်ကို ပိုမိုဖွံဖြိုးကြီးထွားစေတဲ့အပြင် ဆုံးဖြတ်ချက်ချရမှာ ပိုမိုမြန်ဆန်ပြတ်သားစေပြီး မှတ်ဉာဏ်တွေကိုပါ ပိုမိုတိုးတက်လာစေနိုင်တယ်လို့ ဆိုပါတယ်။

(၂) ပြုမူပြောဆိုပုံတွေ ကြမ်းတမ်းသွားတယ်လို့ ထင်မြင်ခြင်း

တချို့သောသူတွေဟာ ဂိမ်းကစားသူ (Gamer) တွေဟာ တချိန်လုံးပစ်ခတ်သတ်ပုတ်နေတဲ့ ဗီဒီယိုဂိမ်းတွေကို ကစားတာကြောင့် အပြုအမူတွေ ကြမ်းတမ်းသွားနိုင်တယ်လို့ ထင်မြင်တတ်ကြပါတယ်။ ဂိမ်းအမျိုးအစားတွေအားလုံးဟာ အက်ရှင်ဂိမ်းတွေလည်း မဟုတ်သလို Gamer တွေဟာလည်း ဖန်သားပြင်ပေါ်ကနေသာ ပစ်ခတ်ကစားနေတာ ဖြစ်တာကြောင့် ဒီအယူအဆဟာ လွဲမှားနေပါတယ်။

(၃) ဂိမ်းကစားခြင်းကြောင့် မိတ်ဆွေသူငယ်ချင်းတွေ မရှိလာတော့ဘူးလို့ထင်မြင်ခြင်း

အခုနောက်ပိုင်းမှာဆိုရင် ဂိမ်းအမျိုးအစားအများစုဟာ သူငယ်ချင်းတွေ ဒါမှမဟုတ် ကိုယ်မသိတဲ့ တခြားနိုင်ငံကသူတွေနဲ့ပါ Group ဖွဲ့ပြီးကစားကြတာမျိုး ဖြစ်တဲ့အတွက်ကြောင့် ပတ်ဝန်းကျင်နဲ့လည်း အဆက်မပြတ်နိုင်သလို သူငယ်ချင်းအသစ်တွေ မရှိလာနိုင်တော့ဘူးဆိုတာကလည်း အထင်အမြင်လွဲမှားမှုတခုသာ ဖြစ်ပါတယ်။

(၄) ဂိမ်းကစားခြင်းဟာ ဘာဗဟုသုတ အသိပညာမှ မရရှိနိုင်ဘူးလို့ ထင်မြင်ခြင်း

ဒီလိုအယူအဆမျိုးကတော့ ဘောင်ထဲကနေ တွေးခေါ်တတ်သူတွေ အများဆုံးထင်မြင်လေ့ရှိကြတဲ့ အယူအဆတမျိုးပဲ ဖြစ်ပါတယ်။ ဂိမ်းကစားခြင်းကနေတဆင့် ကိုယ်နဲ့မရင်းနှီးတဲ့ ဘာသာစကားတွေကို သိရှိလာနိုင်တဲ့အပြင် တချို့သောဂိမ်းတွေဟာဆိုရင် History ကိုအခြေခံထားတဲ့ ဂိမ်းတွေဖြစ်တာကြောင့် ဒါတွေကို လိုက်လံဖတ်ရှုရင်း ဗဟုသုတတွေပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref. mentalfloss.com, www.psychologytoday.com

The post ဂိမ်းကစားသူ (Gamer) တွေအပေါ် လူတွေထင်မြင်တတ်ကြတဲ့ အယူအဆအလွဲများ appeared first on ဧရာဝတီ.

Facebook မှာ တာဝန်ရှိသူတွေထံ တောင်းဆိုလွှာ ပေးပို့နိုင်မည့် လုပ်ဆောင်ချက် ပါဝင်လာ

$
0
0

တာဝန်ရှိသူတွေထံ လက်မှတ်ထိုး တောင်းဆိုလွှာ ပေးပို့နိုင်တဲ့ ‘Community Actions’ ဆိုတဲ့ လုပ်ဆောင်ချက်အသစ်တခု Facebook မှာ စတင် ပါဝင်လာပြီ ဖြစ်ပါတယ်။ Facebook အသုံးပြုသူတွေအနေနဲ့ ဒေသတွင်းလိုအပ်ချက်တွေကို ဒေသခံ အာဏာပိုင်တွေထံ ဝိုင်းဝန်း တောင်းဆိုနိုင်မယ့် Petition လုပ်ဆောင်ချက် တမျိုးပါ။ Change.org ရဲ့ အလုပ်လုပ်ပုံမျိုးနဲ့ ဆင်ပါတယ်။

Facebook ဟာ ယခုလုပ်ဆောင်ချက်ကို အမေရိကန်ပြည်ထောင်စုမှာ စတင် ထုတ်ပေးနေတာ ဖြစ်ပြီး၊ https://www.facebook.com/action/explore/ ကနေ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

Mobile ကနေ ဆိုရင်တော့ ဘေးဘက် Menu ဘားထဲမှာ ဝင်ရောက် ကြည့်ရှုလို့ရပါတယ်။ Community Actions လုပ်ဆောင်ချက်အသစ်မှာ မိမိ တောင်းဆိုလိုတဲ့အရာကို ထည့်သွင်းပြီး၊ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေကို Tag တွဲနိုင်ပါတယ်။ Tag တွဲထားတဲ့ အစိုးရအဖွဲ့အစည်းတွေမှာ သတိပေးချက် ဝင်လာမှာပါ။

ဒါ့အပြင် မိတ်ဆွေ၊သူငယ်ချင်းတွေကိုလည်း ဝိုင်းဝန်း ထောက်ခံဖို့အတွက် ဖိတ်ခေါ်မှုတွေ လုပ်နိုင်မှာပါ။

တောင်းဆိုလွှာတခုကို ထောက်ခံအားပေးမှု (Support) လုပ်ထားတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ စာမျက်နှာမှာ မိမိဆွေးနွေးလိုသမျှကို ဝင်ရောက် ရေးသားနိုင်ပါတယ်။ ဒါ့အပြင် တောင်းဆိုချက်နဲ့ သက်ဆိုင်တဲ့ ပွဲအခမ်းအနား (Events) တွေကို ဖန်တီးနိုင်သလို၊ ရန်ပုံငွေကောက်ခံမှု (Fundraisers) တွေလည်း ပြုလုပ်နိုင်မှာပါ။

Facebook ဟာ အသုံးပြုသူတွေအနေနဲ့ မိမိဒေသအတွင်းမှာ ပိုမို ပါဝင်လှုပ်ရှားမှု ပြုလုပ်နိုင်ဖို့အတွက် လုပ်ဆောင်ချက်အသစ်၊ အသစ်တွေကို ထုတ်ပေးလျက် ရှိပါတယ်။

၂၀၁၇ ခုနှစ်မှာ မိမိဒေသ ကိုယ်စားပြု အစိုးရတာဝန်ရှိသူတွေကို အလွယ်တကူ ရှာဖွေနိုင်တဲ့ Town Hall လုပ်ဆောင်ချက်ကို ထုတ်ပေးခဲ့သလို၊ လွန်ခဲ့တဲ့ ၃ လ လောက်တုန်းကလည်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဗီဒီယိုနဲ့ တိုက်ရိုက် မဲဆွယ်နိုင်တဲ့ Candidate လုပ်ဆောင်ချက်ကို ထုတ်ပေးခဲ့ပါသေးတယ်။

ယခု အသစ်ထုတ်ပေးလိုက်တဲ့ Community Actions လုပ်ဆောင်ချက်ကတော့ အသုံးပြုသူတွေအနေနဲ့ ဒေသတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အလွယ်တကူ ထောက်ခံအားပေးနိုင်စေဖို့ ဖြစ်ကာ၊ ပြဿနာအရပ်ရပ်ကို ရွေးကောက်တင်မြှောက်ထားတဲ့ အာဏာပိုင်၊ အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဖြေရှင်းနိုင်စေဖို့ ဖြစ်တယ်လို့ Facebook က ဆိုပါတယ်။

Community Action လုပ်ဆောင်ချက်ကို ယနေ့ စတင်ထုတ်ပေးနေပြီး၊ လူတိုင်းတော့ အသုံးပြုနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Ref: The Verge, Tech Crunch

The post Facebook မှာ တာဝန်ရှိသူတွေထံ တောင်းဆိုလွှာ ပေးပို့နိုင်မည့် လုပ်ဆောင်ချက် ပါဝင်လာ appeared first on ဧရာဝတီ.

