Quantcast
Channel: စီးပွားရေး - ဧရာဝတီ
Viewing all 5004 articles
Browse latest View live

စက်ရုပ်ခွေးများအတွက် ဈာပန ကျင်းပပေးတဲ့ ဂျပန်နိုင်ငံက ထူးခြားတဲ့ ဘုန်းကြီးကျောင်း

$
0
0

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ဆင်ခြေဖုံး ရပ်ကွက်တခုမှာ တည်ရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတကျောင်းဟာ ထူးဆန်းတဲ့ ဈာပနပွဲတွေကြောင့် နာမည်ကြီးတဲ့ ဘုန်းတော်ကြီး ကျောင်းတကျောင်း ဖြစ်ပါတယ်။

အဆိုပါ ဘုန်းကြီးကျောင်းက ဈာပန အခမ်းအနားတွေဟာ သင်းပျံ့တဲ့ အမွှေးတိုင်တွေ၊ ဂါထာ မန္တာန်ရွတ်ဆိုနေတဲ့ ဘုန်းတော်ကြီးတွေနဲ့ ဂျပန်နိုင်ငံမှာ မြင်တွေ့နေကြ ဈာပန အခမ်းအနားတွေ အတိုင်းပါပဲ။ ဘဝတပါး ကူးပြောင်းသွားတဲ့ ဝိညာဉ်တွေ ကျွတ်လွတ်စေဖို့အတွက် ဆုတောင်း မေတ္တာ ပို့သပေးနေမှုတွေကိုလည်း ကြားရမှာပါ။

ဒါပေမယ့် ထူးခြားတာက ဒီဈာပနာ အခမ်းအနားတွေဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆွေမျိုးသားချင်းတွေအတွက် မဟုတ်ဘဲ အိမ်မွေး တိရိစ္ဆာန်လေးတွေအတွက် ဖြစ်ပါတယ်။ ဒီထက် ပိုထူးဆန်းတာက သာမန်အိမ်မွေး တိရိစ္ဆာန်တွေအတွက် မဟုတ်ဘဲ Sony ကုမ္ပဏီထုတ် စက်ရုပ်ခွေးတွေအတွက် ရည်ရွယ်ပြုလုပ်ပေးတဲ့ ဈာပနအခမ်းအနားတွေ ဖြစ်လို့ပါ။

သေဆုံး (ပျက်စီး) သွားပြီဖြစ်တဲ့ စက်ရုပ်ခွေးတွေအတွက် ပူပင်သောက ရောက်နေရသူ ပိုင်ရှင် အမြောက်အများဟာ ဒီဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်တဲ့ ဈာပနအခမ်းအနားကို လာရောက်ကြပါတယ်။ ဈာပနကို တက်ရောက်လာကြ သူတွေက သူတို့ရဲ့ စက်ရုပ်ခွေးတွေမှာလည်း အသက် ဝိညာဉ်ရှိတယ်လို့ ယုံကြည်နေကြပြီး၊ ခွေးတွေရဲ့ ဝိညာဉ် ငြိမ်းချမ်းရာ ဘုံဘဝ ရောက်ရှိစေဖို့အတွက် ဆုတောင်းမေတ္တာ ပို့သပေးကြပါတယ်။

ဂျပန်နိုင်ငံက ဘုန်းကြီးကျောင်းဟာ ထူးထူးခြားခြား စက်ရုပ်ခွေးများအတွက် ဈာပနကို လက်ခံ ကျင်းပပေးတာ ဖြစ်ပါတယ်

သေဆုံးသွားတဲ့ စက်ရုပ်ခွေးတွေဟာ Sony ကုမ္ပဏီထုတ် AIBO (Artificial Intelligence Robot) စက်ရုပ် ခွေးတွေ ဖြစ်ပြီး၊ Sony ကုမ္ပဏီဟာ အဆိုပါ စက်ရုပ်ခွေးတွေကို ၁၉၉၉ ခုနှစ်မှာ စတင်ရောင်းချခဲ့တာပါ။ Sony ဟာ ၁၉၉၉ ခုနှစ်မှာတင် ဂျပန်ဈေးကွက်အတွင်း AIBO စက်ရုပ်ခွေးပေါင်း ၃၀၀၀ လောက် ရောင်းချခဲ့ရပါတယ်။

၂၀၀၆ ခုနှစ်အရောက်မှာတော့ စက်ရုပ်ခွေးပေါင်း ၁၅၀,၀၀၀ လောက် ရောင်းချနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာပဲ Sony ဟာ AIBO စက်ရုပ်ခွေး ထုတ်လုပ်မှုကို ရပ်ဆိုင်းပစ်ခဲ့ပြီး၊ ရောင်းပြီးသားမော်ဒယ်တွေအတွက် Software Support ပေးမှုကိုလည်း လုံးဝရပ်ဆိုင်းပစ်ခဲ့ပါတယ်။

