Quantcast
Channel: စီးပွားရေး - ဧရာဝတီ
Viewing all 5004 articles
Browse latest View live
Facial Recognition စနစ်က ဘတ်စ်ကားပေါ်က ကြော်ငြာဓာတ်ပုံကို မှားယွင်းအရေးယူမှု ဖြစ်ပွား
$
0
0
တရုတ်နိုင်ငံဟာ ယာဉ်စည်းကမ်းဖောက်ဖျက်သူတွေ အပါအဝင် ဒုစရိုက်သမားပေါင်းစုံကို ဖမ်းဆီးဖို့အတွက် မျက်နှာစစ်ဆေးအတည်ပြုမှု (Facial Recognition) စနစ်ကို မြို့ကြီးတွေမှာ တပ်ဆင်၊ အသုံးပြုလျက် ရှိပါတယ်။
ယခုတပတ်အတွင်းမှာ တရုတ်နိုင်ငံက Facial Recognition စနစ်တခုဟာ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတဦးကို လမ်းစည်းကမ်းဖောက်ဖျက်မှုနဲ့ လူသိရှင်ကြား ထုတ်ဖော်၊ အရေးယူခဲ့ပါတယ်။ လူကူးမီးနီနေတုန်းမှာ လမ်းဖြတ်ကူးနေတဲ့ အဆိုပါအမျိုးသမီးရဲ့ မျက်နှာကို Facial Recognition စနစ်က ဖမ်းမိပြီး၊ လမ်းဆုံက Screen ကြီးတခုမှာ ဖော်ပြခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်းတော့ သူမဟာ လမ်းစည်းကမ်း မဖောက်ဖျက်ခဲ့ရုံမက၊ အဆိုပါနေရာမှာတောင် ရှိမနေခဲ့ပါဘူး။
ဖြစ်ပုံကတော့ တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်၊ လမ်းဆုံလမ်းခွတခုမှာ တပ်ဆင်ထားတဲ့ Facial Recognition ကင်မရာတွေဟာ လူကူးမီး နီနေတုန်း ဖြတ်သန်းသွားတဲ့ ဘတ်စ်ကားဘေးက Dong Mingzhu ရဲ့ ကြော်ငြာဓာတ်ပုံကို လမ်းစည်းကမ်းဖောက်ဖျက်သူ အဖြစ် မှားယွင်း ရိုက်ကူးမိခဲ့တာ ဖြစ်ပါတယ်။
Facial Recognition စနစ်ဟာ Dong ရဲ့ မျက်နှာကို လမ်းဆုံက Screen ကြီးတခုမှာ လမ်းစည်းကမ်းဖောက်ဖျက်သူ အဖြစ် ဖော်ပြခဲ့ရုံမက၊ မှတ်ပုံတင်နံပါတ်နဲ့ အမည်တို့ကိုပါ လူသိရှင်ကြား ပြသထားခဲ့တာပါ။
Dong Mingzhu ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းလေအေးပေးစက်ကုမ္ပဏီတခုမှာ ဥက္ကဌ ဖြစ်သလို၊ တရုတ်နိုင်ငံရဲ့ အထူးချွန်ဆုံး စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ၁၀၀ စာရင်းမှာလည်း မနှစ်က ရွေးချယ် ဖော်ပြခံခဲ့ရသူ ဖြစ်ပါတယ်။
မကြာခင်မှာပဲ ဒေသခံရဲတွေဟာ ယခု မှားယွင်းမှုကို Weibo ဝဘ်ဆိုဒ် မှာ ဝန်ခံခဲ့ပါတယ်။ နောက်နောင် အလားတူဖြစ်ရပ်မျိုး မဖြစ်ပွားစေဖို့အတွက် Facial Recognition စနစ်ကိုလည်း အဆင့်မြှင့်တင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက ယာဉ်ထိန်းရဲတွေဟာ စည်းကမ်းဖောက်ဖျက်သူတွေကို အရေးယူဖို့အတွက် Facial Recognition စနစ်တွေကို ပိုမိုအားထားလာကြပါတယ်။
Ref: The Verge, Abacus
The post Facial Recognition စနစ်က ဘတ်စ်ကားပေါ်က ကြော်ငြာဓာတ်ပုံကို မှားယွင်းအရေးယူမှု ဖြစ်ပွား appeared first on ဧရာဝတီ.
အတုယူသင့်သော ဂျာကာတာ အများပြည်သူ သယ်ယူပို့ဆောင်ရေး
$
0
0
ပြောင်လက်တောက်ပသည်။ ချောမွေ့နူးညံ့သည်။ ဈေးနှုန်းမြင့်မားသည်။
ကွာလာလမ်ပူ၏ MRT (၅၁ ကီလိုမီတာ ရှည်လျားသည့် Sungai Buloh-Kajang လိုင်း)က ကြီးကျယ်ခမ်းနား သည့် အင်ဂျင်နီယာ လက်ရာတခု ဖြစ်သည်။ တောက်ပြောင်ဝင်းလက်နေပြီး မြေပြင်အထက် ဘူတာရုံများက အာကာသယာဉ်များသဖွယ် ဖြန့်ကျက်ထားသည်။
အမေရိကန် ဒေါ်လာ ၄.၇ ဘီလီယံ ကုန်ကျသည့် စီမံကိန်းက ထည်ဝါလွန်းခြင်းအတွက် ဝေဖန်မှုများ ရရှိခဲ့သည်။ လမ်းကြောင်းက အလွန် ထူးခြားစွာ ဖြောင့်တန်းနေခြင်းနှင့် Damansara Heights နှင့် Taman Tun Dr. Ismail တို့ကဲ့သို့သော ကွာလာလမ်ပူ၏ အထက်တန်းအကျဆုံး မြို့နယ်အချို့တွင် ဘူတာရုံ အများစု ရှိနေရန် ဖြစ်လာ ခြင်းတို့က ထည့်ပြောရန်ပင်လိုမည် မထင်ပါ။
ဂျကာတာ၏ မြို့ပြသယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦးကမူ အဆင့်အတန်းမြင့်သည်ဟု မဆိုနိုင်ပါ။ အင်ဒိုနီးရှား နိုင်ငံ၏ လူဦး ရေ ၃၂ သန်းရှိသော မြို့တော်(အလယ် ဂျကာတာ၊ Bogor၊ Depok၊ Tangerang နှင့် Bekasi တို့ ပေါင်းစပ်ထားသည့် မဟာ ဂျကာတာ)သည် အကန့်အသတ်များသော အရင်းအမြစ်များဖြင့် အလုပ်ဖြစ်အောင် လုပ်နေရသည်။ ရှိသလောက်ကို အစွမ်းကုန် အရှိန်မြှင့်၍ လုပ်ကိုင်နေရသည်။
ဆူဟာတိုခေတ် ဆောက်လုပ်ရေးများမှ လွတ်မြောက်လာခဲ့သည့် ၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် ဂျကာတာမြို့တွင် ယာဉ်ကျောပိတ်ဆို့ခြင်းက အဓိက စိန်ခေါ်မှုတခု ဖြစ်ခဲ့သည်။ ထိုစဉ်က ဂျကာတာ အုပ်ချုပ်ရေးမှူး ဖြစ်သည့် တက်ကြွသည့် ဗိုလ်ချုပ်ကြီးဟောင်း ဆူတိုယီစိုက ကိုလံဘီယာနိုင်ငံ၏ မြို့တော် Bogotá တွင် အောင်မြင်ခဲ့သည့် Bus Rapid Transit (BRT) စနစ်ကို တွေ့မြင်ပြီး မြို့တော်တွင် အလားတူ ပုံစံတခု အကောင်အထည်ဖော်ရန် ရွေးချယ်ခဲ့သည်။ ပထမဆုံး လမ်းကြောင်းကို အလွန်အရေးပါသည့် မြို့တော်၏ တောင်နှင့် မြောက်ဝန်ရိုးစွန်းများ ဖြစ်သည့် Sudirman လမ်းနှင့် Thamrin လမ်းတလျှောက် အကောင်အထည်ဖော်ခဲ့သည်။
ကွာလာလမ်ပူ၏ အထက်တန်းကျသည့် MRT
ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံတွင် ဘဏ္ဍာရေး အခက်အခဲများရှိနေသည်။ ၁၉၉၇ အာရှ ဘဏ္ဍာရေး အကျပ်အတည်းမှ ပြန်လည် နာလံထခါစ ရှိသေးပြီး ရူပီးယား ငွေတန်ဖိုးက အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၅၀၀ ရာခိုင်နှုန်း ကျဆင်းသွားသည်အထိ ငွေတန်ဖိုး ကျဆင်းခြင်းနှင့် ကြုံတွေ့နေရသည်။ အရင်းအမြစ်များက အလွန် အကန့် အသတ်ဖြစ်နေခဲ့သည်။
PT Transportasi Jakarta (TransJakarta ဟုလည်း ခေါ်သည်) က လုပ်ကိုင်သည့် BRT သည် ကုန်ကျစရိတ် သက်သာ၍ သဘောကျချင်စရာ ဖြစ်ခဲ့ပြီး အသင့်ရနိုင်သည့် အဖြေတခုကိုလည်း ပေးသည်။ ၁၂.၉ ကီလိုမီတာ ရှည်သည့် မိုးပျံလမ်းကြောင်းတခု တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၂၉ သန်း ကုန်ကျခြင်းကလည်း ရှိနေသည့်အတွက် လက်ရှိ လမ်းများနှင့် ရိုးရှင်းသော နည်းပညာများကို အခါခါ ကျင့်သုံးရင်း ယခုအခါတွင် လမ်းကြောင်း ၁၂၅ ခု၊ ဘတ်စ်ကား ၂၀၀၀ နှင့် နေ့စဉ် ခရီးသည် ၆၅၀၀၀၀ ကို ပို့ဆောင်ပေးနေပြီ ဖြစ်သည်။
ထို့ပြင် လမ်းများ တစိုက်မတ်မတ် တည်ဆောက်ရန်နှင့် ကားလက်မှတ်ခကို အလွန်ချိုသာသည့် ဈေးနှုန်းဖြစ်သော ရူပီးယား ၃၅၀၀( ဝ.၂၃ ဒေါ်လာ) တွင် ထိန်းထားရေးအတွက် ရေရှည်ထောက်ပံ့မှုများ ပြုလုပ်သွားရန် ခိုင်မာသော နိုင်ငံရေး ကတိကဝတ်တခုကလည်း ၁၄ နှစ်အတွင်းတွင် မပြောင်းမလဲ ရှိခဲ့သည်။
ဂျကာတာ၏ BRT ဘတ်စ်ကားများသည် ကားကျပ်သော ဂျာကာတာတွင် ကိုယ့်လမ်းနှင့် ကိုယ် မောင်းကြရသည်။
သို့သော်လည်း ကွာလာလမ်ပူ၏ MRT က နေ့စဉ် ခရီးသည် ၁၃၂၀၀၀ ခန့်ကိုသာ ပို့ဆောင်ပေးနိုင်ပြီး ၂၀၁၇ ခုနှစ် အလယ်ပိုင်းတွင် ပြည့်မီရန် ရည်မှန်းထားသည့် ခရီးသည် ၁၅၀၀၀၀ ဦးတည်ချက်ကို မရောက်ရှိသေးကြောင်း ၎င်း ၏ အော်ပရေတာဖြစ်သော Prasarana Malaysia ၏ အဆိုအရ သိရသည်။ လက်မှတ်ခကလည်းက အမေရိကန် ဒေါ်လာ ၁.၅ အထိ မြှင့်တင်သည့်တိုင် MRT က ဆက်လက်အရှုံးပေါ်နေဆဲ ဖြစ်သည်။ အရင်းပြန်ရရန် နေ့စဉ် ခရီးသည် အနည်းဆုံး ၂၅၀၀၀၀ လိုအပ်သည်ဟု မလေးရှားနိုင်ငံ ဒုတိယ ဘဏ္ဍာရေး ဝန်ကြီးဟောင်း Datuk Othman Aziz က ပြောသည်။
ခြုံငုံ၍ပြောရလျှင် မလေးရှားမြို့တော်၏ အများပြည်သူပို့ဆောင်ရေးကို စီးနင်းမှုနှုန်းက ရပ်တန့်၍နေသည်။ ကွာလာလမ်ပူမြို့တွင် နေ့စဉ်ခရီးသွားလာသူတို့၏ ၁၀ ရာခိုင်နှုန်းကသာ အများပြည်သူ ပို့ဆောင်ရေးစနစ်ကို အသုံးပြုကြသည်။ ၂၀၁၀ ခုနှစ်ကလည်း အလားတူနှုန်းပင် ဖြစ်သည်။
ဤသို့ ဆိုပါလျှင် ဂျကာတာ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကို မည်သည့်အရာက အောင်မြင်စေခဲ့ပါ သနည်း။
ဂျကာတာ မှ Institute for Transportation and Development Policy (ITDP) တွင် Transport Associate အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အသက် ၂၆ နှစ်အရွယ် Maulana Ichsan Gituri အတွက် အဖြေက လွယ်ကူ ပါသည်။
ဂျကာတာ မှ Institute for Transportation and Development Policy (ITDP) တွင် Transport Associate အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အသက် ၂၆ နှစ်အရွယ် Maulana Ichsan Gituri
“TransJakarta က BRT ကို ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးအောင် ပြုလုပ်ခဲ့ပါတယ်။ အစိုးရဆီက အထောက်အပံ့လည်း ရတယ်။ ဒါကြောင့် လမ်းကြောင်း အားလုံးကို ပုံသေဈေးနှုန်း ရူပီးယား ၃၅၀၀ နဲ့ ပြေးဆွဲနိုင်တယ်။ အများပြည်သူ ဝန်ဆောင်မှုဆိုတာ အဲဒါပဲ။ အမြတ်အစွန်းကို စိတ်ထဲမှာ ထားပြီး တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ (အစိုးရရဲ့) အထောက်အပံ့သာ မပါရင် တချို့ လမ်းကြောင်းတွေမှာ ယာဉ်စီးခက ရူပီးယား ၁၂၀၀၀ (ဝ.၈၀ ဒေါ် လာ) လောက်အထိ မြင့်တက်သွားနိုင်ပါတယ်။”
ချထားပေးသည့် ငွေများထဲမှ အတော်အသင့် များပြားသည့် ပမာဏကို အသုံးမပြုရသေးဘဲ ရှိနေသည့်တိုင် ယခု တနှစ်တည်းအတွင်းမှာပင် ဂျကာတာ ပြည်နယ်အစိုးရက ဝန်ဆောင်မှု (လုပ်ငန်းကုန်ကျစရိတ်အတွက် ထောက်ပံ့သည့်အနေဖြင့်) အမေရိကန်ဒေါ်လာ သန်း၂၀၀ ချထားပေးခဲ့ပြီး ဖြစ်သည်။
“ခြုံပြောရရင် ဒါက အောင်မြင်မှုတခုပဲ။ အဲဒါက ခရီးသွားလာတဲ့ အချိန်ကို အများကြီး လျှော့ချလိုက်တယ်။ နောက်ဆုံးတော့ အစုအပြုံလိုက် ပို့ဆောင်ရေး(mass transportation)ရဲ့ ပန်းတိုင်က အဲဒါပါပဲ။”
MRT နှင့် BRT တို့သည် အများပြည်သူ ပို့ဆောင်ရေးစနစ်၏ အလွန်ကွဲပြားသည့် ပုံစံများ ဖြစ်ကြသော်လည်း အရေးပါသည့် အချက်မှာ အဆင့်မြင့်နည်းပညာ သို့မဟုတ် ကုန်ကျစရိတ် များပြားခြင်းက ထိရောက်သော အဖြေ တခုကို မပေးနိုင်ခြင်း ဖြစ်ပါသည်။
ဥပမာအားဖြင့် ကွာလာလမ်ပူတွင် မြို့တော်ကို ကမ်းရိုးတန်းနှင့် Klang မြို့တို့နှင့် ဆက်သွယ်ထားသည့် အရေးကြီး သော ဖက်ဒရယ် အဝေးပြေး လမ်းတလျှောက်တွင် BRT စနစ်တခု ရှိခဲ့သင့်ပါသည်။ (တည်ဆောက်ရန် ပြင်ဆင် ပြီး မှ ၂၀၁၇ ခုနှစ်တွင် အစိုးရက စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။)
ထိုအချိန်တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သူ၏ မြို့တော်၏ ဘတ်စ်ကား ဝန်ဆောင်မှုများကို အလုံးစုံ ပြောင်းလဲရန် ဖြည်းဖြည်းချင်း ပုံဖော်နေရာ မြန်မာနိုင်ငံ၏ ထိပ်တန်းမြို့တော်အတွက် အကြံပေးသင့်သည် မှာ BRT စနစ်တခုကို အကောင်အထည်ဖော်ရန် ဖြစ်သည်။ အထူးသဖြင့် မြို့တော်၏ မြောက်ပိုင်းဒေသများနှင့် ရန် ကုန်မြို့လယ်ကို ဆက်သွယ်ပေးထားသည့် ပြည်လမ်းတလျှောက်တွင် ဖြစ်သည်။
<< TransJakarta က BRT ဘတ်စ်ကားများပေါ်တွင် ဖွင့်ထားသော ပရိုမိုးရှင်း ဗီဒီယို>>
လူဦးရေ ၂၁.၃သန်း ရှိသည့် မဟာမနီလာ ဧရိယာ အတွက်လည်း အများပြည်သူပို့ဆောင်ရေးက ခေါင်းခြောက်ဖွယ်ရာ ဖြစ်သည်။၎င်း၏ MRT စနစ်က စိတ်ကူးစိတ်သန်းအားနည်းခြင်း၊ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်းနှင့် စွမ်းဆောင် ရည် ကျဆင်းခြင်းတို့ကြောင့် ခရီးသည်များမှာ ရထားပေါ်သို့တက်ရန် အတွက် ပျမ်းမျှ ၂ နာရီမှ ၃ နာရီ ခန့်အထိ တန်းစီ စောင့်ဆိုင်းနေကြရသည်။ Makati နှင့် Pasigမြို့၊ အရှေ့တောင်အာရှ၏ အကြီးမားဆုံးကားပါကင်၏ ခေါ် ကြသည့် Quezon မြို့တို့ကို ဆက်သွယ်ပေးထားသည့် အလွန်အရေးပါသော EDSA လမ်းကဲ့သို့သော အဓိက ကျသည့် လမ်းကြောင်းများအတွက် BRTက သက်သာမှုပေးနိုင်မည် ဖြစ်သည်။
အမှန်တကယ်တွင် တခါတရံ၌ ထိုကိစ္စများအားလုံးက နိုင်ငံရေးစိတ်ဆန္ဒနှင့် ဆန်းသစ်ပြောင်းလဲသည့် အမြင်တခု အပေါ်တွင် တည်ပါသည်။
ဂျကာတာက လမ်းပန်းဆက်သွယ်ရေးတွင် ပြည့်စုံကောင်းမွန်မှုနှင့် အလှမ်းဝေးပါသည်။ သို့သော်လည်း အနည်း ဆုံးတော့ BRT အမည်ရသည့် ၎င်း၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်က သူလုပ်ရမည့် အလုပ်ကို လုပ် နေသည်။ လက်ခံနိုင်လောက်ဖွယ်ရာရှိသည့် အချိန်အတိုင်းအတာ တခုအတွင်းတွင် ပြည်သူများကို ဈေးနှုန်းချိုသာစွာဖြင့် ပို့ဆောင်ပေးနေသည်။ လက်ရှိအခြေအနေက ဂျကာတာ၏ နောက်ဆုံးရည်ရွယ်ချက် မဖြစ်သင့်သော်လည်း ဂျကာတာမြို့တော်၏ အများပြည်သူ ပို့ဆောင်ရေးစနစ်ကို BRT က အထောက်အကူ ပေးနေသည်။ ဆက်လက်၍ ပေးသွားမည်ဆိုသည်မှာလည်း သံသယရှိစရာ မလိုပါ။
အရှေ့တောင်အာရှ၏ မြို့တော်အားလုံးအနေဖြင့် ရွေးချယ်စရာ အများအပြားကို စားပွဲဝိုင်းတွင် စစ်ဆေးသုံးသပ် ကြသည့်အခါ ဂျကာတာ၏ BRT ကို ခေါင်းထဲတွင် ထည့်ထားသင့်ပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
The post အတုယူသင့်သော ဂျာကာတာ အများပြည်သူ သယ်ယူပို့ဆောင်ရေး appeared first on ဧရာဝတီ.
