Quantcast
Channel: စီးပွားရေး - ဧရာဝတီ
Viewing all 5004 articles
Browse latest View live

GPU Turbo နည်းပညာပါဝင်တဲ့ “Huawei Honor Play” Gaming စမတ်ဖုန်း

$
0
0

၂၀၁၈ ခုနှစ်ဟာ Gaming စမတ်ဖုန်းတွေရဲ့ နှစ်လို့ ဆိုရမှာပါ။ Razer, Xiaomi နဲ့ Nubia တို့အပြီးမှာ ASUS ကလည်း လွန်ခဲ့တဲ့ ၂ ရက်လောက်က ROG Phone နဲ့ Gaming စမတ်ဖုန်းလောကထဲ ထပ်မံဝင်ရောက်လာခဲ့ပါတယ်။ ဒီတခါ မှာတော့ တရုတ်စမတ်ဖုန်း ကုမ္ပဏီကြီးတခုဖြစ်တဲ့ Huawei ကလည်း Honor Play ဆိုတဲ့ Gaming စမတ်ဖုန်း တလုံးကို ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။

Huawei ရဲ့ Brand အခွဲတခုဖြစ်တဲ့ Honor ကနေ ဇွန်လ ၆ ရက်နေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့တဲ့ Honor Play စမတ်ဖုန်းဟာ Gaming အတွက် ရည်ရွယ်ထားတဲ့ Features တွေအမြောက်အများပါဝင်တဲ့ နောက်ထပ် Gaming Phone တလုံးပါ။

အဓိက အထူးခြားဆုံး Feature တွေကတော့ ဖုန်း GPU ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့ GPU Turbo နည်းပညာ၊ ဂိမ်းတွေဆော့တဲ့အခါ ဂိမ်းထဲက အက်ရှင်အတိုင်း ဖုန်းကို တုန်ခါမှုတွေ လုပ်ပေးမယ့် ‘4D’ နည်းပညာတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ ဘက်ပေါင်းစုံကနေ အသံတွေထွက်လာသယောင် ခံစားရစေမယ့် 3D Game Sounds နဲ့ 7.1 Channel Virtualization စနစ်တို့အတွက် Huawei ကုမ္ပဏီရဲ့ ကိုယ်ပိုင် Histen အသံနည်းပညာကိုလည်း အသုံးပြုထားတယ်လို့ သိရပါတယ်။

Honor Play ရဲ့ တခြားအသေးစိတ် အချက်အလက်တွေကတော့ Display ကို 19:9 Aspect Ratio နဲ့ 1080 x 2280 pixels ရုပ်ထွက်ရှိတဲ့ ၆ ဒဿမ ၃ လက်မ မျက်နှာပြင်၊ Kirin 970 SoC ၊ 6GB RAM နဲ့ 64 GB Storage တို့ ပါဝင်မှာပါ။ RAM ကို 4GB နဲ့ မော်ဒယ်လည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ microSD card ကို 256GB အထိ ထပ်စိုက်နိုင်ပြီး၊ မော်ဒယ်မြင့် ဖုန်းတွေမှာတွေ့နေကျဖြစ်တဲ့ USB Type-C၊ အားအမြန်သွင်း စနစ်ပါဝင်တဲ့ 3750mAh ဘက်ထရီတို့ ပါဝင်မှာဖြစ်ပါတယ်။

Honor Play ရဲ့ ကင်မရာပိုင်း အနေနဲ့ကတော့ ဓာတ်ပုံတွေကို ပိုမိုလှပစေမယ့် AI နည်းပညာ ပါဝင်တဲ့ ကျောကင်မရာ နှစ်လုံးတွဲနဲ့ 16MP ရှေ့ကင်မရာတို့ ပါဝင်မှာဖြစ်ပါတယ်။ Android 8.1 Oreo စနစ်အခြေခံ EMUI 8.2 နဲ့ တန်း အသုံးပြုနိုင်မှာပါ။

Honor Play စမတ်ဖုန်းကို ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ ကြိုတင်အော်ဒါမှာယူနိုင်ပြီဖြစ်ပြီး၊ ရရှိနိုင်မယ့် အရောင်တွေ ကတော့ အနက်၊ အပြာနဲ့ ခရမ်းရောင်ဆိုပြီး ၃ မျိုးရရှိနိုင်မှာဖြစ်ပါတယ်။ ဈေးကတော့ Gaming Phone ဆိုတဲ့အတိုင်း 4GB+64GB မော်ဒယ်ကို အမေရိကန်ဒေါ်လာ ၃၁၂ ဒေါ်လာကနေ စရှိပါလိမ့်မယ်။

Ref: Android Authority, GSM Arena

The post GPU Turbo နည်းပညာပါဝင်တဲ့ “Huawei Honor Play” Gaming စမတ်ဖုန်း appeared first on ဧရာဝတီ.


ဒေါ်လာဘီလျံ ၇၀ တန်ဖိုးရှိ အမေရိကန်ကုန်စည်များ ဝယ်ယူရန် တရုတ်ကမ်းလှမ်း

$
0
0

အမေရိကန်ဘက်မှ အခွန်စည်းကြပ်မှု အစီအစဉ်ကို ပြန်ရုတ်သိမ်းပါက ဒေါ်လာ ၇၀ ဘီလျံတန်ဖိုးရှိ သည့် ကုန်စည်များ ဝယ်ယူမည်ဟု တရုတ်က ကမ်းလှမ်းကြောင်း အမေရိကန်တာဝန်ရှိသူတဦးက AFP သတင်းကို ပြောသည်။

ဝယ်ယူလိုသည့် ကုန်များမှာ ပဲပိစပ်၊ သဘာဝဓာတ်ငွေ့၊ ရေနံစိမ်းနှင့် ကျောက်မီးသွေးတို့ ပါဝင်ပြီး အမေရိကန် ကူးသန်း ရောင်းဝယ်ရေး အတွင်းဝန် ဝီဘာ ရိုစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်စီးပွားရေး တာဝန်ရှိသူများ ဘေဂျင်း မြို့၌ ဆွေးနွေးစဉ် တရုတ်ထိပ်တန်းစီးပွားရေးအကြံပေး လျူဟီက ကမ်းလှမ်းခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့က ဝေါစထရိဂျာနယ်တွင် ဖော်ပြသည်။

အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဌာနကမူ တိကျသည့် သဘောတူညီချက် မရှိသေးသည့်အတွက် နောက်ထပ် သတင်းအချက်အလက် မပြောနိုင်သေးကြောင်း AFP သို့ပြောသည်။

တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပုံမှန်သတင်းထုတ်ပြန်ချက်တွင် ကုန်သွယ်ရေး ညှိနှိုင်း နေစဉ် နှစ်ဘက်လုံးက အသေးစိတ်အဆိုပြုချက်များ ဆွေးနွေးကြောင်း အတည်ပြုသည်။

အဆိုပါ ဝန်ကြီးဌာနပြောခွင့်ရသူ ဂေါင်ဖန်က“တရုတ်နဲ့ အမေရိကန်က ကုန်သွယ်ရေး ပူးပေါင်းမှုရဲ့ ထင်ရှားတဲ့ နယ်ပယ်တွေ မှာ နက်နက်ရှိုင်းရှိုင်း ခိုင်ခိုင်မာမာ ဆွေးနွေးပြီးဖြစ်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးထွက်ကုန်နဲ့ စွမ်းအင်အပိုင်း ဖြစ်ပါတယ်” ဟု တရုတ်ကမ်းလှမ်းသည်ဆိုသည့် အမေရိကန် ဒေါ်လာ ၇၀ ဘီလီယံ တန်ဖိုးရှိ ကုန်စည်များ ဝယ်ယူရန် မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“တရုတ်အနေနဲ့ မရှိမဖြစ် လိုအပ်ချက်နဲ့ နှစ်ဘက်လုံးက လက်တွဲလုပ်ကိုင်မှု အောက်မှာ အမေရိကန် ဆီကနေ သွင်းကုန်တွေ ချဲ့ထွင်ဖို့ လိုလားနေတယ်”ဟု ၎င်းကဆက်ပြောသည်။

တရုတ်သို့ အမေရိကန်ပို့ကုန်တန်ဖိုးမှာ ယမန်နှှစ်က အမေရိကန်ဒေါ်လာ ၁၃၀.၄ ဘီလျံရှိကြောင်း အမေရိကန်ကူးသန်း ရောင်းဝယ်ရေးဌာနက ဆိုပြီး၊ ယခု ဒေါ်လာ ၇၀ ဘီလီယံတန်ဖိုး ဝယ်ယူမည် ဆိုလျှင် ၅၃.၈ ရာခိုင်နှုန်း တိုးလာမည်ဖြစ် သည်။

ကုန်စည်ကဏ္ဍတွင် အမေရိကန်၏ တရုတ်နှင့် ကုန်သွယ်ရေး လိုငွေပြမှုမှာ ယမန်နှစ်က အမေရိကန် ဒေါ် ၃၇၅ ဘီလျံဖြစ်ပြီး၊ ဒေါ်လာ ဘီလျံ ၂၀၀ခန့် မညီမမျှဖြစ်နေခြင်းကို ဖြတ်တောက်ရန် တရုတ်အား အမေရိကန်တို့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“တကယ်လို့ အမေရိကန်ပြည်ထောင်စုက အခွန်စည်းကြပ်ခြင်းအပါအဝင် ကုန်သွယ်ရေး ပိတ်ဆို့မှု လုပ်မယ်ဆိုရင်တော့ နှစ်ဘက်လုံးညှိထားတဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဖြစ်ထွန်းအားလုံးဟာ အဟောသိကံဖြစ်သွားပါလိမ့်မယ်” ဟု တရုတ် အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက စနေနေ့က သတင်းထုတ်ပြန်သည်။

The post ဒေါ်လာဘီလျံ ၇၀ တန်ဖိုးရှိ အမေရိကန်ကုန်စည်များ ဝယ်ယူရန် တရုတ်ကမ်းလှမ်း appeared first on ဧရာဝတီ.

Screen နှစ်ခု အသုံးပြုနိုင်တဲ့ Dual-Screen PC တွေကို Intel စတင်စမ်းသပ်

$
0
0

ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ Intel ဟာ Screen နှစ်ခု အသုံးပြုနိုင်တဲ့ Dual-Screen PCs တွေကို စမ်းသပ်နေခဲ့တာ ၂ နှစ်ကျော် ကြာနေပါပြီ။ ဇွန်လ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Computex 2018 ပွဲမှာတော့ Intel ဟာ အဆိုပါ PC အမျိုးအစားတခုကို အမြည်းသဘောမျိုးနဲ့ အစမ်းပြသသွားခဲ့ပါတယ်။

Computex မှာပြသသွားတဲ့ ရှေ့ပြေးမော်ဒယ်မှာ EPD လို့ခေါ်တဲ့ စာရွက်သားပုံစံ Electronic Paper Display ကို အသုံးပြုထားပြီး၊ မှတ်စုစာအုပ် တအုပ်လို အလယ်မှာ အူတိုင်တခုနဲ့ Screen နှစ်ခုကို ချိတ်ဆက်ထားပါတယ်။ စာအုပ်လိုပဲ အဖွင့်အပိတ် ပြုလုပ်လို့ ရတဲ့ Dual-Screen PC တခုပါ။

Intel က နောက်ထပ်ပြသခဲ့တဲ့ ရှေ့ပြေးမော်ဒယ် တခုမှာတော့ ကျနော်တို့ အရင်က သုံးဖူးတဲ့ Portable DVD Player တွေ လိုမျိုး Screen နှစ်ခုပါတဲ့ PC တမျိုးဖြစ်ပြီး၊ Screen တခုကို Display အဖြစ်သုံးမယ်ဆိုရင် ကျန်တဲ့ Screen တခုက Keyboard အဖြစ် အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ ဖန်သားပေါ်မှာ စာရိုက်ရတာက ဖုန်းသုံးနေတဲ့ အသုံးပြုသူတွေအတွက် ပြောပလောက်အောင် အခက်တွေ့မှာ မဟုတ်ပါဘူး။ Intel က ယခု Laptop Project ကို Tiger Rapids လို့ နာမည် ပေးထားပါတယ်။

Intel နည်းတူ Microsoft ကလည်း Dual-Screen Device တခုကို အကောင်အထည်ဖော်နေကြောင်း ကောလာဟလတွေ ကြားခဲ့ရပေမယ့် အခုထိတော့ မျက်မြင် မတွေ့ရသေးပါဘူး။ Intel ကတော့ Chipset ထုတ်လုပ်တဲ့ ကုမ္ပဏီသီးသန့် ဖြစ်တာကြောင့် Dual-Screen Laptop မျိုး ထုတ်ဖို့ မဖြစ်နိုင်လောက်ပေမယ့်၊ သူ့နည်းပညာကို Laptop ထုတ်လုပ်သူ ကုမ္ပဏီတွေနဲ့ မျှဝေထားပြီး၊ ASUS နဲ့ Lenovo တို့ဟာ Intel ဒီဇိုင်းကို မှီးထားတဲ့ Laptop မျိုး ထုတ်ဖို့ ကြိုးစားလျက် ရှိတယ်လို့ သိရပါတယ်။

Dell ကတော့ Intel Processor နဲ့ မဟုတ်ဘဲ ARM Processor နဲ့ Dual-Screen Device တမျိုး ထုတ်နေတယ်လို့ သတင်း ထွက်နေပါတယ်။ ဒါ့အပြင် LG နဲ့ Samsung တို့ကလည်း စက္ကူတရွက်လို ခေါက်သိမ်းလို့ရတဲ့ Display မျိုးကို ဖန်တီး နေတာကြောင့် မကြာခင်နှစ်တွေမှာ ကျနော်တို့ လက်ရှိမြင်တွေ့အသုံးပြုနေတဲ့ အီလက်ထရောနစ်ပစ္စည်းတွေထက် ဒီဇိုင်းအများကြီး ထူးခြားတဲ့ ပစ္စည်းတွေကို ဈေးကွက်ထဲ တွေ့မြင်လာရဖို့ ရှိနေပါတယ်။

Ref: The Verge

The post Screen နှစ်ခု အသုံးပြုနိုင်တဲ့ Dual-Screen PC တွေကို Intel စတင်စမ်းသပ် appeared first on ဧရာဝတီ.

တယ်လီနောမှ အသစ်မိတ်ဆက်လိုက်တဲ့ “တယ်လီနော စတား အစီအစဉ်”

$
0
0

တယ်လီနော မြန်မာမှ တယ်လီနော ဆင်းမ်ကတ် အသုံးပြုသူများကို အကျိုးခံစားခွင့် အများအပြား ပြန်လည် ပေးအပ်မယ့် “တယ်လီနော စတား အစီအစဉ်” ကို ဇွန်လ ၇ ရက်နေ့မှာ စတင် မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ “တယ်လီနော စတား အစီအစဉ်” အရ တယ်လီနောရဲ့ ဝန်ဆောင်မှုများကို အနည်းဆုံး အချိန် ၆ လကြာ အသုံးပြုထားတဲ့ သုံးစွဲသူများအနေနဲ့ တယ်လီနောရဲ့ စတား အဆင့်ရ သုံးစွဲသူအဖြစ် အလိုအလျောက် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။

တယ်လီနော စတားအဆင့်ရ သုံးစွဲသူ တဦးချင်းစီကို တယ်လီနော ဆင်းမ်ကတ် သုံးစွဲခဲ့တဲ့ သက်တမ်းကာလနဲ့ လွန်ခဲ့တဲ့ ၃ လအတွင်း ပျှမ်းမျှ သုံးစွဲခဲ့တဲ့ ပမာဏတို့ အပေါ် မူတည်ပြီး Silver အဆင့်၊ Gold အဆင့်နဲ့ Platinum အဆင့် စတဲ့ အဆင့် ၃ ဆင့် အသီးသီး သတ်မှတ်ပေးသွားမယ်လို့ သိရပါတယ်။

သုံးစွဲသူများရဲ့ စတားအဆင့် သတ်မှတ်ချက်ကို လစဉ် ၂ ရက်နေ့တိုင်းမှာ ပုံမှန် အသိပေးသွားမှာဖြစ်ပြီး တယ်လီနော စတား အဆင့်ရ သုံးစွဲသူ ဖြစ်တာနဲ့ တပြိုင်နက် အနည်းဆုံး ၃ လ ဆက်တိုက် စတားအဆင့် စာရင်းဝင်သွားမှာဖြစ်ပြီး အသုံးပြုသူများအနေနဲ့ မိမိတို့ရဲ့ တယ်လီနော စတားအဆင့်ကို *2345# ကို ဖုန်းခေါ်ပြီး သို့မဟုတ်၊ အော်ပရေတာ နံပါတ် 2345 ကို STAR လို့ စာတိုပေးပို့ပြီး သိရှိနိုင်မယ်လို့ သိရပါတယ်။ MyTelenor Application မှ တင်ဆင့်လည်း စစ်ဆေး နိုင်မယ်လို့ သိရပါတယ်။

“တယ်လီနောစတား အဆင့်ရ သုံးစွဲသူများအနေနဲ့ ကိုယ့်ရဲ့ စတားအဆင့်အလိုက် အထူးဝန်ဆောင်မှုတွေ၊ ဦးစားပေး အခွင့်အရေးတွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ မိတ်ဖက် ပါတနာများ၊ International Brand အမှတ်တံဆိပ် များကနေ ပေးတဲ့ ခံစားခွင့်တွေ ရကြမှာ ဖြစ်ပါတယ်။ တယ်လီနော စတား တယောက်အနေနဲ့ ဒီလို ဝန်ဆောင်မှုတွေ အထူးအခွင့်အရေးတွေ ရရှိမှာ ဖြစ်ပါတယ်” လို့ တယ်လီနောမြန်မာမှ တာဝန်ရှိသူက ပြောပါတယ်။

တယ်လီနော စတားများအနေနဲ့ Remax နဲ့ တယ်လီနော အမှတ်တံဆိပ်ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ (ဥပမာ – Oway)၊ စားသောက်ဆိုင်များ (ဥပမာ – Pizza Hut၊ The Manhattan FISH MARKET Myanmar၊ Hard Rock Café)၊ ဟိုတယ်များ (ဥပမာ – Avenue 64) နဲ့ အားကစားလေ့ကျင့်ခန်းမများ (ဥပမာ – Balance Fitness) စတဲ့ တယ်လီနောရဲ့ မိတ်ဖက် ပါတနာ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများမှာပါ အထူးလျော့ဈေး ခံစားခွင့်များ ရရှိမယ်လို့ သိရပါတယ်။

တယ်လီနောဟာ လက်ရှိမှာ ဆုတံဆိပ်များ ဆွတ်ခူးရရှိထားတဲ့ 3G, 4G ကွန်ရက်တို့နဲ့အတူ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာရှိတဲ့ အသုံးပြုသူပေါင်း ၁၉ သန်းခန့်ကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါတယ်။ နိုင်ငံတဝန်းမှာ ရှိတဲ့ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၈၀၀၀ ကျော်နဲ့ အတူ မြန်မာနိုင်ငံလူဦးရေရဲ့ စုစုပေါင်း ၉၀ ရာခိုင်နှုန်း လွှမ်းခြုံထားပြီး ဖြစ်သလို တယ်လီနော 4G ကွန်ရက်ဟာ မြို့ကြီး၊ မြို့နယ်ပေါင်း ၁၄၀ ကျော်ကို လွှမ်းခြုံထားတယ်လို့ သိရပါတယ်

The post တယ်လီနောမှ အသစ်မိတ်ဆက်လိုက်တဲ့ “တယ်လီနော စတား အစီအစဉ်” appeared first on ဧရာဝတီ.