Sony က Support မပေးတော့ပေမယ့် စက်ရုပ်ခွေးတွေကို ခင်တွယ်နေပြီဖြစ်တဲ့ ခွေးပိုင်ရှင်တွေဟာ AIBO စက်ရုပ် ခွေးတွေကို မိမိဘာသာ ထိန်းသိမ်းပြုပြင်နိုင်မယ့် နည်းလမ်းတွေ အချင်းချင်း ဆက်လက်မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ ဒီစက်ရုပ်ခွေးတွေဟာလည်း မမြဲခြင်းတရားအတိုင်း ပျက်စီး “သေဆုံး” တဲ့အဆင့်ကို ရောက်ခဲ့ ရပါတယ်။

ပျက်စီးသွားတဲ့ ခွေးစက်ရုပ်လေးတွေရဲ့ ပိုင်ရှင်တွေဟာ တခြား AIBO စက်ရုပ်ခွေးတွေအတွက် လိုအပ်မယ့် အစိတ်အပိုင်းတွေကို လှူဒါန်းဖို့အတွက် သူတို့ရဲ့ ခွေးလေးတွေကို ခေတ်ဟောင်း စက်ပစ္စည်းတွေကို လက်ခံပြုပြင်ပေးတဲ့ A FUN ကုမ္ပဏီကို ပေးပို့ကြပါတယ်။

A FUN ကုမ္ပဏီဟာ ပြင်မရအောင် ပျက်စီးသွားပြီဖြစ်တဲ့ စက်ရုပ်ခွေးတွေရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ယူခြင်း မပြုလုပ်ခင်မှာ တိုကျိုမှာရှိတဲ့ အခုဂျပန်ဘုန်းတော်ကြီးကျောင်းဆီကို အမှတ်တရဈာပနကျင်းပပေးဖို့အတွက် ပြန်လည် ပေးပို့လေ့ရှိတာ ဖြစ်ပါတယ်။

ဒီဈာပနအခမ်းအနားကို AIBO စက်ရုပ်ခွေးပိုင်ရှင်တွေ တက်ရောက်ကြပြီး ဆုတောင်းမေတ္တာပို့သမှုတွေ ပြုလုပ် ပေးကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း စက်ရုပ်ခွေးပေါင်း ၈၀၀ ကျော်လောက် ဘုန်းတော်ကြီးကျောင်းဆီ ရောက်လာခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၄၅၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ အဆိုပါ Kofukuji ဘုန်းတော်ကြီးကျောင်းက Bugen Oi ဘွဲ့တော်ရ ဘုန်းတော်ကြီးတပါးကတော့ စက်ပစ္စည်းတွေအတွက် ဈာပနပြုလုပ်တဲ့အစီအစဉ်ဟာ လက်သင့်မခံနိုင်စရာ လုပ်ရပ်တခုလို့ မထင်ဘူးလို့ ဆိုပါတယ်။

“အရာရာတိုင်းမှာ အသက်ဝိညာဉ်ကိန်းအောင်းနေပါတယ်” လို့ Bugen Oi က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ A FUN ကုမ္ပဏီရဲ့ အကြီးအကဲဖြစ်သူ Nobuyuki Norimatsu ကလည်း စက်ရုပ်ခွေးတွေမှာ အသက်ဝိညာဉ်ရှိတယ်လို့ သူခံစားရတယ်ကြောင်း ပြောကြားခဲ့ပါတယ်။ “သူတို့အတွက် ဈာပနမလုပ်ပေးရသေးဘဲနဲ့ အစိတ်အပိုင်းတွေကို ကျနော်တို့ ဘယ်တော့မှ ဖြုတ်မယူပါဘူး” လို့ Norimatsu က ဆိုပါတယ်။

AIBO ဟာ ကမ္ဘာ့ပထမဆုံး အိမ်တွင်းသုံး ဖျော်ဖြေရေး စက်ရုပ် တရုပ်ဖြစ်ခဲ့ပြီး၊ ကိုယ်ပိုင် အမူအကျင့်တွေ တည်ဆောက် နိုင်တဲ့ စက်ရုပ်လေးတွေဖြစ်ပါတယ်။

Ref: DailyMail

The post စက်ရုပ်ခွေးများအတွက် ဈာပန ကျင်းပပေးတဲ့ ဂျပန်နိုင်ငံက ထူးခြားတဲ့ ဘုန်းကြီးကျောင်း appeared first on ဧရာဝတီ.