ဖုန်းဘက်ထရီကို ထိခိုက်စေနိုင်တဲ့ အဓိက အကြောင်းရင်း ၅ ချက်
$
0
0
ပြင်ပအပူချိန်နဲ့အတူ သုံးစွဲနေတဲ့ Electronics ပစ္စည်းတွေဟာ တိုက်ရိုက် ဆက်စပ်နေပြီး စမတ်ဖုန်းတွေရဲ့ ဘက်ထရီကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တဲ့အပြင် ဘက်ထရီရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း ကျဆင်းစေနိုင်တဲ့ အတွက်ကြောင့် ဘယ်လိုအချက်တွေဟာ ဖုန်းဘက်ထရီကို ထိခိုက်စေနိုင်တယ်ဆိုတာ ဗဟုသုတအနေနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) ဖုန်းလိုင်း မမိတဲ့အခါ အားပိုကုန်တယ်
ဖုန်းလိုင်း သေချာ မမိတဲ့ ဧရိယာတွေမှာ ဖုန်းကို အသုံးပြုတဲ့အခါ ဘက်ထရီကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန်နိုင်ငံရဲ့ စစ်တပ်မှ လျှပ်စစ်ကျွမ်းကျင်ပညာရှင်တဦးဖြစ်တဲ့ Kyle Logue က ပြောဆိုခဲ့ပါတယ်။
“ဖုန်းဟာ အိတ်ကပ်ထဲမှာ ရှိနေတယ်ဆိုပေမယ့် တာဝါတိုင်တွေဆီကနေ ဖုန်းလိုင်းကို လိုက်လံဖမ်းယူနေရတာဖြစ်ပြီး ဖုန်းလိုင်း မရရှိနိုင်တဲ့အခါမှာတော့ Notification ကို ဘက်ထရီပါဝါ ပိုအသုံးပြုပြီး အသိပေးပါတော့တယ်။ အဲဒီအချိန်မှာ ဆက်ပြီး အသုံးမပြုဘဲ ဖုန်းလိုင်းမိမယ့် နေရာရောက်မှ အင်တာနက် ဒါမှမဟုတ် ရိုးရိုးဖုန်းခေါ်ဆိုမှုတွေကို ဆက်လက်ပြုလုပ်သင့်ပါတယ်”လို့ ဆိုပါတယ်။
(၂) အားကုန်စေတဲ့ Application မာျး
Notification အသုံးပြုမှုများတဲ့ Application တွေဟာလည်း ဖုန်းဘက်ထရီကို ကျဆင်းစေတဲ့ အချက်တွေထဲမှာ တခုအပါအဝင်ပါ။ အရေးကြီးတဲ့ Application တွေ ရှိနေတယ်ဆိုရင်တောင် မလိုအပ်တဲ့ Application တွေအတွက် Notification ကို စိစစ်ထားရမှာ ဖြစ်ပါတယ်။ Application တခုပြီးတခု Install လုပ်တိုင်း Notification တွေကို လက်ခံနေမယ်ဆိုရင်တော့ ဖုန်းဘက်ထရီရဲ့ သက်တမ်းဟာ လိုတာထက်ကို ပိုပြီး လျော့ကျသွားမှာ ဖြစ်ပါတယ်။
(၃) GPS နဲ့ Bluetooth များ ဖွင့်ထားခြင်း
GPS နဲ့ Bluetooth တွေကို အသုံးမပြုဘဲ ဖွင့်ထားခြင်းဟာလည်း အခြားအရေးကြီးတဲ့ အသုံးပြုစရာကိစ္စတွေအတွက် ဖုန်းဘက်ထရီကို ချွေတာနိုင်မယ့် နည်းလမ်းတခုပါ။
(၄) ဓာတ်ပုံနဲ့ ဗီဒီယို အလွန်အကျွံ ရိုက်ကူးခြင်း
ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးခြင်းတွေဟာလည် းဖုန်းဘက်ထရီကို ထိခိုက်စေနိုင်ပါတယ်။ ဓာတ်ပုံထက် ဗီဒီယိုရိုက်ကူးခြင်းဟာ ဘက်ထရီရဲ့ ပါဝါကို အသံရော အရုပ်အတွက်ပါ အသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေ ရိုက်ကူးရမယ်ဆိုတဲ့ကိစ္စရပ်တွေမှာ Airplane Mode အသုံးပြုပြီး ရိုက်ကူးတာဟာ ဘက်ထရီကို ထိခိုက်မှု လျော့နည်းစေပါတယ်။
(၅) အားကုန်တဲ့အထိ အသုံးပြုကာ အားမသွင်းဘဲ ပစ်ထားခြင်း
တနေကုန် ဖုန်းအားကုန်တဲ့ အထိ အင်တာနက် ဒေတာများ အသုံးပြုခြင်း၊ ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဖုန်းပြောဆိုခြင်း၊ ဂိမ်းကစားခြင်းများ ပြုလုပ်ပြီး အားကို သေချာပြန်မသွင်းဘဲ ထားရင်လည်း ဖုန်းဘက်ထရီကို ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။
Ref: www.rd.com
The post ဖုန်းဘက်ထရီကို ထိခိုက်စေနိုင်တဲ့ အဓိက အကြောင်းရင်း ၅ ချက် appeared first on ဧရာဝတီ.
Ohio ပြည်နယ်မှာ Bitcoin နဲ့ အခွန်ဆောင်နိုင်ပြီ
$
0
0
အမေရိကန်ပြည်ထောင်စု၊ Ohio ပြည်နယ်က စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ယနေ့ တနလာင်္နေ့က စတင်ပြီး Bitcoin နဲ့ အခွန်ပေးဆောင်နိုင်ပြီ ဖြစ်ပါတယ်။ Cryptocurrency ငွေကြေးစနစ်တခုဖြစ်တဲ့ Bitcoin ကို တရားဝင် လက်ခံတဲ့ ပထမဆုံး ပြည်နယ်အဖြစ်လည်း Ohio က မှတ်တမ်းဝင်သွားပါပြီ။
Bitcoin ဒီဂျစ်တယ်ငွေကြေးစနစ်ကို အသုံးပြုပြီး အခွန်ပေးဆောင်ချင်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ Ohio Crypto.com ကို သွားရောက်ကာ၊ မှတ်ပုံတင်ပြီး နှစ်သက်ရာ အခွန်ငွေပမာဏကို Bitcoin နဲ့ ပေးဆောင်နိုင်မှာပါ။ Bitcoin နဲ့ အခွန်ဆောင်နိုင်မယ့် အစီအစဉ်ကို ပြည်နယ်ဘဏ္ဍာရေးမှူး Josh Mandel က အကြံရခဲ့တာ ဖြစ်ပါတယ်။
OhioCrypto.com မှာတော့ Bitcoin နဲ့ ပေးဆောင်နိုင်တဲ့ အခွန်အမျိုးအစား ၂၃ မျိုးကို စာရင်းပြု ဖော်ပြထားပါတယ်။ ဒါ့အပြင် Bitcoin နဲ့ အခွန်ဆောင်တာဟာ လုံခြုံမြန်ဆန်မှုရှိပြီး ပွင့်လင်းမြင်သာမှု ရှိတဲ့ နည်းစနစ် ဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
Bitcoin အသုံးပြု အခွန်ဆောင်ချင်သူ Ohio စီးပွားရေး လုပ်ငန်းတွေအနေနဲ့ အထက်ပါဝဘ်ဆိုဒ်မှာ ပြည်နယ် လုပ်ငန်း မှတ်ပုံတင်အမှတ်နဲ့ ပေးချေလိုတဲ့ အခွန်ပမာဏ၊ အခွန်ဆောင်ရမည့် ရက်စွဲတို့ကို အရင် ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။
အဲဒီနောက် မိမိရဲ့ Cryptocurrency Wallet ကို အသုံးပြုပြီး BitPay ကနေတဆင့် အခွန် ပေးချေနိုင်မှာပါ။ လက်ရှိမှာတော့ Bitcoin စနစ် တမျိုးတည်းပဲ လက်ခံသေးပြီး နောက်ပိုင်းမှာ တခြား ဒီဂျစ်တယ် ငွေကြေးစနစ်တွေနဲ့လည်း အခွန်ပေးနိုင်အောင် လုပ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။
Ref: Tech Crunch, The Verge
The post Ohio ပြည်နယ်မှာ Bitcoin နဲ့ အခွန်ဆောင်နိုင်ပြီ appeared first on ဧရာဝတီ.
တရုတ် ဝယ်လိုအားကြောင့် မလေးရှား ဒူးရင်းသီးစိုက်ပျိုးမှု တိုးချဲ့
$
0
0
တရုတ်နိုင်ငံမှ ဝယ်လိုအား မကြုံစဖူး မြင့်မားလာခြင်းကို အခွင့်ကောင်းယူပြီး မလေးရှားနိုင်ငံသည် ဒူးရင်းဧက ထောင်နှင့်ချီ စိုက်ပျိုးရန် အလျင်အမြန် လုပ်ဆောင်နေပြီး အဆိုပါ ရနံ့ပြင်း၍ ဆူးပါသော အသီးသည် မကြာမီ မလေးရှား၏ နောက်ထပ် အဓိက ပို့ကုန်ဖြစ်လာတော့မည်ဟု သိရသည်။
ယခင်က မိသားစု သစ်သီးခြံများနှင့် အနည်းငယ်မျှသာ စိုက်ပျိုးပြီး ဒူးရင်းသီးသည် ရင့်မှည့်သောအခါ အနံပြင်းသည်ဟု တချို့ကပြောဆိုသော်လည်း ယခင်က မကြုံဘူးသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နေသဖြင့် အိမ်ခြံမြေ လုပ်ငန်း ရှင်ကြီးများနှင့် မလေးရှားနိုင်ငံ၏ အကြီးမားဆုံး စိုက်ပျိုးရေး ပို့ကုန်ဖြစ်သာ ဆီအုန်း လုပ်ငန်းရှင် ကြီးများသည်ပင် ဒူးရင်း စိုက်ပျိုးရေး လုပ်ငန်းအတွင်းသို့ ထိုး ဖောက် ဝင်ရောက်နေကြသည်။
မလေးရှား အစိုးရကလည်း ဒူးရင်းအကြီးအကျယ် စိုက်ပျိုးရေးကို အားပေးနေပြီး ၂၀၃၀ ပြည့်နှစ်တွင် ဒူးရင်းသီး တင်ပို့မှု ၅၀ ရာခိုင်နှုန်း တိုးမြှင့်နိုင်ရန် မျှော်မှန်းထားသည်။
“ဒူးရင်းသီး စိုက်ပျိုးရေးလုပ်ငန်းက ပြည်တွင်းအဆင့်ကနေ နိုင်ငံတကာ အဆင့်ကို တိုးတက်လာပြီ။ တရုတ်နိုင်ငံက ကြီးမား တဲ့ ဝယ်လိုအားကြောင့် အကြီးအကျယ် စိုက်ပျိုးမှုတွေ ဖြစ်လာပြီ”ဟု ဒူးရင်း သီး စိုက်ပျိုးရေးလုပ်ငန်း အတိုင်ပင်ခံ လင်ချင်ခီးက ပြောသည်။
ရှန်းဟိုင်းမြို့မှ ဒူးရင်းသီး ပီဇာဆိုင်(ဓာတ်ပုံ – Reuters)
“ဒူးရင်းသီး စိုက်ပျိုးရေး လုပ်ငန်း မထွန်းကားခင်က ဒူးရင်းခြံဆိုတာ အပျင်းပြေလုပ်ကြတာ။ အခုတာ့ ဧကရာချီ စိုက်နေကြပြီ၊ ကြီးထွားလာပြီ။ နောက်လည်း ထပ် တိုးတက်လာဦးမယ်” ဟု သူက ဆက် ပြောသည်။
ပြင်းထန်စူးရှသော ရနံ့ကြောင့် ဒူးရင်းသီးကို အရှေ့တောင်အာရှရှိ လေဆိပ်တချို့၊ ဟိုတယ်တချို့နှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် တားမြစ်ကောင်း တားမြစ်မည် ဖြစ်သော်လည်း တရုတ်လူမျိုး များက လွန်စွာ နှစ်ခြိုက်ကြသည်။
တရုတ်နိုင်ငံတွင် ဒူးရင်းသီး အနံ့အရသာဖြင့် ရောင်းချသော အစားအစာများတွင် ပီဇာ၊ ထောပတ်၊ ဟင်းသီးဟင်းရွက်သုပ် ရန် အရည်နှင့် နွားနို့တို့ ပါဝင်သည်။
“ပထမတော့ သူ့အနံ့က ပြင်းထန်လွန်းတယ်လို့ ထင်လို့ ကျနော် ဒူးရင်းသီးကို မုန်းတယ်” ဟု အသက် ၂၆ နှစ်အရွယ် ဟယ်လင်လီက ရှန်ဟိုင်းရှိ ဒူးရင်းသီးပီဇာ အထူးရောင်းချသော စားသောက်ဆိုင် တဆိုင်တွင် စားသောက်ရင်း ပြောသည်။
မကြာသေးမီက နေ့လယ်စာ စားချိန်အတွင်း ထိုဆိုင်သို့ လာသူတိုင်းနီးပါးသည် ယွမ် ၆၀ (၈.၅ ဒေါ်လာ) ပေးရသော ဒူးရင်းသီး ပီဇာကို စားသောက်ကြသည်။
“ဒါပေမယ့် မြည်းကြည့်လိုက်တော့ တော်တော်စားလို့ ကောင်းတယ်။ ဒူးရင်းသီးမုန်းတဲ့ သူတွေဟာ အနံ့ကြောင့် လန့်နေ ကြတာလို့ ကျနော်ထင်တယ်။ ဒါပေမယ့် တခါလောက် မြည်းကြည့်လိုက်ရင် သူတို့အမြင် ပြောင်းသွားမယ် ထင်တယ်” ဟု သူက ဆက်ပြောသည်။
ရှန်ဟိုင်းရှိ ၁၄၈ ယွမ် (၂၁ ဒေါ်လာ) တန် ဒူးရင်းသီး ကြက်သားဟော့ပေါ့ ရောင်းသော တခြားဆိုင် တဆိုင်၏ ပိုင်ရှင် ချင် ဝေဟောင်က သူ၏ ဆိုင်တွင် ထိုင်းမှ တင်သွင်းသော ဒူးရင်းသီး ၂၀ မှ ၂၅ ကီလိုအထိ လစဉ် ရောင်းရသည်ဟု ပြောသည်။
“မြည်းကြည့်လိုက်ရင် အပူပိုင်းဒေသကို ရောက်သွားသလိုမျိုး လန်းဆန်းချိုမြိန်တဲ့ အရသာကို ခံစားရ မယ်” ဟု ထိုဆိုင်သို့ လာရောက် စားသောက်သူ အသက် ၂၇ နှစ် အရွယ် ယန်ယန်က ပြောသည်။
ထိပ်တန်းဒေါ်လာ
မလေးရှားနိုင်ငံမှ မူဆန်ဘုရင် ဒူးရင်းသီးသည် အသားပြစ်နှစ်ပြီး ချိုခါးသော အရသာ ရှိသောကြောင့် တရုတ်တို့က ဈေးကောင်းပေးကြသည်။ ယခုအခါ တနိုင်ငံလုံးတွင် စိုက်ပျိုးနေပြီဖြစ်သော ထို ဒူးရင်း မျိုး၏ ဈေးနှုန်းသည် လွန်ခဲ့သော ၅ နှစ်အတွင်း လေးဆနီးပါး တက်လာသည်။
ရှန်းဟိုင်းမြို့မှ ဒူးရင်းသီး ပီဇာဆိုင်(ဓာတ်ပုံ – Reuters)
တရုတ်နိုင်ငံ၏ ဒူးရင်းသီး တင်သွင်းမှုသည် လွန်ခဲ့သောနှစ်က ၁၅ ရာခိုင်နှုန်း တက်လာပြီး တန်ချိန် ၃၅၀၀၀၀ ရှိကာ ဒေါ်လာ သန်း ၅၁၀ ဖိုးရှိသည်ဟု ကုလသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာ သတင်းအချက် အလက်များ အရ သိရသည်။ ၎င်းတို့အနက် ၄၀ ရာခိုင်နှုန်းကို ဒူးရင်းသီး ထုတ်လုပ်တင်ပို့မှု အများ ဆုံးဖြစ်သော ထိုင်းနိုင်ငံမှ တင်သွင်းသည်။