ပြောင်းလဲ ကောက်ခံမည့် လျှပ်စစ် မီတာခ စိုးရိမ်ရန် မလိုဟု ဆို

$
0
0

အသစ် ပြောင်းလဲ ကောက်ခံမည့် မီတာခ နှုန်းထားသည် ပြည်သူများ စိုးရိမ်စရာ ကောင်းသည့် နှုန်းထားမျိုး မဖြစ်စေရန် တွက်ချက် နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောသည်။

ဇန်နဝါရီ ၂၁ ရက်က ကျင်းပသည့် ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာစဉ် မီဒီယာ များ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ဖြေကြားခြင်း ဖြစ်သည်။

ဒေါက်တာ ထွန်းနိုင်က“အရမ်းကြီး စိုးရိမ်စရာ ကောင်းလောက်အောင် တက်သွားတဲ့ ပုံစံမျိုး မဖြစ်ရလေအောင်၊ တချို့ဆို ရင် ထိခိုက်မှု လုံးဝ မရှိရလေအောင်၊ တချို့ဆိုရင်တော့ နည်းနည်းတော့ ပြောင်းသွားရမယ် ဆိုတဲ့ ဆီလျော်တဲ့ စနစ်ဖြစ် အောင် တောက်လျှောက် သုံးသပ် တွက်ချက်နေပါတယ်”ဟု ဆိုသည်။

၎င်းက ဆက်လက်၍“ခန့်မှန်း တွက်ချက်မှုတွေ အရ အမြတ် အရမ်းများသွားတယ် ဆိုတဲ့ အဖြေထွက်လာတယ် ဆိုရင် လည်း ကျနော်တို့ မကျင့်သုံးဘူး။ စက်မှု လုပ်ငန်းရှင်တွေဆီက အမြတ်တွေ အကြီးအကျယ် ရလိုတယ် ဆိုတဲ့ တွေးခေါ် ဆောင် ရွက်တာ မဟုတ်ဘူး။ တွက်တော့ တွက်ကြည့် လိုက်တယ်။ ဒါမျိုး ဆိုရင်တော့ အမြတ်အစွန်း အရမ်းများတယ် ဆိုတဲ့ အုပ်စု ကိုလည်း မစဉ်းစားဘူး”ဟု ပြောဆိုသည်။

လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက တအိမ်ချင်းစီတွင် တပ်ထားသည့် မီတာများတွင် တလချင်း ယူနစ် မည်မျှ အသုံးပြုသည်ကို အချက်အလက်များ ကောက်ခံထားသဖြင့် ပြောင်းလဲ ကောက်ခံမည့် မီတာခ နှုန်းထား အသစ်ကို အနာဂတ် အခြေအနေ ထိ ကြိုတင်ပြင် ဆင်ပြီး တွက်ချက်နေရခြင်း ဖြစ်သဖြင့် ကြန့်ကြာနေခြင်းဟုလည်း ဒုဝန်ကြီးက ဆိုသည်။

အစိုးရက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အတွက် တနှစ်ကို ဘီလီယံ ကျပ် ၅၀၀ ခန့် စိုက်ထုတ် အသုံးပြုနေရကြောင်း၊ ထိုကဲ့သို့ စိုက်ထုတ် အသုံးပြုနေရသဖြင့် လိုအပ်သည့် လျှပ်စစ် ဓာတ်အားလိုင်း အသစ်များ မတည်ဆောက်နိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် လျှပ်စစ် လိုအပ်ချက်မှာ တနှစ်ထက် တနှစ် ပိုမို များပြားလာသဖြင့် စိုက်ထုတ် အသုံးပြုရသည့် ပမာဏ မြင့်တက် လာခြင်းကြောင့် မီတာခ နှုန်းထား အသစ် ပြောင်းလဲ ကောက်ခံရန် အတွက် ပြင်ဆင်ရခြင်းဟုလည်း ဆိုထားသည်။

ဒေါက်တာ ထွန်းနိုင်က“အသုံးစရိတ်၊ ဓာတ်အား ဝယ်ယူဖိုး၊ ဓာတ်ငွေ့ဖိုး၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ၊ ဖြန့်ဖြူးမှု ကုန်ကျ စရိတ်တွေကို ဓာတ်အား ရောင်းလိုက်လို့ ပြန်ရတဲ့ ငွေ မကာမိတာကို ရှုံးတယ်လို့ ပြောတာပါ။ ဒီငွေကို ပြန်မရှာနိုင်တာ ဖြစ်ပါတယ်။ ပြန်မရှာနိုင်တော့ အရှုံးစရိတ်တွေ အားလုံးကို ဘတ်ဂျက်တောင်းပြီး ခံလိုက်ရတယ်”ဟု ရှင်းပြသည်။

အစိုးရ စိုက်ထုတ်နေရသည့် အရှုံးစရိတ်ကို လုပ်ငန်းရှင်ဆီက ပြန်လည် ကောက်ခံတာမျိုး မဖြစ်သင့်ကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။

“အခု ပေးနေရတာ ၁၆၅ ကျပ်လောက် သွားကျနေတော့ ဒါတွေကတော့ များနေတာပေါ့။ ဒီမှာထပ်တိုးတယ် ဆိုရင်တော့ လုပ်ငန်းရှင်က ပေးရမှာပေါ့လေ။ အာဆီယံ နိုင်ငံတွေနဲ့ ယှဉ်တဲ့ အခါမှာ လျှပ်စစ်ဓာတ်အား သူတို့ထက် ပိုပေး နေရတယ်။ ယှဉ်ပြိုင်နိုင်စွမ်းအားတော့ လျော့သွားတာပေါ့။ အဲဒီ အတွက် စက်မှု လုပ်ငန်းဖွံ့ဖြိုးဖို့က နည်းနည်း အခက်အခဲ ပိုရှိနိုင်တာ ပေါ့”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ဓာတ်အား လိုအပ်ချက်အရ တနှစ်ကို မဂ္ဂါဝပ် ၆၀၀ ကျော် ထုတ်လုပ်နိုင်သည့် စက်ရုံ တည်ဆောက်ရန် အချိန် ရောက်နေသော်လည်း အဆိုပါ လိုအပ်ချက် တည်ဆောက်မည် ဆိုပါက တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ခန့် ကုန်ကျ မည် ဖြစ်ကြောင်း၊ ထို့သို့ တိုးထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် ပြည်သူများ မီးပျက်မှုကို ရင်ဆိုင်နေရကြောင်းလည်း ဒု ဝန်ကြီးက ရှင်းပြသည်။

လက်ရှိတွင် အိမ်သုံးအတွက် တယူနစ်လျှင် အနိမ့်ဆုံး ၃၅ ကျပ်မှ အမြင့်ဆုံး ကျပ် ၅၀ နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှု လုပ်ငန်းသုံး အတွက် တယူနစ်လျှင် အနိမ့်ဆုံး ကျပ် ၅၀ မှ အမြင့်ဆုံး ကျပ် ၁၅၀ ထိ အလွှာအလိုက် သတ်မှတ် ကောက် ခံလျက် ရှိသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်ရှိသည့် အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူးပေးနေရ သဖြင့် ရာခိုင်နှုန်း အရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ် လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိသဖြင့် လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် (Demad Forecast) အရ ၂၀၂၀- ၂၀၂၁ ခုနှစ် တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ပြီး လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်သာ ရှိနေဆဲ ဖြစ်သည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The post ပြောင်းလဲ ကောက်ခံမည့် လျှပ်စစ် မီတာခ စိုးရိမ်ရန် မလိုဟု ဆို appeared first on ဧရာဝတီ.

ဆန်ကြမ်းများ ဈေးကွက် ပျောက်၍ ဈေးလျှော့ ရောင်းနေရ

$
0
0

မြန်မာ့ ဆန်လုံးရှည်ကို  ဥရောပ သမဂ္ဂ (EU)က အခွန် ပြန်လည် ကောက်ယူခြင်းနှင့် မူဆယ်-တရုတ် နယ်စပ်မှ ဆန်အဝယ် နည်းနေခြင်း တို့ကြောင့် ဈေးကွက် ပျောက်၍ ဆန်ကြမ်း (ရှယ်စ)များ ဈေးလျှော့ ရောင်းနေရကြောင်း ပြည်တွင်း ဆန်ကုန် သည် များထံမှ သိရသည်။

ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက“အခု လက်ရှိက ၂၅ မှတ်တန် ဆန်တွေတော့ အဝယ်လိုက် နေ တယ်။ တအိတ် ၁၉၁၀၀ ကျပ် လောက် ရှိတယ်။ တရုတ်ဘက်က ရောင်းတော့ ရောင်းရတယ်။ EU ဈေးကွက် အခွန် ပြန်ကောက်တော့ အဲဒီလည်း မထွက်ဘူး။ ဒီတော့ ဈေးကွက် ယှဉ်ပြိုင်မှု မရှိဘဲ တရုတ်သမားက ဈေးချ ဝယ်တာပေါ့။ အခု လောလောဆယ် ဈေးကွက် ပျောက်သွားတယ်။ တအိတ်ကို ကျပ် ၁၀၀၀ လောက် လျှော့ရောင်းနေရတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ဆန်ကွဲ ပါဝင်ခြင်း မရှိ၍ အရည်အသွေး ကောင်းသော ဆန်ကြမ်းများကို တရုတ်နှင့် EU ဈေးကွက်မှ ဝယ်ယူမှု ရှိပြီး ယခု ရက်ပိုင်း အတွင်း တရုတ် နှစ်သစ်ကူး နီးလာသောကြောင့်လည်း နယ်စပ်မှ တရုတ်သို့ ဆန်တင်ပို့မှုမှာ အနည်းငယ် လျော့ကျ လာကြောင်း ဦးသန်းဦး က ပြောသည်။