Contactless Payment စနစ်နဲ့ ငွေတောင်းခံနေပြီဖြစ်တဲ့ လန်ဒန်က လမ်းဘေး အနုပညာရှင်များ

$
0
0

အခုနောက်ပိုင်း ခေတ်သစ် ငွေပေးချေမှု စနစ်တွေထဲမှာ Contactless Payment လို့ ခေါ်တဲ့ ထိတွေ့မှု မရှိဘဲ ငွေပေး ချေနိုင်တဲ့ စနစ်က တော်တော်လေး ခေတ်စားလာပြီ ဖြစ်ပါတယ်။ Contactless Payment ဆိုတာ NFC Chip ကနေ Contactless Payment စနစ် လက်ခံတဲ့ Card Reader နားကပ်ပြီး၊ ငွေပေးချေတဲ့ စနစ်တခု ဖြစ်ပါတယ်။

Apple Pay တို့ Android Pay တို့နဲ့လည်း စမတ်ဖုန်း NFC Chip ကနေ ငွေပေးချေလို့ရသလို၊ တချို့ဘဏ်ကတ်တွေမှာ Contactless Payment လုပ်လို့ရတဲ့ Chips တွေ ပါဝင်ပါတယ်။ စက်ထဲကို ကတ်ထည့်စရာ မလို၊ ကုဒ်တွေ ရိုက်ထည့်စရာ မလိုဘဲ အလွယ်တကူ မြန်မြန်ဆန်ဆန် ငွေပေးချေလို့ရတဲ့ စနစ်တခု ဖြစ်ပါတယ်။

Contactless Payment ရဲ့ ကောင်းကျိုးတွေကို အခုအခါ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က လမ်းဘေး အနုပညာရှင်တွေလည်း ခံစား နိုင်တော့မှာ ဖြစ်ပါတယ်။ လန်ဒန်မြို့တော်ဝန် Sadiq Khan ဟာ လန်ဒန် လမ်းဘေး အနုပညာရှင်များအဖွဲ့အစည်း (Busk of London) ၊ ဆွီဒင် ငွေပေးချေမှုစနစ် ကုမ္ပဏီ တခုဖြစ်တဲ့ iZettle တို့နဲ့ ပူးပေါင်းကာ လန်ဒန်အတွင်းက လမ်းဘေး အနုပညာရှင်တွေကို Contactless Payment နဲ့ ငွေကြေးပေးအပ်နိုင်တဲ့ စီမံကိန်း တခုကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။

အခုဆိုရင် လန်ဒန်လမ်းတွေပေါ်မှာ တချို့ လမ်းဘေးအနုပညာရှင်တွေဟာ iZettle ကုမ္ပဏီရဲ့ Contactless Readers တွေ အသုံးပြုကာ ငွေကြေး စတင် စမ်းသပ်လက်ခံနေပြီ ဖြစ်ပြီး၊ မကြာမီအချိန်အတွင်း လန်ဒန်မြို့က ခရိုင် ၃၂ ခုစလုံးမှာ ကျင့်သုံးသွားတော့မှာ ဖြစ်ပါတယ်။

iZettle ၏ Contactless Reader အသုံးပြုပြီး ငွေပေးချေနေပုံ

လမ်းဘေးဖျော်ဖြေမှုအလုပ်နဲ့ပဲ အချိန်ပြည့်အသက်မွေးဝမ်းကျောင်းလုပ်နေသူ Charlotte Campbell က ဒီစနစ်ဟာ သူတို့အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိပြီး၊ သူ သီချင်းဆိုနေတုန်း Contactless နဲ့ ငွေပေးသူတွေ များလာပြီး တယောက်က Contactless နဲ့ ပေးလိုက်တာမြင်ရင် နောက်လူတွေပါ လိုက်ပေးလာကြတယ်လို့ BBC News ကို ပြောကြားခဲ့ပါတယ်။

လမ်းသွားလမ်းလာတွေရဲ့ Contactless Payment ကို လက်ခံဖို့အတွက် လမ်းဘေးအနုပညာရှင် တယောက်ဆီမှာ ကိုယ်ပိုင် Reader စက်ရှိဖို့ လိုပြီး၊ အဆိုပါစက်ကို စမတ်ဖုန်း (သို့မဟုတ်) တက်ဘလက်နဲ့ ချိတ်ဆက်ထားဖို့ လိုအပ် ပါတယ်။ စမတ်ဖုန်း၊ Contactless Cards တွေနဲ့ ငွေပေးနိုင်သလို၊ စမတ်နာရီနဲ့ပါ ငွေပေးနိုင်တယ်လို့ သိရပါတယ်။

လောလောဆယ်တော့ လန်ဒန်က လမ်းဘေးအနုပညာရှင် ဘယ်လောက်ဆီကို ဒီ Readers စက်တွေ ချပေးထားလဲဆိုတာ အတိအကျ မသိရသေးဘဲ ဒီစက်အတွက် ငွေပြန်ပေးရလား ဆိုတာကိုလည်း မသိရသေးပါဘူး။ တရုတ်နိုင်ငံမှာလည်း လမ်းဘေး အနုပညာရှင်တွေနဲ့ သူဖုန်းစားတွေဟာ QR Codes တွေကနေတဆင့် မိုဘိုင်းငွေ ပေးချေမှုတွေကို လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက စတင်လက်ခံနေပြီ ဖြစ်ပါတယ်။

Ref: The Verge

The post Contactless Payment စနစ်နဲ့ ငွေတောင်းခံနေပြီဖြစ်တဲ့ လန်ဒန်က လမ်းဘေး အနုပညာရှင်များ appeared first on ဧရာဝတီ.