မလေးရှားနိုင်ငံမှ တင်သွင်းမှုမှာ ၁ ရာခိုင်နှုန်းပင် မပြည့်သော်လည်း တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ယခု နှစ်တွင် ၁၄၆၀၀ တန်ခန့်သာရှိရာမှ ၂၀၃၀ ပြည့်နှစ်အရောက်တွင် ၂၂၀၆၁ တန်သို့ တက်လာ မည်ဟု မျှော်လင့်ရသည်။
လတ်တလောတွင် ဒူးရင်းသီး အနှစ်အသားများသာ တင်ပို့ရန် ကန့်သတ်ထားပြီး နောင်တွင် အလုံး လိုက် တင်ပို့နိုင် သည်အထိ ကုန်သွယ်ရေး ကျယ်ပြန့်လာမည် ဖြစ်သောကြောင့် ထိုသို့တိုးတက်လာ မည်ဟု မျှော်လင့်ခြင်း ဖြစ်သည်။
စားအုန်းဆီ လုပ်ငန်းကြီးဖြစ်သော IOI ကော်ပိုရေးရှင်းနှင့် အိမ်ခြံမြေမှ အပန်းဖြေစခန်းများအထိ လုပ်ကိုင်သော လုပ်ငန်းစု Berjaya ကော်ပိုရေးရှင်းတို့သည် ဒူးရင်းစိုက်ပျိုးရေး လုပ်ငန်းသို့ ထိုး ဖောက်ရန် သူ့ကိုတိုင်ပင်ကြောင်း အတိုင်ပင်ခံ လင်က ပြောသည်။
ဤသတင်းအတွက် မေးမြန်းမှုများကို IOI က ပြန်လည်ဖြေကြားခြင်း မရှိသော်လည်း ထို လုပ်ငန်း သည် အသေးစား စတင်စိုက်ပျိုးရန် လေ့လာနေပြီဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၏ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် ဗင်းဆင့်တန် ဦးဆောင်သော Berjaya ကလည်း ဝေဖန် ပြောကြားပေးရန် မေတ္တာရပ်ခံခဲ့သည်ကို အကြောင်းပြန်ကြားခြင်း မရှိပေ။
စိုက်ပျိုးရေး ဝန်ကြီးဌာနသည် ၎င်းတို့ပိုင်မြေပေါ်တွင် ဒူးရင်းစိုက်ပျိုးခြင်းကို လွန်ခဲ့သော နှစ်ကပင် စတင်ခဲ့ကြောင်း နိုင်ငံပိုင် စားအုန်းဆီ လုပ်ငန်းဖြစ်သော Felda က ပြောသည်။ အိမ်ခြံမြေလုပ်ငန်းရှင် လင်ကန်းဟို ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ သော PLS ဆောက်လုပ်ရေးနှင့် စားအုန်းဆီ စိုက်ပျိုးရေး လုပ်ငန်း က ၎င်းတို့သည် ဒူးရင်းသီး တင်ပို့သော လုပ်ငန်းတခုတွင် ရှယ်ယာ ဒေါ်လာ ၅ သန်းဖိုး ဝယ်ယူမည်ဟု လွန်ခဲ့သော လက ပြောသည်။
လွန်ခဲ့သော နှစ်က စတင်ထူထောင်ခဲ့သည့် M7 Plantation Bhd သည် မူဆန် ဘုရင် ဒူးရင်းသီး၏ မူရင်း ဒေသဖြစ်သော အရှေ့တိုင်း ကယ်လာတန်မှ ဂွာမူဆန်တွင် ဧက ၁၀၀၀၀ ဒူးရင်းစိုက်ခင်းကို ဖော်ထုတ်နေပြီး ဒူးရင်း တပင်လျှင် ဒေါ်လာ ၁၂၀၀ နှင့် ရောင်းချနေသည်။
“ဒီလုပ်ငန်းမှာ အလားအလာကောင်းလို့ ကျနော်တို့က ကုမ္ပဏီ ထူထောင်ခဲ့တာ။ အဓိက ပစ်မှတ်က တော့ တရုတ်နိုင်ငံပဲ” ဟု အမှုဆောင်အရာရှိချုပ် အန်းဂ် လီချင်က ပြောသည်။ သူ့ထံမှ ဝယ်ယူသူများ သည် တရုတ်နိုင်ငံမှ ဖြစ်သည်ဟု ဆက် ပြောသည်။
ရှန်းဟိုင်းမြို့မှ ဒူးရင်းသီး ပီဇာဆိုင်(ဓာတ်ပုံ – Reuters)
စိုက်ပျိုးရေးလောက၏ ရွှေ
“ဒူးရင်းသီးဟာ ရွှေဖြစ်လာလို့ စိုက်ပျိုးရေးုလုပ်ငန်းမှာ ဒူးရင်းသီးစိုက်ပျိုးတာဟာ အခုတော့ အပျင်းပြေ စိုက်ပျိုးတာ မဟုတ်တော့ဘူး” ဟု စိုက်ပျိုးရေးဌာနက အီးမေးလ်ဖြင့် ဖြေကြားသည်။
မလေးရှားနိုင်ငံတွင် ဒူးရင်းသီးစိုက်ပျိုးမှုမှာ လွန်ခဲ့သော နှစ်က ၇၂၀၀၀ ဟက်တာ ရှိပြီး စိုက်ပျိုးဧက အကျယ်အဝန်းမှာ လည်း တိုးတက်နေကြောင်းနှင့် ဒူးရင်းသီးစိုက်ပျိုးခြင်းသည် အကျိုးအမြတ် ပိုမို များပြားသောကြောင့် ဆီအုန်း စိုက်ခင်း များကို ဒူးရင်းစိုက်ခင်းများ အဖြစ် ပြောင်လဲနေကြကြောင်း အထက်ပါဌာနက ပြောသည်။
မူဆန်ဘုရင် ဒူးရင်းသီး တဟက်တာ စိုက်ပျိုးခြင်းသည် ဆီအုန်း တဟက်တာ စိုက်ပျိုးခြင်းထက် အကျိုးအမြတ် ကိုးဆ ပိုသည်ဟု မတ်လက စိုက်ပျိုးရေးဝန်ကြီး တာဝန်ယူခဲ့သူက ကိုးကားဖော်ပြခဲ့ သည်။
ဆာဘားပြည်နယ်တွင် ဒူးရင်းစိုက်ခင်းတချို့မှာ ဆီအုန်းစိုက်ခင်းများမှ ပြောင်းလာသော စိုက်ခင်းများ ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေး ဝန်ကြီးဌာနက ဆိုကာ ဟက်တာ ၅၀၀၀ ကျော်အထိ တိုးချဲ့ရန် စီစဉ်နေကြောင်း သိရသည်။
သို့သော် ဒူးရင်းစိုက်ပျိုးမှု တိုးလာသောကြောင့် ဆီအုန်းနှင့်အလားတူ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိနေသည်။
ဆီအုန်းလုပ်ငန်းကြောင့် အကြီးအကျယ် သစ်တောပြုန်းတီးမှုများ ဖြစ်ခဲ့ပြီး မလေးရှား၏ မုတ်သုန် သစ်တောများ အတွင်းရှိ ကြွယ်ဝသော မျိုးစိတ်များကို ပျက်စီးစေခဲ့သည်။
မျိုးသုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် အကြီးအကျယ် ရင်ဆိုင်နေရသော မလေးရှားကျားများ နေထိုင် ပေါက်ဖွားရာ ဖဟန်ပြည်နယ်မှ ဘေးမဲ့တော အနီးတွင် မူဆမ်ဘုရင် ဒူးရင်းသီးစိုက်ရန် မြေဟက်တာ ၁၂၀၀ ရှင်းလင်းမည်ဟု The Star အမည်ရှိ မလေးရှားသတင်းစာက လွန်ခဲ့သောလက ဖော်ပြခဲ့သည်။
စုံစမ်းမေးမြန်းမှုများကို ဖဟန်ပြည်နယ်မှ အရာရှိများက ဖြေကြားခြင်းမရှိပေ။
“အချိန်နဲ့အမျှ ဒူးရင်းသီး စိုက်ပျိုးမှု ခေတ်စားလာတာဟာ ဆီးအုန်းလို လမ်းကို လိုက်လာဦးမှာပဲ” ဟု အစိုးရ မဟုတ်သော ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း Peka Malaysia ၏ ဥက္ကဋ္ဌ ဆိုင်ရက် အကီလ်က ပြောသည်။
The post တရုတ် ဝယ်လိုအားကြောင့် မလေးရှား ဒူးရင်းသီးစိုက်ပျိုးမှု တိုးချဲ့ appeared first on ဧရာဝတီ.
ကင်မရာ ၁၆ လုံးပါ ဖုန်း LG ထုတ်လုပ် နိုင်ဖွယ်ရှိ
$
0
0
လက်ရှိ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်အခြေအနေကတော့ ဖုန်းကုမ္ပဏီတွေအနေနဲ့ ဖုန်းတလုံးမှာ ကင်မရာဆန်ဆာ ဘယ်လောက်များများ တတ်နိုင်လဲ ပြိုင်နေကြတဲ့ အခိုက်အတန့်လို့ ဆိုရမှာပါ။ မကြာသေးခင်က Samsung ဟာ Galaxy A9 (2018) ဖုန်းမှာ ကျောကင်မရာ ၄ လုံးအထိ တပ်ပြပြီး၊ စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် Samsung ရဲ့ စံချိန်ကို ချိုးဖို့ LG က ပြင်ဆင်နေပါပြီ။
တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီ LG ဟာ စမတ်ဖုန်းကျောဘက်မှာ စုစုပေါင်း ကင်မရာဆန်ဆာ ၁၆ ခု အထိ တပ်ဆင်မယ့် မူပိုင်ခွင့်တခုကို အမေရိကန်မှာ ရယူနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ရုံး (USPTO) က LG အတွက် ထုတ်ပေးခဲ့တဲ့ မူပိုင်ခွင့်မှာ ကင်မရာ ၁၆ လုံး တပ်ဆင်မှု ဒီဇိုင်းအသေးစိတ် ပါဝင်နေတာကို ဒတ်ချ်ဘလော့ဂ်တခုဖြစ်တဲ့ LetsGo Digital က စတင် တွေ့ရှိခဲ့တာပါ။
LG မူပိုင်ခွင့်မှာ ကင်မရာ ၁၆ လုံးကို ၄ လုံးတွဲ၊ ၄ လုံးတန်း 4 x 4 ဇယားကွက်ဒီဇိုင်းနဲ့ တပ်ဆင်ထားတာကို မြင်တွေ့ရမှာပါ။ ဓာတ်ပုံတပုံကို ရှုထောင့်မျိုးစုံကနေ ရိုက်ကူးနိုင်မှာ ဖြစ်ကာ၊ ရိုက်ကူးပြီးနောက်မှာ လိုချင်တဲ့ ရှုထောင့်ကို ပြန်လည်ရွေးချယ်နိုင်မယ့် ဒီဇိုင်းမျိုး ဖြစ်ပါတယ်။
ဒါ့အပြင် ယခုကင်မရာအတွဲလိုက်ကို ရှုပ်ထွေးတဲ့ မျက်နှာမှတ်သားဖတ်ရှုမှု နည်းပညာအတွက်လည်း အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ဖရိန်ထဲက လူတိုင်းရဲ့ မျက်နှာကို အကောင်းဆုံးရှုထောင့်က ရိုက်ထားတဲ့ မျက်နှာပုံစံနဲ့ အစားထိုးနိုင်မယ့် နည်းစနစ်တခုကိုလည်း ဥပမာ ပြထားပါတယ်။ ဆော့ဖ်ဝဲ အသုံးပြုကာ ရိုက်ပြီးသား ဓာတ်ပုံက မျက်နှာနဲ့လည်း အစားထိုးနိုင်ဖွယ် ရှိပါတယ်။
ကင်မရာ ၁၆ လုံးအထိ တပ်ပြီးတော့မှ Selfie ရိုက်ဖို့ အသုံးမကျရင် အလဟသဖြစ်သွားမှာကိုလည်း LG က သဘောပေါက်ပါတယ်။ ဒါကြောင့် ကင်မရာ ၁၆ လုံးအတွဲ အောက်မှာ ကြည့်မှန်လေးတခုကို ထည့်သွင်းသွားဖို့ စဉ်းစားထားတာ တွေ့ရပါတယ်။
အသုံးပြုသူအနေနဲ့ မှန်ကို ကြည့်ပြီး ကျောကင်မရာနဲ့ Selfie ရိုက်နိုင်မှာပါ။ မှန်မဟုတ်ရင်တောင် Meizu Pro 7 လို အပို Display တခုလည်း ထည့်နိုင်ပါသေးတယ်။ ဗီဒီယိုခေါ်ဆိုမှုတွေ လုပ်ဖို့အတွက်ကတော့ ရှေ့ကင်မရာတလုံး မဖြစ်မနေ ပါလာရမှာပါ။
LG ရဲ့ မူပိုင်ခွင့်မှာ ကျောဘက်နဲ့ ရှေ့ဘက် စပီကာလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ တခြားစိတ်ကူးစိတ်သန်းတွေလည်း ပါဝင်ပါသေးတယ်။ ဒါပေမဲ့ မူပိုင်ခွင့်တိုင်းဟာ အမှန်တကယ် ထွက်ရှိလာတာ မဟုတ်တဲ့အတွက် LG ရဲ့ ကင်မရာ ၁၆ လုံးကလည်း စာရွက်ပေါ်မှာပဲ ပြီးဆုံးသွားနိုင်ခြေ ရှိပါတယ်။
Ref: Gadgets NDTV, GSM Arena
The post ကင်မရာ ၁၆ လုံးပါ ဖုန်း LG ထုတ်လုပ် နိုင်ဖွယ်ရှိ appeared first on ဧရာဝတီ.
Infinity-O Display ကို Samsung ထက် အရင် မိတ်ဆက်မယ့် Huawei
$
0
0
ဘောင်မဲ့စမတ်ဖုန်းတွေရဲ့ လက်ရှိ အတားအဆီး တခုဖြစ်တဲ့ Notch ကို ဖျောက်ပစ်မယ့် နောက်ထပ်နည်းလမ်းတခုကို Huawei က အကောင်အထည် ဖော်နေပါပြီ။
Huawei ဟာ ဖုန်းအပေါ်ဘက်၊ ဘယ်ဘက်ထောင့်မှာ အဝိုင်း အပေါက်ပါဝင်မယ့် ဖုန်းအသစ်တလုံးအကြောင်း အမြည်းဓာတ်ပုံတပုံ ထုတ်ပြလိုက်ပါတယ်။ ဖုန်းဘေးဘက် လေးဘက်စလုံးမှာ ဘောင်လုံးဝ မပါတဲ့ Screen အပြည့်ဖုန်း တလုံးလို့ ယူဆရပါတယ်။ ယခုဓာတ်ပုံဟာ တရုတ်ဆိုရှယ်မီဒီယာကနေ စတင်ပျံ့နှံ့လာတာဖြစ်ပြီး၊ ပုံအစစ်အမှန်ဖြစ်ကြောင်း Huawei ကိုယ်တိုင်က The Verge ကို အတည်ပြုပေးထားပါတယ်။
Huawei ရဲ့ ပြိုင်ဖက် Samsung ကုမ္ပဏီအနေနဲ့လည်း Infinity-O Display လို့ အမည်ပေးထားတဲ့ Display အပေါ်ဘက် မှာ အလားတူ အပေါက်ဖောက်ထားတဲ့ ဖုန်းတွေကို ထုတ်ဖို့ ကြိုးစားလျက်ရှိပါတယ်။ လတ်တလော ထွက်ရှိထားတဲ့ ကောလာဟလတွေအရဆိုရင် အသစ်ထွက်မယ့် Galaxy A8s မှာ အဆိုပါ Display ကို စတင်မြင်တွေ့ ရဖို့ ရှိတယ်လို့ သိရပါတယ်။
Samsung ဘက်က Infinity-O ဖုန်းကို ဘယ်တော့ ထုတ်မလဲဆိုတာ အတိအကျမပြောရသေးပါဘူး။ Huawei ကတော့ အခု ဖုန်းအသစ်အကြောင်းကို ဒီဇင်ဘာ ၃ ရက်နေ့မှာ ပိုသိရမယ်လို့ ဆိုထားပါတယ်။ Display အပေါက်နဲ့ ဖုန်းကို Huawei နဲ့ Samsung တို့ ဘယ်သူအရင်ထုတ်နိုင်မလဲဆိုတာကတော့ မကြာခင် လပိုင်းအတွင်း အဖြေပေါ်တော့မှာပါ။
Ref: The Verge, GSM Arena
The post Infinity-O Display ကို Samsung ထက် အရင် မိတ်ဆက်မယ့် Huawei appeared first on ဧရာဝတီ.