ထို့ကြောင့် လက်ရှိတွင် ပြည်တွင်း ဆန်ဈေးကွက်၌ ဆန်ကြမ်း (ရှယ်စ) တအိတ်လျှင် ယခင် ၂၃၀၀၀ ကျပ်မှ ယခု ၂၂၀၀၀ ကျပ်အထိ လျှော့ဝယ်လာခြင်းများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

ဦးသန်းဦးက“ပြိုင်ဘက် မရှိတော့ ဈေးချဝယ်တယ်။ ရှေ့လျှောက် နွေးစပါးလည်း ပေါ်တော့မှာ ဆိုတော့ မူဆယ် လမ်းကြောင်း သွားမယ့် သူတွေ ဝယ်ရင် စပါးဈေး နိမ့်ကျနိုင်တယ်။ တချို့ဆို ၂၅ မှတ် ပြန်ကြိတ်တယ်။ ရှယ်စ မကြိတ် တော့ဘူး။ ဈေးကွက် မရှိ လို့လေ။ တရုတ်နဲ့ ဥရောပ သွားတာတဲ့ ရှယ်စ ဈေးကျသွားတယ်”ဟု သုံးသပ် ပြောဆိုသည်။

လက်ရှိတွင် တရုတ်သို့ ပျမ်းမျှ တရက်လျှင် တရုတ် နိုင်ငံသို့ မူဆယ် ဆန် ကုန်စည်ဒိုင်မှ ဆန်အိတ်ရေ ၃ သောင်းခန့် သာ သွားကြောင်း ကုန်သည်များထံမှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က“တရုတ်နယ်စပ်မှာလည်း အရောင်းအဝယ် အေးနေတဲ့ ရပ် နေတဲ့ အနေအထား ရှိတော့ တခြားနိုင်ငံတွေကို ထိုးဖောက်ပြီးတော့ ရောင်းနိုင်ဖို့ ကျနော်တို့ နိုင်ငံတကာ အကူအညီတွေ အများကြီး လိုအပ်တယ်။ ကျနော်တို့မှာ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် ရှိတယ်။ ဒီနိုင်ငံ တွေက အများဆုံး ဆန်ဝယ်တဲ့ နိုင်ငံတွေ ဖြစ်တယ်။ အခုလည်း ဝယ်နေတယ်။ ဒီနိုင်ငံတွေကို G to G ညိုနှိုင်းပြီးတော့ ရောင်းချဖို့ အနေအထား ရှိတယ်။ အဲဒီလိုပဲ ကျနော်တို့ က တရုတ်နိုင်ငံနဲ့ အာဖရိက နိုင်ငံတွေနဲ့ ဆွေးနွေးရမယ်”ဟု ပြော သည်။

ဈေးကွက်သစ် ရှာဖွေမှု အနေနှင့်လည်း အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေရှ့်အပြင် အာဖရိက နိုင်ငံများထဲမှ ထပ်မံ ဝယ်ယူနိုင်သည့် အလားအလာ ရှိသည့် ဝယ်လက်များကို ရှာဖွေ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းအပြင် ယခုနှစ် ဆန်တင်ပို့ရာတွင် Action Plan  တခု ထွက်လာအောင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ညိုနှိုင်းပြီး ဆွေးနွေး ဆောင်ရွက်ရန် ရှိကြောင်းလည်း စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။

အဆိုပါ Action Plan  တွင် ဆန်စပါး ထုတ်လုပ်မှု အရည်အသွေး သတ်မှတ်ချက်များနှင့် ဈေးကွက်သစ် ချိတ်ဆက်ရန် အတွက် သတင်း အချက်အလက် သုတေသန လုပ်ဆောင်မှုများ ပါဝင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာနက သိရသည်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပ နိုင်ငံများသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော်နှင့် ပမာဏ အများဆုံးတင်ပို့ နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့ထားသောကြောင့် တန်ချိန် ၂ သန်း ပြည့်မီရန်ပင် ကြိုးစား လုပ်ဆောင်ရမည့် အခြေအနေ ဖြစ်နေကြောင်းလည်း အထက်ပါ ဝန်ကြီးဌာနက ဆိုထားသည်။

The post ဆန်ကြမ်းများ ဈေးကွက် ပျောက်၍ ဈေးလျှော့ ရောင်းနေရ appeared first on ဧရာဝတီ.

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖွံ့ဖြိုးရေး အတွက် အဟန့်အတားဖြစ်လာနိုင်

$
0
0

မြန်မာနိုင်ငံအတွင်း အလုပ်ရှင်၊ အလုပ်သမားများအကြား အလုပ်သမားရေးရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် အတားအဆီးတခု အသွင်ဆောင်ကာ စိန်ခေါ်မှုတရပ်ဖြစ်လာနိုင် သည်ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင် က “အငြင်းပွားမှုတွေကို ကြည့်မယ်ဆိုရင် အလုပ်သမားအများစုက အလုပ်ထုတ်ပယ်ခြင်းခံရတာတွေကြောင့် ဖြစ်ရတာအများဆုံးပဲ၊ ဒီလို အလုပ်သမားရေးရာ အငြင်းပွားမှုများဖြစ်ပေါ်နေခြင်းက ကျနော်တို့သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့ ဆန့်ကျင်သွေဖယ်နေပါတယ်၊ ဒီလိုပြဿနာတွေကို ပြေလည်အောင်ဖြေရှင်း မပေးနိုင်ဘူးဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီးတခု အသွင်ဆောင်ကာ စိန်ခေါ်မှုတ ရပ်ဖြစ်လာနိုင်တယ်”ဟု ပြောသည်။

ထိုကဲ့သို့ အလုပ်ရှင်၊ အလုပ်သမားများအကြား အလုပ်သမားရေးရာ အငြင်းပွားမှုများအနက် မန္တလေးတိုင်းဒေသကြီး အတွင်း၌ ၂၀၁၈ ခုနှစ်က အလုပ်ရှင်ဘက်မှ ဥပဒေချိုးဖောက်၍ အလုပ်ထုတ်ခံရသည့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်နှင့် အဖွဲ့ဝင် စုစုပါင်း ၁၅၅ ဦး ထိရှိကြောင်း  သိရသည်။

“အလုပ်ရှင်ဘက်ကနေ ဥပဒေချိုးဖောက်ပြီး အလုပ်ထုတ်တာတွေ အများကြီးပဲ၊ ဒါတောင် ကျနော်တို့ဆီမှာရှိတဲ့ စာရင်းပဲ ရှိသေးတယ်၊ ကျနော်တို့ မသိလိုက်တဲ့ အခြားအလုပ်ထုတ်ခံ အလုပ်သမားတွေရှိနိုင်သေးတယ်” ဟု ကိုသက်နှင်းအောင် က ဆက်လက် ပြောသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမားများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လစ်လျူရှုနေပြီး ဖြေရှင်းပေးမှု အားနည်းကြောင်း၊ အလုပ်ထုတ်ခံရသည့် အလုပ်သမားမျာအနေဖြင့် အချို့ စားဝတ်နေရေး အခြေအနေအရ အခြားအလုပ်ပြောင်း၍ လုပ်ကိုင်နေရသည့် အလုပ်သမားများရှိသကဲ့သို့ အခြားစက်ရုံ၊ အလုပ်ရုံတွင်လည်း အလုပ်သမား အဖြစ် လက်မခံသည့် အလုပ်ထုတ်ခံ အလုပ်သမားများ ရှိကြောင်း အလုပ်ထုတ်ခံ အလုပ်သမားများက ပြောသည်။