Pre-Order မှာနိုင်ပြီဖြစ်တဲ့ “Flyer” တယောက်စီး မိုးပျံကား

$
0
0

Google ပူးတွဲ တည်ထောင်ခဲ့သူ တဦးဖြစ်တဲ့ Larry Page ရဲ့ “Flyer” မိုးပျံကားကတော့ အမှန်တကယ် ထွက်ရှိလာပါပြီ။ Flyer မိုးပျံကားကို Larry Page ကိုယ်တိုင် ငွေကြေးစိုက်ထုတ် ပေးထားတဲ့ Kitty Hawk ကုမ္ပဏီက ထုတ်လုပ်ထားတာ ဖြစ်ပြီး၊ တယောက်ပဲ စီးနင်းနိုင်တဲ့ လျှပ်စစ်မိုးပျံကား ဖြစ်ပါတယ်။

Flyer မိုးပျံကား မော်ဒယ်သစ်ကို Kitty Hawk ကုမ္ပဏီကနေ CNN သတင်းထောက်တဦးကို  ဖိတ်ကြားကာ စမ်းသပ် မောင်းနှင်ခွင့် ပေးရင်း မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ မိုးပျံကားကို စိတ်ဝင်စားသူတွေ အနေနဲ့ အမေရိကန် ဒေါ်လာ ၁၀၀ စရန်ပေးကာ Pre-Order မှာယူနိုင်ပြီ ဖြစ်ပြီး၊ အမှန်တကယ် ရောင်းချမယ့် ရက်နဲ့ ဈေးနှုန်းကိုတော့ မကြေညာရသေးပါဘူး။

Pre-Order မှာထားတဲ့ သူတွေအနေနနဲ့ Flyer ကို တကယ်ရောင်းချတဲ့အခါ အမေရိကန် ဒေါ်လာ ၁၀၀၀ အထိ လျော့ဈေး ရသွားမှာ ဖြစ်သလို၊ ယာဉ်စမ်းသပ်မှု အဆင့်တွေမှာလည်း ကိုယ်တိုင်လာရောက် စမ်းသပ် မောင်းနှင်ခွင့် ရမှာ ဖြစ်ပါတယ်။

Kitty Hawk ကုမ္ပဏီရဲ့ ပြောကြားချက်အရ Flyer မိုးပျံကား မောင်းနှင်နိုင်ဖို့အတွက် အလွန်လွယ်ကူပြီး၊ သင်ကြားချိန် ၁ နာရီခန့်သာ လိုအပ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ ၅ မိနစ်လောက် သင်ကြားပေးလိုက်ရုံနဲ့ ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်တတ်သွားအောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ Kitty Hawk ကုမ္ပဏီရဲ့ CEO Sebastian Thrun က ပြောကြားခဲ့ပါတယ်။

Flyer ကို စမ်းသပ် မောင်းနှင်ခဲ့သူ CNN သတင်းထောက် Rachel Crane ရဲ့ ပြန်လည် ပြောပြချက်အရ Flyer ကို Atari ဂိမ်းစက်က Joystick လိုမျိုး လက်ကိုင် ခလုတ် တခုတည်းနဲ့ ထိန်းချုပ် မောင်းနှင်ရတာ ဖြစ်ပြီး၊ Joystick နဲ့ ရင်းနှီးပြီးသား လူတွေအနေနဲ့ အလိုလို မောင်းတတ်သွားလောက်အောင် လွယ်လွန်းတယ်လို့ သိရပါတယ်။ ကသိကအောက် ဖြစ်ရတဲ့ တချက်ကတော့ ထိုင်ခုံကနေ တုန်ခါမှုကို သိသိသာသာ ခံစားနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုးပျံကား “Flyer” ဟာ လေယာဉ်နဲ့ ဒရုန်းတို့ကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်း ပုံစံမျိုးရှိပြီး၊ ပန်ကာ ၁၀ လုံးနဲ့ ပျံသန်းမှာ ဖြစ်ပါတယ်။ လောလောဆယ် စမ်းသပ်ဆဲ အဆင့်မှာတော့ အန္တရာယ် ကင်းစေဖို့အတွက် ရေပြင်ပေါ်မှာပဲ ပျံသန်း စမ်းသပ်နေပြီး၊ ရေပြင်ထက် အမြင့်ပေ ၃ ပေကနေ ၁၀ ပေအမြင့်မှာ ပျံသန်းမောင်းနှင်နိုင်ပါတယ်။

လီသီယမ် ပိုလီမာ ဘက်ထရီကို အသုံးပြုထားတာကြောင့် အားအပြည့် တခါသွင်းပြီးရင် မိနစ် ၂၀ လောက်ပဲ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ FAA (အမေရိကန်ပြည်ထောင်စု လေကြောင်း ကြီးကြပ်ရေး) ရဲ့ စည်းမျဉ်းစည်းကမ်းတွေက အလေးချိန် ၂၅၄ ပေါင်အောက် လေယာဉ်တွေကို လေယာဉ်မောင်းလိုင်စင် မလိုဘဲ မောင်းနှင်နိုင်တယ်လို့ ဆိုထား တာကြောင့် ၂၅၀ ပေါင်ပဲရှိတဲ့ Flyer ကို လေယာဉ်မောင်း လိုင်စင် မလိုအပ်ဘဲ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

Flyer ကို ယာဉ်မောင်းက မထိန်းချုပ်ထားဘူး ဆိုရင်တောင် သူ့အလိုလို လေယာဉ်ပေါ်မှာ ပျံဝဲနေမှာဖြစ်တာကြောင့် ဘေးအန္တရာယ် စိုးရိမ်စရာလည်း မရှိနိုင်ပါဘူး။

Kitty Hawk CEO ကတော့ Flyer မိုးပျံကားကို ဒီထက် ပိုမိုကောင်းမွန်အောင် တီထွင်စမ်းသပ်သွားမှာ ဖြစ်ပြီး၊ ၅ နှစ် အတွင်း ကောင်းကင်ပေါ်တက် ပျံသန်းနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: DailyMail, CNN, Flyer, CNBC

The post Pre-Order မှာနိုင်ပြီဖြစ်တဲ့ “Flyer” တယောက်စီး မိုးပျံကား appeared first on ဧရာဝတီ.

ရန်ကုန်မြို့တော်ဘဏ်လုပ်ငန်းတိုးချဲ့ရေး တိုင်းအစိုးရနှင့် လွှတ်တော် အငြင်းပွားနေ

$
0
0

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ရန်ကုန်မြို့တော်ဘဏ်အား နိုင်ငံခြားငွေလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရေး ဘတ်ဂျက် တောင်းခံမှုအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား အငြင်းပွားခဲ့ပြီး ဝန်ကြီးချုပ်ထံ ပြန်လည် တင်ပြထားကြောင်း သိရသည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး အရအသုံး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်)တွင် မြို့တော်ဘဏ် သို့ ကျပ်သန်း ၆၈၀၀ ထည့်သွင်းရန် တိုင်းအစိုးရ၏ တင်ပြမှုကို လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ က ကန့်ကွက်ခဲ့သော်လည်း တင်ပြထားမှုကို ပြင်ဆင်ပေးနိုင်မည် မဟုတ်ကြောင်း တိုင်းစီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဇွန်လ ၄ ရက် လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ဦးမြင့်သောင်းက “ဘဏ်ကိုယ်၌က ရှာဖွေထားတဲ့ငွေ ဖြစ်ပါတယ်။ ဘဏ်ကနေတိုးပွား လာတဲ့ ကျပ်သန်း ၆၈၀၀ ကို နိုင်ငံခြားငွေလုပ်ငန်းပါ တိုးချဲ့လုပ်ကိုင်ဖို့ ဗဟိုဘဏ် စည်းမျဉ်းနဲ့ အညီပါပဲ။ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်း များကို အတိုးနှုန်းသက်သာစွာနဲ့ ငွေချေးနိုင်ဖို့ ဂျာမနီနိုင်ငံ GIZ နဲ့ နိုင်ငံခြား ငွေချေးဖို့ ပြင်ဆင် နေပါတယ်။ အဲဒီလို ချေးဖို့ နိုင်ငံခြားငွေ ကိုင်တွယ်ခွင့် မရဘူးဆိုရင် ချေးလို့မရပါဘူး” ဟု လွှတ်တော်၌ ပြောသည်။

တိုင်းအစိုးရ အနေနှင့် GIZ ထံမှ ချေးငွေရယူရန် မြို့တော်ဘဏ်အား နိုင်ငံခြားငွေ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိမှသာ ဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် ဗဟိုဘဏ်၏ ညွန်ကြားချက်နှင့် အညီ အမေရိကန်ဒေါ်လာ ၅ သန်းနှင့် ညီမျှသည့် ငွေကို ထပ်မံ ထည့်သွင်းခြင်း ဖြစ်ကြောင်း တိုင်းစီမံ/ဘဏ္ဍာ ဝန်ကြီး ဦးမြင့်သောင်းက ဆက်လက် ပြောသည်။

ဝန်ကြီး၏ ဖြေရှင်းမှုနှင့် ပတ်သက်ပြီး စည်ပင်သာယာရေး ကော်မတီအနေဖြင့် နိုင်ငံခြားငွေလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ပါက နိုင်ငံတော်ပိုင်ဘဏ်များနှင့် ဌာနချင်း ချိတ်ဆက်ကာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြန်လည် ထောက်ပြပြောဆိုခဲ့သည်။

လွှတ်တော် စီးပွားရေး ကော်မတီအဖွဲ့ဝင် ဦးကျော်ဇေယျက “ ကော်မတီရဲ့သဘောထားက လွှတ်တော်မှာအပြီး ပြောပြီး သွားပြီ။ သူတို့ဘက်က ဘယ်လိုတုံ့ပြန်လာမလဲ ကြည့်ရမယ်။ လက်မခံနိုင်တဲ့ ဟာတွေ ပြန်ပါရင်တော့ မဲခွဲတဲ့ အဆင့် ရောက်သွားမှာပဲ” ဟု ပြောသည်။

မြို့တော်ဘဏ်သည် ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုများတွင် မပါဝင်ခဲ့သည့် လုပ်ငန်းတခု ဖြစ် သည့်အတွက် စာရင်းစစ်ချုပ်ရုံးမှ မြို့တော်ဘဏ်အား ထည့်သွင်း စိစစ်မှုများ ပြုလုပ်သွားရန်လည်း တိုင်းဒေသကြီး ပြည်သူ့ ငွေစာရင်းကော်မတီက ပြောဆိုထားသည်။

NLD အစိုးရ လက်ထက် မြို့တော်ဘဏ်သို့ ထည့်ဝင်မှုအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၂၂၀၀၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၂၉၀၀ နှင့် ၂၀၁၈ ခုနှစ် ၆ လဘက်ဂျက်တွင် ကျပ်သန်း ၁၅၃၅ ဒသမ ၅၀၀ တို့ကို ထည့်ဝင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီက သိရသည်။

မြို့တော်ဘဏ် လီမိတက်၏ အမြတ်ငွေရရှိမှုအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၁၃၄၆ ဒသမ ၅၅၂ သန်း၊ ၂၀၁၆- ၁၇ ခုနှစ်တွင် ၁၆၀၃ ဒသမ ၅၀ သန်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် ၁၅၃၅ ဒသမ ၅၀ သန်းနှင့် ၂၀၁၈ ခုနှစ် ၆ လ ဘက်ဂျက်တွင် ကျပ် ၈၂၂ သန်းအား အမြတ်ငွေအဖြစ် ဖော်ပြထားသော်လည်း မည်သည့်နေရာတွင် သုံးစွဲထားသည်ကို မည်သည့် ဘဏ္ဍာရေး နှစ်တွင်မှ ဖော်ပြထားခြင်း မတွေ့ရှိရကြောင်း တိုင်းဘဏ္ဍာရေး ကော်မတီ ဥက္ကဌ ဒေါ်စန္ဒာမင်းက ထောက်ပြသည်။

ရန်ကုန်မြို့တော်ဘဏ်အား ၁၉၉၂-၉၃ ခုနှစ်တွင် စည်ပင်သာယာရေး ကော်မတီမှ မတည်ရင်းနှီးငွေ ကျပ် ၃၂ သန်းဖြင့် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး စည်ပင်၏ ဘတ်ဂျက်ပိုငွေများ ထည့်သွင်းခြင်းနှင့် အသေးစား လုပ်ငန်းအချို့ကို ငွေချေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၁၆-၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေ အခွန်ထမ်းစာရင်းတွင် ထိပ်တန်းအခွန်ထမ်း နံပါတ်စဉ် ၉၇ ဖြင့် ကျပ်သန်း ၉၀၀ အောက် အခွန်ထမ်း လုပ်ငန်းများထဲတွင် ပါဝင်ခဲ့သည်။

၂၀၁၈-၁၉ လျာထားဘတ်ဂျက်တွင် တိုင်းအစိုးရအဖွဲ့ အတွက် ကျပ်သိန်း ၁ ထောင်တန် Ford များဝယ်ယူရေးနှင့် မြို့တော် ဘဏ်တွင် ကျပ်သိန်း ၆၈၀၀ ထပ်မံ ထည့်ဝင်ရေးတို့အတွက် တိုင်းလွှတ်တော်နှင့် အစိုးရအဖွဲ့ကြား သဘောထား ကွဲလွဲခဲ့ သည့်အတွက် ဘဏ္ဍာရေးကော်မရှင်မှ တဆင့် ပြည်ထောင်စု လွှတ်တော်အထိ တင်ပြသွားဖွယ်ရှိနေကြောင်း သိရသည်။

The post ရန်ကုန်မြို့တော်ဘဏ်လုပ်ငန်းတိုးချဲ့ရေး တိုင်းအစိုးရနှင့် လွှတ်တော် အငြင်းပွားနေ appeared first on ဧရာဝတီ.

YBS အဆင့်မြင့် ကတ်စနစ် ဖြစ်ရေး အချိန်ယူနေရဟု ဆို

$
0
0

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ငွေပေးချေမှု ကတ်စနစ်အား အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အားလုံး၌ အသုံးပြုနိုင်သည့် အဆင့်မြင့် ကတ်စနစ်ဖြစ်ရေး အတွက် အချိန်ယူနေရကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ယနေ့ ဇွန် ၈ ရက်၌ ကျင်းပခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး ဒုတိယအကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ဝန်ကြီး ဒေါ်နီလာကျော်က ယင်းသို့ ပြောကြားသွားခြင်း ဖြစ်သည်။

YBD ယာဉ်လိုင်း စနစ်ပြောင်းလဲပြီးနောက် ၃ လအတွင်းတွင် ကျင့်သုံးမည်ဟု ပြောထားသော်လည်း ယနေ့အချိန်ထိ ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် အပေါ် ဒဂုံမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ ၏ မေးမြန်းချက်အပေါ် ဖြေကြားခြင်း ဖြစ်သည်။

ဒေါ်နီလာကျော်က “ကျမတို့ ယခင်က BRT လိုင်းမှာ သုံးတဲ့ ကတ်စနစ်ထက် အဆင့်မြင့်ပြီးတော့ ရန်ကုန်ဘတ်စ်ကားလိုင်း အားလုံးကို ခြုံလွှမ်းနိုင်တဲ့ စနစ်လည်း ဖြစ်ရမယ်။ နောက်ပိုင်းမှာ ရေလမ်းတွေက အစ မီးရထားသွားလာရေးနဲ့ အခြားသော လုပ်ငန်းတွေမှာပါ အသုံးပြုနိုင်တဲ့ ကတ်စနစ် ဖြစ်ရေးကို ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် နည်းပညာ အရလည်း အဆင့်မြင့်တဲ့ အတွက် အချိန်ယူရပါတယ်” ဟု ဆိုသည်။

ကတ်စနစ်ဖြင့် ငွေပေးချေမှုကို YBS ယာဉ်လိုင်းအားလုံးနှင့် ကိုက်ညီသည့် စနစ်တရပ် ပြုလုပ်နိုင်မည့် ကုမ္ပဏီကို ရွေးချယ် ပြီး ဖြစ်ကာ မကြာခင်ကာလ၌ စာချုပ်ချုပ်ဆို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က သိရသည်။

ဦးကျော်ဇေယျက “ကတ်စနစ်ကို လုပ်တဲ့နေရာမှာ ကျနော့်အမြင်တော့ ကျနော်ပညာရှင် မဟုတ်လို့လား မသိဘူး။ ဒီလောက်အချိန်ယူစရာ မလိုဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ၂၀၁၂-၂၀၁၃ ခုနှစ် လောက်ကတည်းက ပါရမီ ယာဉ်လိုင်း မှာ နတ်ပိုက်ဆံဆိုပြီး သုံးနေပြီ။ အမြန်ဆုံးရရင်တော့ ပြည်သူတွေ အမြန်ဆုံး အကျိုးရှိနိုင်ပါတယ်” ဟု နောက်ဆက်တွဲ မေးခွန်း၌ ထည့်သွင်း ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) နှင့် ပတ်သက် သော လိုက်နာကျင့်သုံးရမည့် ဥပဒေနှင့် နည်းဥပဒေများ စီမံထားရှိမှု၊ YRTA မှ ဆောင်ရွက်နေသည့် ခေတ်မီ မီးပွိုင့် ထိန်း ချုပ်ရေး စင်တာ၏ ပြီးစီးမှု အခြေအနေများကိုလည်း ဦးကျော်ဇေယျက ဆက်လက် မေးမြန်းရာ YRTA နှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကို ဆောင်ရွက်လျှက်ရှိနေကြောင်း ဒေါ်နီလာကျော်က ပြန်လည် ဖြေကြားသည်။

“YRTA ဥပဒေ၊ နည်းဥပဒေတွေကို ၂၀၁၉ ခုနှစ် အတွင်း လွှတ်တော်သို့ တင်သွင်းနိုင်မယ်။ ဥပဒေများ မပြဋ္ဌာန်းနိုင်သေးခင် အချိန် အတွင်း YRTA ကြီးကြပ် ကွပ်ကဲမှုအောက်တွင် ရှိသည့် မော်တော်ယာဉ်များ၊ ရေလမ်း ပို့ဆောင်ရေး၊ ကုန်းလမ်း ပို့ဆောင်ရေး အစရှိသည် တို့ကို လက်ရှိ တည်ဆဲ ပြည်ထောင်စု ဥပဒေများနှင့် အညီ စီမံကြီးကြပ်နေပါတယ်” ဟု ဒေါ်နီလာ ကျော်က ဆက်လက် ပြောကြားသည်။

ထို့ပြင် ဒဂုံမြို့နယ် အလုံလမ်းထောင့်တွင် တည်ဆောက်နေသော ခေတ်မီ မီးပွိုင့်ထိန်းချုပ်ရေး စင်တာသည် မီးပွိုင့်များကို ထိန်းချုပ်ရန်သာ မဟုတ်ဘဲ ရန်ကုန်မြို့တွင် သွားလာနေသော ယာဉ်ကြောများကို စောင့်ကြည့်ထိန်းချုပ်ရန် ရည်ရွယ်ထား ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ယင်းစင်တာမှ မီးပွိုင့်များ၌ ရပ်နားသည့် ကားအရေအတွက်၊ မီးပွိုင့် စနစ်များ၊ မီးပွိုင့် အချင်းချင်း ကွန်ရက် ချိတ်ဆက်မှု များကို တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်း ပြောကြားသွားသည်။

The post YBS အဆင့်မြင့် ကတ်စနစ် ဖြစ်ရေး အချိန်ယူနေရဟု ဆို appeared first on ဧရာဝတီ.