Windows Store အတွက် “Miami Street” အခမဲ့ဂိမ်း ထုတ်ပေးလိုက်တဲ့ Microsoft

$
0
0

Windows 10 အသုံးပြုသူတွေအတွက်တော့ ဝမ်းသာစရာ သတင်းကောင်းတခုပါ။ Microsoft Studios ဟာ တယောက်တည်း ကစားရတဲ့ Free-to-Play Racing Game တခုကို Windows 10 အတွက် မေလ ၂၈ ရက်နေ့က ထုတ်ပေးလိုက်ပါတယ်။

“Miami Street” လို့ အမည်ပေးထားတဲ့ ယခု Racing Game ကို Electric Square ကုမ္ပဏီက ရေးဆွဲပေးထားတာ ဖြစ်ပြီး၊ သာမန် Racing Game တွေနဲ့ မတူတာက Cinametic View နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ကားအရှိန်မြှင့်တာ၊ ဂတ်စ် သုံးတာနဲ့ ဘရိတ်ဖမ်းတာတွေကိုပဲ Mouse, Space Bar ,Touchscreen ရရင် Touch တို့နဲ့ အသုံးပြုနိုင်ပြီး စတီယာရင် ကတော့ ဂိမ်းက အလိုအလျောက် ထိန်းသွားမှာဖြစ်ပါတယ်။

Miami Street ကို Windows 10 PC စက်တိုင်းမှာ အခမဲ့ ကစားနိုင်တာကြောင့် ကစားသူ အရေအတွက်ကတော့ များပြားဦးမှာပါ။ ကားပြန်ပြင်ဆင်တဲ့စနစ်နဲ့ ကစားဖို့အတွက် Energy လိုအပ်မှာဖြစ်ပြီး၊ Energy က ၄ မိနစ်ကို တတုံး ပြန်တက်မှာ ဖြစ်ပါတယ်။ သာမန် မိုဘိုင်းဂိမ်းတွေမှာ တွေ့မြင်နေကျ ပုံစံမျိုးပါပဲ။

Miami Street ဂိမ်းကို Microsoft Store မှာ Soft Launch အနေနဲ့ စတင် တင်ထားပြီဖြစ်ပေမယ့်၊ နိုင်ငံဒေသအလိုက် ရ, မရ ကွာခြားနိုင်ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံကနေ Microsoft Store မှာ ရှာမရဘူးဆိုရင် VPN Service တခုခု သုံးပြီး ရှာကြည့်နိုင်ပါတယ်။

Ref: Gadgets 360

The post Windows Store အတွက် “Miami Street” အခမဲ့ဂိမ်း ထုတ်ပေးလိုက်တဲ့ Microsoft appeared first on ဧရာဝတီ.

မန္တလေးတိုင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက် ကျပ်သိန်းပေါင်း ၁ သိန်းကျော် ဖြတ်တောက်

$
0
0

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် မန္တလေးတိုင်း ဘတ်ဂျက် ခန့်မှန်းခြေ ငွေစာရင်း အတည်ပြုရန် အတွက် ဆွေးနွေးကြရာ၌ လွှတ်တော်နှင့် တိုင်းအစိုးရ အဖွဲ့ကြား အချေအတင် ဖြစ်ခဲ့ကြပြီးနောက် မူလတင်ထားသည့် ဘတ်ဂျက်မှ ကျပ် သိန်းပေါင်း ၁ သိန်းကျော် ဖြတ်တောက် အတည်ပြုလိုက်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း လျာထားချက်အား အတည်ပြုရန် ဒုတိယ အကြိမ် မန္တလေးတိုင်း လွှတ်တော် အစည်းအဝေးတွင် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့မှ ၂၉ ရက် အထိ တပတ် ကြာ ဆွေးနွေး ခဲ့ပြီး အတည်ပြုခြင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်း ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း မူလ လျာထားချက်မှာ ကျပ် သန်းပေါင်း ၃ သိန်းကျော်ဖြစ်ပြီး ယင်းလျာထားချက်မှ ကျပ် သိန်းပေါင်း ၁ သိန်းကျော်ကို ဖြတ်တောက်ခြင်း ဖြစ်သည် ဟုလည်း သိရသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က “ဘတ်ဂျက် Cabinet အစည်းအဝေးမှာဆိုရင် ကျနော်နဲ့ ဝန်ကြီး တွေ စကားများရပြီး စီမံ/ဘဏ္ဍာ ဝန်ကြီးနဲ့ တခြား ဝန်ကြီးတွေလည်း စကား အချေအတင် ပြောရပါတယ်။ ဘတ်ဂျက် ရငွေပေါ် မူတည်ပြီး ရေးဆွဲရတာဖြစ်လို့ ဒါတွေကို အလေအလွင့်မရှိအောင် သုံးဖို့ဆိုတာ ကျနော်တို့ အတွက် အင်မ တန် စိန်ခေါ်မှုကြီးပါတယ်”ဟု လွှတ်တော်တွင် ပြောကြားသည်။