iPhones နဲ့ MacBooks တွေကို အခွန် ၁၀ ရာခိုင်နှုန်း ချမှတ်ဖို့ ရှိကြောင်း Trump ပြောကြား
$
0
0
လက်ရှိ ဖြစ်ပွားနေတဲ့ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ Apple ပစ္စည်းတွေ တော်တော်များများ လွတ်နေပါတယ်။ ဒါပေမဲ့ ယနေ့မှာတော့ အမေရိကန်သမ္မတ Donald Trump က တရုတ်နိုင်ငံက တင်သွင်းတဲ့ iPhones နဲ့ MacBooks တွေကိုလည်း အခွန်စည်းကျပ်ဖို့ ရှိကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
တရုတ်က တင်သွင်းတဲ့ iPhones တွေကို အခွန်စည်းကျပ်လိုက်ရင် iPhone ဈေးနှုန်းလည်း ၁၀ ရာခိုင်နှုန် တက်သွားဖို့ ရှိပေမယ့် ပြဿနာ မရှိဘူးလို့ The Wall Street Journal ကို ဖြေကြားခဲ့ပါတယ်။ ဒီပမာဏလောက်ကိုတော့ အမေရိကန်ပြည်သူတွေ အေးဆေး ခံနိုင်ရည်ရှိတယ်လို့ Trump က ဆိုပါတယ်။
Trump နဲ့ တရုတ်နိုင်ငံခေါင်းဆောင် Xi Jinping တို့ဟာ နိုဝင်ဘာ ၃၀ ရက်နေ့၊ ထိပ်သီးအစည်းအဝေးပွဲ မှာ တွေ့ဆုံသွားမှာပါ။ တရုတ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အခွန် တိုးမကောက်ဖို့ U.S ကို စည်းရုံးသွားမှာပါ။ ဒါပေမဲ့ Trump ကတော့ ဘေဂျင်းဘက်က တောင်းဆိုချက်ကို လက်မခံဖို့ များတယ်လို့ ကြိုပြောလိုက်တာပါ။
Trump ဟာ လက်ရှိ အခွန်ချမှတ် ထားတဲ့ သွင်းကုန်ပစ္စည်း ကန်ဒေါ်လာ ၂၀၀ ဘီလျံဖိုးကို အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ စီစဉ်လျက်ရှိပါတယ်။ အကယ်၍ Trump နဲ့ Xi Jinping တို့ရဲ့ ထိပ်သီးအစည်းအဝေးပွဲဟာ ပြေလည်မှုမရခဲ့ဘူးဆိုရင်တော့ အခွန်မသတ်မှတ် ရသေးတဲ့ နောက်ထပ် တရုတ်သွင်းကုန် ကန်ဒေါ်လာ ၂၆၇ ဘီလျံဖိုးလည်း အခွန်ဆောင်ရတော့မှာပါ။
ဒီထဲမှာ Apple ပစ္စည်းတွေ အပါအဝင် တခြားနည်းပညာထုတ်ကုန်အများအပြား ပါဝင်ပါတယ်။ ဒီပစ္စည်းတွေအတွက် အခွန်နှုန်းထားက ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၅ ရာခိုင်နှုန်း ဖြစ်မလားဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။
တရုတ်သွင်းကုန်တွေကို အခွန်တိုးမြှင့်ချမှတ်မယ့် Trump ရဲ့ အစီအစဉ်ဟာ Hardware ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ အမေရိကန်နည်းပညာကုမ္ပဏီ အမြောက်အများကို ရိုက်ခတ်မှု ရှိလာမှာပါ။
ဝယ်ယူသူတွေအနေနဲ့ အဆိုပါပစ္စည်းတွေကို ဈေးပိုပေးရမှာနဲ့ ပတ်သတ်ပြီး မနှစ်မြို့မှုတွေ ရှိလာနိုင်မလား ဆိုတဲ့ အကြောင်း မေးမြန်းခဲ့ရာမှာတော့ Trump က “ရှိနိုင်ပါတယ်။ အခွန်နှုန်းထားအပေါ် မူတည်ပြီး ရှိနိုင်ပါတယ်။ အခွန် ၁၀ ရာခိုင်နှန်းလောက် ကျနော် ချမှတ်နိုင်ပါတယ်။ ဒီလောက်ကတော့ ပြည်သူတွေ အေးဆေး ခံနိုင်ရည်ရှိမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။
ကုမ္ပဏီတွေအနေနဲ့ သွင်းကုန်အခွန်စည်းကျပ်မှုကို ရှောင်ချင်ရင်တော့ စက်ရုံတွေ ရွှေ့ပြောင်းဖွင့်လှစ်ဖို့ စဉ်းစားသင့်တယ် လို့လည်း Trump က အကြံပေးခဲ့ပါတယ်။
“ကျနော်ကတော့ အမေရိကန်မှာ စက်ရုံတွေ လာဆောက်ဖို့ သူတို့ကို အကြံပေးချင်ပါတယ်။ ဒီမှာပဲ ပစ္စည်းတွေ ထုတ်ပါ။ တခြား ရွေးချယ်စရာ နည်းလမ်းတွေ အများကြီး သူတို့မှာ ရှိပါတယ်” လို့ WSJ ကို Trump က ပြောကြားခဲ့ပါတယ်။
Xi နဲ့ Trump တို့ဟာ နိုဝင်ဘာ ၃၀ ရက်နေ့၊ အာဂျင်တီးနားနိုင်ငံမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးပွဲမှာ တွေ့ဆုံဆွေးနွေးသွားမှာပါ။
Ref: The Verge, 9to5Mac
The post iPhones နဲ့ MacBooks တွေကို အခွန် ၁၀ ရာခိုင်နှုန်း ချမှတ်ဖို့ ရှိကြောင်း Trump ပြောကြား appeared first on ဧရာဝတီ.
MNA လေယာဉ် တစီး မော်လမြိုင် လေဆိပ်၌ မတော်တဆမှု ဖြစ်ပွား
$
0
0
မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA)မှ Cessna Grand XY-AMB လေယာဉ် တစီးသည် ယနေ့ နံနက်တွင် မော်လမြိုင် လေဆိပ်သို့ ဆင်းသက်ရာ၌ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းလေယာဉ်သည် ၁၂ ဦး စီးနင်းနိုင်သည့် လေယာဉ်ငယ် ဖြစ်ပြီး လေယာဉ် အမှုထမ်းများအား လေ့ကျင့်ရေး ပြုလုပ်ရန် မောင်းနှင်လာသော လေယာဉ်ဖြစ်ကြောင်း မော်လမြိုင် လေဆိပ် မန်နေဂျာ ဦးလှဦးက ပြောသည်။
“လေယာဉ်ကတော့ ဖြစ်သွားတာ တောင်ဘက် လေယာဉ်ပြေးလမ်း 04 ဘက်ကနေ ဆင်းတယ်။ ဆင်းတဲ့ အခါမှာ ပြေး လမ်း ထိပြီး ဘယ်ဘက်ကို ဆွဲပြီးတော့ မြက်ခင်းမှာ ရပ်သွားတာ။ အရှေ့ဘီးကျိုးသွားတယ်။ မြေကြီးနဲ့ ထိပြီး ပန်ကာတွေ ကောက်သွားတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ လေယာဉ်သည် ရန်ကုန် လေဆိပ်မှ နံနက် ၈ နာရီ ၄၇ မိနစ်တွင် စတင် ထွက်ခွာခဲ့ပြီး အမြင့်ပေ ၇၀၀၀ မှ ပျံသန်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ MNA မှ လေယာဉ်မှာ လေ့ကျင့်မှု ဖြစ်သည့် အလျောက် ခရီးသည် ပါဝင်မှု မရှိဘဲ လေ့ကျင့် မည့် လေယာဉ်မှူးများ၊ လေယာဉ် မောင်/မယ် ၈ ဦး ပါဝင်ခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း ထုတ်ပြန် ထား သည်။
မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ ခရီးစဉ်တခု အနေနှင့် အပတ်စဉ် တနင်္လာနေ့၌ မော်လမြိုင်မှ ကော့သောင်းနှင့် မော်လမြိုင်မှ ရန်ကုန်မြို့များသို့ ပျံသန်း ပြေးဆွဲလျက် ရှိသည်။
The post MNA လေယာဉ် တစီး မော်လမြိုင် လေဆိပ်၌ မတော်တဆမှု ဖြစ်ပွား appeared first on ဧရာဝတီ.
ရေသန့် ဘူးကြီးများလည်း ဈေးတက်မည်
$
0
0
ဈေးကွက် အတွင်း ဖြန့်ဖြူးနေသည့် ၂၀ လီတာဝင် သောက်ရေသန့် ဘူးကြီးများအား လက်ရှိဈေးထက် ကျပ် ၁၀၀ မှ ၂၀၀ အထိ ဈေးတင်ရောင်းရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ရေသန့် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
စက်ရုံလည်ပတ်မှု စရိတ်၊ ထိန်းသိမ်းစရိတ်နှင့် သယ်ယူပို့ဆောင်ခစရိတ်များ မြင့်တက်လာသည့်အတွက် ယခုကဲ့သို့ ဈေးတင်ရောင်းရန် ပြင်ဆင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ရေသန့် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်က“ဈေးနှုန်းက တဘူးကို လေး၊ ငါးရာ တက်မှာ မဟုတ် ပါဘူး။ ၁၀၀ ကနေ ၂၀၀ ကြားပဲ တက်မှာပါ။ သူ့မြို့နယ်အလိုက်၊ ဒေသအလိုက် ထုတ်လုပ်စရိတ်၊ ဖြန့်ဖြူးစရိတ်တွေ မတူတော့ လုပ်ငန်းရှင် ညှိနှိုင်းပြီး တက်ကြမှာပါ”ဟု ပြောသည်။
ဈေးတင်ရောင်းချမည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ် နှစ်ဆန်းတွင် စတင်ရန် လျာထားပြီး ဒေသအလိုက် မြှင့်တင် ရောင်း ချမည့် ဈေးနှုန်းကိုမူ ညှိနှိုင်း ဆောင်ရွက်မည်ဟု သိရသည်။
ရေသန့် လုပ်ငန်းရှင်များ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန (FDA) ထောက်ခံချက် မရှိသည့် မတရားမဝင် ရေသန့်လုပ်ငန်းများနှင့် ယှဉ်ပြိုင်နေရသည့် အတွက် ထိုက်သင့် သည့် ဈေးနှုန်းထက် လျှော့ချ ရောင်းချနေရပြီး ထုတ်လုပ်မှု အထွေထွေ စရိတ်မြင့်တက်လာသည့် အတွက် ပြင်ဆင် နေကြခြင်းလည်း ဖြစ်သည်ဟု ဦးရဲထဋ်က ပြောသည်။
“ရန်ကုန်မှာဆို ယာဉ်ကြော ပိတ်ဆို့မှုတွေရှိတော့ ရှင်းတဲ့အချိန် ထွက်ရတဲ့အတွက် အလုပ်သမားတွေကို အချိန်ပိုကြေး ပေးရတယ်။ မီးပျက်ရင် ဒီဇယ် ဝယ်သုံးရတယ်။ သယ်ယူ ပို့ဆောင်ရေးနဲ့ ပတ်သက်ရင် မြေဈေးကြီးတော့ စက်ရုံတွေ ဆိုရင် သန်လျင်၊ မြောက်ဒဂုံ၊ တောင်ဒဂုံမှာပဲ တည်ထားကြတယ်။ တရားမဝင် ထုတ်နေတဲ့ ရေသန့်တွေလည်း ရှိနေတဲ့ အတွက် ရေသန့်စက်ရုံတွေက အဲဒီဈေးနှုန်းမှ မရဘဲ အောက်ကို ဆင်းပြီး ရောင်းနေရပါတယ်”ဟု ဦးရဲထွဋ် ပြောဆို သည်။
လုပ်ငန်း လည်ပတ်မှု စရိတ်မြင့်မားကာ တွက်ခြေမကိုက်သည့် အတွက် ထုတ်ကုန်အပေါ် ဈေးနှုန်းမြှင့်တင်မည်ဆိုပါက သုံးစွဲသူများကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ရေသန့်ဘူးများအတွင်း ရေညှိ၊ အမှိုက်၊ ပိုးလောက်လန်း စသည့် ပါဝင်မှုများ ရှိနေကာ ရေသန့်စင်မှု အရည်အသွေး ပြည့်မီရန် အတွက် ဂရုစိုက်ရန် ပိုလိုအပ် ကြောင်း သုံးသပ်မှုများလည်း ရှိသည်။
မြန်မာနိုင်ငံ စားသုံးသူများ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က“အခုပေးတဲ့ ဈေးနဲ့တောင်မှ စားသုံးသူ တွေ စိတ်ကျေနပ်မှု ရမနေသေးဘူး။ အရည်အသွေး ပြည့်မီတယ်လို့ မခံစားရဘူးလို့ စားသုံးသူတွေရဲ့ စောဒက တက် တာ တွေ ရှိတယ်။ ဒီ့ထက် ဈေးတင်ရင်လည်း စားသုံးသူရဲ့ စိတ်ကျေနပ်မှုကို ဖြည့်စွမ်းနိုင်ပါ့မလားဆိုတာကို သံသယ ရှိတယ်”ဟု ပြောသည်။
နေပြည်တော် ပျဉ်းမနားမြို့မှ ကိုသန်းထွန်း ကလည်း“သူ့ဈေးနဲ့ အရည်အသွေးကို ထိုက်တန်အောင် လုပ်ပေးဖို့တော့ လိုပါ တယ်။ တချို့ရေသန့်ဘူးတွေဆိုရင် ရေသန့်တာ မသန့်တာထက် ဘူးမြင်တာနဲ့ကို သောက်ချင်စိတ် မရှိအောင် မသပ် ရပ်တာ၊ ဟောင်းနွမ်း နေတာတွေ တွေ့ရတယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် တရားဝင် ရေသန့်စက်ရုံပေါင်း ၂၀၀၀ ကျော်ရှိပြီး ရန်ကုန်မြို့တခုတည်းတွင် ၃၈၂ ရုံ ရှိကြောင်း မြန်မာနိုင်ငံ ရေသန့် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ရေသန့်လုပ်ငန်းပေါင်း ၄၀ ကျော်ရှိပြီး ပြီးခဲ့သည့် လအတွင်းက လုပ်အားခများ ပိုမို တိုးမြှင့်ပေးနိုင်ရန်ဆိုကာ လုပ်ငန်းရှင်များ ညှိနှိုင်းပြီး ရေသန့် ၁ ဘူးလျှင် လက္ကားဈေး ၃၀၀ ကျပ်မှ ၄၀၀ ကျပ် နှင့် လက်လီ ဈေး ၄၀၀ မှ ၅၀၀ ကျပ်သို့ ဈေးမြှင့် ရောင်းချခဲ့သေးသည်။
The post ရေသန့် ဘူးကြီးများလည်း ဈေးတက်မည် appeared first on ဧရာဝတီ.