တရုတ် ကားသစ်များ နယ်စပ် ကုန်းလမ်းမှ တရားဝင် တင်သွင်းခွင့် ပြုရန် စီစဉ်

$
0
0

တရုတ်နိုင်ငံထုတ် ကားသစ်များကို နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တဆင့် ကုန်းလမ်းမှနေ၍ စတင် တင်သွင်းခွင့် ပြုတော့မည် ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ၏ စီမံခန့်ခွဲရေး ကော်မတီ (၃/၂၀၁၈) အစည်း အဝေး ဆုံးဖြတ်ချက် အရ ဇွန်လ ၇ ရက်၌ ထုတ်ပြန် ကြေညာသည်။

ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက “တရုတ်ကား တင်သွင်းခွင့်ကို အခုက ၂၀၁၈ ခုနှစ် မော်ဒယ်နဲ့ အညီပေးတယ်။ ဒါပေမယ့် ထုတ်ပြန်တဲ့ အထဲမှာပါတာက တရုတ်နိုင်ငံရဲ့ Brand New ကား တွေကို စီအိုဖောင် (Country of original) တင်ပြပေးရမယ်။ နောက်တခါ မော်တော်ယာဉ် တင်ပို့ခွင့်ပြုမယ့် တရုတ် နိုင်ငံ အကောက်ခွန် ဌာနရဲ့ Export Certificate အထောက်အထား ပြရမယ်။ ဒါတွေလိုလာမယ်”ဟု ဧရာဝတီ ကို ပြော သည်။

ကား မော်လ်ဒယ်နံပါတ် သတ်မှတ်ချက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ခွင့်ပြု ပေးမည် ဖြစ်ပြီး တရုတ်နိုင်ငံထုတ် ကားသစ်များကို တင်သွင်းခွင့် ပေးမည် ဖြစ်ကြောင်း စီးပွား/ကူးသန်း မှ သိရသည်။

မူဆယ် ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက “အရင်ကတော့ တရုတ်ကား တင်သွင်းတာက မြေကြီးသယ် ယာဉ်လို လုပ်ငန်းသုံးတွေ တင်သွင်းခွင့် ပြုတယ်။ နောက်ပြီး Express ကားတွေလည်း ရံဖန်ရံခါ တင်သွင်းခွင့်ပြုတယ်။ အခုက တော့ အိမ်စီးကားတို့ အကုန်လုံး သွင်းခွင့်ပြုမှာ ဖြစ်တယ်။ နောက်တပတ်ထဲလောက်တော့ နေပြည်တော်မှာ လိုင်စင် လျှောက်လို့ ရမယ်နဲ့ တူတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ လူစီးကား အပါအဝင် ကား တင်သွင်းခွင့်ကို စီးပွား/ကူးသန်းမှ ထုတ်ပြန်ပြီး နောက်ပိုင်းတွင် မူဆယ် ကားဈေး ကွက် အခြေအနေမှာ စောင့်ကြည့် နေကြသောကြောင့် အရောင်းအဝယ် အေးသွားကြောင်းလည်း ၎င်းက ပြောဆို သည်။

ယခင်က တရုတ်နိုင်ငံထုတ် ကုန်တင်ယာဉ်များနှင့် အိမ်စီး၊ လူသုံးယာဉ်များကို ပင်လယ်ရေကြောင်းမှ တဆင့် တင်သွင်း ခွင့်ပေးခဲ့ပြီး ယခုကဲ့သို့ နယ်စပ်မှ တင်သွင်းခွင့် ပြုခြင်းကြောင့် သယ်ယူခ ကုန်ကျစရိတ် သက်သာ စေနိုင်ကြောင်း ကုန်သည်များက ပြောဆိုကြသည်။

“အခုက နယ်စပ်ကနေ တလကို တရုတ်ထုတ်ကားတွေ ၁၀ စီးလောက် ဝင်တာ တွေ့ရတယ်။ တရုတ်ကားတွေက ဈေး သက်သာပါတယ်” ဟု နယ်စပ်မှ ကားတင်သွင်းသည့် လုပ်ငန်းရှင်တဦးက ပြောသည်။

လတ်တလော၌ တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံး ကုန်တင်ယာဉ်များကို မြဝတီ နယ်စပ်နှင့် မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းတို့မှ တင်သွင်းခွင့် ပြုထားသည်ဟု စီးပွား/ကူးသန်း အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်က ပြောပြသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး အသင်း ဒုဥက္ကဋ္ဌ ဦးမျိုးကိုကိုက“ဈေးကွက်က တော့ ဘယ်လိုဖြစ်လာမယ် မပြောတတ်သေးဘူး။ သူတို့ ခွင့်ပြုလိုက်တဲ့ ပုံစံက ဘယ်လိုမျိုးဆိုတာ မပြောတတ်သေး တော့ ဟိုတခါ စက်မှုဇုန်လို ပုံစံမျိုး ပုံမှားရိုက်ပြီး လိုင်စင်ပေး ဝင်လိုက်တဲ့ ပုံစံမျိုး အကြံအဖန်လုပ်ရင်တော့ ဈေးကွက် က ထိခိုက်မယ်။ တကယ်လို့ မဟုတ်ဘဲ တရုတ်ကားအမှန် ပေးသွင်းရင်တော့ ဘာမှ မထူးခြားဘူး” ဟု ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “အဓိကတော့ ပုံမှားရိုက်မှာ စိုးတာ။ အဲဒီ ပုံမှားရိုက်တာကို စိစစ်နိုင်မယ် ဆိုရင်တော့ ဈေးကွက် က မထိခိုက်ဘူး။ စစ်စစ် ဆေးဆေး မလုပ်နိုင်ဘူး ဆိုရင်တော့ ဈေးကွက်က ထိခိုက်မယ်” ဟု ရှင်းပြသည်။

တရုတ်ကားများ တင်သွင်းခွင့် ပြုရာတွင် သေချာစွာ စိစစ်ခြင်းနှင့် မော်လ်ဒယ်နှင့် ပတ်သက်ပြီး ၂၀၁၆-၂၀၁၇ ခုနှစ် အထက် ကို ပေးမည် ဆိုသည့် သေချာသည့် မူဝါဒ မထွက်ရှိသေးကြောင်း ဦးမျိုးကိုကိုက ဆက်လက် ပြောသည်။

“ဥပမာ စက်မှုဇုန်မှာ ပါဂျဲရိုး အစစ်ဆိုပြီး လုပ်ကြတယ်။ အဲဒီအခါ ပါဂျဲရိုး အစစ်ကြီး စီးရတယ်ဆိုပြီးတော့ ဈေးတွေ ကျကုန်ရော စက်မှုဇုန် နံပါတ်နဲ့လေ။ အခု တရုတ်ကားလည်း လာပြီ။ မြန်မာပြည်က Without ကြီးနဲ့ ကောက်ချိန်း ပြီးတော့ လုပ်မယ်ဆိုရင် ဈေးကွက်ထိခိုက်ပြီ”ဟုလည်း ဦးမျိုးကိုကိုက ပြောဆိုသည်။

ယင်းသို့ ကားတင်သွင်းခွင့်နှင့် ပတ်သက်၍ မော်လ်ဒယ် အနိမ့်ပိုင်းကိုသာ ချပေးပါက ဈေးကွက် ထိခိုက်မှု မရှိနိုင် ကြောင်း နှင့် ယာဉ်တင်သွင်းခွင့် ပေးသည့် မူဝါဒမှာ တိတိကျကျ ထွက်ရှိရန်သာ လိုအပ်ကြောင်းလည်း ၎င်းက ပြော သည်။

သို့ဖြစ်၍ ဥပဒေနှင့် မူဝါဒများကို တိတိကျကျ ဆောင်ရွက်မည် ဆိုလျှင် တရုတ်ကား ဈေးကွက်သည် လက်ရှိ ဂျပန်ကား ဈေးကွက်၊ ဥရောပကား ဈေးကွက် တို့ကို ထိခိုက် ပြောင်းလဲနိုင်ခြင်း မရှိကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။

The post တရုတ် ကားသစ်များ နယ်စပ် ကုန်းလမ်းမှ တရားဝင် တင်သွင်းခွင့် ပြုရန် စီစဉ် appeared first on ဧရာဝတီ.


ငွေဖောင်းပွမှုကပေးတဲ့ ဒဏ်ရာတွေ

$
0
0

ငွေဖောင်းပွမှုဆိုတာဘာလဲ။ ဒီစကားလုံးကို ကျမစီးပွားရေးသတင်းတွေအကြောင်း စိတ်ဝင်စားကတည်းက ကြားခဲ့ရပါတယ်။ ဒါပေမယ့် ဒီစကားလုံးရဲ့ တာသွားမှု ဘယ်လောက်ရှိလဲ တခါမှမလေ့လာကြည့်မိခဲ့ဘူး။ နေ့စဉ်ဘဝတွေမှာ ဘယ်လောက်ထိ အရေးပါနေလဲ သိပ်မတွေးမိဘူး။

စီးပွားရေးသတင်းတွေမှာ အမြဲပါတဲ့ ကိန်းဂဏန်းတွေကို ကျမက တော်တော်စိတ်ရှုပ်ထွေးစွာ ဖတ်ခဲ့ရတယ်။ ဒါပေမယ့် ဒီကိန်း ဂဏန်းတွေဟာ တိုင်းပြည်တခုအတွက် ဘယ်လောက်အရေးပါတဲ့ အခန်းကဏ္ဍက ပါနေတယ်ဆိုတာသိတဲ့အချိန်ကျ ကြောက်ဖို့ ကောင်းတယ်ဆိုပြီး အမြင်ပြောင်းလဲလာမိတယ်။

စီးပွားရေးဆောင်းပါး တပုဒ်ရေးရင် ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ မှန်ကန်ဖို့ သိပ်အရေးကြီးတယ်။ ဒါပေမယ့် ပြွတ်သိပ်ထည့်တဲ့ အခါကျရင်လည်း လူတွေက စိတ်မဝင်စားတော့ဘူး။ မပါလို့ကလည်းမဖြစ်တော့၊ လူတွေစိတ်ဝင်စား လာအောင် ဘယ်လိုအချက်တွေက အရေးပါလဲ တွေးမိပါတယ်။

ကျမတို့ ရိုးရိုးလေးပဲ စတွေးကြည့်ကြရအောင်ပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်၊ ၂၀၀၃ ခုနှစ်မှာ ကျမဝင်ငွေလစဉ်ပုံမှန်ရတဲ့ အလုပ်ကို စလုပ်ပါတယ်။ တလကို ကျပ် ၁၅၀၀၀ ရပါတယ်။ ထမင်းတနပ်ကို ငွေ ၂၀၀ ကျပ်၊ ဘတ်စ်ကားခ အသွား၂၀ ကျပ်၊ အပြန် ၂၀ ကျပ် ပေးရပါတယ်။ တလကို ၅၀၀၀ ကျပ်လောက် အိမ်ကို ပြန်ပေးနိုင်ပါတယ်။ အဲဒီအချိန်က ရွှေတကျပ်သား (၁၅ ပဲရည်ကို) ကျပ် နှစ်သိန်းစွန်းစပဲရှိပါတယ်။

တလကို ငွေ ၅၀၀၀ ကျပ်လောက်နဲ့ လောက်ငအောင် သုံးနိုင်တဲ့အပြင် ကျောင်းကျူရှင် စရိတ်တောင် သွင်းနိုင် ပါသေးတယ်။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ငွေ ၂၀၀ ကျပ် မကုန်တဲ့အချိန်ပါ။ လက်ဖက်ရည်တခွက်ကို ကျပ် ၅၀ အောက်သာ ပေးရတဲ့ကာလပေါ့။ ဒါပေမယ့် ၂၀၀၃ ခုနှစ်ဟာ အင်မတန် ခိုင်မာတဲ့ အာရှဓနဘဏ်လို ဘဏ်ကြီးမျိုး ပြိုလဲပြီး ဘဏ်တွေ တော်တော်ဒေဝါလီခံကြတဲ့ အချိန်ကာလ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုရဲ့ အစပိုင်းလို့ ပြောလို့်ရပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှုတွေရဲ့ အကျိုးဆက်ကို စခံရတဲ့အချိန်ဖြစ်လို့ စီးပွားရေး ကမောက်ကမဖြစ်မှုတွေ အခြေပြုတဲ့ကာလပေါ့။ မခိုင်မြဲတဲ့ စီးပွားရေးပေါ်လစီတွေနဲ့ လက်သင့်ရာစားစနစ်တွေကအစပြုလာတဲ့ ကာလတွေပါ။ ကျမတို့ စီးပွားရေး ဆောင်းပါးတွေရေးတိုင်း၊ စီးပွားရေးပညာရှင်တွေနဲ့ တွေ့ဆုံတိုင်း ၂၀၀၃ ခုနှစ် အကြပ်အတည်းကို အမြဲထည့်ပြောလေ့ ရှိပါတယ်။ တကယ်လည်း ပြည်သူတွေ အခက်အခဲတွေ့ခဲ့ရတဲ့ နှစ်တွေကိုး။

တဖြည်းဖြည်းနဲ့ လစာဝင်ငွေတိုးလာသလို ကုန်ကျစရိတ်တွေက မြန်မာပြည်မယ် ဒီရေအလား တိုးတက် လာလိုက်တာ၊ ၂၀၀၇ ခုနှစ်ရောက်တော့ FEC လို့ခေါ်တဲ့ အမေရိကန်ဒေါ်လာအစား ပေးတဲ့ငွေကို ရရှိလာပါတယ်။ အခွန်ဝင်ငွေကလည်း လစဉ် ၁၀ ရာခိုင်နှုန်းဆောင်ရပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာမှာဖြစ်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြောင့် အမေရိကန်ဒေါ်လာဈေးက မြန်မာငွေ ၁၄၀၀ ကျပ်အထိတက်သွားတဲ့အချိန်မှာ လစာဝင်ငွေဟာ အတော်တိုးတက်လာသလို၊ ကုန်ဈေးနှုန်းတွေကလည်း တက်လာလိုက်တာ၊ ထမင်းတနပ်ကို ၁၅၀၀-၂၀၀၀ ကျပ်အထိဖြစ်လာပါတယ်။ ဘတ်စ်ကားခတွေလည်း တိုးတက်လာလိုက်တာ၊ ၂၀၀-၃၀၀ ကျပ်တွေအထိဖြစ်၊ ကြားကားဆိုတာကတော့ ပိုဆိုးတော့တာပေါ့။

၂၀၀၈ ခုနှစ်ကျတော့ ဆိုင်ကလုန်းနာဂစ် တိုက်လိုက်တာ၊ မြန်မာနိုင်ငံထဲကို အလှူငွေဒေါ်လာတွေ ဝင်လာတာရယ်၊ အမေရိကန်ပြည်မှာလည်း စီးပွားရေးကျဆင်းပြီး ဒေါ်လာတန်ဖိုး ကျလာတဲ့ အကျိုးဆက်တွေကြောင့် မြန်မာငွေတန်ဖိုးက တက်လာလိုက်တာ တဒေါ်လာကို ကျပ် ၆၅၀ အထိတောင် ဖြစ်သွားတဲ့အနေအထားပါ။ အဲဒီအချိန်မှာ ဘယ်လောက်ပဲ လစာတိုးတိုး၊ ဒေါ်လာတန်ဖိုး ကျလာတာကြောင့် လက်ထဲဝင်ငွေတိုးလာတယ်ကို မရှိခဲ့ပါဘူး။

ကုန်ဈေးနှုန်းတွေရဲ့ တိုးတက်လျင်မြန်မှုကလည်း လိုက်လို့မမီနိုင်နဲ့၊ လက်လုပ်လက်စား ဝင်ငွေနည်းလူတန်းစား တွေရဲ့ အခက်အခဲက တော်တော်ဆိုးပါတယ်။ မုန်တိုင်းကြောင့် ၂၀၀၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ ရန်ကုန်မြို့ပေါ်ကို ရွှေ့ပြောင်းရောက်ရှိလာတဲ့ လူဦးရေကလည်း တရိပ်ရိပ်တိုးလာလိုက်တာ၊ ခုဆိုရင် လူဦးရေတိုးပွားမှုနှုန်းကို မမှန်းရဲလောက်အောင်ပါပဲ။

၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်၊ အစိုးရပြောင်းတဲ့အချိန်ကို ကျော်ကြည့်လိုက်ပါမယ်။ ဦးသိန်းစိန်အစိုးရဟာ မြန်မာကျပ်ငွေ တန်ဖိုးကို သင့်တော်တဲ့ ငွေလဲလှယ်မှုစနစ်တစ်ခုမှာ ထားဖို့ အလေးပေးဆောင်ရွက်ဖို့ စီစဉ်ပုံရပါတယ်။ ၂၀၁၁ ခုနှစ်မတိုင်ခင် အထိ အစိုးရကသတ်မှတ်ထားတဲ့ ငွေလဲလှယ်နှုန်းတွေကို ဈေးကွက်နှုန်းအတိုင်းဖြစ်ဖို့ စီစဉ်ခဲ့ပါတယ်။

နာဂစ် မုန်တိုင်းကြောင့် တဒေါ်လာကို ကျပ် ၆၅၀ လောက်ကနေ ပြန်ဆွဲတင်ဖို့အတွက် စီစဉ်ခဲ့တာ ကျမမှတ်မိသလောက်ဆိုရင် ၂၀၁၁ ကနေ ၂၀၁၅ လောက်အထိ တဒေါ်လာကို ကျပ် ၁၀၀၀ နဲ့ ၁၁၀၀ ကျပ် ဝန်းကျင်မှာ ထားထားတာ မှတ်မိပါတယ်။ ကားပေါ်လစီတွေပြောင်းပြီး လူတွေငွေကိုသုံးလာအောင် လုပ်ထားတဲ့ စနစ်ကြောင့် မြို့ပြတွေမှာ မော်တော်ကားတွေ ပိုများလာတာက ခေါင်းကိုက်စရာပေမယ့် ကျပ်သိန်းထောင်ချီနေတဲ့ ဈေးကွက်ပျက်ထဲက ကားတွေကို သိန်းရာချီစွန်းနှုန်းတွေနဲ့ ဝယ်လို့ရအောင် လုပ်ပေးတာကတော့ သိသာတဲ့ အပြောင်းအလဲတခုပါ။

ဒါပေမယ့် ၂၀၁၁ ကနေ ၂၀၁၃ ခုနှစ်အထိ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ငွေကြေး ဖောင်းပွမှုတွေ တော်တော် တက်လာတယ်လို့ ပြောလို့ရပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ ဦးသိန်းစိန် အစိုးရရဲ့ စီးပွားရေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှုတွေ ရပ်သွားတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းက ဆိုခဲ့ကြပါတယ်။ ငွေကြေးဖောင်းပွမှုက ဂဏန်းနှစ်လုံး (၁၂ ရာခိုင်နှုန်း) လောက်အထိ ရောက်တယ်လို့ဆိုပါတယ်။

ငွေကြေးဖောင်းပွလာတာကတော့ သိသာလာပါတယ်။ ကိန်းဂဏန်းအကြီးတွေနဲ့ မပြောလိုတော့ပါဘူး။ မိမိနေ့စဉ် လူနေမှု ဘဝတွေက ကုန်ကျနေတဲ့စရိတ်တွေကိုပဲကြည့်ပါ။ အိမ်ရှင်မတွေ နေ့စဉ်ဝယ်ယူနေရတဲ့ ဆန်၊ဆီဈေးနှုန်းတွေ မြင့်တက်လာတာ၊ တသောင်းကျပ်တန်ဆိုတဲ့ ငွေပမာဏဟာ လောက်လောက်ငှငှ သုံးလို့မရနိုင်တော့တာ။ ဥပမာ ငွေတသောင်းကျပ်တန် ကိုင်သွားလို့၊ ၂၀၁၄-၁၅ ခုနှစ်လောက်ကစပြီး အကောင်းစား ဆန်တပြည် ၂၀၀၀ ကျော်လာတာ၊ သား၊ ငါး၊ ကြက်သွန်၊ ငရုတ်၊ ပဲကအစ မြင့်တက်လာတာဟာ၊ လက်ထဲမယ် ငွေ ၅၀၀၀ ကျပ်လောက်မရှိရင် ထမင်းဆိုင် သွားမထိုင်ရဲလောက်တဲ့အထိ ဖြစ်လာပါတယ်။ ဒါဟာ ကိုယ့်လက်ထဲမှာရှိတဲ့ မြန်မာငွေကြေးတန်ဖိုး လျော့ကျလာတာပါပဲ။

ပြန်ဆက်ရရင် ခုချိန်မှာ ကျမလုပ်သက် ၁၅ နှစ်ကြာသွားချိန်မှာ လစာကလည်း အဆ တော်တော်များများ ကွာအောင် ရှာဖွေနိုင်လာပါတယ်။ သို့သော် ကျမ အရင်လို လောက်လောက်ငှငှ သုံးဖို့ အတော်လေးကို ရုန်းကန်နေရတဲ့အနေအထားမှာ ဖြစ်နေတာကို ပြန်သုံးသပ်မိပါတယ်။ လူနေမှုအဆင့်အတန်းလိုက် သုံးစွဲရမယ့် ပမာဏတွေ မြင့်တက်လာပါတယ်။ ငွေကို ပိုသုံးရတာထက်၊ ဖောင်းပွနေတဲ့ ငွေကြေးကြောင့် လက်ထဲက ကျပ်ငွေတန်ဖိုးဟာ လျော့လျော့လာသလိုခံစားရပါတယ်။

ခုချိန်မှာ ဆန်တပြည်ဈေးနှုန်း ၃၀၀၀ ကျပ် ကျော်လာသလို၊ ရွှေတကျပ်သားဈေးနှုန်းကလည်း ကျပ် ၉ သိန်းနဲ့ အထက်မှာ ရှိနေပါတယ်။ အိမ်စားရိတ် တနေ့ကို ကျပ်တသောင်းမှ မသုံးရင် စိုစိုပြေပြေမဖြစ်တော့ပါဘူး။ ၂၀၀၃ ခုနှစ်က ငွေ နှစ်သိန်းကျပ် ဆိုရင် ရွှေတကျပ်သား ဝယ်နိုင်တဲ့အချိန်ကနေ ခုအချိန် ငွေ နှစ်သိန်းကျပ်ဆိုတာ ဆန် ၂၄ ပြည် တစ်အိတ်၊ ဆီ နှစ်ပိဿာလောက်နဲ့ တခြား ထွေလီကာလီလေးတွေ ဝယ်ကာမျှနဲ့ ကုန်မယ့်အချိန်ဖြစ်နေပါတယ်။