ဖြတ်တောက်လိုက်သည့် ဘတ်ဂျက်မှာ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စွန်ရဲအင်း သဲနုန်းတူးဖော်ခြင်း လုပ်ငန်း တွင် အသုံးပြုမည့် ကျပ် သိန်း ၃ သောင်းကျော် နှင့် စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေး၊ အားကစားခန်းမ တည်ဆောက် ရေး တို့အတွက် လျာထားသော ကျပ် သိန်း ၇ သောင်း ဝန်းကျင် စုစုပေါင်း ကျပ် သိန်းပေါင်း ၁ သိန်းကျော် တို့ကို လွှတ်တော် အဆုံးအဖြတ်အရ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

သို့သော် ဖြတ်တောက် ဘတ်ဂျက်များကို ယင်းသို့ တင်ပြထားသည့် ကဏ္ဍများတွင် အသုံးမပြုတော့ဘဲ အခြား လုပ်ငန်း ခေါင်းစဉ်များနှင့် သုံးစွဲရန် ပြည်လည် ခွင့်ပြုလိုက်ကြောင်းလည်း သိရသည်။

မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တိုင်းလွှတ်တော်သို့ တင်သွင်းထားသော ယင်းငွေစာရင်းနှင့် ပတ်သက်၍ ဒေသန္တရ စီမံကိန်း၊ အရအသုံး ငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီက လေ့လာ သုံးသပ် ထား သော အစီရင်ခံစာအား ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်က အချက် ၅ ချက်ဖြင့် လွှတ်တော်သို့ တင်သွင်း ဖတ်ကြား ခဲ့သည်။

ယင်း အစီရင်ခံစာ၌ စီမံကိန်းလုပ်ငန်းများ ရေးဆွဲခြင်းများတွင် ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်း မှု အားနည်းခြင်း၊ ဘတ်ဂျက်တွင် ပါရှိသော ငွေစာရင်း ခေါင်းစဉ်တချို့အောက်ရှိ တချို့ စာရင်းများတွင် ဝယ်ယူ လို သည့် ပစ္စည်း အမျိုးအစားကို ကာလ ပေါက်ဈေးနှင့် မကွာသော ဈေးနှုန်းဖြင့် အတိအကျ တင်သွင်း တောင်းခံသင့် ခြင်း၊ ငွေကြေး တောင်းခံရာတွင် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းနှင့်အညီ သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် ခေါင်းစဉ်ဖြင့် သေချာခွဲခြား တောင်းခံသင့်သည်ဟု ပါရှိသည်။

ဦးအောင်ကြည်က “ဥပမာ အဲကွန်းဝယ်တဲ့ ကိစ္စတွေမှာ ဌာနတခုနဲ့ တခုက တောင်းခံထားတဲ့ ဈေးနှုန်းတွေ မတူညီဘဲ ၅ သိန်း၊ ၆ သိန်း၊ ၉ သိန်း စသဖြင့် တောင်းခံထားတာ တွေ့ရတယ်။ ကာလပေါက်ဈေး မကွာတဲ့ ဈေးနှုန်းနဲ့ပဲ ချိန်ပြီး တောင်းခံသင့်ပါတယ်”ဟု ပြောသည်။

ထို့ပြင် လိုအပ်ချက်အရ ဌာနဆိုင်ရာများနှင့် ဒေသလွှတ်တော် ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပါက တိကျ ပြတ်သားသော ဖြေကြားမှုမျိုး ဖြေကြားပေးစေလိုခြင်းနှင့် စည်ပင်အခွန် ကောက်ခံရရှိမှု အားနည်းသော တချို့ မြို့နယ် ငယ် များအတွက် ဘတ်ဂျက် ခွဲဝေမှုကို ထည့်သွင်း စဉ်းစားပေးစေလိုခြင်း ဆိုသည့်အချက် ၅ ချက်ကိုလည်း ပြောကြား ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက “တနှစ်လုံးစာ အတွက် ခန့်မှန်း ရေးဆွဲထားတဲ့ ဘတ်ဂျက် ဖြစ်တယ်။ လွှတ်တော်က ဒါကို ကန့်ကွက်ရန် မရှိလို့ အတည်ပြုမှ ပြည်ထောင်စုကို ဆက်တင်မှာ။ ပြည်ထောင်စုက လိုတိုး ပိုလျှော့ စိစစ်ပြီး ခွင့်ပြုလာတော့မှ ငွေကြေးသုံးစွဲခွင့်က အတည်ဖြစ်မှာ။ ဒါကြောင့် တချို့အပိုင်းမှာ ကိုယ်စား လှယ်တွေရဲ့ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းကို သဘောပေါက်မှု အားနည်းတဲ့အခါ ပွတ်တိုက်မှုလေးတွေ ဖြစ်တဲ့ သဘောပါ”ဟု ဧရာဝတီကို ပြောသည်။