ပြည်သူများ ကျပ်တည်းနေ၍ ဆန်ရောင်းပေးခြင်း ဖြစ်ဟု ကြံ့ခိုင်ရေး ဆို
$
0
0
ယခု အစိုးရ လက်ထက်တွင် ပြည်သူများ စားဝတ်နေရေး ကျပ်တည်းပြီး ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အခြေ ခံ စားသောက်ကုန်များ လိုက်လံ၍ ရောင်းချရခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) ပြည်ထောင်စု နယ်မြေ ဥက္ကဋ္ဌ ဦးဝေလွင်က ပြောသည်။
နိုဝင်ဘာ၂၈ ရက်က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ပြည်ထောင်စု နယ်မြေ ရုံးခန်းမ၌ ကျင်းပသည့် ဗဟို အမျိုးသမီး ညီ လာခံ အကြို အမျိုးသမီး နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်လာစဉ် မီဒီယာများကို ပြောခြင်း ဖြစ်သည်။
ဦးဝေလွင်က“ဆန်ရောင်းရတဲ့ အဓိက ရည်ရွယ်ချက်က ရပ်ရွာမှာ ရှိတဲ့ သူတွေကို သက်သာ စေချင်တယ်။ အခုက ကျပ်ကျပ် တည်းတည်း ဖြစ်နေကြတယ်။ ရပ်ရွာအထိကို လိုက်ရောင်းပြီး ကား၊ စက်သုံးဆီ၊ လုပ်အားခများကို စိုက်ထုတ်ပြီး လက်ကား ဈေးနဲ့ပဲ ရောင်းချပေးပါတယ်”ဟုပြောသည်။
နေပြည်တော် ကောင်စီ နယ်မြေ အတွင်း၌ ဆန်ဈေးနှုန်း မြင့်တက် ပြောင်းလဲလာပါကလည်း ယခု ပေါက်ဈေး အတိုင်း နွေစပါး ပေါ်ချိန် အထိ ရောင်းချပေးနိုင်ရန် အတွက် ကြိုတင် စုဆောင်းထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
နေပြည်တော် ၈ မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၁၉၀ ကျော်၌ ပြီးခဲ့သည့် ယခုလမှ စ၍ ဆန် ၁ ပြည်ကို ပေါက်ဈေး ငွေကျပ် ၁၄၀၀ ခန့် ရှိသည့် မနောသုခ ဆန်ကို တပြည် ၁၁၀၀ ဖြင့် ဆန်အိတ်ပေါင်း ၂၀၀၀ နီးပါးခန့် ရောင်းချပေးခဲ့သည့် အပြင် ဆီ ၅၀ သား တဘူးကို ၁၁၀၀ ကျပ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း၊ နောက်ပိုင်း၌ ငါးခြောက်၊ ကြက်သွန်နီ အစရှိ သည့် မီးဖိုချောင်သုံး ပစ္စည်းများပါ ထည့်သွင်း ရောင်းချသွားမည်ဟု ကြံ့ခိုင်ရေး ပါတီက သိရသည်။
နိုင်ငံအတွင်း ပြည်သူလူထု စားဝတ်နေရေးနှင့် ကဏ္ဍပေါင်းစုံ၌ ဖွံံ့ဖြိုးတိုးတက်မှု မရှိဘဲ ကျဆင်းသထက် ကျဆင်းလာခြင်း ကြောင့် လက်ရှိ အစိုးရမှာ ကျပ်တည်းနေသည့် ပြည်သူများကို ဖြေရှင်းပေးနိုင်ခြင်း မရှိသည့် အတွက် အတိုက်ခံ ပါတီ အနေဖြင့် ကြံ့ခိုင်ရေးပါတီမှ ယခုကဲ့သို့ ရောင်းချပေးနေရခြင်း ဖြစ်ကြောင်း ဦးဝေလွင်က ပြောဆိုသည်။
“တို့တပ်မတော်မှာ ရှိတယ်။ စည်းရုံးရင်း စစ်တိုက်၊ စစ်တိုက်ရင်း စည်းရုံး ဆိုပြီး ပြောတာကိုး။ အခု ပါတီထဲရောက်တော့ စစ်တော့ တိုက်လို့ မရတော့ဘူး။ ဆန်ရောင်းရတဲ့ ဘဝ ရောက်လာပြီ။ အဲဒီတော့ ဆန်ရောင်းရင်း စည်းရုံး၊ စည်းရုံးရင်း ဆန် ရောင်း အဲဒီလို လုပ်ရမယ်”ဟု ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
လက်ရှိ ဆန်အသစ်များ ပေါ်လာပြီ ဖြစ်သော်လည်း ဆန်ဈေးနှုန်းမှာ အနည်းငယ် အတက်ဘက်သို့ ရောက်ရှိနေကြောင်း ဈေးကွက် အတွင်းက သိရသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ကိုနေလင်းဇင်က“ဆန်အသစ်ဈေးက အစိုဓာတ်ရှိတဲ့ အတွက် သိပ်မဝယ်ချင်ကြဘူး။ အဲဒီတော့ ဆန်အသစ် ဈေးက ဈေးကောင်းမရတဲ့ သဘော ဖြစ်တာပါ။ နိုဝင်ဘာလ လယ်ထဲမှာ ဆန်ဈေးက နည်းနည်း ပြန်လှုပ်လာပါတယ်။ ဆန်သစ်က ဈေးကျတာပါ။ ဆန်သစ်ပေါ်ရင် ကုန်သည်တွေက ဈေးနှိမ် ဝယ်တာ တော့ မဟုတ်ပါဘူး။ လူတွေရဲ့ စားသုံးမှုက အဟောင်းကို ဈေးပိုပေးပြီး ဝယ်တာပါ။ ပြီးခဲ့တဲ့ လက ကျပ်၂၄၀၀၀ လောက် ရှိတဲ့ ဆန်တအိတ်ကို ၂ သောင်းလောက် ဖြစ်သွားတယ်။ အခု ဆန်ဈေးက နည်းနည်း ပြန်တက်လာတယ်။ ၂၁၀၀၀ လောက် ပြန်ဖြစ်လာပြီ”ဟု ဧရာဝတီသို့ ပြောသည်။
NLD ပါတီမှ ပျဉ်းမနားမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က“ဒီလို ရောင်းတာ ပြည်သူ့ အတွက် ကောင်းပါတယ်။ စပါးဈေးတက်လို့ ကုန်ဈေးနှုန်း တက်တာလေ။ ၇၀ ရာခိုင်နှုန်း ရှိတဲ့ ကျေးလက် တောင်သူ စပါးဈေးတက် တယ်လေ။ ဆန်ဈေးကတော့ လက်လုပ်လက်စားတွေ အတွက် ရိုက်ခတ်မှာပဲ။ တဘက်ကမ်းပြိုရင် တဘက်ကတော့ သောင်ထွန်းမှာပဲ။ ဒါက နိုင်ငံရေး လက်နက် မဟုတ်ပါဘူး”ဟု ပြောဆိုသည်။
ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကြောင့် ဖြစ်ပေါ်နေသော အခက်အခဲများမှ ပြည်သူများ သက်သာရာ ရစေရန်အတွက်ဟု ဆိုကာ ကြံ့ခိုင်ရေး ပါတီဝင်များက ဥတ္တရသီရိ၊ ပုဗ္ဗသီရိ နှင့် ပျဉ်းမနား မြို့နယ်တို့တွင် ကားဖြင့် ဆန်နှင့်ဆီများ တင်ဆောင်ကာ လိုက်လံ ရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့ ရွာသစ် ကျေးရွာမှ ဒေါ်ဝင်းဝင်းအေးကလည်း“ကြံ့ခိုင်ရေး ပါတီဝင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အခုလို လာ ရောင်းပေးတော့ အိမ်ရှင်မတွေ အတွက် အိမ်စရိတ် သက်သာတဲ့အတွက် ဝယ်ကြတာပဲ။ ပါတီတွေ ဘာတွေ ခွဲခြားနေလို့ မရတော့ဘူး။ ဈေးသက်သာတာကို ကြည့်ရမယ်လေ”ဟု ဆိုသည်။
ကြံ့ခိုင်ရေး ပါတီ၏ ပျဉ်းမနားမြို့နယ် ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီက“အထိုက်အလျောက် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေ အရ ကျေးရွာတွေ ဆိုလို့ရှိရင် ကုန်ဈေးနှုန်းကြီးတဲ့ အတွက် ပြည်သူတွေဟာ အခက်အခဲလေးတွေ ရှိတာပေါ့။ ဒီအခက် အခဲ လေး တွေကို တဖက်တလမ်းက ဖြေရှင်းပေးရာ ရောက်အောင်ဆိုပြီး မြို့ပေါ် ပွဲရုံမှာ ပေါက်တဲ့ဈေး အတိုင်း ကူညီပြီး လုပ် ပေးတာ”ဟု ပြောသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီက ကြံ့ခိုင်ရေး ပါတီထက် မဲအပြတ်အသတ် အသာရရှိခဲ့ပြီး အစိုးရ ဖွဲ့နိုင်ခဲ့သဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီ အနေဖြင့် မဲအသာရရှိစေရန် အတွက် ယခုအချိန်ကတည်းက ကြိုတင်ပြင် ဆင်၍ စည်းရုံး ဆောင်ရွက်သင့်ကြောင်း ဒု ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သူ ဦးဝေလွင်က ပြောဆိုသွားသည်။
The post ပြည်သူများ ကျပ်တည်းနေ၍ ဆန်ရောင်းပေးခြင်း ဖြစ်ဟု ကြံ့ခိုင်ရေး ဆို appeared first on ဧရာဝတီ.
အစိုးရချင်း စာချုပ်ချုပ်ကာ အိန္ဒိယသို့ ပဲတင်ပို့ရန် ကြိုးစားနေ
$
0
0
အာမခံဈေးနှုန်း တခုသတ်မှတ်၍ အိန္ဒိယသို့ အစိုးရချင်း သဘောတူ စာချုပ် ချုပ်ဆိုကာ ပဲတင်ပို့ နိုင်ရန်အတွက် လုပ်ဆောင် နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက နိုဝင်ဘာလ ၂၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
လက်ရှိတွင် အိန္ဒိယအစိုးရထံ ပဲတင်ပို့ ရောင်းချမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) မူကြမ်းကို နိုင်ငံခြားရေးဝန်ကြီးဌာန မှ တဆင့် ပေးပို့ထားပြီဖြစ်ကာ ၎င်းတို့ဘက်မှ သဘောတူပါက တင်ပို့မည့် တန်ချိန်နှင့် ဈေးနှုန်းအား အသေးစိတ် ဆက် လက်ညှိနှိုင်းပြီး လက်မှတ်ရေးထိုးမည် ဖြစ်သည်။
ဒုဝန်ကြီး ဦးအောင်ထူးက “ပြီးခဲ့တဲ့ အပတ်ထဲမှာ အိန္ဒိယနိုင်ငံကို MဝU (နားလည်မှု စာချွန်လွှာ) မူကြမ်း ပို့ထားပြီးပြီ။ သူတို့နဲ့ ဈေးနှုန်းသတ်မှတ်ဖို့ ၊ ပမာဏသတ်မှတ်ဖို့ ညှိနှိုင်းဖို့တော့ လိုပါတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “အာမခံနဲ့ ရောင်းနိုင်ဖို့ သူတို့နဲ့ G to G စာချုပ်ချုပ်ဆိုပြီးတော့မှ တန်ချိန် ၁သိန်းဖြစ်ဖြစ် ၃ သိန်း ဖြစ်ဖြစ် ချုပ်ဆိုမယ်။ ချုပ်ဆိုတဲ့အခါ သူတို့နဲ့ ဈေးနှုန်းက ကြိုပြီးတော့ သဘော တူထားရမယ်။ အဲဒီတော့ ဈေးက အတက် အကျ ရှိချင်မှ ရှိမယ်” ဟု ဆိုသည်။
အစိုးရချင်း သဘောတူညီချက်ဖြင့် ပဲတင်ပို့နိုင်ရေးကို အိန္ဒိယဘက်မှ စတင်ကမ်းလှမ်းထားခြင်း ဖြစ် ကာ ပဲစိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် ၃၀ ရာခိုင်နှုန်း အမြတ်ပိုပေးကာ ဝယ်ယူလိုသည်ဟု ဆိုထားသော်လည်း မြန်မာကုန်သည်များဘက်မှ ယင်းအချက်ကို သဘောမတူကြောင်းလည်း ဝန်ကြီးက ထည့်သွင်း ပြောဆိုထားသည်။
မြန်မာကုန်သည်များဘက်မှ ဈေးကွက်တည်ငြိမ်မှု မရှိသည့်အတွက် ပြည်တွင်း စိုက်ပျိုးသူနှင့် ကုန် သည်များ ထိခိုက်နစ်နာမှု လျော့နည်းစေရန်အတွက် အာမခံချက် ရှိသော အရောင်းအဝယ် တခုဖြစ် စေရန် လက်ခံစဉ်းစားခဲ့ခြင်းသာ ဖြစ်သည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။
အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက “အိန္ဒိယမူဝါဒက ဘာမှန်းကို မသိဘူး။ သူတို့ လုပ်ချင်ရာ လုပ်သလို ဖြစ်နေတယ်။ Quota (ခွဲတမ်း) က တန်ချိန် ၁သိန်း ဆိုပေမယ့်လည်း သူတို့ဝယ်နေတာက တန်ချိန် ၃သိန်း ဝယ်သွားပြီ။ လိုရင်တော့ ဝယ်မယ်၊ မလိုရင် မဝယ်ဘူးဆိုတဲ့ ဒဏ်ကို ကျနော်တို့ မခံနိုင်ဘူး။ မခံနိုင်လို့ G to G ကမ်းလှမ်းတာကို လမ်းကြောင်း ဖွင့်မယ့် သဘောပါ” ဟု ဆိုသည်။
ပြည်တွင်းကုန်သည်များဘက်မှမူ အစိုးရချင်း ချိတ်ဆက်တင်ပို့ရာတွင် ဈေးကွက်ပေါက်ဈေးအတိုင်း သာ တင်ပို့ ရောင်းချလိုကြပြီး တင်ပို့သည့် တန်ချိန်ပမာဏကိုလည်း အချိန်ကာလတခုအတွင်း ပုံသေ မသတ်မှတ်ထားစေလိုသည့် သဘောဆန္ဒ ရှိသည်။
အိန္ဒိယက ပြည်တွင်း ပဲစိုက်ပျိုးမှု မြင့်တက်ခဲ့သည့်အတွက် ၂၀၁၇ – ၁၈ ခုနှစ်အတွင်းက မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း တင်သွင်းမှု Quota ခွဲတမ်းကို ကန့်သတ်ခဲ့သည်။
မြန်မာနိုင်ငံမှာ ပြည်တွင်းထွက် ပဲစင်းငုံ စုစုပေါင်း၏ ၉၂ ရာခိုင်နှုန်း၊ မတ်ပဲ ၇၇ ရာခိုင်နှုန်းနှင့် ပဲတီ စိမ်း ၁၀ ရာခိုင်နှုန်းကို အိန္ဒိယသို့ အဓိက တင်ပို့နေရသည့်အတွက် ယင်းကန့်သတ်မှုကြောင့် မတ်ပဲနှင့် ပဲစင်းငုံတို့မှာ တတန်လျှင် ကျပ် ၈ သိန်းမှ ၄ သိန်းအောက် အထိ ကျဆင်းခဲ့ကာ အရောင်းအဝယ်များ ရပ်တန့်ခဲ့ရသည် ပဲကုန်သည်အသင်းထံမှ သိရသည်။
“တန်ချိန်နဲ့ ပတ်သက်လို့၊ ဈေးနှုန်းနဲ့ ပတ်သက်လို့ အရှင်ဖြစ်အောင် ကြိုးစားနေတယ်။ တကယ်တမ်း စိုက်ပျိုးစရိတ်အပေါ် ၃၀ ရာခိုင်နှုန်း အမြတ်ပေါင်းပြီး ပေးမယ်ဆိုတဲ့ပုံစံမျိုးက ကျိန်းသေတယ်၊ ရောင်း ဖို့မလွယ်ဘူး။ ရောင်းဖို့လည်း မစဉ်းစားဘူး။ အိန္ဒိယရဲ့ တောင်သူတွေအပေါ် ပေးတဲ့ အခြေခံဈေး (MSP) အပေါ် မှီပြီး တွက်ချင် တွက်မယ်” ဟု ဦးမင်းကိုဦးက ပြောသည်။
၂၀၁၈ – ၁၉ ခုနှစ်တွင် မြန်မာဘက်မှ ပဲတင်ပို့ ရောင်းချနိုင်ရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့သည့် အတွက် အိန္ဒိယက မတ်ပဲ တန်ချိန် ၁ ဒသမ ၅ သိန်းနှင့် ပဲတီစိမ်း ၁ ဒသမ ၅ သိန်း တင်သွင်းနိုင် ကြောင်း ခွဲတမ်းသတ်မှတ် ထုတ်ပြန်ခဲ့သည်။
သို့သော် အိန္ဒိယဘက်မှ လိုအပ်ချက် ရှိသည်ဆိုကာ ခွဲတမ်းသတ်မှတ်ထားချက်ထက် ပိုမို ဝယ်ယူမှုများ ရှိသည့်အတွက် ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးတို့မှာ တတန်လျှင် ကျပ် ၈ သိန်းခွဲခန့်အထိ ပြန်လည် ဈေးမြှင့်တက်ခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။
အိန္ဒိယမှ ကန့်သတ်ဝယ်ယူခြင်းနှင့် မူဝါဒ မတည်ငြိမ်မှုများကြောင့် ပြည်တွင်း ပဲစိုက်တောင်သူများနှင့် ကုန်သည်များဘက်မှလည်း စိုးရိမ်မှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။
အသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက “မတ်ပဲ ဈေးနိမ့်လို့ မစိုက်သင့်ဘူးပြောပေမယ့် လေ့လာတွေ့ရှိ တာက မတ်ပဲ စိုက်ပျိုးမှုအားက ပြန်များလာတယ်။ ကျနော်တို့ အမြင်မှာတော့ အိန္ဒိယက ဆက်ဖွင့် ထား မယ်လို့တော့ သုံးသပ်တယ်။ ဒါပေမယ့် ဗဟိုအစိုးရရဲ့ မူဝါဒ အပြောင်းအလဲ မဖြစ်လာဘူး ပြော လို့မရဘူး။ အခုအချိန်မှာ ဈေးကောင်းပေမယ့် တောင်သူ ဆီက ထွက်မယ့်အချိန်မှာ အိန္ဒိယမူဝါဒ တခုခု အပြောင်းအလဲတွေ ဖြစ်လာမယ်။ ပြည်တွင်းဈေး ပြန်ကျလာမယ် ဆိုရင် တောင်သူတွေ အတွက် လည်း နစ်နာမှုတွေ အများကြီး ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၄ သန်းကျော် (တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၈၃ သန်းကျော်) ဖိုး တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကိန်းဂဏန်းများအရ သိရသည်။
ဆက်စပ်သတင်း
အိန္ဒိယသို့ ပဲတင်ပို့ရန် ညှိနှိုင်းမှု အဆင်မပြေသေး
ျပြည်တွင်း ပဲဈေးကွက် အိန္ဒိယကို စောင့်ကြည့်နေ
The post အစိုးရချင်း စာချုပ်ချုပ်ကာ အိန္ဒိယသို့ ပဲတင်ပို့ရန် ကြိုးစားနေ appeared first on ဧရာဝတီ.
တရုတ်နိုင်ငံအတွက် ရှာဖွေရေးအင်ဂျင် မထုတ်ပေးရန် Google ဝန်ထမ်း ၄၀၀ ကျော် တောင်းဆို
$
0
0
တရုတ်နိုင်ငံအတွက် သီးသန့် ရှာဖွေရေးအင်ဂျင်အသစ်တခု ပြုလုပ်နေမှုကို ရပ်ဆိုင်းဖို့ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာမှာ Google ဝန်ထမ်းပေါင်း ၄၀၀ ကျော် ပါဝင်လက်မှတ် ရေးထိုးထားပါတယ်။
Google ရှာဖွေရေးအင်ဂျင်အသစ်ဟာ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဆင်ဆာဖြတ်တောက်မှုတွေကို အထောက်အကူ ဖြစ်စေမယ့်အတွက် ဒီပရောဂျက်ကို ရပ်တန့်ဖို့ ကုမ္ပဏီဝန်ထမ်းတွေက တောင်းဆိုထားတာပါ။
Google ဝန်ထမ်း ၁၁ ဦး လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာကို မနေ့က Medium ဝဘ်ဆိုဒ်မှာ (https://medium.com/@googlersagainstdragonfly/we-are-google-employees-google-must-drop-dragonfly-4c8a30c5e5eb) တင်ခဲ့ပါတယ်။
ယခုအချိန်မှာတော့ ပါဝင် လက်မှတ်ရေးထိုးထားသူ Google ဝန်ထမ်းပေါင်း ၄၀၇ ဦးကျော် ရှိနေပါပြီ။ အများစုက ဆော့ဖ်ဝဲအင်ဂျင်နီယာတွေ ဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကလည်း Google ဝန်ထမ်း ၁၄၀၀ ကျော်ဟာ ဒီပရောဂျက်ကို လက်မှတ်ထိုး ကန့်ကွက်ခဲ့ကြပါ သေးတယ်။
Google ဟာ တရုတ်နိုင်ငံအတွက် သီးသန့် ဆင်ဆာဖြတ် ရှာဖွေရေးအင်ဂျင်တခုကို Project Dragonfly အမည်နဲ့ လုပ်ဆောင်လျက်ရှိပါတယ်။ အဆိုပါ ရှာဖွေရေးအင်ဂျင်ဟာ တရုတ်အစိုးရ အလိုတော်ကျ အချို့သော ရှာဖွေမှု ရလဒ်တွေကို ပိတ်ထားမှာဖြစ်ကာ၊ တရုတ်ပြည်သူတွေရဲ့ ရှာဖွေမှုတွေကိုလည်း အစိုးရဘက်က အလွယ်တကူ စောင့်ကြည့်စေနိုင်မှာ ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။
Google ဘက်ကတော့ Dragonfly နဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးဖို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ကာ၊ ယခုပရောဂျက်ဟာ “စူးစမ်းလေ့လာမှု” တခုသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။Dragonfly ဟာ Google ဝန်ထမ်းတွေ သာမက အပြင်လူတွေရဲ့ ဝေဖန်မှုတွေကိုပါ ခံနေရတဲ့ ပရောဂျက်တခုပါ။
အမေရိကန် ဒုသမ္မတ Mike Pence ကိုယ်တိုင်က ဒီပရောဂျက်ဟာ ကွန်မြူနစ်ပါတီရဲ့ ဆင်ဆာဖြတ်တောက်မှုကို ပို အားကောင်းစေမှာဖြစ်ပြီး တရုတ်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ထိပါးမယ့် လုပ်ရပ်ဖြစ်ကြောင်း လွန်ခဲ့တဲ့လက မှတ်ချက်ပေး ပြောဆိုခဲ့ပါသေးတယ်။
“တရုတ်နိုင်ငံကြောင့် Dragonfly ကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ နေရာဒေသမရွေး အားကြီးသူက အားနည်းသူကို ဖိနှိပ်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့ နည်းပညာ မှန်သမျှကို ကျနော်တို့ ကန့်ကွက်ပါတယ်” လို့ Google ဝန်ထမ်းတွေက ယခု အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။
Ref: The Verge, Medium, NY Times
The post တရုတ်နိုင်ငံအတွက် ရှာဖွေရေးအင်ဂျင် မထုတ်ပေးရန် Google ဝန်ထမ်း ၄၀၀ ကျော် တောင်းဆို appeared first on ဧရာဝတီ.