ဒါဟာ ပုံမှန်ဝင်ငွေရှိနေတဲ့ သူတဦးက သုံးတဲ့ငွေပမာဏပါ။ ဒါဆို တနေ့ကို ၄၈၀၀ ကျပ်ပဲရတဲ့ အခြေခံ ဝင်ငွေပဲ ရတဲ့ လူတန်းစားတွေ ဘယ်လိုရပ်တည်နေကြပါ့မလဲ။ အစိုးရဝန်ထမ်းတွေ ဘယ်လို ရပ်တည်ကြရပါ့မလဲ။ ကျမကတော့ လစာ တိုးပေးတယ်ဆိုတာ သတင်းကောင်းပေမယ့် နောက်ဆက်တွဲ မြင့်တက်လာမယ့် ကုန်ဈေးနှုန်းတွေနဲ့ ဒုံရင်းဒုံရင်း ဖြစ်မှာကိုတော့ မလိုလားပါဘူး။ အဓိက မြန်မာကျပ်ငွေတန်ဖိုးကို သင့်တင့် လျောက်ပတ်တဲ့ တန်ဖိုးလေးတခုမှာ ရှိနေစေချင်ပြီးတော့ တန်ဖိုးရှိရှိလေး သုံးနိုင်အောင် လုပ်ပေးစေချင် ပါတယ်။ ဆေးမြီးတိုထက် ဝေဒနာအရှင်းပျောက်မယ့် ဆေးကိုရှာပေးစေချင်ပါတယ်။

အနီးစပ်ဆုံးဥပမာ တခုဆိုရင် ကျမတို့ အိမ်နီးချင်းနိုင်ငံ တခုဖြစ်တဲ့ ထိုင်းနိုင်ငံကို ပြချင်ပါတယ်။ တိကျသေချာတဲ့ အသေးစိတ် ကိန်းဂဏန်းထက် ကျမမြင်ခဲ့တာလေးကို နှိုင်းယှဉ်ပြောရရင် ၂၀၀၆ ခုနှစ်က ကျမ ဘန်ကောက် မြို့မှာ သန့်ရှင်းလတ်ဆတ်တဲ့ ထမင်းတနပ်စားရင် ဘတ် ၅၀ ဆိုရင် အသားဟင်းစုံ ကောင်းကောင်းနဲ့ စားလို့ရခဲ့ပြီး ဆယ်နှစ်အကြာ ၂၀၁၆ ခုနှစ်မှာ ထပ်ရောက်တော့လည်း ဘတ် ၅၀ နဲ့ ထမင်းတနပ်စားလို့ရနေခဲ့ပြန်ပါတယ်။ သူတို့မှာလည်း ကန်ဒေါ်လာပေါ် မူတည်ပြီး ဘတ်ငွေအတက် အကျရှိနေပေမယ့် ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းကို သိသာစွာ မထိစေပါဘူး။ ဒါက ကျမ မြင်ခဲ့ရတာလေးပါ။ ဘာကြောင့် ကျမတို့နိုင်ငံဟာ ကုန်ဈေးနှုန်းကအစ မထိန်းထားနိုင်တာပါလဲ။

အစိုးရအပြောင်းအလဲ တခုမှာ သို့လောသို့လောနဲ့ ၂၀၁၆ ခုနှစ်ကစတင်ပြီး စောင့်ဆိုင်းလိုက်ရတဲ့ စီးပွားရေးပေါ်လစီတွေ ထွက်လာတာ ခုဆို၂ နှစ်ပြည့်ပါပြီ။ သိသာတဲ့ မြန်မာကျပ်ငွေ တန်ဖိုးဟာ လျော့ကျလာလိုက်တာ တဒေါ်လာကို ၁၁၀၀ ကျပ်ကနေ ခုဆို ၁၃၅၀ ကျပ်ဝန်းကျင်မှာ ကျောက်ချထိုင်နေတာဟာ နှစ်ချီသွားပါပြီ။ ဒီနှစ်မှာ ငွေကြေးဖောင်းပွမှုက ၅.၈၇ ရာခိုင်နှုန်းလို့ဆိုပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ မြန်မာ့စီးပွားရေးဦးမော့လာမယ့် အလားအလာတွေလို့ ရီပို့မျိုးစုံ ထုတ်ပြီးလည်း အားပေး ပြောဆိုမှုတွေ ပြုလုပ်နေပါပြီ။ မကြာသေးခင်ကပဲ အစိုးရအဖွဲ့ထဲက မကြာခဏ မြန်မာ့ စီးပွားရေးနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုနေတဲ့ ဝန်ကြီးတဦးကိုလည်း အလဲအလှယ် ပြုလိုက်ပါပြီ။ နောက်လာမယ့် ၂ နှစ်ကိုလည်း ပြည်သူတွေ စိတ်အေးချမ်းသာစွာ နေထိုင်ကြဖို့ အသက် ၈၀ အရွယ် ဝန်ကြီးအသစ်က ကတိပြုပြောဆိုပြန်ပါတယ်။ အသက်အရွယ်ကြောင့် ပြည်သူ့တာဝန် ထမ်းမယ့်သူကို ပြည်သူတဦး အနေနဲ့ အားနာရပေမယ့် အလုပ်ပိုလုပ်ဖို့လိုနေတာကိုလည်း ပြောချင်ပြန်ပါတယ်။

ကျမတို့ခုဆို နိုင်ငံသားတဦးပေးဆောင်ရမယ့် အခွန်တွေကိုလည်း ပုံမှန်ပေးဆောင်နေပါတယ်။ တိုင်းပြည်အတွက် ဖွံဖြိုးမှု လုပ်ငန်းတွေ ၏ကိုလည်း လုပ်ဆောင်နေကြပါတယ်။ အစိုးရကလည်း ငွေဖောင်းပွမှုတွေက ပေးမယ့် ဝေဒနာတွေကို သေချာ ကုစားပေးစေချင်ပါတယ်။ အသက်ရွယ် ကြီးရင့်နေကြပြီဖြစ်တဲ့ ဝန်ကြီးအဖွဲ့ကို အားနာရပေမယ့် မကြာခင်မှာ ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ရပါတယ်။

The post ငွေဖောင်းပွမှုကပေးတဲ့ ဒဏ်ရာတွေ appeared first on ဧရာဝတီ.

Gaming စမတ်ဖုန်း လောကကို တခေတ် ဆန်းစေမယ့် ASUS “ROG Phone”

$
0
0

၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အတောအတွင်းဟာ မိုဘိုင်းဂိမ်းတွေ အရမ်းကို ခေတ်စားလာတဲ့နှစ်လို့ ဆိုနိုင်ပါတယ်။ ဒီနှစ်အတွင်းမှာ PUBG နဲ့ Fortnite တို့လို Requirement မြင့်တဲ့ မိုဘိုင်းဂိမ်းတွေ ထပ်ထွက်လာတာကြောင့် Android ဖုန်းကုမ္ပဏီတွေဟာလည်း Gaming အတွက် ဦးစားပေး ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေကို သီးသန့်ထုတ်လာကြပါတယ်။ စမတ်ဖုန်း ကုမ္ပဏီ မဟုတ်တဲ့ Razer တို့တောင်မှ Gaming စမတ်ဖုန်းတွေ ထုတ်ပြီး မိုဘိုင်းဖုန်း ဈေးကွက်ထဲ ဝင်လာတဲ့ အထိပါ။

အခုလည်း ထိုင်ဝမ်အခြေစိုက် ASUS ကုမ္ပဏီကလည်း ROG Phone ဆိုတဲ့ Gaming စမတ်ဖုန်း တလုံးကို လက်ရှိ ကျင်းပလျက်ရှိတဲ့ Computex 2018 ပွဲမှာ မိတ်ဆက်လိုက်ပြန်ပါပြီ။ ROG ဆိုတာ ASUS ရဲ့ နာမည်ကျော် Gaming Laptop တွေနဲ့ Gaming ပစ္စည်းတွေ ထုတ်လုပ်တဲ့ စီးရီးတခု ဖြစ်ပြီး၊ Gaming စိတ်ဝင်စားသူတိုင်းနဲ့ ရင်းနှီးပြီးသား နာမည်တခုပါ။

ROG Phone ဟာ Specifications ပိုင်းကတော့ Gaming စမတ်ဖုန်း ဆိုတဲ့အတိုင်း အမြင့်ဆုံး Hardware တွေကိုချည်း အသုံးပြုထားပါတယ်။ Qualcomm ရဲ့ နောက်ဆုံး Flagship Chipset ဖြစ်တဲ့ Snapdragon 845 ကိုမှ Clock Speed ကို 2.8GHz ကနေ 2.96GHz အထိ Overclock ပြုလုပ်ထားပြီး၊ မိုဘိုင်းဖုန်းထဲမှာ ပထမဦးဆုံးလို့ ဆိုနိုင်ပါတယ်။

Gaming အတွက် အဓိကအစိတ်အပိုင်းတခုဖြစ်တဲ့ Display အတွက်လည်း 90Hz Refresh Rate ရှိတဲ့ ၆ လက်မအရွယ် 2160×1080 pixels AMOLED Screen ကို အသုံးပြုပေးထားပါတယ်။ Display က HDR Support လုပ်တဲ့အတွက် PUBG မှာ HDR နဲ့ ဆော့ချင်သူတွေ အကြိုက်ပါပဲ။

ROG Phone ရဲ့ Storage ပမာဏကိုတော့ တရားဝင် မကြေညာရသေးဘဲ၊ RAM ကတော့ 8GB ပါမယ်လို့ သိရပါတယ်။ Gaming အတွက် အသံထွက် ကောင်းမွန်စေဖို့အတွက် Front-facing Speakers တွေကိုလည်း သုံးပေးထားပါတယ်။ ကင်မရာကတော့ ZenFone 5 နဲ့ အတူတူပဲ ဖြစ်တယ်လို့ သိရပါတယ်။

ROG စီးရီးရဲ့ အထိမ်းအမှတ်တခုဖြစ်တဲ့ ROG Logo ကို ပရိုဂရမ်စိတ်ကြိုက် ပြောင်းထားလို့ရတဲ့ RGB Backlight နဲ့အတူ ဖုန်းနောက်ဘက်မှာ တွေ့ရမှာပါ။ သီးသန့် App တခုသုံးပြီး၊ မီးရောင်ကို ပုံသေထားတာ တလှည့်စီပြောင်းတာ စသဖြင့် Gaming Keyboard က RGB Lighting လို စိတ်ကြိုက် ပြောင်းနိုင်ပါတယ်။

နောက်ထပ်တခု မိုက်တာက ဖုန်းက RGB အလင်းရောင်ပုံစံကို Aura Sync အသုံးပြုနိုင်တဲ့ တခြား ROG products တွေနဲ့ ပြိုင်တူ ချိန်ညှိထားလို့ ရသလို၊ ROG Phone ၅ ခုနဲ့လည်း အလင်းရောင် တပုံစံတည်း ချိန်ထားလို့ ရပါတယ်။ သူငယ်ချင်း ၅ ယောက ်လောက် ဂိမ်းတူတူ ဆော့တာမျိုး၊ မိုဘိုင်း Gaming ပွဲတွေမျိုးမှာ အထာကျမယ့်ဒီဇိုင်းပါ။

ROG Phone ရဲ့ အထူးခြားဆုံး နောက်တချက်ကတော့ USB Type C Ports ကို တခြားဖုန်းတွေလို တခုတည်း မဟုတ်ဘဲ ၃ ခုတိတိ ထည့်ပေးထားတာပါ။ နောက်ထပ်အပို Port ၂ ခုကနေ နောက်ပိုင်းမှာ တခြား Gaming ပစ္စည်းတွေနဲ့ ဖုန်းကို ချိတ်ဆက် အသုံးပြုလာနိုင်ဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ဘက်ထရီအတွက်လည်း 4,000mAh ဘက်ထရီအသုံးပြုပေးထားပြီး ASUS HyperCharge နည်းပညာနဲ့ ဖုန်းအပူ စွန့်ထုတ်မ ှုမရှိဘဲ အားအမြန်သွင်းနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းအတွင်းမှာ အပူထွက်ရှိမှု သက်သာစေဖို့အတွက် “3D Vapor-chamber Cooling System” တခုကိုလည်း သုံးပေးထားပါတယ်။ ဆားကစ်ဘုတ်မှာ Copper Heat Radiator နဲ့ Carbon Cooling Pads တွေကို ဖုန်းအတွင်းဘက် တခုလုံး အပြည့်နီးပါး တပ်ပေးထားတာ ဖြစ်ပါတယ်။

ROG Phone ရဲ့ မပြီးဆုံးနိုင်သော ဆန်းသစ်မှုတွေထဲမှာ နောက်တခုကတော့ “AeroActive Cooler” လို့ အမည် ပေးထားတဲ့ Fan သုံး Cooler တခုကို ဖုန်းရဲ့ Glass သုံးနောက်ကျောဘက်မှာ ထပ်တပ်နိုင်တာပါ။

နောက်ထပ်အပိုပစ္စည်းတခုကတော့ 6,000mAh ဘက်ထရီသက်သက်ပါတဲ့ အပို Display တခုပါ။ Asus က TwinView Dock လို့ အမည်ပေးထားပါတယ်။ ROG Phone အတိုင်း ၆ လက်မ၊ 1080p Screen တခုဖြစ်ပြီး၊ အောက်က Dock အထိုင်ထဲမှာ Consoles ဂိမ်းခလုတ်တွေပုံစံအတိုင်း လက်ဆုပ်ကိုင်ဖို့ နေရာ ၂ ခု ပါဝင်ပါတယ်။

Screen ၂ ခုမှာ တခုကို ဂိမ်းဆော့ပြီး၊ ကျန် Screen တခုကို ဂိမ်း Stream လွှင့်ထားတဲ့ Reactions တွေဘာတွေ ဖော်ထားနိုင်ပါတယ်။ ဂိမ်း Developers တွေအနေနဲ့ ဒီစခရင် ၂ခုကို ကောင်းကောင်းအသုံးချနိုင်တဲ့ ဂိမ်းမျိုး ထုတ်ပေးနိုင်ဖို့ အတွက် မျှော်မှန်းထားကြောင်း Asus က ပြောကြားခဲ့ပါတယ်။

ROG Phone ကို ကွန်ပျူတာမော်နီတာနဲ့ ချိတ်ဆက်ကာ ကီးဘုတ်တွေ မောက်စ်တွေတပ်ပြီး အသုံးပြုနိုင်တဲ့ Dock တခုလည်း သက်သက် ဝယ်ယူနိုင်တာကြောင့် ဖုန်း Screen နဲ့ ဂိမ်းဆော့ရတာကို အားမရတဲ့သူတွေအတွက် အဆင်ပြေမှာပါ။

ASUS ROG Phone ရဲ့ ဘေးဘောင်တွေကို ဖိနှိပ်လိုက်ရင် ‘”X Mode” လို့ ခေါ်တဲ့ Mode ကို ရောက်ရှိသွားပြီး၊ Home Screen ပုံစံကအစ ပြောင်းလဲသွားပါလိမ့်မယ်။ ပုံစံပြောင်းသွားသလို Gaming စွမ်းဆောင်ရည်ပိုင်းကိုလည်း အလိုလို မြှင့်တင်ပေးလိုက်မယ့် စနစ်တခု ဖြစ်ပါတယ်။

ROG Phone ဈေးနှုန်းကိုတော့ တခါတည်း မကြေညာသွားခဲ့ဘဲ၊ ယခုနှစ် တတိယ ၃ လပတ်လောက်အတွင်း ဝယ်ယူ ရရှိနိုင်ဖို့ ခန့်မှန်းထားတယ်လို့တော့ ပြောကြားသွားခဲ့ပါတယ်။ ဒီလိုအမြင့်စား Hardware တွေ၊ နည်းပညာ ဆန်းသစ်မှုတွေ ပြည့်နေတဲ့ ဖုန်းရဲ့ ဈေးနှုန်းကတော့ နည်းမယ် မထင်ပါဘူး။

Ref: Engadget, The Verge, ASUS

The post Gaming စမတ်ဖုန်း လောကကို တခေတ် ဆန်းစေမယ့် ASUS “ROG Phone” appeared first on ဧရာဝတီ.

Samsung ရဲ့ “Edge” Displays တွေကို အသုံးပြုတော့မယ့် Oppo

$
0
0

တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီ တခုဖြစ်တဲ့ Oppo ဟာ နောက်ထပ်ထုတ်မယ့် စမတ်ဖုန်းမော်ဒယ် အသစ်တွေမှာ Samsung ရဲ့ ‘Edge’ AMOLED Display တွေကို အသုံးပြုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

Oppo အနေနဲ့ မကြာမီ ထုတ်တော့မယ့် စမတ်ဖုန်းမော်ဒယ် အသစ်တခုအတွက် ၆ ဒဿမ ၄၂ လက်မ အရွယ် Edge OLED Display တွေကို Samsung ကုမ္ပဏီဆီက မှာယူပြီးဖြစ်တယ်လို့လည်း သိရှိရပါတယ်။ Oppo ကုမ္ပဏီအနေနဲ့ ယခု ဇွန်လ ၂၀ ရက်နေ့မှာ Oppo Find X ဖုန်းကို မိတ်ဆက်ဖို့ ရှိတာကြောင့် အဆိုပါဖုန်းမှာ Samsung ရဲ့ Edge Display တွေကို စတင်မြင်တွေ့ရဖို့ အလားအလာ များနေပါတယ်။

တောင်ကိုရီးယား မီဒီယာတခုဖြစ်တဲ့ The Bell က Oppo ကုမ္ပဏီဟာ Samsung ဆီကနေ ဒေါ်လာ ၁၀၀ တန်ဖိုးရှိတဲ့ OLED flexible Display တွေကို မှာယူထားပြီးဖြစ်ကာ ယခုလကုန်ရောက်ရင် Samsung ဘက်က တင်ပို့ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ Display ချည်းပဲ ဒေါ်လာ ၁၀၀ လောက် တန်ဖိုးရှိတာကြောင့် အသစ်ထွက်မယ့် Oppo ဖုန်း အသစ်ဟာ ဈေးတော့နိမ့်မှာ မဟုတ်ပါဘူး။

လတ်တလော သိရှိထားတဲ့ သတင်းတွေအရ ဇွန်လအတွင်း ထွက်ရှိမယ့် Oppo ရဲ့ Find X စမတ်ဖုန်းဟာ အကောင်းစား Hardware တွေချည်း သုံးထားတဲ့ စမတ်ဖုန်းတလုံး ဖြစ်လာဖို့ ရှိနေပါတယ်။ ထူးခြားချက်အနေနဲ့ ၅ ဆ Optical Zoom ဆွဲနိုင်တဲ့ ကင်မရာ၊ လက်ရှိအမြင့်ဆုံးဖြစ်တဲ့ Snapdragon 845 Processor နဲ့ 8GB RAM တို့ ပါရှိလာမှာပါ။ ဒီလိုအမြင့်ဆုံး Hardwares တွေနဲ့ Samsung ရဲ့ AMOLED Edge Display ကိုသာ တွဲသုံးလိုက်မယ်ဆိုရင် အတိုင်းထက် အလွန်ပါပဲ။

Samsung ဟာ လက်ရှိမှာ အကြီးဆုံး OLED Panels ထုတ်လုပ်သူ ကုမ္ပဏီအဖြစ် ရပ်တည်လျက် ရှိပါတယ်။ iPhone X ရဲ့ OLED Display ကအစ OnePlus ဖုန်းတွေရဲ့ OLED Display တွေကအစ Samsung က ထုတ်ပေးထားတဲ့ Display တွေချည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ဘက် ကုမ္ပဏီတခုဖြစ်တဲ့ LG ကလည်း OLED Display ဘက်မှာ ရင်းနှီးမြှပ်နှံမှုတွေ ပိုမိုလုပ်ထားပြီး၊ မကြာမီအချိန်အတွင်း အမြောက်အများ ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။

Ref: Gadgets 360

The post Samsung ရဲ့ “Edge” Displays တွေကို အသုံးပြုတော့မယ့် Oppo appeared first on ဧရာဝတီ.