ပုလိပ်မြို့ ချည်မျှင်နှင့် အထည်ချုပ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် မယမင်း က “ကျမမှာ မိသားစုဝင် ၆ ဦးရှိပါတယ်၊ ကျမကိုပဲ မှီခိုပြီးနေနေ ကြရတာပါ၊ အလုပ်ထုတ်ခံရတော့ မိသားစုတခုလုံး အခက်အခဲ ဖြစ်ရတယ်၊ အခြားကို အလုပ်ပြန်ဝင်မယ်ဆိုတော့လည်း အလုပ်ထုတ် ခံထားရတဲ့သူဖြစ်လို့ဆိုပြီး လက်မခံချင်ကြဘူး၊ ကျမကို အလုပ်ထုတ်ခဲ့တာ ဘာအကြောင်းပြချက်မှ တိတိကျကျမရှိဘူး၊ ကျမအနေနဲ့ ဘာပြစ်ချက်မှ လုပ်ထားတာမရှိဘူး၊ စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့နေရာမှာ ပါလို ထုတ်ပြစ်ခဲ့ကြတယ်လို့ ထင်တယ်၊ အဲဒီအတွက် ကျမ အရမ်းနစ်နာရပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော အလုပ်ရှင်၊ အလုပ်သမားများအကြား ဖြစ်ပေါ်နေရသည့် ပြသနာများကို ဖြေရှင်း ပေးနိုင်ရန်အတွက် အစိုးရက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့အား ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းကာ ဆောင်ရွက်ပေး လျက်ရှိသော်လည်း ပြဿနာများ ဖြေရှင်ရာတွင် အခက်အခဲများစွာကို ရင်ဆိုင်နေကြရကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ကြီး ဦးမျိုးသစ် က “ကျနော်တို့က အလုပ်သမား အရေးကိစ္စတွေကို ဖြေရှင်းပေနေပါတယ်။ ဥပဒေဘောင်ထဲကနေ လုပ်ပေးလို့ရတာ မှန်သမျှ အားလုံးဖြေရှင်း ပေးနေပေမယ့် အချို့အလုပ်ရှင် အလုပ်သမားကိစ္စတွေကျတော့ အချိန်ယူပြီးမှ ညှိနှိုင်းဖြေရှင်းပေးရတာမျိုးတွေ ရှိနေတယ်” ဟု ဧရာဝတီသို့ပြောသည်။

အလုပ်သမားတစ်ဦး၏ တစ်ရက် အနည်းဆုံးလုပ်ခ သတ်မှတ်ချက် ထုတ်ပြန်ပြီးနောက် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သ မားလျှော့ချမှုများ ပြုလုပ်လာမှုနှင့် အတူ အလုပ်သမားရေးရာ အငြင်းပွားမှုပြသနာများလည်း ပို၍ဖြစ်ပေါ်လာလျက်ရှိပြီး ယခုအခါ အလုပ်သမားရေးရာ အငြင်းပွားမှုများဖြေ ရှင်းခြင်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းပြီးဖြစ်သဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဖြေ ရှင်းသင့်ကြောင်း၊ သို့မှသာ ကုန်ထုတ်လုပ်ငန်းများနှင့် နိုင်ငံ၏ စီးပွားရေးများ ဖွံဖြိုးတိုးတက်လာနိုင်မည်ဟု သိရသည်။

ယခုအခါ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင် လုပ်ဆောင်နေလျက်ရှိပြီး အလုပ်သမားရေးရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီးတခု အသွင်ဆောင်ကာ စိန်ခေါ်မှုတရပ်ဖြစ်လာနိုင်ခြင်းများ ကြောင့် အလုပ်သမားရေးရာ အငြင်းပွားမှုများကို သက်ဆိုင်ရာမြို့နယ်အဆင့်၌ အလုပ်ရှင်၊ အုပ်ချုပ်သူ၊ အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းအဖြေရှာ၍ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည်ဟုလည်း ထောက်ပြကြသည်။

The post အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖွံ့ဖြိုးရေး အတွက် အဟန့်အတားဖြစ်လာနိုင် appeared first on ဧရာဝတီ.

မြိတ်ကျွန်းစု ခရီးသွားဖို့ စပိဒ်ဘုတ်တွေ ဆောက်သူ

$
0
0

မြန်မာနိုင်ငံတောင်ပိုင်း၌ ခရီးသွားလုပ်ငန်း ဖွံဖြိုးလာချိန်တွင် တနင်္သာရီတိုင်း မြိတ်ဒေသခံများက ခရီးသွားလုပ်ငန်း၏ ကွက်လပ်များကို ဖြည့်ဆည်းခြင်းအားဖြင့် အကျိုးအမြတ် ရရှိနိုင်မည့် နည်းလမ်းများကို ရှာဖွေလာကြသည်။ ဒေသတွင်းခရီးသွား ကုမ္ပဏီ ၄၀ ခန့်ထဲမှ တခုအပါအဝင်ဖြစ်သည့် Mergui Dolphins ၏ မန်နေးဂျင်း ဒါရိုက်တာ ကိုသိန်းဇော်မင်း က စပိဒ်ဘုတ် ဆောက်လုပ်သည့် အလုပ်ရုံတခုကို ဖွင့်လှစ်ထားပြီး ခရီးသွားလုပ်ငန်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပြင်နေသည်ကို တွေ့ရသည်။

သဘာဝအတိုင်းရှိနေသည့် ကျွန်းပေါင်း ၈၀၀ ကျော်ရှိရာ မြိတ်ကျွန်းစုသို့ ပြည်တွင်းနှင့် ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု တိုးလာသည်နှင့် အမျှ ၂၀၁၅ ခုနှစ်မှ စ၍ မြိတ်ကျွန်းစုဒေသတွင် ခရီးသွားလုပ်ငန်း အေဂျင်စီ အရေအတွက်ကလည်း တိုးလာခဲ့သည်။

မြိတ်ကျွန်းစုသို့ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု တိုးလာနေသည်/ငြိမ်းငြိမ်း

အတွေ့အကြုံရှိသည့် အင်ဂျင်နီယာများနှင့် လှေတည်ဆောက်သူများ၏ အကူအညီဖြင့် သူ့ကိုယ်ပိုင်ဒီဇိုင်းထုတ် ဖန်တီးထားသည့် သူ၏ စပိဒ်ဘုတ်သစ်များက လက်ရှိအချိန်တွင် ခရီးသည်များကို ကျွန်းများသို့ ပို့ဆောင်ပေးရန် လုပ်ငန်းရှင်များ အသုံး ပြုနေကြသည့် တပတ်ရစ်လှေများ၏ နေရာတွင် တဖြည်းဖြည်းချင်း အစားထိုးနိုင်လိမ့်မည်ဟု အသက် ၃၈ နှစ်အရွယ် ကိုသိန်းဇော်မင်းက ယုံကြည်ထားသည်။

သူက ၂၀၁၆ ခုနှစ်မှစ၍ လှေဟောင်းများကို ပြင်ဆင်ခြင်းအပြင် လှေငယ်လေးများ ကိုယ်တိုင်တည်ဆောက်ခဲ့သည်။ သူ၏ ပထမဆုံး ကြိုးစားမှုမှာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးခရီးအတွက် သစ်သား လူစီးလှေတခု တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် မိတ်ဆွေများ၏ တိုက်တွန်းအားပေးမှုများရခဲ့ပြီးနောက် ခရီးသွားလုပ်ငန်း လောကအတွင်းသို့ သူ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။

သူ၏ ၁၈ ပေရှည်သော ဖိုင်ဘာလှေများ (ပေ ၂၀ အရှည် ငါးဖမ်းလှေများအပါအဝင်) က ပြည်တွင်းဖြစ် သစ်သား ငါးဖမ်း လှေများထက် ဈေးပိုသည်။ သို့သော်လည်း သစ်အမျိုးအစားကို လိုက်၍ ၃ နှစ်မှ ၄ နှစ် သာ ခံသည့် သစ်သားလှေများနှင့် နှိုင်းယှဉ်လျှင် ဖိုင်ဘာလှေများက နှစ် ၃၀ နီးပါး ကြာရှည်ခံနိုင်သည်ဟု ကိုသိန်းဇော်မင်းက ရှင်းပြသည်။

ပြီးခဲ့သည့် နှစ်က သူ၏ ပထမဆုံးသော၂၇ ပေရှည်သည့် စပိဒ်ဘုတ် တစင်းကို စတင်တည်ဆောက်ခဲ့ပြီး ထိုလှေပြီးစီးပါက အသစ်ထပ်တည်ဆောက်ရန်လည်း ကိုသိန်းဇော်မင်းက စီစဉ်ထားသည်။

Mergui Dolphins ၏ စပိဒ်ဘုတ် ဆောက်လုပ်သည့် အလုပ်ရုံ/ ငြိမ်းငြိမ်း

ကိုယ်ပိုင်လှေ အသစ်များထုတ်လုပ်ခြင်းက အဟောင်းများကို ပြန်လည် ပြင်ဆင်ခြင်းထက် ကုန်ကျ စရိတ်အရ ပိုမိုသက်သာသည်။ “ကျနော်တို့က ထိုင်းနိုင်ငံက တပတ်ရစ်လှေတွေကို ပုံသေဈေးနှုန်းတွေနဲ့ ဝယ်ရတယ်။ ကျနော်တို့မှာ ရွေးချယ်ခွင့်မရှိဘူး။ ဒီဈေးဆို ဒီဈေးပဲ။ ပြီးတော့ အကောက်ခွန်ရုံးကို ၂၅ ရာခိုင်နှုန်း အခွန်ဆောင်ရတယ်။ အဟောင်းဆိုတော့ ပြင်ရတာ များတယ်။ အချိန်ယူ ရတယ်။ ဒီမှာလုပ်ရင် ပိုအဆင်ပြေမယ်။ ဒေသလိုအပ်ချက်ပြည့်မယ်။ ကိုယ်တိုင်လုပ်ဖို့ ကျနော် ဆုံးဖြတ်ခဲ့တယ်။ အဲဒါမှလဲ ကျနော်တို့ လှေသစ်တွေကို ပိုသက်သာတဲ့ ဈေးနှုန်းနဲ့ အသုံးပြုနိုင်မယ်” ဟု သူက ဧရာဝတီသို့ ရှင်းပြသည်။