၂၀၁၈ ခုနှစ် ရဲ့ ခေတ်စားနေတဲ့ ဆိုရှယ်မီဒီယာ ရေစီးကြောင်း
$
0
0
အင်တာနက်ကို အသုံးပြုသူများလာတဲ့အခါ ခေတ်ရဲ့ တိုးတက်မှုနှုန်းကလည်း ပိုပြီး မြန်ဆန်လာပါတယ်။ အင်တာနက်ကို ဖွင့်လိုက်တာနဲ့ မျက်စိတမှိတ် လျှပ်တပြက်အတွင်း အားလုံးကို သိလာနိုင်တာက အင်တာနက်ရဲ့ ကောင်းကျိုးတခုပါ။
ဒါပေမဲ့ အင်တာနက်ဆိုတဲ့ နေရာမှာ Facebook တခုတည်းကို သာမကဘဲ အခြား ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို ထပ်မံလေ့လာ သုံးစွဲစေချင်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာတွေကတော့ ၂၀၁၈ ခုနှစ်ရဲ့ ဆိုရှယ်မီဒီယာ ရေစီကြောင်းပေါ်မှာ ခေတ်စားနေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
(၁) Selfie ရိုက်ခြင်း
၂၀၁၈ ခုနှစ် မတိုင်ခင်မှာ Selfie ရိုက်ခြင်းဟာ လူငယ်တွေကြားမှာသာ ခေတ်စားနေတဲ့ အရာတခု ဖြစ်ပေမယ့် ၂၀၁၈ ခုနှစ် အတွင်းမှာတော့ အသက်အရွယ် မရွေး Selfie ရိုက်လာတာကို မြင်တွေ့နေရပါတယ်။ ဖုန်းမှာပါတဲ့ ကင်မရာနဲ့ ကိုယ့်ကိုယ်ကို ချိန်ပြီး ဓာတ်ပုံရိုက်ခြင်းဆိုတဲ့ စကားလုံးကို “Selfie” လို့ ခေါ်ဆိုကြမယ် ဆိုပြီး အောက်စဖို့ အဘိဓာန်မှာ အတည်ပြု ထည့်သွင်းပြီးသွားပြီ ဖြစ်ပါတယ်။
(၂) သတင်းပြန့်ပွားမှု မြန်ခြင်း
ဆိုရှယ်မီဒီယာပေါ်မှာ သတင်းပျံ့နှံ့မှုဟာ သတင်းစာခေတ်ကထက် ပိုပြီး မြန်ဆန်ပါတယ်။ လက်တွေ့မှာ ဖြစ်ပျက်နေတာတွေကို ချက်ချင်း ကိုယ်ပိုင်တဲ့ ဖုန်းနဲ့ သတင်းတင်တာမျိုးတွေကို လုပ်တာနဲ့ပဲ သတင်းက တနိုင်ငံလုံးကို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားနိုင်ပါတယ်။ ဒါကြောင့် သတင်းအမှား အမှန်ခွဲခြားနိုင်ဖို့ကတော့ သတင်းရင်းမြစ်ကို ကြည့်ဖို့တွေက အရေးကြီးပါတယ်။
(၃) Memes တွေ ပိုခေတ်စားလာပါတယ်
လူငယ်တွေကြားမှာ အရမ်းခေတ်စားလာတာက Meme ပါ။ မီးမ် ဆိုတာ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။ သင်စားနေတဲ့ အစားကလည်း မီးမ်ဖြစ်နေနိုင်တာပါပဲ။ တကယ်တော့ မီးမ်ဆိုတာ လိုတိုရှင်းနဲ့ ထိရောက်တဲ့ ဟာသပြောနည်းလို့ အလွယ်နားလည်နိုင်ပါတယ်။ အသုံးပြုရတဲ့ နည်းလမ်းတွေနဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ Applications တွေ ရှိပြီး မီးမ်ကြိုက်တဲ့ လူငယ်တွေကတော့ စနစ်တကျ ပြုလုပ်ထားခြင်းမရှိရင် မကြိုက်ကြပါဘူး။
(၄) နာမည်ကြီးဖို့ လွယ်ပါတယ်
ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးဖို့ ဆိုတာ အရမ်းကို လွယ်တဲ့ ကိစ္စပါ။ တချို့ မိန်းကလေးတွေဟာ အဖော်အချွတ်တွေနဲ့ နာမည်ကြီးအောင် လုပ်လေ့ ရှိကြပါတယ်။ စနစ်တကျ ဗီဒီယိုတွေ ပြုလုပ်ပြီး You Tube, Facebook စတဲ့ ဆိုရှယ်မီဒီယာတွေပေါ်တင်ရင် ကြည့်ရှုသူအနည်းအများအလိုက် အောင်မြင်မှုကို တိုင်းတာလေ့ရှိကြပါတယ်။
ကမ္ဘာအနှံ့က လူငယ်တွေကတော့ ကိုယ်ပိုင် Blog တွေ YouTube Channal တွေ ပြုလုပ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ငွေရှာနေကြပါပြီ ဖြစ်ပါတယ်။
(၅) မျှဝေခြင်းဟာ ဂရုစိုက်ခြင်းပါပဲ
ဆိုရှယ်မီဒီယာ အသုံးပြုသူတွေဟာ ကိုယ်သိလာတဲ့ အရာတခုကို ကိုယ်နဲ့ ပတ်သက်သူတွေကို သိအောင် ပြန်လည်မျှဝေခြင်းတွေ ပြုလုပ်တတ်ကြပါတယ်။ မျှဝေခြင်းဟာ ဆိုရှယ်မီဒီယာ အားလုံးရဲ့ အသက်ပါပဲ။
ဒါပေမဲ့ ဂရုစိုက်ရမှာက “ဒါကို Share ရင် ငွေဝင်မယ် ” စတဲ့ Post တွေပါပဲ။ ဒီလို Post တွေဟာ အလိမ်အညာတွေ ဆိုတာကို သိနေဖို့နဲ့ Facebook ပေါ်မှာ သင် ပိုက်ဆံပုံတွေကို ထိုင် Share နေရုံနဲ့ ငွေမဝင်လာဘူး ဆိုတာကို ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ် Share လိုက်တဲ့ Post တခုဟာ အမှန်တကယ် ကိုယ့်မိတ်ဆွေ အသိုင်းအဝိုင်းကို အထောက်အကူ ပြုတဲ့ အရာမျိုးဖြစ်နေသင့်တယ် ဆိုတာကို မမေ့ဖို့ တိုက်တွန်းချင်ပါတယ်။
Ref;lifewire.com
The post ၂၀၁၈ ခုနှစ် ရဲ့ ခေတ်စားနေတဲ့ ဆိုရှယ်မီဒီယာ ရေစီးကြောင်း appeared first on ဧရာဝတီ.
ပြည်ပသို့ ရွှေတင်ပို့ရေး အခက်အခဲများ ရှိ၍ မပို့နိုင်သေး
$
0
0
ရွှေဖြင့် ပြုလုပ်သော လက်ဝတ် ရတနာ၊ အနုပညာပစ္စည်း (အချောထည်) များကို ပြည်ပသို့ တရားဝင် တင်ပို့ရန် ခွင့်ပြု ထားသော်လည်း အခက်အခဲများ ရှိနေသဖြင့် လက်ရှိအချိန်ထိ တင်ပို့မှု မလုပ်နိုင်သေးကြောင်း ရွှေလုပ်ငန်းရှင်များ ထံမှ စုံစမ်းသိရသည်။
အစိုးရက ရွှေ ပြည်ပသို့ တင်ပို့ခြင်း၊ တင်သွင်းခြင်းကို ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် တရားဝင်ခွင့်ပြုခဲ့ပြီး ပို့ကုန်၊ သွင်းကုန်အတွက် တနေရာတည်း အပြီးဆောင်ရွက်နိုင်သော One Stop Service စင်တာကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်ရှိ Culture Valley ၌ စက်တင်ဘာ ၂၄ ရက်က မြန်မာ ရွှေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီသို့ လုပ်ကိုင်ခွင့်ပေး ဖွင့်လှစ်ထားပြီး ဖြစ်သည်။
သို့သော် အခွန်နှုန်းထား ကြီးမြင့်ခြင်း၊ ဗဟိုဘဏ်မှ ထောက်ခံချက် ယူရန် စောင့်ဆိုင်းနေရခြင်း တို့ကြောင့် ပြည်ပသို့ တင်ပို့မှု မလုပ်ဆောင်နိုင်သေးကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
၎င်းက“စင်တာမှာ ရွှေတင်ပို့တာနဲ့ ပတ်သက်လို့ကတော့ လောလောဆယ်ကတော့ လုပ်ငန်းမစသေးဘူး။ ပို့တဲ့သူရော သွင်းတဲ့သူရော မရှိသေးဘူး။ ဘာလို့လဲဆိုတော့ ရွှေနဲ့ လက်ဝတ်တန်ဆာကို ၁၅ ရာခိုင်နှုန်း ကုန်သွယ်ခွန် ကောက် မယ်ပေါ့။ အခွန်များနေတယ်။ ၁ ရာခိုင်နှုန်း ကြိုတင်ခွန် ဆောင်ရမယ်ဆိုတာကုန်သည်တွေ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ ဒါကို အစိုးရကိုတော့ တင်ပြထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ အထူးကုန်စည်များ ဖြစ်သည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက် ရတနာ အချောထည်များ၊ လက်ဝတ်ရတနာတွင် တပ်ဆင်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များကို ပြည်ပသို့ တင်ပို့ပါက ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ယူရမည်ဟု ဖော်ပြထားသည်။
ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိ တဦးက“ရွှေအတွက် အခွန်နှုန်းထားက ပြည်ပတင်ပို့မှု အတွက် ကတော့ သုည ရာခိုင်နှုန်း ဖြစ်မယ်။ ပြည်တွင်းအခွန်ဦးစီးဌာနက ပြည်ပပို့တာအတွက် မကောက်ပါဘူး။ အပြင်က လူ တွေ ပြောရင် အကောက်ခွန် ဦးစီးဌာနနဲ့ လွဲနိုင်ပါတယ်။ အများစုက မကွဲတာ ရှိတယ်”ဟု ရှင်းပြသည်။
ထို့ပြင် စံချိန်မီ ၉၉ ဒသမ ၉ အရည်အသွေးရှိ ရွှေများကို ပြည်ပသို့ တင်ပို့ခွင့်ရရန် ဗဟိုဘဏ် ထောက်ခံချက် ရရှိရေး စောင့်ဆိုင်းရသည့် အတွက် လုပ်ငန်းများ မလည်ပတ်နိုင်သေးကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ဦးမျိုးမြင့်က“၉၉ ဒသမ ၉ စံချိန်မီရွှေက ဗဟိုဘဏ်ထောက်ခံချက်ပါမှ ပို့ကုန်၊ သွင်းကုန် လုပ်လို့ ရတယ်။ ဗဟိုဘဏ်ကို ကုမ္ပဏီတွေကနေ တင်ထားတယ်။ ဗဟိုဘဏ်အနေနှင့် ပြင်ဆင်သည့်ကာလ ဖြစ်နေတယ်လို့ ပြောတယ်။ ခွင့်ပြုချက် ချမပေးသေးဘူး။ ခွင့်ပြုမိန့် ချပြီးရင်တော့ ၉၉ ဒသမ ၉ စံချိန်မီ ရွှေကတော့ အရောင်းအဝယ် လုပ်လို့ ရသွားပြီ။ အခု လောလောဆယ်တော့ မရသေးဘူး”ဟု ပြောသည်။
ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေး ဥပဒေတွင် ပါရှိသော ရွှေနှင့် ပတ်သက်သည့် အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် နိုင်ငံ တကာသို့ တင်ပို့၊ တင်သွင်းမည်ဆိုလျှင် ဗဟိုဘဏ်၏ ခွင့်ပြုချက် လိုင်စင် ပါရှိရမည်ဟု ဖော်ပြ ပြဋ္ဌာန်းထားသည့် အတွက် ခွင့်ပြုချက်လိုင်စင် လိုအပ်ခြင်း ဖြစ်သည်။
ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က“ရွှေက နိုင်ငံတကာကို ပို့တဲ့ ပို့ကုန် (Export) ဖြစ်လာတဲ့အခါမှာ နိုင်ငံရဲ့ ပို့ကုန် (Export) ဝင်ငွေရရှိလာမယ့် အပိုင်းဖြစ်တယ်။ ဒါကြောင့်မို့ အောင်မြင်လာ ပြီဆို လိုအပ်တဲ့ ပြည်ပကို ပို့ဆောင်ခွင့်၊ ပြည်ပကနေ ပြည်တွင်းကိုတင်သွင်းခွင့်ဆိုတဲ့ ပါမစ်ကို ပေးတာက ဗဟိုဘဏ် က ထိန်းချုပ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နိုင်ငံမှာရှိတဲ့ ရွှေက သူ့ရဲ့ ရောင်းလိုအားနဲ့ ဝယ်လိုအားအရ ပို့ ကုန် ပိုများမယ်ဆို နိုင်ငံခြားဝင်ငွေ ကိုယ့်နိုင်ငံက ရမယ်။ ဒီအတွက်ကြောင့် ကိုယ့်နိုင်ငံမှာရှိတဲ့ ရွှေထွက်ရှိမှု ပမာဏပေါ် မူတည်ပြီးတော့ နိုင်ငံခြားကို တင်ပို့ခွင့်၊ တင်သွင်းခွင့်ပေးတဲ့ အပိုင်းကဏ္ဍမှာ ဗဟိုဘဏ်က ပါပါတယ်”ဟု ရှင်းပြသည်။
၎င်းက ဆက်လက်ပြီး“ဒီအပိုင်းမှာ ၂ ပိုင်း ရှိတယ်။ နိုင်ငံတကာအဆင့်မီတဲ့ ရွှေကိုသာလျှင် လန်ဒန်ဈေးကွက်၊ ရှန်ဟိုင်း ဈေးကွက်တွေမှာ၊ ဟောင်ကောင်ရွှေဈေးကွက်တွေမှာ ဝင်ရောက်ပြီးတော့ ရောင်းဝယ်မယ့် ရွှေတွေပေါ်မှာသာ ဗဟို ဘဏ် ဥပဒေက ထိန်းချုပ်မှာ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံရဲ့ လိုအပ်ချက်အရ တင်ပို့ခွင့် တင်သွင်းခွင့် လိုင်စင်ကို ဗဟို ဘဏ်က ပေးမှာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။
ယနေ့ ရန်ကုန်ဈေးကွက်တွင် ရွှေ ၁၆ ပဲရည် ၁ ကျပ်သား ကျပ် ၁၀ သိန်း ၃ သောင်း ၃ ထောင် ရှိပြီး မန္တလေး ဈေးကွက် တွင် ကျပ် ၁၀ သိန်း ၃ သောင်း ၃ ထောင့် ၅ ရာ ပေါက်ဈေး ရှိကြောင်း အောင်သမာဓိ ရွှေဆိုင်မှ သိရှိရသည်။
လက်ရှိတွင် ရွှေမှာ တရားဝင် တင်ပို့၊ တင်သွင်းမှု မရှိသေးသော်လည်း နယ်စပ်လမ်းကြောင်းများမှတဆင့် မှောင်ခို အရောင်းအဝယ် လုပ်နေကြကြောင်း၊ ပြည်ပမှ ရွှေများလည်း ပြည်တွင်းသို့ တင်သွင်းမှုများ ရှိနေပြီး မည်၍ မည်မျှ ရှိသည်ကိုမူ အတိအကျ သိရှိနိုင်ရန် အားနည်းနေသေးကြောင်း ဦးဝင်းသော်က ပြောသည်။
ဗီယက်နမ်နိုငံတွင် တနှစ်လျှင် ရွှေတန်ချိန် ၇၀ ထွက်ရှိပြီး ပြည်တွင်းသုံးစွဲမှုမှာ တန်ချိန် ၄၀ ရှိသည်ဟု တွက်ဆကာ ရွှေဈေးကွက်တွင် ပါမစ်များ ထုတ်ပေးခဲ့သော်လည်း ဈေးကွက်သက်တမ်း ၄၊ ၅ နှစ် ကြာသည့်အခါ မှန်းထားသည့် အတိုင်း ရွှေမှ နိုင်ငံခြားဝင်ငွေ မရရှိသည့်အပြင် ပြည်ပမှ ရွှေများ ဝင်ရောက်လာသည့်အတွက် ဗဟိုဘဏ်က လိုင်စင် ချပေးခြင်းကို ပြန်လည် ရုပ်သိမ်းခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်းလည်း ၎င်းက ရှင်းပြသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၌ ထွက်ရှိသည့် ရွှေပမာဏနှင့် ပြည်ပမှ မည်မျှ ဝင်ရောက်မှု ရှိလာနိုင်သည် ကို လုပ်ငန်းရှင်များ အနေဖြင့် သုံးသပ်ထားသင့်ကြောင်းလည်း ဗဟိုဘဏ်က တိုက်တွန်းထားသည်။
The post ပြည်ပသို့ ရွှေတင်ပို့ရေး အခက်အခဲများ ရှိ၍ မပို့နိုင်သေး appeared first on ဧရာဝတီ.