တင်းနစ်ကွင်း ၂ ကွင်းစာ ရှိတဲ့ “ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျုတာ”

$
0
0

အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံကို ကျော်ဖြတ်ပြီး ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ ပိုင်ရှင်နိုင်ငံအဖြစ် ပြန်လည် ရပ်တည်နိုင်ခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စု၊ စွမ်းအင်ဝန်ကြီးဌာနရဲ့ Oak Ridge National Laboratory (ORNL) က ဇွန်လ ၈ ရက်နေ့မှာ “Summit” လို့ အမည်ပေးထားတဲ့ စူပါကွန်ပျူတာကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Summit စူပါကွန်ပျူတာဟာ အမြင့်ဆုံး မြန်နှုန်း 200 petaflops ရှိတဲ့အတွက် 93 petaflops မြန်နှုန်းရှိတဲ့ တရုတ်နိုင်ငံရဲ့ Sunway TaihuLight စူပါကွန်ပျူတာကို ကျော်ဖြတ်ကာ ကမ္ဘာ့အမြန်ဆုံး သရဖူကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Summit ရဲ့ မြန်နှုန်းဟာ တစက္ကန့်မှာတင် တွက်ချက်မှုပေါင်း ၂၀၀ quadrillions (1015) လောက် ပြုလုပ်နိုင်ပြီး၊ စွမ်းဆောင်ရည်မြင့် Laptop တလုံးထက် အဆ ၁ သန်းကျော်လောက် ပိုမြန်တယ်လို့ ဆိုနိုင်ပါတယ်။ ကြောက်ခမန်းလိလိ စွမ်းဆောင်ရည်မြင့်တဲ့ Summit စူပါကွန်ပျူတာဟာ သေးသေးလေးတော့ မဟုတ်ဘဲ၊ တင်းနစ်ကွင်း ၂ ကွင်း အပြည့်စာ ရှိပါတယ်။ နှစ်ပေါင်းများစွာ အချိန်ယူတည်ဆောက်ခဲ့ရတဲ့ ကွန်ပျူတာတလုံးဖြစ်ပြီး၊ 44-core IBM Power 9 CPUs ပေါင်း ၉၂၀၀ နဲ့ Nvidia Tesla V100 GPUs ပေါင်း ၂၇၆၀၀ ကို ပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပါတယ်။

IBM Power 9 CPUs တွေနဲ့ Nvidia GPUs တွေကို Nvidia ရဲ့ မြန်နှုန်းမြင့် NVLink စနစ်နဲ့ ချိတ်ဆက်ထားပြီး၊ Memory အနေနဲ့ 10 petabytes အထိ ရှိပါတယ်။ ကွန်ပျူတာစနစ်ကို ချိတ်ဆက်ထားတဲ့ Fiber Optic ကြိုးတွေရဲ့ စုစုပေါင်း အရှည်ကတင် ၁၈၅ မိုင်အထိ ရှိတယ်လို့ သိရပါတယ်။

စွမ်းဆောင်ရည် မြင့်တာနဲ့အမျှ ထွက်ရှိတဲ့အပူချိန်ကလည်း 13 megawatts အထိ ရှိပြီး၊ ကွန်ပျူတာစနစ် အပူ မလွန်ကဲဖို့ အတွက် အအေးပေးစနစ်ကနေ ၁ မိနစ်ကို ရေဂါလန်ပေါင်း ၄,၀၀၀ အထိ လွှတ်ထားပေးရပါတယ်။ အစိုးရ အာဏာပိုင် တွေနဲ့ သုတေသနပညာရှင်တွေဟာ Machine Learning, Neural Networks နဲ့ Artificial Intelligence နည်းပညာ အသုံးချ လုပ်ငန်းတာဝန်တွေကို Summit စူပါကွန်ပျူတာနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဥပမာ ပြောရရင် Summit ကွန်ပျူတာဟာ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာတွေနဲ့ ဓာတ်ပုံဒေတာပေါင်း မြောက်များစွာကို A.I နည်းပညာနဲ့ ခွဲခြမ်းစိတ်ဖြာပြီး အရင်ကမတွေ့ရှိခဲ့တဲ့ ရောဂါရင်းမြစ်တွေကို အဖြေထုတ်ပေးနိုင်မှာပါ။ ဒါ့အပြင် ၁ စက္ကန့် အတွင်း ဘီလီယံချီတဲ့ တွက်ချက်မှုပေါင်းများစွာ လုပ်နိုင်တဲ့ ဧရာမ ကွန်ပျူတာစနစ်တွေပေါ်မှာ သိပ္ပံပညာရှင်တွေအနေနဲ့ ပိုမိုနားလည်မှုရှိလာအောင်လည်း ကူညီပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: DailyMail, Oak Ridge National Laboratory

The post တင်းနစ်ကွင်း ၂ ကွင်းစာ ရှိတဲ့ “ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျုတာ” appeared first on ဧရာဝတီ.

Dual Camera သုံး ပထမဆုံး BlackBerry ဖုန်းဖြစ်လာတဲ့ “KEY2” စမတ်ဖုန်း

$
0
0

တချိန်က ဘုရင်တဆူဖြစ်ခဲ့တဲ့ BlackBerry ရဲ့ နောက်ဆုံးပေါ် ဖုန်းမော်ဒယ်သစ် KEY2 ကတော့ ဇွန်လ ၇ ရက်နေ့မှာ တရားဝင် ထွက်ရှိခဲ့ပါတယ်။

KEY2 စမတ်ဖုန်းကို BlackBerry ဖုန်းထုတ်လုပ်ခွင့် လိုင်စင်ရထားတဲ့ TCL ကုမ္ပဏီက ထုတ်လုပ်ထားတာ ဖြစ်ပြီး၊ BlackBerry ဖုန်းတွေရဲ့ အထင်ကရ ဒီဇိုင်းမပျက် ဆက်လက် ထုတ်လုပ်ထားတာတွေ့ရပါတယ်။ ဖုန်းကိုယ်ထည်ကို အလူမီနီယမ် အလွိုင်းဖရိန် အသုံးပြုထားပြီး၊ ဖုန်းကျောဘက်ကိုယ်ထည်က Diamond အကွက်ပုံစံ မျက်နှာပြင်နဲ့ ဖြစ်တာကြောင့် လက်ထဲကနေ ဖုန်းချောပြီး လွတ်ကျမှုတွေ နည်းသွားမှာပါ။

KEY2 ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ ဒီဖုန်းဟာ Dual Camera စနစ်ကို ပထမဆုံးအသုံးပြုထားတဲ့ BlackBerry ဖုန်းဖြစ်ပြီး၊ လူကြိုက်များနေတဲ့ Portrait Mode တွေ Optical Zoom feature တွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။ ရှေ့မော်ဒယ် KeyOne ဖုန်းအတိုင်း BlackBerry ဖုန်းတွေရဲ့ အမှတ်သညာလို့ ဆိုနိုင်တဲ့ တကယ့်ခလုတ်တွေနဲ့ ကီးဘုတ် (Physical Keyboard) ကိုလည်း ဒီဖုန်းမှာ ဆက်လက်အသုံးပြုထားပါတယ်။

Mid-Range ဖုန်းတလုံးလို့ပဲ သတ်မှတ်ရမယ့် BlackBerry Key2 ဖုန်းမှာ Specifications တွေအနေနဲ့ 1080×1620 pixels HD resolution ရှိတဲ့ 3:2 Aspect Ratio သုံး IPS LCD Display ၊ 2.5D Gorilla Glass မှန်သား၊ Snapdragon 660 SoC ၊ 6GB RAM နဲ့  64GB Internal Storage တို့ကို အသုံးပြုထားပါတယ်။

128GB မော်ဒယ်လည်း ထွက်ရှိမှာပါ။ microSD ကတ်ထည့်ဖို့ Slot တခုလည်း ပါရှိပြီး 256GB အထိ စိုက်နိုင်ပါတယ်။ Bluetooth 5.0 ၊ NFC ၊ 3.5mm Headphone Jack နဲ့ USB Type-C တို့လည်း ပါဝင်မှာပါ။ လက်ဗွေရာဆန်ဆာကတော့ အရင်မော်ဒယ်လိုပဲ Spacebar ခလုတ်မှာ မြှပ်ပေးထားပါတယ်။

ဘက်ထရီကိုတော့ အားအမြန်သွင်းစနစ် Quick Charge 3.0 အသုံးပြုနိုင်တဲ့ 3500mAh ဘက်ထရီကို အသုံးပြုထားပြီး၊ ကုမ္ပဏီကတော့ ဘက်ထရီသက်တမ်း ၂ ရက်အထိ ခံတယ်လို့ ဆိုထားပါတယ်။

“အခုဆို ဈေးကွက်ထဲမှာ သုံးစွဲသူတွေ စိတ်ကြိုက်ရွေးချယ်ဖို့အတွက် စမတ်ဖုန်းတွေ အများကြီးရှိနေပေမယ့်၊ အများစုက တပုံစံတည်းပါပဲ။ ဖုန်းတလုံးနဲ့ တလုံး ပေးစွမ်းနိုင်တဲ့ ခံစားမှုကအစ တထပ်တည်းဖြစ်နေပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ BlackBerry KEY2 ဖုန်းကတော့ အရင် BlackBerry တွေရဲ့ အရသာလည်း မပျက်၊ တီထွင်မှု အသစ်တွေလည်း ထည့်သွင်းဖန်တီးထားတဲ့ ဘယ်သူနဲ့မှ မတူတဲ့ ဖုန်းတလုံးပါ။ လုံခြုံရေးအတွက် စိတ်အချရဆုံး ဖုန်းတလုံး ဖြစ်သလို၊ ထုတ်ဖူးသမျှထဲမှာ အဆင့်မြင့်ဆုံး BlackBerry ဖုန်းတလုံးလို့လည်း ဆိုနိုင်ပါတယ်” လို့ TCL Communication ရဲ့ ဒုတိယအကြီးအကဲ၊ BlackBerry Mobile ရဲ့ ဥက္ကဌဖြစ်သူ Alain Lejeune က ပြောကြားခဲ့ပါတယ်။

BlackBerry KEY2 ရဲ့ ဈေးနှုန်းကတော့ Mid-range ဆိုပေမယ့် မနိမ့်ဘဲ အမေရိကန်ဒေါ်လာငွေ ၆၄၉ ဒေါ်လာအထိ ရှိပါတယ်။ အနက်နဲ့ အညိုရောင်ကာလာနှစ်မျိုးထုတ်မှာဖြစ်ပြီး၊ ယခုလအတွင်း တကမ္ဘာလုံးကို တင်ပို့ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Gadgets 360, The Verge

The post Dual Camera သုံး ပထမဆုံး BlackBerry ဖုန်းဖြစ်လာတဲ့ “KEY2” စမတ်ဖုန်း appeared first on ဧရာဝတီ.

တရုတ် အကြွေးထောင်ချောက်ထဲ မြန်မာ ကျတော့မည်

$
0
0

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ထိပ်တန်း ဦးစားပေးကို နားလည်လိုလျှင် တိုင်းပြည်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်အစိုးရ၏ ပါဝင်ပတ်သက်မှု သို့မဟုတ် ယခု ဆိုင်းငံ့ထားသော ဒေါ်လာ ၃.၉ ဘီလီယံတန် မြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ရန် အားထုတ်မှု သို့မဟုတ် ဒေသခံများက ဆန့်ကျင်နေကြသော မန္တလေးမြို့အနီးမှ လက်ပံတောင်း ကြေးနီတွင်းတွင် ကြေးနီထုတ်ယူခွင့် သေချာအောင် အားထုတ်မှုများကို မေ့လိုက်ပါ။

အဆိုပါ ကိစ္စများ အားလုံးသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ အမှန်တကယ် လိုချင်မှု၏ အဖျားအနား အကျိုးစီးပွားများသာ ဖြစ်ပါသည်။ အဓိကမှာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တဆင့် အိန္ဒိယ သမုဒ္ဒရာသို့ စီးပွားရေးနှင့် ဗျူဟာအရ ရောက်ရှိနိုင်ရေး ဖြစ်ပါသည်။ တရုတ်အစိုးရ၏ ဒေါ်လာ ၁ ထရီလီယံတန် ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) ၏ အရေးပါသော ဆက်သွယ်ချက်တခုလည်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်များကို ပိုမိုရှင်းလင်းစွာ မြင်တွေ့လာရသည်နှင့် အမျှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံတန် ကျောက်ဖြူစီမံကိန်း၏ စည်းကမ်းချက်များနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာနေသည်။ မြန်မာအစိုးရ၏ ထိပ်တန်း စီးပွားရေး အကြံပေးတဦး ဖြစ်သည့် ရှောင်တာနဲလ်က စီမံကိန်း၏ ဆိပ်ကမ်းပိုင်းကို တန်ဖိုး ဒေါ်လာ ၇.၅ ဘီလီယံ သတ်မှတ်ခြင်းက “မိုက်မဲ”ပြီး “ယုတ္တိမရှိ”ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။

စီမံကိန်းကို အစိုးရက လေ့လာသုံးသပ်မှု ပြုလုပ်နေကြောင်း လတ်တလောသတင်းများတွင် ဖော်ပြခဲ့ကြသည်။ ကျောက်ဖြူ တွင် ဆိပ်ကမ်းတခု တည်ဆောက်မည့် စီမံကိန်းကို ၂၀၀၇ ခုနှစ်တွင် ကြေညာခဲ့သည်။ မြန်မာနိုင်ငံက အလွန်အမင်း လိုအပ်နေသော အခြေခံအဆောက်အဦနှင့် အခြား စီးပွားရေး လုပ်ငန်းများအတွက် တရုတ်နိုင်ငံ၏ အကြွေးတွင် နစ်နိုင်မည့် ထိရှလွယ်သည့် အခြေအနေ ဖြစ်မလာမီ အချိန်က ဖြစ်သည်။

ကျောက်ဖြူတွင် လုပ်ငန်း အချို့ ပြီးစီးခဲ့သော်လည်း တရုတ်နိုင်ငံက မျှော်လင့်ထားသော ကြီးမားသည့် ရေနက်ဆိပ်ကမ်း မှာမူ ဆယ်စုနှစ်တခုကျော် ကြာမြင့်ခဲ့ပြီးသည်အထိ ပုံစံစာရွက်ပေါ်မှာသာ ရှိနေဆဲ ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် တရုတ်အစိုးရ ကျောထောက်နောက်ခံပြု Citic Group က စီမံကိန်း၏ ၇၀ ရာခိုင်နှုန်းကို ရယူရန် တင်ဒါ အောင်မြင်ခဲ့သည်။ ကျန်သည့် ၃၀ ရာခိုင်နှုန်းက မြန်မာ အစိုးရ ပိုင်မည် ဖြစ်သည်။ သို့သော်လည်း ငွေခန်းနေသော နေပြည်တော် အစိုးရ အနေဖြင့် စီမံကိန်းမှ ၎င်းတို့ ရှယ်ယာအတွက် ငွေထည့်ဝင်ရန် ၂ ဘီလီယံဒေါ်လာ ချေးယူရန် လိုအပ်လာလိမ့်မည်ဟု စီးပွားရေး ပညာရှင်များက ခန့်မှန်းကြသည်။ ငွေကို တရုတ် အရင်းအမြစ်များမှ ချေးရဖွယ် အများဆုံး ရှိသည်။

မြန်မာနိုင်ငံက ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် အထီးကျန် စစ်အုပ်ချုပ်ရေးမှ လွတ်မြောက်လာသည့် အချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အစုအပြုံလိုက် ဝင်ရောက်လာလိမ့်မည်ဟု မြင့်မားသော မျှော်လင့်ချက်များ ယခင်က ရှိခဲ့သလို ချေးငွေ များလည်း အလွယ်တကူ ရနိုင်မည်ဟု မြင်ကောင်းမြင်ခဲ့ကြနိုင်ပါသည်။

သို့သော်လည်း တိုင်းပြည်၏ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်း အားနည်းချက်များက အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူများကို နောက်တကြိမ် အတားအဆီး ဖြစ်လာခြင်းနှင့်အတူ အဆိုပါမြင့်မားသည့် စီးပွားရေးမျှော်လင့်ချက်များက လျှင်မြန်စွာ မှေး မှိန်ခဲ့ရပြီး ယခုအခါ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကြွေးထောင်ချောက် သံတမန်ပရိယာယ် အတွင်းသို့ ကျဆင်းရနိုင်ဖွယ် အန္တရာယ်ရှိနေသည်။

အကြွေးများကို ပေးဆပ်နိုင်ခြင်း မရှိသည့်အခါ အကြွေးယူ တိုင်းပြည်များသည် အလျှော့ပေး၍ လုပ်ပိုင်ခွင့်များ ပေးအပ်ရသည့် အခြေအနေ ဖြစ်လာရန် ဖိအားပေးခံကြရသည်။

စံနမူနာ ပြုစရာတခုမှာ သီရိလင်္ကာ နိုင်ငံမှ ၇ နှစ် သက်တမ်းရှိ ဟမ်ဘန်တိုတာ ဆိပ်ကမ်း ဖြစ်သည်။ သီရိလင်္ကာ အစိုးရက စီမံကိန်းအတွက် တရုတ်နိုင်ငံ၏ ချေးငွေများကို ပြန်လည်ပေးချေနိုင်ခြင်း မရှိသည့် အခါ ဆိပ်ကမ်း၏ ရှယ်ယာ ၈၀ ရာခိုင် နှုန်းကို တရုတ်အစိုးရပိုင် ကုမ္ပဏီတခု ဖြစ်သည့် China Merchants Port Holdings သို့ ရောင်းချရန် ၂၀၁၆ ခုနှစ်တွင် သဘောတူညီခဲ့ရသည်။

အလုပ်သမား သမဂ္ဂများနှင့် နိုင်ငံရေး အတိုက်အခံများကြောင့် တရုတ်ပိုင် ရှယ်ယာက နောက်ဆုံးတွင် ၇၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ရသည်။ ဆိပ်ကမ်းကို ယခုအခါတွင် သိရိလင်္ကာ အစိုးရနှင့် “ဖက်စပ်လုပ်ငန်း”တခု အဖြစ် ရည်ညွှန်းသော်လည်း တရုတ် အစိုးရက ဆိပ်ကမ်းနှင့် ပတ်သက်သော အခွင့်အာဏာကို ထိန်းချုပ်ထားသည်။

အလားတူ ဖြစ်ရပ်တခုကို ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက တရုတ်နိုင်ငံ၏ ပထမဆုံးသော ပြည်ပစစ်စခန်း ဖွင့်လှစ်ခဲ့ သည့် ဂျဘူတီ (Djibouti) နိုင်ငံတွင် မြင်တွေ့နိုင်သည်။

အာဖရိက အရှေ့မြောက်ပိုင်းတွင် ဗျူဟာမြောက်စွာ တည်ရှိပြီး ပင်လယ်နီနှင့် စူးအက်တူးမြောင်းတို့၏ အဝင်ဝ ဖြစ်သော ကျဉ်းမြောင်းသည့် နိုင်ငံတခု ဖြစ်သည့် ဂျဘူတီသည် အိန္ဒိယ သမုဒ္ဒရာဒေသ ကမ်းရိုးတန်း တလျှောက် တည်ဆောက်ခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်း ပြုလုပ်နေသော တရုတ် ဆိပ်ကမ်းများ ကွင်းဆက်တွင် အရေးပါသည့် ဆက်သွယ်ချက်တခု ဖြစ်လာသည်။

သေချာစွာဆိုရလျှင် တရုတ်အတွက် မြေငှားရမ်းခြင်း (အမေရိကန်နှင့် ပြင်သစ် အပါအဝင် အခြားနိုင်ငံခြား စစ်စခန်းများသို့ ငှားရမ်းခြင်း) က ဂျေဘူတီအတွက် အလွန်အမင်း လိုအပ်နေသော နိုင်ငံခြားငွေ ရရှိစေသည်။

သို့သော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတခု ဖြစ်သည့် ဂျဘူတီသည် ယခုအခါတွင် ဆိပ်ကမ်းသစ်တခု၊ ဆိပ်ကမ်းနှင့် အီသီယိုပီးယား နိုင်ငံ၏ မြို့တော် အဒစ်စ်အဘာဘာ Addis Ababa ကို ဆက်သွယ်သည့် ရထားလမ်းသစ်တခု၊ လေဆိပ်သစ်တခုနှင့် အီသီယိုပီးယားမှ ရေချို ရယူရန် သွယ်တန်းထားသည့် ပိုက်လိုင်း အသစ်တခုတို့အတွက် တရုတ်နိုင်ငံမှ ချေးယူထားသည့် အလွန် များပြားသော ငွေများကို ပြန်လည်ပေးဆပ်ရန် ရှိနေသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) မှ ထုတ်ပြန်သည့် အချက်အလက်များအရ ချေးငွေ ပမာဏက အနည်းဆုံး အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ ရှိပြီး စီးပွားရေး စွန့်စားရမှုဆိုင်ရာ လေ့လာဆန်းစစ်သည့် ကုမ္ပဏီများ၏ အဆိုအရ ဂျေဘူတီအနေဖြင့် ပြန်လည်ပေးဆပ်ရန် အိပ်မက်ပင် မက်နိုင်မည် မဟုတ်ပါ။