မန္တလေးတိုင်း လွှတ်တော်တွင် ယခုဘဏ္ဍာရေးနှစ် အတွက် ဘတ်ဂျက် ဆွေးနွေးသည့်အခါ လွှတ်တော်နှင့် အစိုးရ အဖွဲ့ ကြား အချေအတင် ဆွေးနွေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့သော ဘဏ္ဍာနှစ်များက ထိုသို့ ဆွေးနွေးမှုမျိုး မရှိ ခဲ့ ပေ။

ထိုသို့ လွှတ်တော်နှင့် အစိုးရကြား အပြိုင်အဆိုင် ဆွေးနွေးလာသည့် အပေါ် “လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြောရဲဆိုရဲ သတ္တိရှိလာတယ်။ ပြီးတော့ ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ဘတ်ဂျက်ကို စိစစ်ဖြတ်တောက်ဖို့က ကိုယ် စားလှယ်တွေရဲ့ အခွင့်အရေးဆိုပြီး ခွင့်ပေးတဲ့ သဘောရှိတယ်။ အဲဒါကြောင့် အခုလိုဆွေးနွေးမှု အားကောင်းလာတယ် လို့မြင်တယ်”ဟု မန္တလေးတိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က ဧရာဝတီကို ပြောသည်။

ယင်းသို့ ဘတ်ဂျက် တောင်းခံရာ၌ မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့က အသုံးစရိတ် အများဆုံး တင်ပြ တောင်း ခံထားသည့် ဌာနများဖြစ်ကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း လျာထားချက်နှင့် ပတ်သက်၍ မေလ ၂၅ ရက်မှ စတင်ကာ တိုင်း လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ ဝန်ကြီးများက ပြန်လည် ရှင်းလင်းခြင်း၊ လွှတ် တော်၏ အဆုံးအဖြတ် ခံယူခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

The post မန္တလေးတိုင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက် ကျပ်သိန်းပေါင်း ၁ သိန်းကျော် ဖြတ်တောက် appeared first on ဧရာဝတီ.

iPhone မော်ဒယ်အသစ်မှာ ကင်မရာ ၃ လုံးတွဲ ပါဝင်လာဖွယ်ရှိ

$
0
0

Apple ဟာ iPhone X ပြီးနောက် ထွက်ရှိမယ့် မျိုးဆက်သစ် iPhone မော်ဒယ်မှာ ကင်မရာ ၃ လုံးတွဲကို ထည့်သွင်းသွားဖို့ ရှိကြောင်း သတင်းတခု ထွက်ပေါ်လာပါတယ်။ iPhone မော်ဒယ်အသစ်မှာ ကင်မရာ ၃ လုံးတွဲအပြင်၊ 3D Depth Sensing နည်းပညာနဲ့ ပိုမိုကောင်းမွန်တဲ့ Zoom နည်းပညာတို့လည်း ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Deutsche Securities ကုမ္ပဏီက ဈေးကွက် လေ့လာရေးပညာရှင် Jialin Lu က Apple ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ ကင်မရာ ၃ လုံးတွဲနဲ့ iPhone မော်ဒယ်အသစ်တမျိုးကို ထုတ်လုပ်သွားဖို့ ရှိကြောင်း ၎င်းရဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီသတင်းသာ အမှန်ဖြစ်မယ် ဆိုရင် အဆိုပါ iPhone မော်ဒယ် အသစ်ဟာ Huawei P20 Pro ပြီးနောက် ဒုတိယမြောက် ကင်မရာ ၃ လုံးတွဲနဲ့ စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

Huawei P20 Pro စမတ်ဖုန်းမှာ 40-megapixel Lens နဲ့ 20-Megapixel Monochrome Lens ၂ လုံးတွဲအပြင်၊ 3x Optical Zoom ဆွဲနိုင်တဲ့ 8-megapixel Telephoto Lens တို့ကို အသုံးပြုထားပါတယ်။ ဒီကင်မရာ ၃ လုံးတွဲဒီဇိုင်းဟာ 3D Sensing နည်းပညာဘက်ကို အားထည့် လုပ်ဆောင်နေတဲ့ Apple အတွက် ပိုမိုအဆင့်မြင်တဲ့ 3D နည်းပညာတွေကို ယူဆောင်ပေးလာနိုင်ပါတယ်။

ကင်မရာ ၃ လုံး ပါရှိတဲ့ Huawei P20 Pro စမတ်ဖုန်း

ကင်မရာ ၃ လုံးတွဲမှာ Lens နှစ်ခုက ပုံရိပ် တခုကို မတူညီတဲ့ ထောင့်တွေကနေ တပြိုင်တည်း ရိုက်ကူးပေးနိုင်ပြီး တတိယမြောက် ကင်မရာက iPhone နဲ့ ပုံရိပ် အရာဝတ္ထုတို့ အကြားက အကွာအဝေးကို တိုင်းတာပေးနိုင်ကာ တိကျတဲ့ 3D ပုံဖော်မှု နည်းပညာတွေကို လုပ်ဆောင်နိုင်မှာပါ။ လက်ရှိ iPhone X ရဲ့ ရှေ့ဘက်ပိုင်းက TrueDepth ကင်မရာစနစ် လိုမျိုးပဲ၊ ဖုန်းနောက်ကင်မရာရဲ့ 3D ပုံဖော်မှုနည်းပညာကို Augmented Reality နည်းပညာအတွက်ပါ အသုံးပြုလာ နိုင်ပါတယ်။