ပုံမှန်အားဖြင့် ထိုင်းမှ လှေဟောင်းများကို တင်သွင်း အသုံးပြုကြသည်/ ငြိမ်းငြိမ်း

ရန်ကုန်မှ မိတ်ဆွေများနှင့် အင်ဂျင်နီယာများ နှင့် ဒေသခံ လှေတည်ဆောက်မှု ကျွမ်းကျင်သူများက ကိုသိန်းဇော်မင်း၏ အိပ်မက် အကောင်အထည်ပေါ်လာရန် ကူညီခဲ့ကြသည်။

လှေများပြုလုပ်ရန် နိုင်ငံခြားမှ တင်သွင်းသည့် ဖိုင်ဘာမျှင်များ အသုံးပြုသည်။ ဖိုင်ဘာလှေ ပြုလုပ်ရခြင်းမှာ သစ်သား ရှားပါးလာခြင်းကြောင့် တစိတ်တပိုင်းပါဝင်သည်ဟု သူက ပြောသည်။

“ပစ္စည်းအားလုံးနဲ့ အင်ဂျင်စက်တွေကို ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံက ဝယ်ယူပါတယ်။ ကျနော်တို့က ပစ္စည်းကောင်းတွေသုံးတဲ့ အတွက် ကျနော်တို့ရဲ့ အပြီးသတ် ထုတ်ကုန်တွေကလည်း အရည်အသွေးမြင့်ပါတယ်” ဟု ထားဝယ်မြို့မှ လှေတည်ဆောက်ရာတွင် ကျွမ်းကျင်သည့် ဦးစိုးက ပြောသည်။ သူက ထိုင်းနိုင်ငံမှ ငါးဖမ်းလုပ်ငန်းတွင် ရွှေ့ပြောင်းအလုပ်သမားတဦးအဖြစ် ဆယ်စု နှစ် ၂ ခုနီးပါး လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ယခုအခါ speedboat (အမြန်ရေယာဉ်) တည်ဆောက်သည့် အဖွဲ့ကို ဦးဆောင်နေသည်။

လှေများနှင့် လှေဒီဇိုင်းရေးဆွဲခြင်း အပေါ် ကိုသိန်းဇော်မင်း၏ စိတ်ဝင်စားမှုက သူ့ကို လက်ရှိစီးပွားရေးလုပ်ငန်းအား တည်ထောင်ဖြစ်သွားစေခဲ့သည်။ သို့သော်လည်း အရင်းအနှီးနည်းပါးခြင်းက သူ၏ အားထုတ်မှုများ၏ အတိုင်းအတာကို အကန့် အသတ်ဖြစ်စေခဲ့သည်။

“ကျနော်တို့မှာ အရင်းအနှီးက အကန့်အသတ်ရှိတယ်။ တကယ်လို့ ဖြစ်နိုင်ရင် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ အတွက် ချေးငွေ အစိုးရဆီက ရနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု သူက ထပ်ပြောသည်။

ကိုသိန်းဇော်မင်း၏ ၂၇ ပေရှည်သော ပထမဆုံး စပိဒ်ဘုတ်ကို ကျပ် သိန်း ၃၅၀ ဖြင့် ရောင်းချမည်ဟု သိရသည်။ လိုင်စင် အပါအဝင် ဖြစ်သည်။ အကယ်၍ ဝယ်သူမရှိလျှင် သူ့ကုမ္ပဏီအတွက် အသုံးပြုသွားမည်၊ ထပ်၍လည်း ပြုလုပ်သွားဦးမည်ဟု ၎င်းကဆိုသည်။

( Nyein Nyein ၏ Boat Builder Floats New Business to Tap Island Tourism Boom ကို ဘာသာပြန်သည်။)

The post မြိတ်ကျွန်းစု ခရီးသွားဖို့ စပိဒ်ဘုတ်တွေ ဆောက်သူ appeared first on ဧရာဝတီ.


GDPR ချိုးဖောက်မှုကြောင့် Google ကို ယူရို သန်း ၅၀ ဒဏ်ရိုက်

$
0
0

ပြင်သစ်နိုင်ငံ ဒေတာအချက်အလက် ကာကွယ်ရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းတခုဖြစ်တဲ့ CNIL ဟာ Google ကို ယူရို သန်း ၅၀ ( အမေရိကန်ဒေါ်လာ ၅၆.၈ သန်း) ဒဏ်ကြေး ချမှတ်လိုက်ပါတယ်။

ဥရောပသမဂ္ဂ က ချမှတ်ထားတဲ့ အထွေထွေ ဒေတာအချက်အလက် ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း (GDPR) ကို လိုက်နာဆောင်ရွက်မှု မရှိတာကြောင့် ပြစ်ဒဏ် ချမှတ်လိုက်တာပါ။

Google ပေးဆောင်ရမယ့် ဒဏ်ကြေးဟာ ဥရောပ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းတခုက ချမှတ်တဲ့ GDPR ဒဏ်ကြေး တွေထဲမှာ အများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့နှစ်၊ မေလက စတင်အသက်ဝင်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်း တွေကို ချိုးဖောက်ကြောင်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ပထမဆုံး နည်းပညာကုမ္ပဏီကြီး အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Google ဟာ ဒေတာအချက်အလက်ရယူအသုံးပြုမှုဆိုင်ရာ အချက်အလက်တွေကို သုံးစွဲသူတွေထံ ပြည့်စုံရှင်းလင်းစွာ မဖော်ပြထားဘဲ၊ ပွင့်လင်းမြင်သာမှုမရှိတာကြောင့် ဒဏ်ရိုက်ခဲ့တာဖြစ်တယ်လို့ CNIL က တနလာၤနေ့မှာ ပြောကြားခဲ့ပါတယ်။

Google ဟာ အချက်အလက် ရယူအသုံးပြုမှု ပုံစံတွေနဲ့ အချက်အလက်သိမ်းဆည်းထားမှုကာလတွေကို တနေရာတည်းမှာ မဖော်ပြထားဘဲ၊ အသုံးပြုသူအနေနဲ့ ကလစ် ငါးခု၊ ခြောက်ခုလောက် နှိပ်ပြီးမှ ဒီအချက်အလက်တွေကို သိရှိနိုင်အောင် လုပ်ထားတယ်လို့ CNIL က ထပ်လောင်း ပြောကြားပါတယ်။

Google ရဲ့ အချက်အလက်အသုံးပြုမှု မူဝါဒတွေဟာ ရှင်းလင်း ပြည့်စုံမှုမရှိဘဲ မတိမကျနဲ့ အကြမ်းဖျဉ်း သဘောလောက် သာ ဖော်ပြထားတာကို CNIL က တွေ့ရှိခဲ့တာပါ။ အခုလို ရှင်းလင်းစွာ မဖော်ပြထားတာကြောင့် Google ဟာ အသုံးပြုတဦးချင်းစီအလိုက် ကြော်ငြာ (Personalized Ads) တွေ ပြသရာမှာ အသုံးပြုသူထံက လက်ခံသဘောတူညီချက် မရယူထားဘူးလို့ ကော်မရှင်က ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ဆီကနေ ပွင့်လင်းမြင်သာမှု နဲ့ ထိန်းချုပ်နိုင်မှု ကောင်းကောင်းရဖို့အတွက် အားလုံးက မျှော်လင့်ထားကြပါတယ်။ ဒါကြောင့် ဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျနော်တို့ဘက်ကလည်း အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါတယ်။ GDPR ရဲ့ အသုံးပြုသူကိုယ်တိုင် သဘောတူလက်ခံမှုဆိုင်ရာ စည်းမျဉ်းလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင်လည်း ကြိုးပမ်းသွားမှာပါ”

“ လက်ရှိမှာတော့ ယခု ပြစ်ဒဏ်ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို လေ့လာနေပြီး၊ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေကို ဆုံးဖြတ်သွားမှာပါ” လို့ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

မေလက အသက်ဝင်ခဲ့တဲ့ GDPR စည်းမျဉ်းအသစ်တွေမှာ အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် ရယူအသုံးပြု၊ သိမ်းဆည်းမှုဆိုင်ရာ နည်းလမ်းတွေကို တင်းကြပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အသုံးပြုသူထံက ဒေတာရယူတော့မယ်ဆိုရင် အသုံးပြုသူကိုယ်တိုင် အမှန်တကယ် နားလည်သဘောတူညီမှု ရှိဖို့ လိုက်နာရမှာပါ။

ဒါ့အပြင် အသုံးပြုသူတွေကို ၎င်းတို့ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက် ကော်ပီတွေကို ပြန်လည် တင်ပြနိုင်ရမှာဖြစ်ပြီး၊ ဒေတာကျိုးပေါက်မှု ဖြစ်ရပ်တွေကိုလည်း ၇၂ နာရီအတွင်း သတင်းပို့နိုင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

Ref: The Verge, Cnet

The post GDPR ချိုးဖောက်မှုကြောင့် Google ကို ယူရို သန်း ၅၀ ဒဏ်ရိုက် appeared first on ဧရာဝတီ.