၎င်းတို့နှင့် ကာလရှည်ကြာစွာ မဟာမိတ်ဖြစ်ခဲ့သော ပါကစ္စတန်နိုင်ငံနှင့်လျှင်ပင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက ချေးငွေများ၊ အကြွေးများနှင့် ပတ်သက်နေသည်။ တရုတ် ဦးဆောင်သည့် စီမံကိန်းများတွင် အသုံးပြုရေး တရုတ်နိုင်ငံလုပ် ပစ္စည်းကိရိယာများ ဝယ်ယူရန် တရုတ်နိုင်ငံက ပါကစ္စတန်ကို တိုက်တွန်းလေ့ရှိသည်။ ထိုပစ္စည်းများအတွက် ပါကစ္စတန် အစိုးရက တရုတ်အစိုးရက ထုတ်ပေးသော ချေးငွေနှင့် ပေးရသည်။

ရလဒ် အနေဖြင့် ပါကစ္စတန်၏ စုစုပေါင်းကြွေးမြီက အမေရိကန်ဒေါ်လာ ၉၁.၈ ဘီလီယံ ရှိပြီး GDP နှင့် အချိုးက ၇၀ ရာခိုင်နှုန်း ဝန်းကျင် ရှိနေသည်။ အစောပိုင်း တရုတ်ချေးငွေများ၏ ၃ ပုံ၂ ပုံမှာ အိန္ဒိယနိုင်ငံမှ လေ့လာဆန်းစစ်သူ မိုင်ဟာရှားမား Mihir Sharma ၏ စကားအတိုင်းဆိုလျှင် မတန်တဆ အတိုးနှုန်းဖြစ်သည့် ၇ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခြင်း ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့သည် နီးကပ်သော မဟာမိတ်များ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း ယခုကိစ္စမှာမူ မိတ်ဆွေ အချင်းချင်း တဦးကို တဦးပြုလုပ်သောလုပ်ရပ်မျိုး မဟုတ်ဟု နောက်ထပ် အိန္ဒိယ ဆောင်းပါးရှင်တဦးက ပြောသည်။

တရုတ်ကုမ္ပဏီများက ပါကစ္စတန် ရှိ ဂွါဒါ Gwadar တွင် ဆိပ်ကမ်းကြီးတခု ဆောက်လုပ်ရာတွင် ပါဝင်ခဲ့ကြသည်။ တရုတ် နိုင်ငံအတွက် နောက်ထပ် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်တခုလည်း ဖြစ်ပါသည်။ သို့သော်လည်း တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသ ကက်ရှ်ဂါ Kashgar သို့ သွားရာလမ်းတွင် ကာရာကိုရမ် Karakoram တောင်တန်းများပေါ်မှ လမ်းကြောင်းက ရှည်လျား ခက်ခဲသည့်အတွက် အရှေ့ အလယ်ပိုင်းမှ ရေနံများ တင်ပို့ရာတွင် ထိုလမ်းကြောင်းကို အသုံးပြုနိုင်ရေးက သံသယရှိစရာ ဖြစ်သည်။ ကက်ရှ်ဂါ၏ အန္တရာယ်များပြီး တောတောင် ထူထပ်သည့် ရေမြေသဘာဝနှင့် ဝေးလံခေါင်ဖျားမှုကြောင့် ၂ နိုင်ငံ ကုန်သွယ်ရေးသည်ပင် အကန့်အသတ် ရှိနေသည်။

အာရေဗျ ပင်လယ်ကမ်းခြေများပေါ်တွင် တရုတ်၏ အနေအထားကို ခိုင်မာစေမည် ဖြစ်ခြင်းကြောင့် ဂွါဒါ ဆိပ်ကမ်း၏ အရေးပါမှုက ၎င်း၏ တည်နေရာပေါ်တွင် မူတည်နေသည်။ တရုတ်နှင့် ပါကစ္စတန် ၂ နိုင်ငံလုံးက ငြင်းဆန်ထားသော်လည်း ဆိပ်ကမ်းနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ အခွင့်အရေးများထဲ အနာဂတ်တွင် တရုတ် ရေတပ်သင်္ဘောများ လွန်းတင်နိုင်သည့် အခွင့်အရေးလည်း ပါဝင်နေသည်။ ပါကစ္စတန် စင်္ကြန်ဟုလည်း သိကြသည့် ဂွါဒါ ဆိပ်ကမ်း အနီးတွင် လွတ်လပ်သော ကုန်သွယ်ရေးဇုန်တခု တည်ဆောက်ထားသော်လည်း စီးပွားရေး အရေးပါမှုထက်စာလျှင် မဟာဗျူဟာကျခြင်းက ပိုမို၍ သာလွန်နေသည်။

တရုတ်နိုင်ငံ၏ အိန္ဒိယ သမုဒ္ဒရာသို့ ဦးတည်သော စင်္ကြန် ၂ ခုတွင် မြန်မာနိုင်ငံက ကုန်သွယ်ရေး အတွက် ပို၍ အရေးပါပြီး အနည်းဆုံး ရေရှည်ဗျူဟာ လွှမ်းမိုးနိုင်မှုနှင့် ပတ်သက်လာလျှင် (ပါကစ္စတန် စင်္ကြန်နှင့်) တန်းတူ အရေးပါသည်။ တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့မှုနှင့် အာဖရိကနှင့် ဥရောပမှ ကုန်သွယ်ရေး လမ်းကြောင်းများ သေချာစေရန် လိုအပ်နေသည်။

ပါကစ္စတန်မှ တဆင့် မဟုတ်။ တရုတ်နိုင်ငံက ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ပြီး ဖြစ်သော မြန်မာ နိုင်ငံမှ တဆင့် လည်း သေချာစေနိုင်သည်။ အားနည်းမှုရှိနိုင်သည့် မလက္ကာရေလက်ကြားကို ကျော်ဖြတ်စရာ မလိုတော့သည့် အရေးပါသော ဗျူဟာမြောက် ဖြတ်လမ်းတခု ဖြစ်သည်။

နိုင်ငံခြားမှ တင်သွင်းသည့် တရုတ်စွမ်းအင်၏ ၈၀ ရာခိုင်နှုန်း နီးပါးက မလေးရှားနှင့် အင်ဒိုနီးရှားကြားမှ ကျဉ်းမြောင်းသည့် မလက္ကာ ရေလက်ကြားမှ ဖြတ်ကျော်ရပြီး ပဋိပက္ခ အခြေအနေတခုတွင် အမေရိကန်က ပိတ်ဆို့လိုက်နိုင်သည်ကို တရုတ် အစိုးရက စိုးရိမ်နေခဲ့သည်။ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသည့် ပိုက်လိုင်းများက ရေနံနှင့် သဘာဝဓာတ်ငွေ့ မည်မျှ သယ်ဆောင်ပေးနိုင်မည် ဆိုခြင်းက မသဲကွဲသေး သော်လည်း ၎င်းတို့သည် တရုတ်နိုင်ငံ၏ မလက္ကာရေလက်ကြား အားနည်းချက်ကို ကာကွယ်ရေး အစပိုင်းကတည်းက ရည် ရွယ်ခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်တွင် မြန်မာနိုင်ငံကို ဖြတ်ကျော်၍ ဗျူဟာမြောက် စင်္ကြန်တခု တည်ဆောင်ခြင်းက တရုတ်သမ္မတ ရှီကျင်ဖျင့်၏ အလွန် မျှော်မှန်းချက် ကြီးသော ခေတ်သစ်ပိုးလမ်းမ(BRI) ထက် စောသည့် မူဝါဒတခု ဖြစ်ပါသည်။ BRI ကို ၂၀၁၃ ခု နှစ်တွင် အာရှ-ပစိဖိတ်ဒေသနှင့် အပြင်ဖက်မှ အခြေခံ အဆောက်အဦများ အဆင့်မြှင့်တင်ရန် တရုတ်နိုင်ငံ၏ အကူအညီ၊ ချေးငွေများနှင့် စတင်ခဲ့သည်။

မြန်မာနိုင်ငံ၏ မြောက်ပိုင်း တရုတ်နိုင်ငံ၏ နယ်စပ်ရှိ တရုတ်နိုင်ငံဖက်မှ ကျဉ်းမြောင်းသည့် နယ်မြေတခု ဖြစ်သည့် ကျယ်ဂေါင်သို့ ဦးတည်သည့် ရွှေလီမြစ်ပေါ်မှ ကျယ်ပြန့်သည့် ကွန်ကရစ်တံတား ရှိရာလမ်းတွင် ကြီးမားသော အထိမ်းအမှတ် ကျောက်တိုင်တခု ရှိသည်။ ကျောက်တိုင်ပေါ်တွင် လူ ၅ ယောက်က စက်ဝိုင်း သဏ္ဍန် ဘီးတခုကို တွန်းနေသည့် ရုပ်ထုတခုကို သရုပ်ဖော်ထား၏။ သူတို့၏ ဆုံးဖြတ်ထားသော မျက်နှာများက တောင်ဘက်သို့ တည့်တည့် ဦးတည်နေကြသည်။

အထိမ်းအမှတ် ကျောက်တိုင် ခြေရင်းတွင် တရုတ်ဘာသာဖြင့် ရေးသားထားသော စာလုံးများက “စည်းလုံးခြင်း၊ တောက် ပသော လမ်းကြောင်းများ၊ ရှေ့ဆက်၍ ဖော်ဆောင်ကြ” ဟု အဓိပ္ပါယ်ရပါသည်။ နယ်စပ်ဒေသတွင် နေထိုင်သူ အချို့က ၎င်း ကို “အရှေ့တောင်အာရှရေ၊ ငါတို့လာပြီဟေ့” ဟု ဆိုလိုကြောင်း ဘာသာပြန်ကြပါသည်။

အထိမ်းအမှတ် ကျောက်တိုင်နှင့် ပတ်သက်၍ ထူးခြားချက်က ထိုနေရာတွင်သာ မြင်တွေ့နိုင်သည် မဟုတ်ပါ။ ၂ စတုရန်း ကီလိုမီတာခန့်သာ ကျယ်ဝန်းသည့် နယ်မြေတခု ဖြစ်ပြီး မြန်မာနိုင်ငံက ဝိုင်းပတ်ထားခြင်း ခံရသည့် ကျယ်ဂေါင်က ကူးသန်းရောင်းဝယ်ရေး အချက်အချာတခုနှင့် မြန်မာနိုင်ငံနှင့် အခြားဈေးကွက်များအတွက် အဓိက ဝင်ထွက်ပေါက် အဖြစ် ပေါ်ထွက်လာနေသည်။

သို့သော်လည်း တံတားတည်ဆောက်ခဲ့သည့် ၁၉၉၃ ခုနှစ်တွင် ရှေ့ရေးအတွက် မှတ်သားလောက်စရာ အလားအလာ ရှိသည့် နေရာတခု ဖြစ်ခဲ့သော ကျယ်ဂေါင်သည် စပါးခင်း အနည်းငယ်နှင့် ပြန့်ကျဲနေသော ဝါးတဲ အနည်းငယ်ဖြင့် ဖွဲ့စည်းထားသည့် နေရာတခုသာ ဖြစ်ခဲ့သည်။ ၂၅ နှစ်ကြာသောအခါ အထပ်မြင့် အဆောက်အဦးများ၊ အဆင့်မြင့် ဟိုတယ် များ၊ ပစ္စည်း စုံလင်သည့် စတိုးဆိုင်များနှင့် တရုတ် တနိုင်ငံလုံးမှ ရောက်လာသည့် အဖိုးတန်ကျောက်မျက် ဝယ်ယူသူများ အတွက် ကြီးမားသော ကျောက်စိမ်းဈေးတခု ရှိနေပြီ ဖြစ်သည်။

မနက်ခင်းတိုင်းတွင် တရုတ်လူသုံး ကုန်ပစ္စည်းများ ထင်ဆောင်ထားသည့် ကုန်တင်ကားတန်းကြီးများက ကျယ်ဂေါင်ရှိ နယ်စပ်ဂိတ်ကို ဖြတ်ကျော် မောင်းနှင်လာပြီး နယ်စပ် မြန်မာဖက်ခြမ်းမှ မူဆယ်သို့ ဝင်ရောက်လာကြသည်။ သူတို့၏ ဦးတည်ရာမှာ လားရှိုး၊ မန္တလေး၊ ရန်ကုန်နှင့် အခြားမြန်မာမြို့များသို့ပင် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနယ်စပ်တွင် ရှိသော တမူး မြို့ အထိပင် ရောက်၏။

တမူးမှနေ၍ ကုန်ပစ္စည်းများကို အိန္ဒိယဖက်ခြမ်းမှ မိုရေးသို့ ယူဆောင်သွားပြီး အင်ဖာ၊ ကိုဟီးမားနှင့် ဂွါဝါဟတီ တို့သို့ ပို့ဆောင်သည်။ မြန်မာနိုင်ငံသာမက အိန္ဒိယ အရှေ့မြောက်ပိုင်းတွင်လည်း ဈေးနှုန်းချိုသာသည့် တရုတ်နိုင်ငံလုပ် ပစ္စည်းများ ဖောဖောသီသီ ဝင်ရောက်နေသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ စတင်သည့် နေရာလည်း ဖြစ်သည့် ကျောက်ဖြူသို့ အမြန်ရထားလမ်းတခု ဖောက်လုပ်ရန် တရုတ်အစိုးရက ရည်ရွယ်ထားသည်။ ၂၀၁၁ ခုနှစ်တွင် တရုတ်နှင့် မြန်မာနိုင်ငံတို့က စုစုပေါင်း ဒေါ်လာ ၂၀ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းသော ရထားလမ်းတခု တည်ဆောက်ရန် နားလည်မှု စာချွန်လွှာ တခုကို လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်များနှင့် အကြွေးထောင်ချောက်တခု၏ အလားအလာကို သတိပြုမိသော ဦးသိန်းစိန်၏ ယခင် မြန်မာအစိုးရက အမေရိကန် ဒေါ်လာ ၃.၉ ဘီလီယံတန် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့ခဲ့ပြီး နောက်ထပ် ၃ နှစ် နီးပါးအကြာ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် အထက်ပါ နားလည်မှုစာချွန်လွှာကို သက်တမ်း အကုန်ဆုံးခံခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံက မြစ်ဆုံစီမံကိန်းအတွက် ၎င်းတို့သုံးစွဲပြီး ဖြစ်သည်ဟု တရုတ် အစိုးရပိုင် ကုမ္ပဏီက ပြောသော အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကို ပြန်ပေးရန် ဖြစ်လာနိုင်ပါသည်။ တရုတ်အစိုးရက ကျောက်ဖြူသို့ သွားရာလမ်း ရရှိရေး ညှိနှိုင်းဆွေးနွေးရာတွင် အဆိုပါ အချက်ကို အသုံးပြုလာနိုင်သည်ဟု မြန်မာနိုင်ငံမှ ဝေဖန်သုံးသပ်သူ များက ယုံကြသည်။

အလားတူပင် တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေး စက်ကိရိယာများ တရုတ်နိုင်ငံမှ ဝယ်ယူရန် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီပါး ထုတ်ချေးခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ အခြေစိုက် စီးပွားရေး ပညာရှင်တဦးက ပြောဆိုချက်အရ “အမှန်တကယ်တွင် ဒေါ်လာ တရွက်မှ နယ်စပ်ကို ဖြတ်ကျော်ခဲ့ခြင်း မရှိဘဲ ထိုငွေအားလုံးကို သုံုးမရသည့် အခြေအနေသို့ နောက်ဆုံး ရောက်သွားသည့် တရုတ်နိုင်ငံမှ စက်ကိရိယာများ ဝယ်ယူရန် အသုံးပြုခဲ့ရသည်။”

ထိုအကြွေးက ယခုထိ ပြန်လည်ပေးဆပ်နေရဆဲ ဖြစ်သည်။ အကယ်၍ များစွာ ပိုမို ကြီးမားသည့် ကျောက်ဖြူ စီမံကိန်းကို စီစဉ်ထားသည့် အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့လျှင် တရုတ်နိုင်ငံက ၎င်းတို့ သေချာစေရေး မည်သည့်နည်းဖြင့်မဆို ဆောင်ရွက်ရန် အသင့်ရှိနေခြင်းနှင့်အတူ မြန်မာအစိုးရ၏ အကျိုးစီးပွားထက် တရုတ်အစိုးရ၏ အကျိုးစီးပွားကို ပိုမိုဖြစ်ထွန်းစေမည်မှာ ထင်ရှားသည်ဟု ဝေဖန်သုံးသပ်သူများက ပြောကြသည့် စီမံကိန်းတခုအတွက် တရုတ်နိုင်ငံ အပေါ်တွင် ပို၍ပင် ကြွေးတင်သွားလိမ့်မည် ဖြစ်သည်။

ယခုအခါ စီမံကိန်း၏ စည်းကမ်းချက်များနှင့် ကုန်ကျစရိတ်ကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်နေသည်ဟု တာဝန်ရှိသူများ က ပြောသော်လည်း ချေးယူထားသည့် ငွေကြေးကို အသုံးပြုရန် မြန်မာအစိုးရတွင် ရင်းနှီးမြှုပ်နှံမှု ဗျူဟာတခု ရှိသလား သို့မဟုတ် အကြွေး ပိုမို၍ များလာသည့် နိုင်ငံတွင် တရုတ်နိုင်ငံ၏ ခိုင်မာပြီး ဖြစ်သော စီးပွားရေးနှင့် ဗျူဟာမြောက် ချုပ်ကိုင်မှုများကို ကျော်လွန်၍ လွတ်လပ်စွာ စဉ်းစားသုံးသပ်မလား ဆိုခြင်းက မသဲကွဲသေးပါ။

( Asia Times ပါ Bertil Lintner ၏ Myanmar risks falling into a China debt trap ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ )

ဆက်စပ် ဖတ်ရှုရန်ကျောက်ဖြူသာမက တရုတ်ပိုးလမ်းမ စီမံကိန်းများ တည်ဆောက်ရေး လောမကြီးသင့်

The post တရုတ် အကြွေးထောင်ချောက်ထဲ မြန်မာ ကျတော့မည် appeared first on ဧရာဝတီ.