Wi-Fi မှာ ညစ်ညမ်းဆိုဒ်တွေ ပိတ်သွားမှာဖြစ်ကြောင်း Starbucks ကြေညာ
$
0
0
Starbucks လာရောက်သူတွေဟာ ဆိုင်က Wi-Fi သုံးပြီး ညစ်ညမ်းကားတွေ ကြည့်နေကြတဲ့အတွက် Porn ဆန့်ကျင်ရေးအသင်းတခုက ကုမ္ပဏီကို အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ ဒါကြောင့် နောက်နှစ်ကစပြီး ဆိုင် Wi-Fi ကို အသုံးပြုကာ ညစ်ညမ်းရုပ်ရှင်ကားနဲ့ တခြားမဖွယ်မရာ ဝက်ဘ်ဆိုဒ်တွေကို ပိတ်သွားတော့မှာဖြစ်ကြောင်း Starbucks က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
“မည်သူမဆို လာရောက်နိုင်တဲ့ လုံခြုံစိတ်ချမှုအပြည့် နေရာဖြစ်ဖို့အတွက် ညစ်ညမ်း ဗီဒီယို၊အကြောင်းအရာတွေကို ကျနော်တို့ ဆိုင်တွေမှာ ကြည့်မရအောင် တားဆီးနိုင်မယ့် နည်းလမ်းကို တွေ့ထားပြီးပါပြီ။ ၂၀၁၉ ခုနှစ်ထဲ အမေရိကန်ပြည်ထောင်စုက ဆိုင်တွေမှာ စတင် အသုံးပြုသွားမှာပါ” လို့ Starbucks ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
မဖွယ်မရာ အကြောင်းအရာတွေရှိတဲ့ ညစ်ညမ်း ဝက်ဘ်ဆိုဒ် မှန်သမျှကို ပိတ်ပင်မယ့် နည်းလမ်းအတိအကျကိုတော့ ကုမ္ပဏီက မပြောခဲ့ပါဘူး။ ဒါပေမဲ့ ညစ်ညမ်း ဝက်ဘ်ဆိုဒ်မဟုတ်တဲ့ အခြား ဝက်ဘ်ဆိုဒ်တွေကို မှားယွင်းပိတ်မိတာမျိုး မဖြစ်စေဖို့အတွက် နည်းလမ်းများစွာကို စမ်းသပ်ထားတယ်လို့ ဆိုပါတယ်။
Starbucks ရဲ့ အများသုံး Wi-Fi ကနေ ညစ်ညမ်းဆိုဒ်တွေ ကြည့်နေကြမှုကို ပိတ်ပင်ပေးဖို့ ညစ်ညမ်းရုပ်ရှင် တိုက်ဖျက်ရေး အဖွဲ့အစည်းတွေက ဖိအားပေးမှုအပြီးမှာ Starbucks က အခုလို ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။
ညစ်ညမ်းရုပ်ရှင် တိုက်ဖျက်ရေးအဖွဲ့တခုဖြစ်တဲ့ “Enough is Enough” က အများသုံး Wi-Fi မှာ ညစ်ညမ်းရုပ်ရှင်ကားတွေ စိတ်တိုင်းကျ ကြည့်လို့ရအောင် Starbucks က ခွင့်ပြုထားတယ်ဆိုပြီး ကုမ္ပဏီကို စွပ်စွဲခဲ့ပါတယ်။ အဆိုပါ စွပ်စွဲချက်မှာ လူပေါင်း ၂၆,၀၀၀ ကျော် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
“အခမဲ့ အများဆုံး Wi-Fi တွေကို အသုံးပြုကာ ဥပဒေ အထိန်းအကွပ်အောက်ကနေ မဖွယ်မရာ ညစ်ညမ်းကားတွေ၊ ရာဇဝတ်မှုမြောက် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေ ကြည့်ရှု ဖြန့်ဖြူးဖို့ ဆိုင်လာသူတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နိုင်ဖို့ ချောင်းနေကြသူတွေ၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို Starbucks က ကောင်းကောင်းကြီး ကြိုဆိုနေပါတယ်” လို့ Enough is Enough ရဲ့ လျှောက်ထားလွှာမှာ ရေးသားထားပါတယ်။
Enough is Enough ဟာ Starbucks အနေနဲ့ ဒီကိစ္စတွေကို အရေးယူဖို့ ဆောင်ရွက်နေတာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ McDonald’s ကတော့ ၂၀၁၆ ခုနှစ်ကတည်းက ဆိုင် Wi-Fi တွေမှာ ညစ်ညမ်းဆိုဒ်တွေ ဝင်ကြည့်မရအောင် ပိတ်ထားခဲ့ပြီး ဖြစ်ပါတယ်။ Starbucks ကတော့ လာမယ့်နှစ်မှ စပိတ်မှာပါ။
Ref: Mashable
The post Wi-Fi မှာ ညစ်ညမ်းဆိုဒ်တွေ ပိတ်သွားမှာဖြစ်ကြောင်း Starbucks ကြေညာ appeared first on ဧရာဝတီ.
10GB RAM ပါဝင်တဲ့ “Nubia” Gaming စမတ်ဖုန်း ထွက်ရှိ
$
0
0
မိုဘိုင်းဂိမ်းတွေဟာ “Fruit Ninja” လို ရိုးရှင်းတဲ့ ဂိမ်းကနေ အခုဆိုရင် PUBG Mobile လို esports ပြိုင်ပွဲဝင် ဂိမ်းတွေအထိ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပါတယ်။ ထို့အတူ မိုဘိုင်းဂိမ်းကစားသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Gaming စမတ်ဖုန်းတွေလည်း တလုံးပြီး တလုံး ထွက်ပေါ်လာတာ တွေ့ရပါတယ်။
အခုနောက်ဆုံး ထွက်လာတဲ့ Gaming စမတ်ဖုန်းကတော့ တရုတ်ကုမ္ပဏီ ZTE ရဲ့ “Nubia Red Magic Mars” ပါ။ အမြင့်ဆုံး Chipset Snapdragon 845 ၊ 10GB RAM တို့နဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။
Gaming ဖုန်း ဆိုတဲ့အတိုင်း Red Magic Mars မှာ ဂိမ်းအကြာကြီး ကစားနိုင်ဖို့အတွက် ဖုန်းအပူချိန်ကို လျော့ချပေးမယ့် ပိုက်လိုင်း နှစ်ချောင်းသုံး အအေးခံစနစ်၊ ဖုန်းနောက်ဘက် RGB LED မီး၊ DTS 7.1 ပတ်လည် အသံပြေးစနစ်ရ စတီရီယို စပီကာ နှစ်လုံးတို့လည်း ပါရှိပါတယ်။
မိုဘိုင်းဂိမ်းတွေကို ပိုမိုအဆင်ပြေစွာ ကစားနိုင်ဖို့အတွက် Touch သုံးနိုင်တဲ့ နေရာနှစ်ခုလည်း ဖုန်းရဲ့ ဘေးဘက်မှာ ပါဝင်လာပါတယ်။ အဆိုပါ Touch နေရာနှစ်ခုမှာ မော်တာတလုံးနဲ့ “4D Shock” Haptic Feedback ပေးထားတာကြောင့် တကယ့်ခလုတ် နှိပ်နေရသလို ခံစားရမှာပါ။ ခလုတ်နဲ့ ဆော့ချင်သူတွေအနေနဲ့လည်း လက်ကိုင်ခလုတ်တခုကို ဖုန်းရဲ့ နှစ်သက်ရာ ဘေးဘက်မှာ တပ်ဆင်နိုင်ပါတယ်။
Nubia Red Magic Mars ရဲ့ Screen ကတော့ ၆ လက်မအရွယ် 2160×1080 pixels LCD စခရင်ပါ။ 10GB RAM နဲ့ 256GB Storage အထိ ရနိုင်ပြီး၊ အနိမ့်ဆုံးမော်ဒယ်ကတော့ 6/64 GB ဖြစ်ပါတယ်။ Android 9.0 Pie စနစ်အခြေခံ Red Magic OS 1.6 နဲ့ အသုံးပြုရမှာပါ။
ဂိမ်းကို အနှောင့်အယှက် ကင်းကင်းဆော့နိုင်ဖို့အတွက် esports ခလုတ်တခုလည်း ပါရှိတယ်လို့ သိရပါတယ်။ ကင်မရာကတော့ 16MP ၊ f/1.8 lens ကျောကင်မရာနဲ့ 8MP ရှေ့ကင်မရာ တလုံးစီတို့ပဲ ပါဝင်မှာပါ။
“Red Magic Mars” Gaming စမတ်ဖုန်းကို Meteorite Black နဲ့ Flame Red အရောင် မော်ဒယ်နှစ်မျိုး ရောင်းချသွားမှာဖြစ်ကာ၊ အနိမ့်ဆုံး 6/64 GB မော်ဒယ်ကို ၂,၇၀၀ ယွမ် (မြန်မာကျပ်ငွေ ခြောက်သိန်း) ကျသင့်မှာ ဖြစ်ပါတယ်။
8/128 GB မော်ဒယ်ကိုတော့ ၃,၂၀၀ ယွမ် နဲ့ အမြင့်ဆုံး 10/256 GB မော်ဒယ်ကိုတော့ ၄,၀၀၀ ယွမ် အသီးသီး ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်ပြည်တွင်းမှာ ဒီဇင်ဘာလ ၇ ရက်နေ့ စတင် ရောင်းချသွားမှာပါ။
Ref: Engadget, GSM Arena
The post 10GB RAM ပါဝင်တဲ့ “Nubia” Gaming စမတ်ဖုန်း ထွက်ရှိ appeared first on ဧရာဝတီ.
ကျောင်းသားများ မိတ်ဆက်လိုက်သည့် Cotton Bagan
$
0
0
မိတ္ထီလာခရိုင်မှ ကျောင်းသားအဖွဲ့ တဖွဲ့သည် ဒေသထွက် ချည်များကို Cotton Bagan ကုန်အမှတ်တံဆိပ်ဖြင့် ဘောင်းဘီများနှင့် လည်စည်းများ စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွား ဒေသကို အခြေခံသော ယုံကြည်အားထားလောက်သည့် ပြည်တွင်း ကုန်အမှတ်တံဆိပ် တခု တည်ထောင်ရေးဖြစ်သည်။
Cotton Bagan ၏ ထုတ်ကုန်များ အားလုံးသည် ရာနှုန်းပြည့် ချည်ထည်များ ဖြစ်ကြောင်းနှင့် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် နိုင်ငံတွင် လူသိအများဆုံး ခရီးသည်ဆွဲဆောင်ရာ ပုဂံ တမြို့တည်းတွင်သာ ဝယ်ယူ ရရှိမည်ဖြစ်ကြောင်း အသက် ၂၁ နှစ်အရွယ် ပူးတွဲတည်ထောင်သူ ကိုပြည်စိုးဟိန်းက ပြောသည်။
“ပုဂံမှာ ဈေးအရမ်းကြီးတဲ့ သွင်းကုန် အထည်အလိပ်တွေ အများကြီးရှိတယ်။ ထိုင်းကတင်သွင်းတဲ့ ဆင်တံဆိပ် ဘောင်းဘီတွေ ပုဂံမှာ ရေပန်းစားတယ်။ ဒါဘာကြောင့်လဲဆိုတော့ တခြားရွေးစရာ မရှိလို့ပဲ။ ခရီးသည်တွေ သွားတဲ့နေရာ တော်တော်များများမှာ သူတို့ ယုံကြည်အားထားနိုင်တဲ့ ပြည်တွင်း ကုန်အမှတ်တံဆိပ် မရှိဘူး။ ဒါကြောင့် ကျနော်တို့က ယုံကြည်အားထားနိုင်တဲ့ ပြည်တွင်း ကုန်အမှတ်တံဆိပ်တခု တည်ထောင်ချင်တာ” ဟု သူက ရှင်းပြသည်။
တဦးချင်း အနေဖြင့်ဆိုရပါက ကိုပြည်စိုးဟိန်းသည် ဆင်တံဆိပ် ဘောင်းဘီများ ဝတ်ဆင်ရသည်ကို နှစ်ခြိုက်ခြင်း မရှိလှဘဲ သူကဲ့သို့သော တခြားသူများ ရှိနေမည်ကို သူသေချာ သိနေသည်။ ထို့ကြောင့် သူတို့အဖွဲ့သည် ပုဂံတွင် ချည်ထည်ဘောင်းဘီများ ထုတ်လုပ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်း စတင်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
Cotton Bagan အမှတ်တံဆိပ် လည်စည်း/Supplied
Cotton Bagan ကို မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရလူငယ် သုံးဦးက ၂၀၁၇ ခုနှစ် နှစ်လယ်တွင် စတင်ထူထောင်ခဲ့သည်။
“၂၀၁၇ ခုနှစ် နှစ်လယ်မှာ သူငယ်ချင်းနှစ်ယောက်နဲ့ စစီစဉ်တာ။ ဒါပေမယ့် ကျနော်တို့ကို ကူညီတဲ့ တခြား လူတွေလည်း ရှိသေးတယ်။ ကျောင်းက ကျနော်တို့ထက် အတန်းငယ်တဲ့ ညီ၊ ညီမတွေက ဈေးကွက် သုတေသန လုပ်ပေးတယ်။ အတန်းကြီးတဲ့ သူတွေကလည်း ကူညီတယ်” ဟု သူက ပြောသည်။
ထုတ်ကုန်များကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ရောက်မှသာ လူထုထံ စတင် မိတ်ဆက်နိုင်ခဲ့သည်။ Cotton Bagan မတိုင်မီက သူသည် Gent and Glory အမည်ရှိ တခြား ကုန်အမှတ်တံဆိပ်တခုကို လုပ်ခဲ့ပြီး ထိုအမှတ်တံဆိပ်ကို အဓိကအားဖြင့် တက္ကသိုလ် အင်္ဂလိပ်စာ အသင်းနှင့် တခြားမေဂျာများမှ ကျောင်းသား များက အဓိက ပံ့ပိုးခဲ့သည်။
“ဒါကြောင့် ကျနော်တို့မှာ အတွေ့အကြုံရှိနေပြီး ပစ္စည်းပေးသွင်းသူတွေ အထည်ချုပ် စက်ရုံတွေနဲ့ အချိတ်အဆက် ရှိပြီးသား ဖြစ်နေတာ။ ကျနော်တို့ ကျောင်းက စက်မှုဇုန်နဲ့နီးတော့ အလွယ်တကူ ဆက်သွယ်လို့ ရတယ်။ Gent and Glory မှာ ရခဲ့တဲ့ အတွေ့အကြုံကြောင့် Cotton Bagan ကို စတဲ့အခါ အရမ်းကို လွယ်ကူသွားတယ်” ဟု ကိုပြည်စိုးဟိန်းက ပြောသည်။
သို့သော် သူတို့သည် ကုန်အမှတ်တံဆိပ် တည်ထောင်သော ခွဲခြမ်းစိတ်ဖြာ သုံးသပ်မှုများဖြင့် စတင်ပြီး တဆင့်ပြီးတဆင့် လုပ်ကြရသည်။
“ကျနော်တို့မှာ ကျောင်းသင်ခန်းစာက ရတဲ့ပညာက နည်းနည်းလေးပဲ ရှိတာ။ ဒါကြောင့် တကယ့် လောက ရောက်တဲ့ အခါကျတော့ အမှားတွေ အများကြီးကြုံရတယ်။ အခုလုပ်ငန်းက အရင်လုပ်ဖူးတဲ့ လုပ်ငန်းထက် ပိုကြီးတယ်လေ” ဟုလည်း သူက ရှင်းပြသည်။
လက်တွေ့တွင်မူ မြန်မာနိုင်ငံတွင် ချည်ထည် အဝတ်များကို ရောင်းချသော ပြည်တွင်း ကုန်အမှတ်တံဆိပ် များစွာရှိနေသော်လည်း ၎င်းတို့သည် ရာနှုန်းပြည့် ချည်ထည် မဟုတ်ဘဲ၊ တချို့မှာ ထိုင်းနှင့်တရုတ် နိုင်ငံများမှ တင်သွင်းသော ချည်ထည်များ ဖြစ်ကြောင်းနှင့် တံဆိပ်သာ ပြောင်းလဲတပ်ဆင်ထားကြောင်း သူက ရှင်းပြသည်။
“ဒီတော့ ကျနော်တို့နိုင်ငံက အရမ်းကိုဆုံးရှုံးတယ်။ မြန်မာနိုင်ငံဟာ ချည်ကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပေမယ့် ပြည်ပကနေ ဝယ်နေရတယ်။ ဒါကြောင့် နိုင်ငံအတွက် ငွေကြေးဆုံးရှုံးတယ်။ အရင်ခေတ်တုန်းကဆိုရင် လူတွေက ပိတ်စ အမျိုးမျိုးကို ပြည်ပကနေ တင်သွင်းကြတယ်။ အခုကျတော့ ကုန်ချောပဲ သွင်းကြတော့တယ်” ဟုလည်း ကိုပြည်စိုးဟိန်းက ဆိုသည်။
Cotton Bagan ထုတ် အထည်များကို ပြည်တွင်းထွက် ချည်များဖြင့် ရက်လုပ်သည်/Supplied
ပြည်တွင်း ခရီးသွားလာရာ နေရာများသည် ဒေသ စီးပွားရေးများအတွက် ဝင်ငွေရှာပေးနိုင်သော နေရာများ ဖြစ်သည်။ သို့သော် ထိုနေရာများရှိ လုပ်ငန်းအများစုသည် နိုင်ငံခြားသားများထံမှ မှာယူနေကြသည်။ တိုင်းပြည်အတွက် မည်မျှ ဆုံးရှုံးရသည်ကို သူတို့မမြင်ကြကြောင်း သူက ပြောသည်။
“ဒါကြောင့် ကျနော်တို့က ပြည်တွင်းချည်ကို အားပေးချင်တာ။ ပြည်တွင်းချည်က ပြည်ပက တင်သွင်းလာတဲ့ ချည်လောက် နီးနီး ကောင်းတယ်။ ကျနော်တို့ထက် နည်းနည်းသာပေမယ့် ကျနော်တို့ချည်က သင့်တင့်တဲ့ အရည်အသွေး ရှိတယ်” ဟု သူက ရှင်းပြသည်။
သူတို့တွင် ချည်ထည်ပေးသွင်းသူ အမျိုးမျိုးရှိသော်လည်း သူတို့ ကုန်အမှတ်တံဆိပ် ထုတ်ကုန်အားလုံးသည် ပြည်တွင်းဖြစ်များ ဖြစ်သည်။
Cotton Bagan တွင် အရောင်းပြခန်း သို့မဟုတ် ဆိုင်ပိုင် မရှိဘဲ ထုတ်ကုန်များကို လက်လီ အရောင်းသမား များက တဆင့်သာ ဖြန့်ချိသည်။
“ဒီတော့ ထုတ်ကုန်တွေကို ပုံမှန် သတ်မှတ်ဈေးအတိုင်း ရောင်းဖို့ လက်လီ အရောင်းသမားတွေနဲ့ သဘော တူညီချက် အရင်ယူရတယ်။ သူတို့အနေနဲ့ ထုတ်ကုန်ဆိုင်ရာ အချက်အလက် တွေကိုလည်း ရိုးသားစွာ ရှင်းပြဖို့ လိုတယ်” ဟု သူက လုပ်ငန်း ဆောင်ရွက်ပုံများကို ရှင်းပြသည်။
“ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ဖောက်သည်တွေက မကျေနပ်တာ ရှိရင်လည်း လက်လီ အရောင်းသမားက ကျနော်တို့ကို ဆက်သွယ်တယ်” ဟု သူက ဆက်ပြောသည်။
ပုဂံသို့ လာရောက် လည်ပတ်သူများသည် Cotton Bagan ဘောင်းဘီများကို သက်သောင့်သက်သာ ဝတ်ဆင်ပြီး လည်ပတ်ကြသကဲ့သို့ မိတ်ဆွေများ၊ မိသားစုများအတွက် လက်ဆောင်အဖြစ် ဝယ်ယူကြ သည်လည်း ရှိသည်။ အမှတ်တရ လက်ဆောင်အဖြစ် ရောင်းချရေးသည် ၎င်းတို့ ကုန်အမှတ်တံဆိပ်၏ တခြားသော ရည်မှန်းချက်တခု ဖြစ်ကြောင်း သူက ရှင်းပြသည်။
Cotton Bagan တံဆိပ် ဘောင်းဘီရှည်နဲ့ အမျိုးသမီးငယ်/Supplied
“ဒါကြောင့် ထုပ်ပုံပိုးပုံကအစ အသေးစိတ်တွေကို အရမ်း ဂရုစိုက်ရတယ်” ဟု ကိုပြည်စိုးဟိန်းက ပြောသည်။
Cotton Bagan သည် တရားဝင် မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ် ဖြစ်သည်။ ဘောင်းဘီ၏ ဒီဇိုင်းမှာ ရိုးရှင်းပြီး ကျား၊ မ မရွေး ဝတ်ဆင်နိုင်ကာ အရောင်အသွေး စုံလင်သည်။ ဆိုက်သေး၊ အလယ်အလတ်၊ ဆိုက်ကြီးနှင့် အထူးဆိုက်ကြီးဟုလည်း ခွဲခြားထားသည်။
“ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေနဲ့ ဧည့်လမ်းညွှန်တွေက အမှတ်တရ ပစ္စည်းဆိုင်တွေနဲ့ အဆက်အသွယ် ရှိပြီးသား ဆိုတော့ ဒီကုန်အမှတ်တံဆိပ်က ပြည်တွင်း အတွက်သာမက၊ ပြည်ပအတွက်ပါ ရည်ရွယ်တယ်။ ဒီတော့ သူတို့က ဒီလိုဆိုင်မျိုးတွေကို တိုက်ရိုက် သွားနိုင်တယ်။ အဲဒီလို အမှတ်တရ ပစ္စည်းဆိုင်တွေကို လက်လီ အရောင်းနေရာအဖြစ် ရွေးရင် ကျနော်တို့က ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေနဲ့ ဧည့်လမ်းညွှန်တွေကိုပါ ပေးရမယ်။ ဒါဆို ကုန်ကျစရိတ် များပြီး အမြတ်နည်းမယ်။ ဒါမှမဟုတ် ဈေးတွေ တက်ကုန်မယ်။ ဒါတော့ ကံမကောင်းဘူး” ဟု သူက ပြောသည်။
အနာဂတ်တွင် သူတို့အဖွဲ့သည် Cotton Bagan ၏ ကနဦး ထုတ်ကုန်များအပေါ် ဖောက်သည်များ၏ တုံ့ပြန်မှုများကို စစ်ဆေးမည်၊ ထို့နောက်တွင် ပုဂံမှ တခြားသော ခရီးသွားလုပ်ငန်းနေရာများသို့ လုပ်ငန်း တိုးချဲ့မည်ဟု ကိုပြည်စိုးဟိန်းက ဆိုသည်။
ဘောင်းဘီများ၏ ဈေးနှုန်းမှာ ၅၆၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ရှိသည်။
(Students Launch All-Local ‘Cotton Bagan’ Clothing Brand  ကို ဆီလျော်အောင် ဘာသာပြန်သည်။)
The post ကျောင်းသားများ မိတ်ဆက်လိုက်သည့် Cotton Bagan appeared first on ဧရာဝတီ.