ဒါ့အပြင် တတိယမြောက် ကင်မရာ Sensor ဟာ ပိုမိုကောင်းမွန်တဲ့ Zoom ဆွဲမှုတွေကို ပြုလုပ်ပေးနိုင်တဲ့ Focal Length ပိုများတဲ့ Lens တခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒီအတိုင်းသာဆို နောက်အသစ်ထွက်မယ့် iPhone မော်ဒယ် အသစ်ဟာ Huawei P20 Pro မှာလိုပဲ Optical Zoom ကို ပုံရိပ် အရည်အသွေး မကျဘဲ Zoom ၃ ဆအထိ ဆွဲလာနိုင်မှာ ဖြစ်ပါတယ်။

Apple CEO Tim Cook ကလည်း Augmented Reality နည်းပညာကို အလွန်စိတ်ဝင်စားနေကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးပြီး၊ ပြီးခဲ့တဲ့ iOS 11 မှာလည်း ARKit Platform ကို စတင် မိတ်ဆက်ပေးခဲ့တာကြောင့် AR နည်းပညာ အတွက် တကယ် အထောက်အကူဖြစ်မယ့် ကင်မရာ ၃ လုံးတွဲဒီဇိုင်းကို အမှန်တကယ် မြင်တွေ့ရနိုင်ပါတယ်။

Ref: Mac Rumors, Gadgets NDTV

The post iPhone မော်ဒယ်အသစ်မှာ ကင်မရာ ၃ လုံးတွဲ ပါဝင်လာဖွယ်ရှိ appeared first on ဧရာဝတီ.

ယခုနှစ်၊ ပထမ ၃ လ ပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်း ရောင်းချရမှုမှာ ဦးဆောင်နေတဲ့ Samsung

$
0
0

တောင်ကိုရီးယား အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Samsung ဟာ ယခု ၂၀၁၈ ခုနှစ်ရဲ့ ပထမ ၃ လ ပတ်အတွင်း ကမ္ဘာတလွှား စမတ်ဖုန်းရောင်းချရမှု စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ ပထမ ၃ လပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဝေစုမှာ Samsung က ၂၀ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး၊ ဒုတိယနေရာမှာ Apple က ၁၄ ဒဿမ ၁ ရာခိုင်နှုန်း၊ တတိယနေရမှာ Huawei က ၁၀ ဒဿမ ၅ ရာခိုင်နှုန်း ရှိနေပါတယ်။ စတုတ္ထနေရာမှာ Xiaomi က ၇ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ Oppo ကတော့ ၇ ဒဿမ ၃ ရာခိုင်နှုန်းနဲ့ ပဉ္စမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

Samsung ဟာ ၂၀၁၈ ခုနှစ်၊ ပထမ ၃ လပတ်မှာ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဝေစုကို ၂၀ ဒဿမ ၅ ရာခိုင်နှုန်း သိမ်းပိုက် ကြီးစိုးထားနိုင်ပေမယ့်၊ ၂၀၁၇ ခုနှစ်အတွင်းက ပထမ ၃ လပတ်မှာ ဈေးကွက်ဝေစု ၂၀ ဒဿမ ၈ ရာခိုင်နှုန်းအထိ သိမ်းပိုက်နိုင်ခဲ့တာကြောင့် Samsung ရဲ့ ရောင်းအားဟာ မနှစ်ကထက်စာရင် အနည်းငယ် လျော့ကျသွားတယ်လို့ ဆိုနိုင်ပါတယ်။