ဂိမ်းဗီဒီယိုတွေကို Facebook မှာ တနေရာတည်း ကြည့်ရှုနိုင်မယ့် Fb.gg

$
0
0

အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတဲ့ Gaming နယ်ပယ်ဘက်ကို ခြေဦးလှည့်လာတဲ့ Facebook ဟာ အခုအခါမှာလည်း Gaming နဲ့ ပတ်သတ်တဲ့ ဗီဒီယိုတွေကို တနေရာတည်းမှာ စိတ်ကြိုက်ရှာဖွေ ကြည့်ရှုနိုင်တဲ့ Fb.gg ဆိုတဲ့ Short URL တခုကို ထပ်မံ မိတ်ဆက် လိုက်ပြန်ပြီ ဖြစ်ပါတယ်။

Gaming ကို စိတ်ဝင်စားတဲ့သူတွေ အနေနဲ့ ယခု Facebook Gaming Web Page အသစ်မှာ မိုဘိုင်း၊ PC ၊ Consoles စတဲ့ Game Platform အစုံက ဂိမ်းတွေကို စိတ်ကြိုက်ရှာကြည့်နိုင်မှာပါ။ အသုံးပြုသူတယောက် Like (သို့မဟုတ်) Follow လုပ်ထားတဲ့ ဂိမ်းတွေနဲ့ ဂိမ်းနဲ့ ပတ်သတ်တဲ့ Pages တွေ Groups တွေအပေါ်မူတည်ပြီး စိတ်ဝင်စားလောက်မယ့် ဂိမ်း ဗီဒီယိုတွေကို စုစည်းဖော်ပြပေးထားမှာဖြစ်တာကြောင့် အရင်လို Page တခုချင်းစီ လိုက်ကြည့်နေစရာ မလိုတော့ပါဘူး။

ဒါ့အပြင် နာမည်ကြီး Gaming Video Content Creators တွေ၊ E-sports ပြိုင်ပွဲတွေနဲ့ Gaming နယ်ပယ်ထဲက ပွဲတွေရဲ့ သတင်း အကြောင်းအရာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Fb.gg ကို မိုဘိုင်း Application မှာဆိုရင်တော့ Tab Menu ထဲက ‘Game’ ဆိုတဲ့ နေရာကနေ ဝင်ရောက်နိုင်ပါတယ်။

Fb.gg ဟာ Gaming လောကမှာ နာမည်အကြီးဆုံးနဲ့ လူသုံးအများဆုံး Game Streaming Platform ‘Twitch’ ကို ယှဉ်ပြိုင်ဖို့အတွက် Facebook ရဲ့ နောက်ထပ် ခြေလှမ်းတခုလို့လည်း ဆိုနိုင်ပါတယ်။ မကြာသေးခင်ကလည်း Dota 2 နဲ့ Counter Strike GO ပြိုင်ပွဲတွေကို ဦးစီးကျင်းပနေတဲ့ ESL One အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ESL ပြိုင်ပွဲတွေကို Facebook မှာ စတင်တိုက်ရိုက်လွှင့်ပေးခဲ့ပါတယ်။

Facebook Gaming အနေနဲ့ နာမည်ကြီး Game Streamers တွေကို အဓိက ဆွဲဆောင်နိုင်မယ့် Feature တခုကတော့ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ “Level Up” ဆိုတဲ့ အစီအစဉ် တခုပါ။ အဆိုပါ ပရိုဂရမ်ထဲ ဝင်ထားတဲ့ အဖွဲ့ဝင်တွေ အနေနဲ့ Facebook ပရိတ်သတ်တွေရဲ့ အားပေးမှုကနေတဆင့် ဝင်ငွေရှာနိုင်ပါတယ်။

Facebook အသုံးပြုသူတယောက်ဟာ သူနှစ်သက်တဲ့ Streamers ကို ကြယ်လေးတွေ ပေးနိုင်ပြီး၊ ကြယ်တပွင့်စီ တိုင်းအတွက် အဆိုပါ Streamer ကို Facebook က ဝ.၀၁ ဒေါ်လာ လွှဲပေးသွားမှာဖြစ်ပါတယ်။ အသုံးပြုသူကတော့ ကြယ်တွေကို Facebook ဆီကနေ Package လိုက် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Facebook အနေနဲ့ မကြာခင်ကျင်းပတော့မယ့် E3 2018 ပွဲမှာ Gaming ဆိုင်ရာ Features အသစ်တွေကို ထပ်မံ မိတ်ဆက်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

Ref: Tech Crunch, Facebook Newsroom

The post ဂိမ်းဗီဒီယိုတွေကို Facebook မှာ တနေရာတည်း ကြည့်ရှုနိုင်မယ့် Fb.gg appeared first on ဧရာဝတီ.


ဥပဒေနှင့် မညီသော ကျောက်ထုတ် လုပ်ငန်းများ အရေးယူမည်

$
0
0

မွန်ပြည်နယ်အတွင်းရှိ စည်းကမ်း ဥပဒေနှင့် မညီသော ကျောက်ထုတ် လုပ်ငန်းများကို အရေးယူသွားမည်ဟု သိရသည်။

မွန်ပြည်နယ် လွှတ်တော်တွင် ပြည်နယ် အစိုးရ အဖွဲ့ဝင် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဖြေကြားခြင်း ဖြစ်သည်။

ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင် က ဒုတိယ အကြိမ် မွန် ပြည်နယ် လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး (သတ္တမနေ့) ဖြစ်သည့် ဇွန် ၈ ရက်က မွန်ပြည်နယ်တွင် လမ်းခင်း ကျောက် ထုတ်လုပ်မှုနှင့် ပတ်သက်သည့် မေးခွန်းအပေါ် ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျောက်ထုတ်လုပ်ခြင်းကြောင့် ဒေသခံ လူထုအပေါ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများ ရှိလာရင် စစ်ဆေးပြီး ဆိုင်ရာ ဥပဒေနဲ့ အရေးယူသွားမယ်” ဟုလည်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက လွှတ်တော် အစည်းအဝေး၌ ပြောကြား သည်။

ဥပဒေနှင့် မညီသည့် ကျောက်မိုင်းများ ရှိပါက ကိုယ်စားလှယ်များ အနေဖြင့် ပြည်နယ် အစိုးရထံ အချက်အလက်ဖြင့် တင်ပြ ပေး ရန်နှင့် ယင်းတင်ပြမှုများ အပေါ် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်စေပြီး စစ်ဆေးတွေ့ရှိမှုများအား ဥပဒေ၊ လုပ်ထုံး လုပ် နည်းများနှင့် အညီ အရေးယူပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ပေါင်မြို့နယ် အတွင်းရှိ ကျောက်မိုင်းလုပ်ကွက် တချို့မှာ ကျေးရွာ လူနေအိမ်များနှင့် နီးကပ်နေမှုများရှိပြီး ကျောက်ထုတ် လုပ်ငန်းမှ မိုင်းခွဲအားကြောင့် လွင့်စင်လာသော ကျောက်ကွဲစများသည် နေအိမ်များနှင့် ဒေသခံရွာသား တချို့၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ထိခိုက်ဆုံးရှုံးမှု ရှိခဲ့သည့် ဖြစ်စဉ်များ ရှိနေကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင် က ပြောသည်။

လမ်းခင်းကျောက်များ ထုတ်လုပ်ပါက အများပြည်သူ ဆိုင်ရာ လမ်းမကြီး၊ မီးရထားလမ်း၊ ရေလှောင်ကန်နှင့် တူးမြောင်း စသည့် နေရာများနှင့် အနည်းဆုံး ပေ ၆၀၀ အတွင်း လုံးဝ တူးဖော် ထုတ်လုပ်ခြင်း မပြုလုပ်ရဟု လမ်းခင်းကျောက် ထုတ် လုပ် မှု လုပ်ငန်းလိုင်စင် စည်းကမ်းများ ရှိသော်လည်း ပေါင်မြို့နယ်အတွင်းရှိ တချို့ လမ်းခင်းကျောက် ထုတ်လုပ် နေသည့် လုပ်ငန်းများသည် စည်းကမ်း ချိုးဖောက်နေမှု ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ကျိုက်မရောမြို့နယ် ငပုအင်း ကျေးရွာအုပ်စုတွင်လည်း ဒေါ်နန်းယဉ်ယဉ်မော် အပါအဝင် လေးဦးက လမ်းခင်းကျောက် ထုတ်လုပ် ရန် ခွင့်ပြုလိုင်စင် မရှိဘဲ ကျောက်ထုတ်လုပ်နေခြင်းကို သက်ဆိုင်ရာ ဌာနက စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးက အမှုဖွင့် အရေးယူမှု ပြုလုပ်ခဲ့သည့် ဖြစ်စဉ်များရှိကြောင်း လွှတ်တော် အစည်းဝေးမှ သိရသည်။

ထို့ပြင် လူမှုကွန်ရက် စာမျက်နှာများတွင် ဒုတိယ ဖားကန့်ဟု နာမည်ကြီးခဲ့သည့် ကျိုက်ထိုမြို့နယ်ရှိ ပျဉ်းကတိုးကုန်း ဧက ၁၀၀ ကျောက်မိုင်းကို ရပ်နားခိုင်းထားပြီး ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ်က သတင်း မီဒီယာများကို ပြောဆိုထားသည်။

လမ်းခင်းကျောက် ထုတ်လုပ်ရန် လုပ်ငန်းလိုင်စင်ကို ကျိုက်ထိုမြို့နယ်တွင် ၅၅ ဦး၊ ပေါင်မြို့နယ်တွင် ၂၄ ဦး၊ ကျိုက်မရော မြို့နယ်တွင် ၁၈ ဦး၊ ရေးမြို့နယ်တွင် ၅ ဦး၊ သထုံမြို့နယ်တွင် ၄ ဦး၊ ဘီးလင်းမြို့နယ်တွင် ၂ ဦး နှင့် သံဖြူဇရပ် မြို့နယ်တွင် ၁ ဦး စုစုပေါင်း ၁၀၉ ဦးတို့က လိုင်စင်ရထားခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် က သိရသည်။

The post ဥပဒေနှင့် မညီသော ကျောက်ထုတ် လုပ်ငန်းများ အရေးယူမည် appeared first on ဧရာဝတီ.

အသုံးပြုသူပေါင်း ၁၄ သန်းရဲ့ ပို့စ်တွေကို Public မှားပြောင်းမိလို့ တောင်းပန်လိုက်ရတဲ့ Facebook

$
0
0

Facebook ဟာ အသုံးပြုသူပေါင်း ၁၄ သန်းရဲ့ ပို့စ်အသစ်တွေကို Default Settings ကနေ Public ကို အလိုအလျောက် ပြောင်းလဲပစ်ခဲ့မိကြောင်း ဇွန်လ ၇ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မေလ ၁၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်ရပ်ဟာ Facebook ကနေ Feature အသစ်တခုကို စမ်းရင်းနဲ့ဖြစ်ပေါ်လာတဲ့ Software Bug တခုကြောင့် ဖြစ်ပါတယ်။

Facebook အသုံးပြုသူ တယောက်ရဲ့ ပို့စ်ဟာ ပုံမှန်အတိုင်းဆိုရင် နောက်ဆုံးရွေးချယ်ထားတဲ့ Privacy Settings ( ဥပမာ – Friend Only, Friend except..) မှာ ရှိနေရမှာဖြစ်ပေမယ့် မေလ ၁၈ ရက်နေ ကနေ မေလ ၂၇ ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ Bug ကြောင့် “Public” ကို အလိုအလျောက် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

ပို့စ်တင်ပြီးသွားရင်တော့ “Public” ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပေမယ့် ဒီအတိုင်း တန်းတင်နေကျ လူတွေအဖို့ သတိထား မိဖို့ခဲယဉ်းပါတယ်။ Facebook ရဲ့ အဆိုအရ အခု Bug သက်ရောက်ခဲ့သူပေါင်း ၁၄ သန်းကျော်ရှိတယ်လို့ သိရတာကြောင့် နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။

Facebook ဟာ ယခု Bug ကို မေလ ၂၂ ရက်နေ့မှာ စတင်ပြင်ဆင်ပေးခဲ့ပြီး၊ မေလ ၂၇ ရက်နေ့မှာတော့ အပြီးသတ် ပြင်ဆင်လိုက်နိုင်ပြီလို့သိရပါတယ်။ Public မှားပြောင်းမိခဲ့တဲ့ အသုံးပြုသူပေါင်း ၁၄ သန်းကိုလည်း သတိပေးချက်တွေ ပို့ထားပြီး၊ သူတို့ပို့စ်တွေကို Default Privacy Settings အဖြစ် အလိုအလျောက် ပြောင်းလဲပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့ကစပြီး ယခု Bug ထိခဲ့တဲ့ အသုံးပြုတိုင်းကို အဲဒီအချိန်တွင်းမှာ တင်ထားတဲ့ သူတို့ရဲ့ ပို့စ်တွေကို Review ပြန်လုပ်ဖို့ကျနော်တို့ အသိပေးအကြောင်းကြားနေပါပြီ။ အခုလိုဆိုးရွားတဲ့အမှားအတွက်လည်း အနူးအညွတ် တောင်းပန်အပ်ပါတယ်” လို့ Facebook ရဲ့ Chief Privacy Officer ဖြစ်သူ Erin Egan က ပြောကြားခဲ့ပါတယ်။

အခု Privacy Bug ဟာ မေလ ၂၇ ရက်နေ့မှာတင် ပြီးဆုံးသွားပြီဖြစ်တာကြောင့် ကြောက်စရာတော့ မလိုတော့ပါဘူး။

Ref: CNBC, Wired

The post အသုံးပြုသူပေါင်း ၁၄ သန်းရဲ့ ပို့စ်တွေကို Public မှားပြောင်းမိလို့ တောင်းပန်လိုက်ရတဲ့ Facebook appeared first on ဧရာဝတီ.

ဒလတံတား စီမံကိန်း ကန့်ကွက်ရန်မရှိဟု ဆိပ်ကမ်းအာဏာပိုင် ဆို

$
0
0

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းကို ညှိနှိုင်းဆောင်ရွက်နေခြင်းသာ ဖြစ်ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ ကန့်ကွက်ရန် မရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင် က ပြောသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး၌ ပြုလုပ်သော ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးနှင့် ပတ်သက်သော သတင်းစာရှင်း လင်းပွဲတွင် ၎င်းက “ဆိပ်ကမ်းအာဏာပိုင်ရဲ့ ကန့်ကွက်မှုကြောင့် ဒလတံတား ဆောက်လုပ်မယ့် အစီအစဉ်ဟာ နောက်ဆုတ်ခြင်း ကြန့်ကြာ သွားခြင်း မရှိပါဘူး။ ဆောက်လုပ်ရေးက သူ့ရဲ့ Timeline အတိုင်းပဲ တဆင့်ချင်း သွားနေတာပါ။ ကန့်ကွက်ရန် မရှိပါဘူး” ဟုု ပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် တံတားတည်ဆောက်မည်ဟု စတင်ဆွေးနွေးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက ဒလတံတား၏ အမြင့်ကို ၅၄ မီတာ ရှိရန်၊ တံတား ဒီဇိုင်းတွင် ပါရှိသည့် ရေလယ်တိုင် ၂ ခုကို အလယ်တွင် ရှိရမည့်အစား ကမ်းဘက်ပိုင်းတွင် ထားပါက ရေလမ်းကြောင်းရှင်းသွားမည်ဖြစ်၍ ယင်းအချက်အများအပြင် အစရှိသည်တို့ကို ဆောက်လုပ်ရေး ဝန်ကြီး ဌာနနှင့် ၂၀၁၂-၂၀၁၃ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ် အထိ ညိုနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန် ဆွေးနွေးရန် အချက်တချို့ ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

“ဒါကို ဘာကြောင့် ၅၄ မီတာ အမြင့်တောင်းရလည်း ဆိုတော့ အေးရှားဝေါလ် ဆိပ်ကမ်းရှိတယ်၊ MIP ဆိပ်ကမ်းရှိတယ်။ AMPT၊ MEC ဆိပ်ခံ တံတားတွေ ရှိတယ်။ ဒါတွေက ကွန်တိန်နာ တံတားတွေ ဖြစ်တယ်။ အဲဒါတွေမှာ ကိုင်တွယ်နေတဲ့ ဝန်ချီစက် (Quay Crane) ကြီးတွေ ရှိတယ်။ ဒါတွေကို သယ်လာရင် လဲှထည့်လို့မရဘူး ထောင်ပြီး ထည့်ရတယ်။ ဒါကြောင့် တံတားအမြင့်ကို ၅၄ မီတာ တောင်းတာဖြစ်တယ်။ ဒါဆိုရင် လွတ်သွားမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ တံတားပုံစံကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက် ရေး အစီအမံနှင့် EDCF ဖြင့် ဆောင်ရွက်ရန် ဒီဇိုင်းရေးဆွဲရာတွင် တံတားအမြင့်ပေ ၄၉ မီတာ၊ အကျယ် ၂၅၁ မီတာရှိ ရေလည်တိုင် ၂ တိုင် သတ်မှတ်ထားသည်။

ထို့ကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကိုရီးယား-မြန်မာချစ်ကြည်ရေး အနေဖြင့် တည်ဆောက်သည့် ဘတ်ဂျက် အနေအထား အရ ကုန်ကျစရိတ်မှာ ၁ မီတာ တက်သည်နှင့် သန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်သောကြောင့် ရေလယ်တိုင်ကြီး ၂ ခုကို ကုန်းပေါ်သို့တင်လိုက်လျှင်လည်း တံတားတည်ဆောက်ရေး ဒီဇိုင်းပုံစံပြောင်းခြင်း၊ အင်ဂျင်နီယာပိုင်း ဆိုင်ရာ တွက်ချက်မှုများအရ မဖြစ်သောကြောင့် အဆင်မပြေနိုင်ဟု ပြန်လည် တုန့်ပြန်ထားကြောင်း သိရသည်။

“ဒါကြောင့် ဒီတံတားကို ဘယ်လိုအဆင်ပြေအောင်လုပ်မလဲ ဟိုဖက် ဒီဖက် ညိုပြီးတော့ ဒါဆိုရင် ကျနော်တို့ လျှော့ပေး မယ်။ ဖြစ်နိုင်ခြေ အားလုံးကို တွက်ပြီးတော့ ရန်ကုန်ဆိပ်ကမ်းကို ဝင်တဲ့ ပင်လယ်ကူး သင်္ဘောကြီးတွေရဲ့ အမြင့်ကို တွက် ချက်ပြီးတော့ နောက်ဆုံး ၄၉ မီတာလျှော့ပေးပြီး လက်ခံလိုက်တယ်” ဟု ဦးနီအောင်က ပြောသည်။

ထိုသို့ အမြင့်မီတာ လျှော့ပေးလိုက်ခြင်းကြောင့် ဆိပ်ခံတံတားကြီးများမှ သယ်ယူမည့် ဝန်ချီစက်များကို ကြိုတင်ဝယ်ယူ ရမည်ဖြစ်ပြီး လိုအပ်ချက်များကို ပြင်ဆင်ရမည် ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံမည့် ကုန်ကျစရိတ် အခက်အခဲများ ရှိ ကြောင်း၊ တံတားတိုင်၂ ခုအား ရေလယ်တွင် ထား၍ တည်ဆောက်မည်ဆိုပါက အနည်ထိုင်မှုများပြီး သောင် များ ဖြစ်ထွန်းလာနိုင်ခြင်း၊ ပြည်တွင်း နိုင်ငံတကာ ရေယာဉ်ကြီးများ ရေလမ်းကြောင်း ပိတ်ဆို့မှု ဖြစ်လာနိုင်ခြင်း၊ ရေယာဉ်တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်လာနိုင်ခြင်း၊ တံတားအထက်အောက်ရှိ ဆိပ်ကမ်းများ၏ စွမ်းဆောင်ရည်များကျဆင်း လာနိုင်ခြင်းစသည့် ရေကြောင်းပို့ဆောင်ရေး ဆိုင်ရာ ကန့်သတ်ချက်များ ရှိလာနိုင်ကြောင်း သိရသည်။

အဆိုပါ တံတားကို တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးရေး ရန်ပုံငွေ (EDCF Loan) ချေးငွေ အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ မြန်မာနိုင်ငံ၏ ရန်ပုံငွေမှ ၃ဝ ဒသမ ၃၄၁ သန်း အကုန်အကျခံ တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ် ရေး ဝန်ကြီးဌာနမှ သိရသည်။

စီမံကိန်းသည် ယခင်အစိုးရလက်ထက် ကတည်းက သဘောတူညီမှု ရရှိထားပြီးဖြစ်သော်လည်း ညှိနှိုင်းမှု၊ ကန့်ကွက်မှုများကြောင့် တံတားတည်ဆောက်မည့် အချိန်ကို ယနေ့အထိ မသိရှိရသေးကြောင်း၊ လျော်ကြေးငွေ ပမာဏ ကျပ် ၃ ဘီလီယံခန့် ပေးပြီးဖြစ်ကြောင်း၊ တံတားနှင့် မလွတ်ကင်းသည့်အရာများကိုလည်း ရွှေ့ပြောင်းပြီး ဖြစ်ကြောင်း၊
သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း “လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ရန် လာမယ့် ဇွန်လက ဒလ တံတားကြီးကို စတင်တည်ဆောက်ဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်။ ဒလမြို့ဟာ ရန်ကုန်မြို့နဲ့ နီးကပ်နေသော်လည်း ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက် ဖွံ့ဖြိုးမှု နောက်ကျခဲ့တဲ့ အခြေအနေများကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးစားနေတယ်” ဟု ယခုနှစ် မတ်လ ၁၅ ရက်က ဒလမြို့နယ် ရေသန့်စက်ရုံ ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားထားသည်။

The post ဒလတံတား စီမံကိန်း ကန့်ကွက်ရန်မရှိဟု ဆိပ်ကမ်းအာဏာပိုင် ဆို appeared first on ဧရာဝတီ.