မန္တလေး ကျောက်မျက်ပွဲ ကျပ်သိန်းပေါင်း ၆၇၀ဝ ခန့်နှင့် ဒေါ်လာ ၅၀၀၀ ဖိုး ရောင်းရ

$
0
0

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ဒိုင်းမွန်း ပလာဇာတွင် ကျင်းပသည့် ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ကျောက် မျက်နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲတွင် ကျောက်မျက်နှင့် လက်ဝတ် ရတနာ အချောထည် ကျပ်သိန်း ၆၇၀၀ ခန့်နှင့် အမေရိကန် ဒေါ်လာ ၅၀၀၀ ဖိုးခန့် ရောင်းချရကြောင်း သိရသည်။

မန္တလေး ရတနာမောလ် ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်း က “မျှော်လင့်ထားတာထက် ပိုပြီး ရောင်းချခဲ့ရပါတယ်။ ကျောက်မျက်နဲ့ လက်ဝတ် ရတနာ အချောထည် ကျပ်သိန်း ၆၇၀၀ ဖိုးလောက်နဲ့ အမေရိကန် ဒေါ်လာ ၅၀၀၀ နီးပါးခန့် ရောင်းချခဲ့ရပါတယ်”ဟု ပြောသည်။

အဆိုပါ ပြပွဲအား မန္တလေး ရတနာမောလ် ကျောက်မျက် ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ဦး ဆောင်၍ ဇန်နဝါရီလ ၁၅ ရက်မှ ၁၉ ရက် အထိ ပြုလုပ်ခြင်း ဖြစ်ပြီး ကျောက်စိမ်း၊ မြ၊ ပတ္တမြား၊ နီလာ၊ ပုလဲ စသည့် ကျောက်မျက် အချောထည်များအား ရောင်းချခဲ့ကြောင်း သိရသည်။

ယင်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူရ က“ပြည်တွင်းထွက် ကျောက်မျက်နှင့် လက်ဝတ် ရတနာ အချောထည်တွေကို နိုင်ငံ တကာ ကျောက်မျက် လုပ်ငန်းရှင်တွေ ကြည့်ရှု ဝယ်ယူနိုင်အောင် အဓိက ရည်ရွယ်ပြီး လုပ်ခဲ့တာပေါ့။ အခုလို နိုင်ငံတကာ ပွဲမျိုး သတ်သတ်မှတ်မှတ်နဲ့ အကြိမ်ရေ များများလုပ်နိုင်အောင် အထိ ကြိုးစားသွားမယ်။ အခုပွဲရဲ့ အားနည်းချက်တွေကို နောက်ပွဲတွေမှာ ပြန်လည် ပြင်ဆင်နိုင်အောင် လုပ်ဆောင်သွားမယ်”ဟု ပြောဆိုသည်။

ပြပွဲသို့ လာရောက်ရန် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခဲ့ပြီး ကျောက်စိမ်းပန်း ပု၊ ကျောက်ပန်းချီ၊ ခေတ် အဆက်ဆက် ကျောက်မျက် ရတနာ ပြခန်းများ၊ ပတ္တမြား၊ နီလာ၊ မြ၊ ပုလဲ အစရှိသည့် ကျောက် မျက် အချောထည် ဆိုင်ခန်းပေါင်း ၃၆၀ ကျော် ပြသရောင်းချခဲ့ကြောင်း သိရသည်။

ပြပွဲကျင်းပသည့် ၅ ရက်တာ ကာလအတွင်း ပြည်တွင်း ပြည်ပမှ လာရောက်လေ့လာသူ ၃၀၀၀၀ ကျော် ရှိခဲ့သည့် အနက် ပြည်ပမှ ရတနာ ကုန်သည် ၁၂၀၀ ခန့် လာရောက်ခဲ့ရာ နိုင်ငံခြားသား ဝင်ရောက်မှု မျှော်မှန်းသည်ထက် လျော့နည်းခဲ့ ကြောင်း ဦးသိန်းဝင်းက ဆိုသည်။

ဆက်လက်၍ ၎င်းက“အဓိက တရုတ် ကုန်သည်နဲ့ လုပ်ငန်းရှင်တွေ ပိုပြီး ဝင်လာနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် တရုတ် နှစ်သစ် ကူး နဲ့ အရမ်း နီးကပ်နေတော့ လျော့နည်းခဲ့ရတာပေါ့”ဟုလည်း ပြောသည်။

ပြပွဲကာလ အတွင်း ပြည်တွင်း ပြည်ပမှ ကျောက်မျက်နှင့် လက်ဝတ် ရတနာ အချောထည်များ ဝယ်ယူမှု အတွက် နိုင်ငံခြား ငွေ ပေးချေမှုများနှင့် အခွန် ကိစ္စရပ်များကိုလည်း One stop service ဖြင့် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

The post မန္တလေး ကျောက်မျက်ပွဲ ကျပ်သိန်းပေါင်း ၆၇၀ဝ ခန့်နှင့် ဒေါ်လာ ၅၀၀၀ ဖိုး ရောင်းရ appeared first on ဧရာဝတီ.

ကွမ်းလုံ-ချင်းရွှေဟော် အထူး စီးပွားရေးဇုန် ဖော်ဆောင်ရန် စီစဉ်နေ

$
0
0

မြန်မာ-တရုတ် နယ်စပ်ရှိ အထူး စီးပွားရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကွမ်းလုံ-ချင်းရွှေဟော် ဇုန်ကို မကြာခင် စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း စီးပွားရေးဇုန် ဖော်ဆောင်မည့် ချစ်ကြည်ရေး ကုမ္ပဏီ၏ အကြံပေး ဦးကျော်ဒွန်းက“တရုတ်ဘက်ကတော့ တချို့ ကြို လုပ်ထားပြီး ဒီဘက်ကလည်း မြန်မာ ဥပဒေနဲ့ ဆောင်ရွက်နေတယ် ဆိုတော့ အုပ်ချုပ်ရေး အရ တဆင့်ချင်း တဆင့်ချင်း ဆောင်ရွက်နေတဲ့ အဆင့် ဖြစ်တယ်။ ဘယ်အချိန် စမယ် ဆိုတာ ပြောလို့မရဘူး။ ပထမဆုံးက ကွမ်းလုံ-ချင်းရွှေဟော် ကို လုပ်ဆောင်သွားမယ်”ဟု ပြောသည်။

အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် မြေယာ ဥပဒေ အရ ပိုင်ဆိုင်မှု အထောက်အထားများကို အဆင့်ဆင့် လုပ်ကိုင်ခွင့်၊ ကော်မတီ၊ မြေယာ ပုံစံများ ဆောင်ရွက်ရခြင်း တို့ကြောင့် ဗဟို အစိုးရ အထိ သွားရမည် ဖြစ်ပြီး အကြမ်းဖျင်း အားဖြင့် ကွမ်းလုံ- ချင်းရွှေဟော် အထူး စီးပွားရေးဇုန်ကို မြေဧက ၆၀၀၀ ဝန်းကျင်ဖြင့် လုပ်ဆောင်ရန် မျှော်မှန်းထား ကြောင်း ၎င်းက ဆိုသည်။

တည်ဆောက်ရေး လုပ်ကိုင်မှု အနေနှင့် ရင်းနှီး မြှုပ်နံှမှုကို ချစ်ကြည်ရေး ကုမ္ပဏီ အနေနှင့် ကိုယ်ပိုင် မတည်ငွေ သာမက နိုင်ငံ ချေးငွေဖြင့်လည်း ဗဟိုဘဏ်၏ လုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

အထူး စီးပွားရေးဇုန် ဖော်ဆောင်ရာ၌ မြေယာ ရရှိမှုသည် အဓိက အရေးကြီးပြီး ဇုန်ဖော်ဆောင်ရေး အတွက် မြေပိုင်ရှင် တိုင်းရင်းသား လုပ်ငန်းရှင်များ အနေနှင့်လည်း ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်း ဆောင်ရွက် လိုပါက ဖိတ်ခေါ်သွားမည် ဖြစ် ကြောင်း ဦးကျော်ဒွန်းက ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ရှိ စီးပွားဇုန်များ အဖြစ် ကချင်ပြည်နယ်တွင် ကန်ပိုက်တီး၊ ရှမ်းပြည်နယ်တွင် မူဆယ်၊ ချင်းရွှေဟော် ဒေသများတွင် အကောင်ထည်ဖော်ရန် အတွက် နှစ်ဖက် ညိုနှိုင်း ဆွေးနွေးမှုများကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ဒုဝန်ကြီး ဦးအောင်ထူးက ပြောသည်။