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် တရုတ်ဈေးကွက် ပိုမိုချဲ့ထွင်မည်ဟု သမ္မတရှီကျင့်ဖျင် ပြောကြား
$
0
0
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် တရုတ်အစိုးရက ဈေးကွက် ချဲ့ထွင်သွားမည်ဖြစ်ကာ ဉာဏ ပစ္စည်း မူပိုင်ခွင့် ကာကွယ်ခြင်းလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံတွင် ကျင်းပမည့် G 20 ကမ္ဘာ့ခေါင်းဆောင်များ အစည်းအဝေးကို ဦးတည်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့သို့ ၂ ရက်ကြာ ခရီးစဉ်အတွင်း စပိန်အထက်လွှတ်တော်တွင် မိန့်ခွန်းပြော ကြားရာတွင်လည်း သမ္မတ ရှီကျင့်ဖျင်က နောက်ထပ် ၅ နှစ်အတွက် ဒေါ်လာ ၁၀ ထရီလီယံတန်ဖိုးရှိ သွင်းကုန်များကို တင်သွင်းသွားရန် တရုတ်အနေဖြင့် စီစဉ်ထားကြောင်းလည်း ထည့်သွင်းပြော ကြားသည်။
“ပြင်ပကမ္ဘာကို တံခါးပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွင့်နိုင်ဖို့ တရုတ်က ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်မှာ ဈေးကွက် ပိုထိတွေ့နိုင်ဖို့လည်း ကျနော်တို့ အားသွန်ခွန်စိုက် ဆောင်ရွက် သွားမှာပါ။ ဉာဏပစ္စည်းမူပိုင်ခွင့် ကာကွယ် ဖို့လည်း ပါပါတယ်” ဟု ၎င်းက ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုးကားပြောဆိုခြင်း မရှိသော်လည်း တရုတ်သွင်းကုန်များ ဒေါ်လာ ၂၀၀ ဘီလီယံ တန်ဖိုးအပေါ် အခွန်တိုးမြှင့်စည်းကြပ်ထားရာ လက်ရှိ ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ပြောင်းလဲနိုင်ရန် မျှော်မှန်း ထားကြောင်းလည်း ဆက်လက်ပြောသည်။
သို့သော် စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ် နှင့်တွေ့ဆုံပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် တရုတ်နှင့် စပိန် တို့က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) စည်းမျဉ်းအပေါ် အခြေခံ၍ ကမ္ဘာ့စီးပွားရေး ပွင့်လင်းမှုနှင့် မျှတမှုရှိစေရေးအတွက် မိမိတို့က ကျောထောက်နောက်ခံ ပြုသွားမည်ဖြစ်ကြောင်း၊ တဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်မှုဝါဒတို့ကို တိုက်ဖျက်ရေး ကတိကဝတ်ထားရှိမှုကို ထပ်လောင်း အတည်ပြုခဲ့ကြကြောင်း ကြေညာခဲ့သည်။
တရုတ်ခေါင်းဆောင် မိန့်ခွန်းပြောသည့် လွှတ်တော်အဆောက်အအုံ ပြင်ပတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူအဖွဲ့ငယ် ၂ ဖွဲ့တို့က စုရုံးနေကြရာ တဖွဲ့က တရုတ်လူ့အခွင့်အရေးမှတ်တမ်းကို ကန့်ကွက် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသလို ကျန်တဖွဲ့က “ကြိုဆိုပါ၏” ဟူသော စာတန်းကို ကိုင်ဆောင်ကာ ဝှေ့ယမ်းပြနေခဲ့ကြသည်။
သမ္မတ ရှီကျင့်ဖျင် နှင့် ဇနီးဖြစ်သူ ပင်လီယွမ်တို့သည် စပိန်ဘုရင် ဖိလစ်နှင့် မိဖုရား လက်တီဇီယာ တို့နှင့်အတူ ဘေးချင်း ယှဉ်ရပ်၍ တော်ဝင်နန်းတော်၊ မက်ဒရစ်မြို့၏ ဆောင်းရာသီ နေရောင်အောက် တွင် ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့၏ အလေး ပြုမှု ခံယူကြသည်။
အီဘာရီယန် ဝက်ပေါင်ခြောက်တင်ပို့ရေး သဘောတူညီချက်ကို ယခု နိုင်ငံတော်ခရီးစဉ်အတွင်း ရရှိခဲ့သော နှစ်ဘက်နား လည်မှုများ၏ အစိတ်အပိုင်းတခုအနေဖြင့် စပိန်နှင့် တရုတ်တို့ ဗုဒ္ဒဟူးနေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။
သို့သော် ဘေဂျင်း၏ “စီးပွားရေး ရပ်ဝန်းအစပျိုးခြင်း” Belt and Road Initiative ကိုမူ စပိန်က ပါဝင်ခြင်းမရှိကြောင်း စပိန်အစိုးရ သတင်းရင်းမြစ်တခုက ဆိုသည်။ အဆိုပါ Belt and Road စီးပွားရေးရပ်ဝန်း ဖော်ဆောင်ခြင်းသည် ကမ္ဘာ့ အခြေခံအဆောက်အအုံ စီမံကိန်းများတွင် တရုတ် အဓိက ပါဝင်ပတ်သက်သော ကျယ်ပြန့်သည့်ဖွံ့ဖြိုးရေး မဟာဗျူဟာ တရပ် ဖြစ်သည်။
The post နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် တရုတ်ဈေးကွက် ပိုမိုချဲ့ထွင်မည်ဟု သမ္မတရှီကျင့်ဖျင် ပြောကြား appeared first on ဧရာဝတီ.
မုံရွာတွင် ကုန်းတွင်းဆိပ်ကမ်း ဖော်ဆောင်ရန် လေ့လာမှုများ လုပ်ဆောင်နေ
$
0
0
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာတွင် တတိယ ကုန်းတွင်းဆိပ်ကမ်း (Dry Port) တခု ဖော်ဆောင်ရန်အတွက် မြန်မာ့မီးရထားက ကိုရီးယားကုမ္ပဏီ တခုနှင့် ပူးပေါင်းကာ လေ့လာမှုများ ပြုလုပ်လျက်ရှိနေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။
ဝန်ကြီး ဦးသန့်စင်မောင်က “အဲဒါက စဉ်းစားနေပါတယ်။ ဒါပေမယ့် မပြောရဲသေးဘူး။ ဘာလို့လဲဆိုတော့ ဒါကြောင့် မြေကြီးရောင်းစားမှာ ကြောက်လို့။ ဘယ်နား လုပ်မယ်လို့ မပြောရဲဘူး။ လုပ်မယ့် အစီအစဉ်တော့ ရှိတယ်။ ရှိပေမယ့် ပိုက်ဆံက အများကြီးကုန်မယ်။ လုပ်ဖို့တော့ရှိတယ်” ဟု ပြောသည်။
လေ့လာဆန်းစစ်မှုများကို ပြီးခဲ့သည့် လပိုင်းအတွင်းကတည်းက လုပ်ဆောင်နေခြင်း ဖြစ်ကာ ယခု ကုန်းတွင်းဆိပ်ကမ်းကို ရေလမ်း၊ ကုန်းလမ်း နှစ်မျိုး စလုံး ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် လေ့လာဆန်းစစ်မှုများ ပြုလုပ်နေပြီး ယခင် ရှိပြီး ကုန်းတွင်းဆိပ်ကမ်း နှစ်ခုထက် ရင်းနှီးမြှုပ်နှံရမည့် ငွေပမာဏ ပိုများနိုင်သည်ဟုလည်း သိရသည်။
ဦးသန့်စင်မောင်က “ဘာလို့လဲ ဆိုတော့ ချင်းတွင်းမြစ်က ရေတက်လာတော့ ထိပ်ရောက်သွားတယ်။ ရေကျသွားရင် ပေ ၃၀ လောက် ကွာတယ်။ အဲဒီတော့ ကုန်စည်ကို ဘယ်လို ကရိန်းနဲ့ ဆွဲတင်မလဲ။ ဒါက ခက်လို့” ဟု ရှင်းပြသည်။
လက်ရှိတွင် မြန်မာပြည်၌ ကုန်တွင်းဆိပ်ကမ်း (Dry Port) နှစ်ခု တည်ဆောက်ထားပြီးကာ ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ရွာသာကြီးနှင့် မန္တလေးတိုင်း မြစ်ငယ်မြို့တို့တွင် ဖြစ်ကာ ယခု စီမံကိန်း အကောင်အထည် ဖော်မည်ဆိုပါက တတိယမြောက် ကုန်းတွင်းဆိပ်ကမ်း ဖြစ်လာမည် ဖြစ်သည်။
အဆိုပါ ကုန်းတွင်း ဆိပ်ကမ်း အကောင်အထည် ဖော်ဆောင်နိုင်ပါက အိန္ဒိယ-မြန်မာ နယ်စပ် တမူး-ကလေးဘက်မှ ကုန်စည်များကို ရန်ကုန်သို့ လည်းကောင်း၊ ရန်ကုန်မှ ကုန်စည်များကိုလည်း တမူး-ကလေးသို့ လည်းကောင်း လွယ်ကူစွာ ကုန်သွယ်မှု ပြုလုပ်နိုင်မည် ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံအား ကြားခံထားကာ ထိုင်းနှင့် အိန္ဒိယ အပြန်အလှန် ကုန်သွယ်မှု ပြုလုပ်သွားနိုင်ရန်လည်း ရည်ရွယ်ထားသည်ဟု သိရသည်။
ကုန်ထုတ်လုပ်သည့် စက်ရုံ၊ လုပ်ငန်းများအနေဖြင့် ထုတ်ကုန်ပစ္စည်းများအတွက် ဒေသတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ကိုယ်တိုင် မလုပ်ဆောင်လိုပါက ကြားခံအနေဖြင့် ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်ထားသည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ ယင်းဝန်ဆောင်မှုကို ရယူနိုင်မည် ဖြစ်သည်။
KM Terminal and Logistics Limited မှ အထွေထွေ မန်နေဂျာဖြစ်သူ ဦးညီထွဋ်က “တမူး-ကလေးက ကုန်တွေလည်း သယ်မယ်။ ဒီကလည်း ကုန်တွေ ပို့မယ်။ နောက်ဆုံးကျရင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးအနေနဲ့ မြန်မာနိုင်ငံကို ကြားခံထားရှိပြီး ကုန်စည်များကို အိန္ဒိယ ပို့ခြင်း၊ အိန္ဒိယမှ ကုန်စည်များကို ထိုင်းနိုင်ငံသို့ ပို့ခြင်းတို့ကို လုပ်ဆောင်မယ်” ဟု ပြောသည်။
ယင်းကုမ္ပဏီသည် ရွာသာကြီးနှင့် မြစ်ငယ်ရှိ ကုန်းတွင်းဆိပ်ကမ်း (Dry Port) များကို အမေရိကန်ဒေါ်လာ ၅၅ သန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပြီး ပြည်တွင်းကုမ္ပဏီဖြစ်သည့် Mother Logistic ကုမ္ပဏီမှ ၃၀ ရာခိုင်နှုန်း ပါဝင်ထားသည်။
ဆိပ်ကမ်းတွင် အကောက်ခွန်စစ်ဆေးမှုများ ထားရှိထားပြီး ၂၄ နာရီ၊ ၇ ရက် လုပ်ငန်းလည်ပတ်မှု၊ ကွန်တိန်နာ ထိန်းသိမ်းခြင်း နှင့် သန့်ရှင်းရေး ဝန်ဆောင်မှုများ၊ အိုင်တီ ချိတ်ဆက်စစ်ဆေးခြင်း၊ ဆိပ်ကမ်းအလေးချိန်စက်၊ ကုန်ပစ္စည်း အာမခံ နှင့် ပြန်လည်တင်ပို့မည့် ကုန်ပစ္စည်းများအတွက် သွင်းကုန်-ပြည်ပပို့ကုန် အခွန်လွတ်ကင်းခွင့် စသည့် ဝန်ဆောင်မှုများ ပါရှိသည်။
လက်ရှိတွင် ကုမ္ပဏီအနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများနှင့် ချိတ်ဆက်၍ ကုန်စည်များ သယ်ယူပို့ဆောင်နိုင်ရန် စီစဉ်နေပြီး မန္တလေးမှ ကုန်စည်များကို မြဝတီသို့ ပို့ဆောင်ပေးခြင်း၊ မူဆယ်မှ ကုန်ပစ္စည်းများကို မန္တလေးသို့ ကွန်တိန်နာဖြင့် သယ်ယူကာ ရန်ကုန်သို့ မီးရထားဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများ လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်သတင်း
ရန်ကုန် ကုန်းတွင်းဆိပ်ကမ်း သယ်ယူစရိတ် လျှော့ချနိုင်ဟု ဆို
ရွာသာကြီး ကုန်းတွင်း ဆိပ်ကမ်း ယခု နှစ်ကုန်တွင် ဖွင့်လှစ်မည်
The post မုံရွာတွင် ကုန်းတွင်းဆိပ်ကမ်း ဖော်ဆောင်ရန် လေ့လာမှုများ လုပ်ဆောင်နေ appeared first on ဧရာဝတီ.
Viewing all 5004 articles
Browse latest View live