လူငယ်တွေအတွက် ဦးစားပေး ထုတ်လုပ်ထားတဲ့ Galaxy J4 နဲ့ J6 စမတ်ဖုန်းများ

$
0
0

Samsung Myanmar မှ Galaxy မျိုးဆက်သစ် စမတ်ဖုန်းများဖြစ်တဲ့ Galaxy J4 နဲ့ Galaxy J6 စမတ်ဖုန်းတို့ကို J Music Festival မှာ ဇွန်လအတွင်း တရားဝင် မိတ်ဆက်လိုက်ပါတယ်။

J Series စမတ်ဖုန်းသစ်များမှာ Samsung ရဲ့ မူပိုင် Super AMOLED မျက်နှာပြင်နဲ့ အတူ ထူးခြားတဲ့ လုပ်ဆောင်ချက် များစွာ ပါဝင်လာတာ တွေ့ရပါတယ်။ Galaxy J4 က မျက်နှာပြင် အရွယ်အစား ၅.၅ လက်မ HD Super AMOLED မျက်နှာပြင်နဲ့ Galaxy J6 ကတော့ မျက်နှာပြင် အရွယ်အစား ၅.၆ လက်မ HD+ Super AMOLED မျက်နှာပြင်တို့နဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။

Samsung မှ အသစ်မိတ်ဆက်လိုက်တဲ့ Galaxy J4 နဲ့ J6 စမတ်ဖုန်းများ

“အခုနောက်ဆုံး ထွက်ရှိလာတဲ့ Galaxy J Series စမတ်ဖုန်းတွေဟာဆိုရင် အခုခေတ် လူငယ်လေးတွေအတွက် အဓိက ဦးစားပေး ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မူပိုင် Super AMOLED နည်းပညာနဲ့အတူ သုံးစွဲသူတွေ အတွက် တကယ် ကောင်းမွန်တဲ့ ဖျော်ဖြေရေးဆိုင်ရာ ကြည့်ရှုမှုအတွေ့အကြုံကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of IT and Mobile ကိုဇာနည်ဝင်းထက်က ပြောပါတယ်။

Galaxy J6 မှာ Flagship စမတ်ဖုန်းများရဲ့ အထင်ကရ ဖြစ်တဲ့ အဆုံးစမဲ့ မျက်နှာပြင် “Infinity Display” ပါရှိတာကြောင့် Samsung Galaxy J Series ရဲ့ ဖုန်းမျက်နှာပြင် ကြည့်ရှုခံစားမှု အတွေ့အကြုံဟာ ပိုမိုအဆင့်မြင့်လာတယ်လို့ ဆိုပါတယ်။

Galaxy J6 မှာ Dolby Atmos အသံစနစ် ပါဝင်တာကြောင့် နားကြပ်နဲ့ နားဆင်တဲ့အခါ လှုပ်ရှားမှု အသံ မှန်သမျှကို ပတ်ဝန်းကျင် ၃ ဖက်စလုံးမှ ကြားရမှာ ဖြစ်ပြီး ကိုယ်တိုင်ပါဝင် လှုပ်ရှားနေရသလို အသံပိုင်း စနစ်ကို အမိုက်စား ခံစားရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ကြည့်တဲ့အခါ ကိုယ်တိုင် ရုပ်ရှင်ရုံထဲမှာ ကြည့်နေရသလို အသံအား ကောင်းကောင်းနဲ့ နားဆင် ကြည့်ရှုနိုင်မှာပါ။

J4 နဲ့ J6 တို့ရဲ့ ဒီဇိုင်းပိုင်းကတော့ ဖုန်း ၂ လုံးစလုံးရဲ့ ကိုယ်ထည်က ကိုင်ရတာ သက်သောင့်သက်သာ ရှိပြီး စတိုင်ကျတဲ့ ဒီဇိုင်းတွေနဲ့ ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ကင်မရာပိုင်းမှာ Galaxy J4 ကတော့ အနောက် ကင်မရာ 13 Megapixel AF (f1.9) နဲ့ အရှေ့ကင်မရာ 5 Megapixel FF (f2.2) တို့ ပါဝင်ပါတယ်။ Galaxy J6 မှာတော့ အနောက်ဘက် ကင်မရာ 13 Megapixel AF (f1.9) နဲ့ အရှေ့ကင်မရာ 8 Megapixel FF (f1.9) တို့ ပါဝင်ပါတယ်။

Samsung မှ အသစ်မိတ်ဆက်လိုက်တဲ့ Galaxy J4 နဲ့ J6 စမတ်ဖုန်းများ

J4 နဲ့ J6 စမတ်ဖုန်းများရဲ့ အရှေ့ဘက်ကင်မရာမှာ အလင်း၊ အမှောင်ကို အဆင့် ၃ ဆင့် ချိန်ညှိနိုင်မယ့် လုပ်ဆောင်ချက်၊ နေ့ခင်းဘက်နဲ့ ညဘက် အချိန်များမှာ Selfie ဓာတ်ပုံများ ရိုက်ကူးတဲ့အခါ အလင်းပြန်ခြင်းနဲ့ မှုန်းဝါးခြင်းတို့ မဖြစ်အောင် လုပ်ဆောင်ပေးတဲ့ LED Flash ပါဝင်တယ်လို့ သိရပါတယ်။

Processor အရည်အသွေး အနေနဲ့ Galaxyy J4 မှာ Octa 1.4 GHz အသုံးပြုထားပြီး Galaxy J6 မှာတော့ Octa 1.6 GHz Processor အသုံးပြုထားတာ တွေ့ရပါတယ်။ Memory ပိုင်း အနေနဲ့ကတော့ J4 မှာ RAM 2GB, ROM 16GB နဲ့ J6 မှာ RAM 3GB, ROM 32GB တို့ ပါဝင်ပြီး ၂ ခုစလုံးမှာ15GB အထိ သိုလှောင်နိုင်တဲ့ Samsung Cloud Storage ပါရှိတာ တွေ့ရပါတယ်။

Samsung Cloud Storage ကို အသုံးပြုသူများ အနေနဲ့ ဓာတ်ပုံများ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံခြုံစွာ အလွယ်တကူ သိမ်းနိုင်မှာ ဖြစ်ပြီး အသုံးပြုတဲ့အခါ အင်တာနက်နဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Galaxy J4 နဲ့ J6 ၂ မျိုးစလုံးတွင် slot ၃ ခုပါဝင်ပြီး Dual-SIM စနစ်ကို ထည့်သွင်းထားတာကြောင့် သုံးစွဲသူများ အနေနဲ့ microSD တကတ်နဲ့ ဆင်းမ်ကတ် ၂ ကတ်ကို တပြိုင်တည်း ထည့်သွင်း အသုံးပြုနိုင်မှာပါ။ ဘက်ထရီပိုင်း အနေနဲ့ကတော့ J4 နဲ့ J6 နှစ်ခု စလုံးမှာ 3000 mAh ပါဝင်တာ တွေ့ရပါတယ်။

လုံခြုံရေးစနစ် အနေနဲ့ Galaxy J6 မှာ Facial Unlock (မျက်နှာကို မှတ်သားပြီး Screen Lock အပိတ်၊ အဖွင့် ပြုလုပ်နိုင်တဲ့ စနစ်) ပါဝင်ပြီး လက်ဗွေရာ စနစ်လည်း ပါဝင်တာတွေ့ရပါတယ်။ ဒါ့အပြင် Samsung ရဲ့ Secure Folder လုပ်ဆောင်ချက် ပါဝင်ပြီး အဆိုပါ လုပ်ဆောင်ချက်ဟာဆိုရင် သုံးစွဲသူများရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ ဓာတ်ပုံများ၊ သိမ်းဆည်းလိုတဲ့ အချက်အလက်များ၊ စာရွက်စာတမ်းများ၊ အသံဖိုင်များကို လုံခြုံစွာ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

Galaxy J4 နဲ့ Galaxy J6 စမတ်ဖုန်းများကို အရောင်အားဖြင့် အနက်ရောင်၊ ရွှေရောင်၊ ခရမ်းရောင် အရောင် ၃ ရောင် ရရှိမှာဖြစ်ပြီး Galaxy J4 ကို ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ ဈေးနှုန်း မြန်မာငွေ ကျပ် ၂၁၉ ,၀၀၀၊ Galaxy J6 စမတ်ဖုန်းကို ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ ဈေးနှုန်း မြန်မာငွေ ကျပ် ၃၁၅,၀၀၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

The post လူငယ်တွေအတွက် ဦးစားပေး ထုတ်လုပ်ထားတဲ့ Galaxy J4 နဲ့ J6 စမတ်ဖုန်းများ appeared first on ဧရာဝတီ.

ထရမ့်နှင့် ကင် ထိပ်သီးဆွေးနွေးပွဲကြောင့် စင်ကာပူ စီးပွားဖြစ်

$
0
0

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ သမိုင်းဝင် တွေ့ဆုံမှုမှနေ၍ ထိပ်သီးတွေ့ဆုံပွဲ သရုပ်ဖော် ဘာဂါများ၊ အွန်လိုင်းမှ ရောင်းချရန် ကြိုးစားနေကြသော “ကမ္ဘာ့ငြိမ်းချမ်းရေး” အမှတ်တရ ဒင်္ဂါးများ၊ “ခြေင်္သ့ မြို့တော်မှ ထွက်ပေါ်လာသော ငြိမ်းချမ်းရေး” ဟု စာတမ်းထိုးထားသော တီရှပ်များကြောင့် စင်ကာပူနိုင်ငံသားများ စီးပွားဖြစ်နေကြသည်။

ဇွန်လ ၁၂ ရက်နေ့တွင် ပြုလုပ်သော ထိပ်သီးတွေ့ဆုံပွဲက စင်ကာပူနိုင်ငံသားတို့၏ စွန့်ဦးတည်ထွင်စိတ်ကို လှုံ့ဆော်ပေးခဲ့သည်။ ထိုပွဲ၏ ဂယက်များ ငြိမ်သက်သွားပြီးသည့် နောက်ပိုင်း ကာလကြာသည့်တိုင် ခရီးသွားလုပ်ငန်းမှ အမြတ်အစွန်းများ ခံစားရဦးမည်ဟု မျှော်လင့်ချက်ကို မြင့်တက်စေခဲ့သည်။

ခင်ဗျားရန်သူချစ်ပါ စာတမ်းပါ တီရှပ် ဝတ်ဆင်ထားသူတဦး

ဒေါ်နယ်ထရမ့် တည်းခိုသည်ဟု မီဒီယာများက ဖော်ပြထားသော Shangri-La ဟိုတယ်တွင် သီတင်းပတ် ကုန်ရက်များအတွက် ကြိုတင်စာရင်းပေး မှာကြားထားသူ တဦးက သူငှားထားသည့် အခန်းများကို ဈေး ၃ဆ တင်၍ ရောင်းချရန် ကြိုးစားခဲ့သည်။

ကြိုတင် စာရင်းပေးထားသည့် အခန်း ၂ ခန်းအတွက် တခန်းကို စင်ကာပူဒေါ်လာ ၁၆၀၀ ဖြင့် ဈေးခေါ်ထားသော Joel Lin က “ဒါက ကိုယ်ရေးကိုယ်တာ အရ အနားယူဖို့ ငှားထားတာပါ။ ဒါပေမယ့် ထိပ်သီး တွေ့ဆုံပွဲကြောင့် လူတွေက မြင့်မားတဲ့ ဈေးနှုန်းကို တကယ်ပေးကြလိမ့်မယ်လို့ ကျနော်တွက်ခဲ့ပါတယ်” ဟု ပြောသည်။

Singapore Mint က ယခုအပတ်အတွင်းတွင် ထိပ်သီးတွေ့ဆုံပွဲ အထိမ်းအမှတ် ဒင်္ဂါးတခုကို ထုတ်ဝေခဲ့သည်။ နောက်ပိုင်း တွင် ဝယ်လိုအားကောင်းလွန်းခြင်းကြောင့် ရွှေနှင့် ငွေ ဒင်္ဂါးများကို အရေအတွက် ပိုတိုး၍ ထုတ်လုပ်ခဲ့ရသည်။

ရွှေဒင်္ဂါးပြား၏ တန်ဖိုးက စင်ကာပူ ဒေါ်လာ ၁၀၀၀ ကျော်ပြီး ငွေဒင်္ဂါး တန်ဖိုးက စင်ကာပူဒေါ်လာ ၁၀၀ ကျော်သည်။ အကယ်၍ အားလုံးကို ရောင်းချခဲ့ရလျှင် စင်ကာပူဒေါ်လာ ၅ သန်းကျော် ရရှိနိုင်မည် ဖြစ်သည်။

အွန်လိုင်းဈေးရောင်းသူများမှ သူတို့ ရရှိထားသော ဒင်္ဂါးများကို ရောင်းချရန် ပြင်ဆင်နေကြသည်။

KFC ရဲ့ ငြိမ်းချမ်းရေးကြက်ကျော် ကြော်ငြာ

ကင်ဂျုံအွန်၏ ပုံစံဖမ်းထားသူ သြစတြေးလျနိုင်ငံသား Howard X ဆိုသူမှာလည်း စီးပွားဖြစ်နေသည်။ သို့သော်လည်း ဇွန်လ ၈ ရက် နေ့က စင်ကာပူနိုင်ငံသို့ ၂ ပတ်အတွင်း ဒုတိယအကြိမ် ပြန်ရောက်လာသည့်အချိန်တွင် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန် ထိန်းသိမ်းခြင်းခံခဲ့ရသောကြောင့် အံသြပြီး စိတ်မသက်မသာ ဖြစ်ခဲ့ရသည်ဟု ပြောသည်။

နောက်ပိုင်းတွင် သူ့ကို သွားခွင့် ပေးခဲ့သော်လည်း ထိပ်သီး တွေ့ဆုံပွဲ ရှိသည့် နေရာများကို ဝေးဝေးက ရှောင်ရန် မှာကြား လိုက်သည်ဟု သူက ပြောသည်။

စင်ကာပူနိုင်ငံမှ ဘာဂါ လုပ်ငန်းတခု ဖြစ်သည့် Wolf Burgers က ထရမ့်နှင့် ကင်တို့ ၂ ဦးကို #settlethebeef ဟု ငြိမ်းချမ်းရေး အတွက် တောင်းဆိုလိုက်ပြီး အမေရိကန် ချိစ် နှင့် ကိုရီးယား အမဲသားပြားတို့ဖြင့် ပြုလုပ်ထားသော ၎င်းတို့၏ “ကမ္ဘာ့ငြိမ်းချမ်းရေး ဘာဂါ” ကို လာရောက်သုံးဆောင်ရန် ဖိတ်ခေါ်လိုက်သည်။

မက္ကဆီကန် စားသောက်ဆိုင်တခု ဖြစ်သည့် Lucha Loco က “Rocket Man” နှင့် “El Trumpo” အမည်ရှိ tacos (မက္ကဆီကန် ရိုးရာအစားအစာတမျိူး) ရောင်းချနေသည်။ ဧည့်သည်များ အနေဖြင့် Trump-Kim အရုပ်ကို ရိုက်နှက်ခွင့်ရ မည်ဖြစ်သည်။

ဘီယာ၊ တာကီလာ၊ သကြားမပါသော ကိုကာကိုလာ နှင့် soju တို့ ရော စပ်ထားသည့် ထိပ်သီးတွေ့ဆုံပွဲ အထူးယမကာ Bromance / Reuters
Reuters

ပြီးခဲ့သည့်နှစ် တဦးနှင့် တဦး နယူကလီးယားစစ်ပွဲဖြင့် အပြန်အလှန် ခြိမ်းခြောက်နေကြပြီး ထရမ့်က ကင်ကို ဒုံးပျံလူသားလေး (little rocket man) ဟု ခေါ်ဝေါ်ခဲ့သည့် အချိန်တွင် ထိပ်သီးတွေ့ဆုံမှုတခု၏ အလားအလာက အကောင်း အမြင်တတ်ဆုံး ဈေးကွက်မြှင့်တင်ရေးသမားတဦး အတွက်ပင် အလှမ်းဝေးသော အိပ်မက်တခု ဖြစ်သည်။

သို့သော် အိပ်မက်က တကယ်ဖြစ်လာခဲ့သည်။ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အတူ ဂျာနယ်လစ် ၃၀၀၀ ကျော် စင်ကာပူသို့ ရောက်လာသည်။

သောက်တတ်စားတတ်သူ တယောက်ဆိုလျှင် ကိုရီးယား၏ အမှတ်တံဆိပ် soju ကို သရုပ်ဖော်ထားသည့် cocktails ရနိုင် သော ဘားတခုကို တွေ့နိုင်ပါသည်။ ဘားတခုက ဘီယာ၊ တာကီလာ၊ သကြားမပါသော ကိုကာကိုလာ နှင့် soju တို့ ရော စပ်ထားသည့် သူတို့၏ ထိပ်သီးတွေ့ဆုံပွဲ အထူးယမကာကို Bromance (အမျိုးသား ၂ ဦးကြားမှ အလွန်နီးကပ်သော မိတ် ဆွေဖြစ် ဆက်ဆံရေး) ဟု အမည်ပေးထားသည်။

ပြီးခဲ့သည့် နှစ်က နိုင်ငံခြားသားဧည့်သည် ၁၇.၄ သန်းကို စံချိန်တင် လက်ခံခဲ့ရသည့် စင်ကာပူနိုင်ငံက ထိပ်သီး အစည်း အဝေးကြောင့် လက်လီအရောင်းဈေးကွက်တွင် အနည်းငယ် ပို၍ ဝင်ငွေ ရရှိဖွယ်ရှိနေသည်။

စင်ကာပူသို့ရောက်လာသော ကမ္ဘာလှည့်ခရီးသည်တိုင်းက ပျမ်းမျှ အားဖြင့် ၃ ရက်ခွဲခန့် နေထိုင်ကြလေ့ရှိပြီး စင်ကာပူ ဒေါ်လာ ၁၅၀၀ စီ သုံးစွဲတတ်ကြသည်ဟု စင်ကာပူအခြေစိုက် ရှယ်ယာ ပွဲစား ကုမ္ပဏီတခု ဖြစ်သည့် CGS-CIMB က ပြောသည်။

လူ ၄၀၀၀ ခန့်ရောက်လာပြီး ၇ ရက်နေထိုင်မည်ဟု ယူဆရသည့် ယခု အစည်းအဝေးတွင် သူတို့က စင်ကာပူဒေါ်လာ ၁၂ သန်းခန့် သုံးစွဲဖွယ်ရာ ရှိသည်ဟု CGS-CIMB မှ လေ့လာဆန်းစစ်သူ တဦးက ခန့်မှန်းခဲ့သည်။

စင်ကာပူ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Singapore Tourism Board ) က ယခုနှစ်အတွင်းတွင် ခရီးသွားလုပ်ငန်းမှ စင်ကာ ပူ ဒေါ်လာ ၂၇.၁ ဘီယံ မှ ၂၇.၆ ဘီလီယံ အတွင်း ရရှိမည်ဟု ခန့်မှန်းထားရာ ယခု ထိပ်သီး တွေ့ဆုံပွဲကြောင့် ရနိုင်မည့် ငွေက မပြောပလောက်စရာ ဖြစ်သည်။

သို့သော်လည်း အဆင်ပြေချောမွေ့သော ထိပ်သီးတွေ့ဆုံပွဲတခုက ပိုမို၍ တန်ဖိုးကြီးမားသော အခန်းအနားများ ရှိလာနိုင် သည့် အခွင့်အရေးကို တိုးမြှင့် ပေးလိမ့်မည် ဖြစ်သည်။

“နာမည်ကြီးတွေရဲ့ ခရီးစဉ်တွေ ရှိလာတာက စင်ကာပူကို နိုင်ငံတကာ ပရိသတ်တွေ ပိုသိလာစေပါတယ်။ စင်ကာပူဟာ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အစည်းအဝေးပွဲတွေအတွက် အကောင်းဆုံး နေရာတခု ဆိုတာကို ပြသနေပါ တယ်” ဟု ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ မှ ဆက်သွယ်ရေးနှင့် ဈေးကွက်မြှင့်တင်ရေး စွမ်းဆောင်ရည် ဆိုင်ရာ အမှုဆောင် ဒါရိုက်တာ Oliver Chong က ပြောသည်။

စင်ကာပူ သတင်းစာ The Straits Times ၏ အဆို ထရမ့်နှင့် ကင်တို့၏ ထိပ်သီးအစည်းအဝေးပွဲအတွက် အစိုးရ၏ ကုန်ကျစရိတ်မှာ စင်ကာပူ ဒေါ်လာ သန်း ၂၀ ဖြစ်ကြောင်း သိရသည်။ ငွေကြေးဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် စင်ကာပူ ဒေါ်လာ ၁.၃၃၃ ဈေးပေါက်သည်။

ကိုးကား ။ ။ Reuters နှင့် The Straits Times

The post ထရမ့်နှင့် ကင် ထိပ်သီးဆွေးနွေးပွဲကြောင့် စင်ကာပူ စီးပွားဖြစ် appeared first on ဧရာဝတီ.

Viewing all 5004 articles
Browse latest View live