ထိုသို့ မြန်မာ- တရုတ် နယ်စပ် ဒေသတွင် အထူး စီးပွားရေးဇုန်များကို အကောင်အထည် ဖော်ရာ၌ မြန်မာနိုင်ငံ၏ အထူး စီးပွားရေး ဇုန်များထဲမှ အောင်မြင်မှု ရရှိသည့် သီလဝါ အထူး စီးပွားရေးဇုန်ကို အတုယူ၍ အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဟု ဆိုသည်။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံတွင် ထားဝယ် အထူး စီးပွားရေးဇုန်၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန်၊ သီလဝါ အထူး စီးပွား ရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော်လည်း သီလဝါ အထူးစီးပွားရေးဇုန် တခုတည်းသာ အောင်မြင်မှု ရရှိနေသေးကြောင်း သိရသည်။

စီးပွားရေး ဇုန်များ တည်ဆောက်ခြင်း အားဖြင့် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာနိုင်ခြင်း၊ ဒေသတွင်း စီး ပွားရေး ဆိုင်ရာ အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SMEs) ဖွံ့ဖြိုး တိုးတက်လာ၍ ကုန်ထုတ် စွမ်းအား မြင့်မားလာခြင်းနှင့် အတူ နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်း တိုးတက်လာမည် ဟုလည်း စီးပွား/ကူးသန်း က ဆိုထားသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ သော်လည်းကောင်း၊ မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေ အရ သော်လည်းကောင်း မည်သည့် ဥပဒေဖြင့် လုပ်ငန်း ဆောင်ရွက်ရမည်ကို အုပ်ချုပ်ရေးနှင့် ဥပဒေရေးရာ အရ တဆင့်ချင်း ဆောင်ရွက်နေဆဲ အဆင့်သာ ရှိနေသေးကြောင်း သိရသည်။

စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မြန်မာ- တရုတ် နယ်စပ် ဒေသတွင် ဖော်ဆောင်မည့် အထူး စီးပွားရေးဇုန်များ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်း ဆောင်ရွက်လိုမှု အဆိုပြုလွှာ (Expression of Interest-EOI) ကို မကြာမီ ခေါ်ယူသွားမည်ဟုလည်း ပြောကြား ထားသည်။

သီလဝါ အထူး စီးပွားရေးဇုန် ကော်မတီ အတွင်းရေးမှူး ဒေါက်တာ ရွှေဟိန်းက“ဥပမာ ထားဝယ်ရယ်၊ ကျောက်ဖြူရယ်ပေါ့ နော်။ ထားဝယ် ကတော့ အီတာလျံ- ထိုင်း ကုမ္ပဏီပေါ့၊ သူ့ရဲ့ အားနည်းချက်တွေ အများကြီး ပါတယ်။ တကယ်တမ်း ကျ တော့ ဒီကုမ္ပဏီ ပေးလိုက်တာက ဒီဇုန်တွေကို ဖွံ့ဖြိုးအောင် လုပ်တဲ့ အဖွဲ့အစည်း/ကုမ္ပဏီ မဟုတ်ဘူး။ သူက နိုင်ငံခြားကနေ ရင်းနှီး မြှုပ်နံှသူတွေကို ဖိတ်ခေါ်တာ။ အစိုးရက အီတာလျံ-ထိုင်းကို စာချုပ် ပေးလိုက်တာ ပြန်ထွက်ဖို့ မလွယ်ဘူး။ ဒါကြောင့် အထူးစီးပွားရေးဇုန်များ ဖော်ဆောင်ဖို့ အရေးကြီးတာကတော့ Developer က အရေးကြီးတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ တရုတ်နိုင်ငံ ခရီးစဉ် အတွင်း သဘောတူညီချက် အရ မြန်မာ- တရုတ် နှစ်နိုင်ငံကြား နယ်စပ် ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ဇုန်များ တည်ထောင်ရေး ဆိုင်ရာ နားလည် မှု စာချွန်လွှာ (MoU) ကို ၂၀၁၇ ခုနှစ် မေလက လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းများ ပိုမို လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် တွေ့ကြုံရသည့် အခက်အခဲများအား အမြန်ဆုံး ဖြေရှင်း ဆောင် ရွက်နိုင်ရန်နှင့် အထူး စီးပွားရေးဇုန် တည်ထောင်ခြင်း ကိစ္စရပ်များနှင့် သက်ဆိုင်မှု မရှိသည့် စီးပွားရေး အကောင် အထည် ဖော်ရန် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သည် မြန်မာ-တရုတ် နှစ်နိုင်ငံကြား နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဇုန် တည်ထောင် အကောင်အထည်ဖော်ရေး ဆိုင်ရာ ဗဟို ကော်မတီကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ဖွဲ့စည်း ထားခဲ့သည်။

လက်ရှိတွင် မူဆယ်၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်နှင့် ၂၀၁၃ ခုနှစ် ဧပြီလက စတင်၍ မူဆယ် ဗဟို စီးပွားရေးဇုန် အဖြစ် ဇုန် ၁ လမ်းလျှောက်ဈေးနှင့် လူနေဆိုင်ခန်း ဧရိယာများ၊ ဇုန် ၂ ပြည်သူ့ ဝန်ဆောင်မှု ဧရိယာ၊ ဇုန် ၃ ဟိုတယ်နှင့် စားသောက်ခန်း ဧရိယာ၊ ဇုန် ၄ နှင့် ဇုန် ၅ လုံးချင်းအိမ်ရာများ၊ ဇုန် ၆ အပန်းဖြေစခန်းနှင့် တောင်ပေါ် အိမ်ရာ ဟူ၍ ဇုန် ၆ ခု ခွဲ၍ မြေဧရိယာ ၂၈၈ ဒသမ ၁၆ ဧက ပေါ်၌ အဆောက်အအုံများ ဆောက်လုပ်၍ အကောင်အထည် ဖော် လျက် ရှိကြောင်း သိရသည်။

The post ကွမ်းလုံ-ချင်းရွှေဟော် အထူး စီးပွားရေးဇုန် ဖော်ဆောင်ရန် စီစဉ်နေ appeared first on ဧရာဝတီ.

တရုတ် ရိုးရာပွဲများ လွတ်သည့် အချိန်တွင် ကျောက်မျက် ပွဲများ ပြုလုပ်ရန် သတ်မှတ်

$
0
0

နိုင်ငံခြားငွေဖြင့် ရောင်းချမည့် ကျောက်မျက်ပြပွဲများကို တရုတ်ရိုးရာ ပွဲတော်များနှင့် လွတ်ကင်းသည့် အချိန်၌သာ ပုံမှန် ကျင်းပရန် ယခုနှစ်မှ စတင် သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး ဝန်ကြီး ဌာန မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက သိရသည်။

မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း လက်အောက်ရှိ ပြပွဲ ဌာန၏ ဒု အထွေထွေမန်နေဂျာ ဦးသန်း ဇော်ဦးက“အရင်တုန်းကတော့ အလျဉ်းသင့်သလို ပြပွဲကို ကာလ အတိအကျ မသတ်မှတ်ဘဲ ကျင်းပ ဖြစ်တယ်။ ဒါပေမယ့် ဒီနှစ်ကစပြီး အရောင်းအဝယ် လုပ်လို့ ကောင်းတဲ့ အချိန်ကို လုပ်သွားဖို့ စ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ကျောက်မျက် ပြပွဲများတွင် တရုတ် ကုန်သည်များက အများဆုံး ဝယ်ယူကြသဖြင့် ၎င်းတို့ ရိုးရာ ပွဲတော်များ လွတ် ကင်းသည့် ကာလများကို ရွေးချယ်လိုက်ခြင်း ဖြစ်ကာ ၂၀၁၉ ခုနှစ်မှ စတင်၍ နိုင်ငံခြား ငွေဖြင့် ရောင်းချမည့် ကျောက် မျက် ရတနာ ပြပွဲများကို နှစ်စဉ် မတ်လနှင့် စက်တင်ဘာလ တို့တွင် ပုံသေ ကျင်းပသွားမည်ဟု သိရသည်။

မတ်လသည် တရုတ် နှစ်သစ်ကူး ပွဲတော် အပြီးလ ဖြစ်ပြီး စက်တင်ဘာလမှာ တရုတ် မုန့်စားပွဲတော် မတိုင်ခင် ဖြစ်ကာ မြန်မာရိုးရာ ပွဲတော်များ ဖြစ်သော သြင်္ကန်၊ သီတင်းကျွတ် ပွဲတော်များနှင့် ကင်းလွတ်သဖြင့် ရောင်းသူဝယ်သူ အတွက် အဆင်ပြေနိုင်မည့် ကာလများဖြစ်၍ ယခုလို ပုံသေ သတ်မှတ် လိုက်ခြင်း ဖြစ်သည်ဟု ဦးသန်းဇော်ဦးက ဆိုသည်။

၎င်းက ဆက်လက်၍“ကျနော်တို့က ပွဲကျင်းပမည့် လကိုပဲ အကြမ်းဖျင်း သတ်မှတ်လိုက်ပြီး ပြပွဲလုပ်မယ့် ရက်အတိ အကျကိုတော့ နိုင်ငံတော်က ပေးတဲ့ ရက်အတိုင်း လုပ်သွားမှာပါ”ဟုလည်း ပြောသည်။

ယခင်က ပြပွဲ ကာလအား ပုံသေ သတ်မှတ်ထားခြင်း မရှိဘဲ ဝန်ကြီးဌာနက သက်ဆိုင်ရာ အသင်းအဖွဲ့များအား ၂ လ ခန့် ကြိုတင် အသိပေး ကြေညာ၍ ဆောင်ရွက်ခဲ့ရာ တရုတ် နိုင်ငံမှ ပွဲတော် တချို့နှင့် တိုက်ဆိုင်သွားသည့် ပြပွဲများတွင် နိုင်ငံခြားသား ကုန်သည်များက ပြပွဲ လေလံအောင် ကျောက်များ လာရောက် မထုတ်ယူခြင်း၊ ငွေပေးငွေယူ ကိစ္စ များတွင် ပွဲတော် ကာလများ ဖြစ်၍ ကြန့်ကြာမှုများ ရှိခြင်း စသည့် ကိစ္စများ ရှိခဲ့သည်ဟု မန္တလေးမြို့မှ ကျောက်လုပ် ငန်းရှင်များက ပြောသည်။

မန္တလေး မြို့ခံ ကျောက်ကုန်သည် ကိုဖြိုးက“တကယ်က နိုင်ငံခြား ငွေနဲ့ရောင်းတဲ့ ပွဲကို တနှစ်ကို တပွဲလောက်ပဲ လုပ် ပေးသင့်တယ်။ ဒါမှလည်း ဈေးကွက် သဘောအရ အရောင်းအဝယ် မျှမှာ။ ပြီးတော့ တရုတ်သူဌေးတွေ ပိုင်တဲ့ နာမည် ကြီး ကျောက် ကုမ္ပဏီ တချို့က ဒီမှာ ပြပွဲ လုပ်မယ်လို့ ကြေညာ လိုက်ရင် ဒီဘက်ပြပွဲ မတိုင်ခင်ကို တရုတ်ပြည် ထဲမှာ ပြပွဲ အကြီးကြီးတွေ အချိန်ကိုက် လုပ်ပစ်ကြတာ”ဟု ဧရာဝတီကို ပြောသည်။

လာမည့် မတ်လ ၁၁ ရက်မှ ၂၀ ရက် အထိ နေပြည်တော် မဏိရတနာ ခန်းမတွင် ကျင်းပမည့် ၅၆ ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲ အတွက် မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ ပြီးခဲ့သည့် တပတ်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းတွဲ စာရင်းများအား ယခု တပတ်အတွင်း လျှောက် ထားကြရန် ကြေညာထားသည်။

ယခုပြပွဲတွင် အေ၊ ဘီ၊ စီ၊ ဒီအဆင့်ရှိ ကျောက်စိမ်းအရိုင်းထည်၊ ကျောက်မျက်ရတနာနှင့် ပုလဲအတွဲများအား နိုင်ငံခြား ငွေ ယူရိုဖြင့် ပြည်တွင်း၊ ပြည်ပကုန်သည်များအား ရောင်းချသွားမည်ဖြစ်ပြီး ကျောက်စိမ်း အတွဲပေါင်း ၇ ထောင်ခန့် ပြသ သွားမည်ဟု မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။

ပြီးခဲ့သည့် နှစ်က ကျင်းပခဲ့သည့် ၅၅ ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း ၅ ထောင် ကျော် တန်ဖိုးအားဖြင့် ယူရို သန်း ၄၀၀ ကျော် ရောင်းချခဲ့ကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ် ငန်းမှ သတင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက တနှစ်လျှင် ကျောက်မျက် ရတနာ ပြပွဲ ၃ ပွဲခန့် ပုံမှန်ကျင်းပပြီး နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပြပွဲ ၂ ပွဲနှင့် ကျပ်ငွေဖြင့် ရောင်းချသည့်ပြပွဲ ၁ ပွဲတို့ ဖြစ် ကြောင်း သိရသည်။

The post တရုတ် ရိုးရာပွဲများ လွတ်သည့် အချိန်တွင် ကျောက်မျက် ပွဲများ ပြုလုပ်ရန် သတ်မှတ် appeared first on ဧရာဝတီ.

စမတ် ကားပါကင်စီမံကိန်းအတွက် ကုမ္ပဏီများကို ရန်ကုန်စည်ပင် ဖိတ်ခေါ်

$
0
0

ယာဉ်ကြောရှုပ်ထွေးသည့် ရန်ကုန်မြို့လယ်တွင် စမတ်ယာဉ်ရပ်နားမှုစနစ်(smart parking system) စတင်နိုင်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီများထံမှ စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖိတ်ခေါ်ကမ်းလှမ်းထားသည်။

အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တစောင်တွင် အဆိုပါစနစ်ကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင်မြို့နယ်တွင် စတင် မိတ်ဆက်သွားမည်ဟု ဖော်ပြထားသည်။ အဆိုပါမြို့နယ်များသည် မြို့တော်၏ စီးပွားရေး အချက်အချာကျသည့် နေရာတွင် ပါဝင်နေပြီး မော်တော်ယာဉ်ရပ်နားမှုပြဿနာ အများဆုံးဖြစ်ပွားလျက် ရှိသည်။

ပြည်တွင်း/ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအကြား စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာများကို ဇန်နဝါရီလ ၂၈ ရက်မှ စတင်၍ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၃ နာရီအထိ တင်သွင်းကြရန် တိုက်တွန်းထားသည်။

အလိုအလျောက် ကားရပ်နားခ ကောက်ယူသည့် နည်းပညာဖြင့် ဖန်တီးထားသည့် စမတ်ကားပါကင်စနစ်ကို မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးရှိ မြို့နယ်အနည်းငယ်၌ အကောင်အထည်ဖော်နှင့်ပြီး ဖြစ်သည်။

တရားမဝင် ယာဉ်ရပ်နားခြင်း၊ ကန့်သတ်ယာဉ်ရပ်နားဇုန်များနှင့် ပတ်သက်၍ မြို့တော်နေပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ တိုင်ကြားချက်များတွင် အဓိကဖြစ်ပွားနေမှုတခုမှာ ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပြီး တိုင်းဒေသကြီးအစိုးရက ခေတ်မီယာဉ်ရပ်နားစနစ်တခု အကောင်အထည်ဖော်မည့်အစီအစဉ်ကို ယမန်နှစ်က ကြေညာခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက နိုဝင်ဘာလ ၃၀ ရက်၌ လွှတ်တော်တွင် ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ယာဉ်ရပ်နားရာနေရာများ ထားရှိနိုင်ရေးအတွက် လမ်းများချဲ့ခဲ့ကြောင်း၊ စမတ်ယာဉ်ရပ်နားမှုစနစ်ကိုလည်း စတင်နိုင်ရန် ပြင်ဆင်နေကြောင်း ဆိုသည်။ ရန်ကုန်ယာဉ်ကြောစနစ်နှင့် ယာဉ်ရပ်နားမှုပြဿနာများကို ကိုင်တွယ်မည့် အစီအစဉ်များနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တဦး၏မေးခွန်းကို ၎င်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

မူဝါဒသစ်အရ အဆောက်အဦသစ်များအနေဖြင့် ယာဉ်ရပ်နားရန် လုံလောက်သည့်နေရာ လိုအပ်မည်ဖြစ်ကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍမြှင့်တင်ခြင်းဖြင့် ပုဂ္ဂလိကမော်တော်ယာဉ်စင်းရေ လျှော့ချရေး ရေရှည်စီမံချက်မှာ အစိုးရ၌ ရှိကြောင်း ၎င်းက ထည့်သွင်းဖြေကြားခဲ့သည်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလက အစိုးရသည် မော်တော်ယာဉ်တင်သွင်းမှု ကန့်သတ်ချက်များကို ဖြေလျော့ပေးခဲ့သည်။ ယင်းဖြေလျော့ခြင်း၏ ရလဒ်အားဖြင့် ယခင် စစ်အစိုးရလက်ထက် ချောင်ချိနေသော ရန်ကုန်မြို့ရှိလမ်းများတွင် မော်တော်ယာဉ်အစီးရေမှာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက ၁၆၀,၀၀ စီးရှိရာမှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ၅၃၀,၀၀၀ စီးကျော်သို့ တဟုန်ထိုး များပြားပြည့်ကြပ်လာခဲ့ကြောင်း ဒုတိယဝန်ကြီး၏အဆိုအရ သိရသည်။

The post စမတ် ကားပါကင်စီမံကိန်းအတွက် ကုမ္ပဏီများကို ရန်ကုန်စည်ပင် ဖိတ်ခေါ် appeared first on ဧရာဝတီ.

Viewing all 5004 articles
Browse latest View live