ယခု ဈေးကွက် အချက်အလက်တွေကို နာမည်ကြီး အမေရိကန်အခြေစိုက် ဈေးကွက်လေ့လာရေးနဲ့ အကြံပေးကုမ္ပဏီ Gartner, Inc. က ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ Gartner ရဲ့ သတင်းထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း ကမ္ဘာတလွှား စမတ်ဖုန်း ရောင်းချရမှု အရေအတွက် ပိုတိုးတက်များပြားလာပြီး၊ ၂၀၁၇ ပထမ ၃ လပတ်ထက်စာရင် ၁ ဒဿမ ၃ ရာခိုင်နှုန်း တိုးတက်မှုရှိလာတာ တွေ့ရတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်၊ ပထမ ၃ လပတ်အတွင်းမှာတင် တကမ္ဘာလုံးမှာ စမတ်ဖုန်းအလုံးရေ ၃၈၄ သန်းကျော် ရောင်းချခဲ့ရပြီး၊ မိုဘိုင်းဖုန်း ရောင်းချရမှု စုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်းလောက်က စမတ်ဖုန်းတွေ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ စမတ်ဖုန်း ရောင်းချရမှုမှာ တိုးတက်မှုအရှိဆုံး ကုမ္ပဏီကတော့ Xiaomi ဖြစ်ပြီး၊ မနှစ်ကထက် စမတ်ဖုန်းရောင်းချရမှု ၁၂၄ ရာခိုင်နှုန်း အထိ ပိုများလာကြောင်း အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“ပရီမီယမ်နဲ့ မော်ဒယ်မြင့် စမတ်ဖုန်းတွေကတော့ တနှစ်ထက် တနှစ် မော်ဒယ်သစ်တွေကြားမှာ ပြောပလောက်အောက် အဆင့်မြင့်သွားတာမျိုး မရှိတဲ့အတွက် ဝယ်လိုအား ဆက်လက် ကျဆင်းနေဆဲပါပဲ။ အမေရိကန် ဒေါ်လာ ၁၀၀ အောက် တန်ဖိုးနည်း စမတ်ဖုန်းတွေနဲ့ ဒေါ်လာ ၁၅၀ အောက် မော်ဒယ်နိမ့်စမတ်ဖုန်းတွေကတော့ အရည်အသွေး ပိုကောင်းတဲ့ မော်ဒယ်တွေ ထွက်လာတာကြောင့် ဝယ်လိုအားတွေ ပိုမြင့်တက်လာပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: Gadgets 360, Gartner

The post ယခုနှစ်၊ ပထမ ၃ လ ပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်း ရောင်းချရမှုမှာ ဦးဆောင်နေတဲ့ Samsung appeared first on ဧရာဝတီ.

ကုမ္ပဏီများ အွန်လိုင်း မှတ်ပုံတင်စနစ် ကျင့်သုံးတော့မည်

$
0
0

၂၀၁၈ ခုနှစ် သြဂုတ်လတွင် အသက်ဝင်မည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ် အရ ကုမ္ပဏီများ ပွင့်လင်း မြင်သာမှု အားကောင်း လာစေရန် အွန်လိုင်း မှတ်ပုံတင်စနစ်ကို စတင် ကျင့်သုံးသွားမည် ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက“အွန်လိုင်း မှတ်ပုံ တင် စနစ် ဖြစ်တာကြောင့် ကုမ္ပဏီရဲ့ရာဇဝင်အားလုံးက အွန်လိုင်းမှာ ရှိသွားမယ်။ အခု လက်ရှိမှာ ကုမ္ပဏီ တခုက ဘယ်လောက်ထိ ဥပဒေ လိုက်နာမှုရှိတယ် မရှိဘူးဆိုတဲ့ မှတ်တမ်းတွေကို DICA နဲ့ ကုမ္ပဏီပဲ သိလိမ့်မယ်။ နောင် အနာဂတ်မှာတော့ တကမ္ဘာလုံး တနိုင်ငံလုံးက သိနိုင်ပြီ” ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၌ ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (၂၀၁၇) ရှင်းလင်းပွဲတွင် ဦးအောင်နိုင်ဦးက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာက အတည်ပြုထားပြီး ယင်းဥပဒေ အသက်ဝင်မည့် သြဂုတ် ၁ ရက်တွင် အွန်လိုင်းမှတဆင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို စတင်လုပ်ဆောင်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု အားနည်းသည့် အတွက် အားကောင်းလာစေရန် ယခု ဥပဒေ အသစ်တွင် လိုက်နာရမည့် အချက်များ ထည့်သွင်းထားခြင်း ဖြစ်ပြီး ဥပဒေအရ ပေးထားသည့် အခွင့်အရေး၊ အကာအကွယ်များ ကို လုပ်ငန်းရှင်များ အနေနှင့် ရယူသင့်သည်ဟုလည်း ဦးအောင်နိုင်ဦးက ပြောဆိုသည်။

အွန်လိုင်းမှ မှတ်ပုံတင်ထားသော ကုမ္ပဏီများသည် ဥပဒေလိုက်နာရန် ပျက်ကွက်ပါက အကြိမ်ရေ အလိုက် မင်နီ အမှတ်အသားဖြင့် ဖော်ပြထားမည် ဖြစ်ရာ အကယ်၍ ယင်းကုမ္ပဏီက ဝန်ကြီးဌာန တင်ဒါများ ဝင်ပြိုင်ခြင်း (သို့မဟုတ်) မိမိလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်ရန် ချိတ်ဆက်လာပါက ကုမ္ပဏီ၏ နောက်ကြောင်း ရာဇဝင်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဝက်ဆိုက် www.dica.gov.mm/mm (MyCO) ၌ ဝင်ရောက် စစ်ဆေးနိုင်မည် ဖြစ်သည် ဟု ကုမ္ပဏီရေးရာ ဌာနခွဲမှ ညွှန်ကြားရေးမှုး ဦးမျိုးမင်း ကလည်း ပြောသည်။

အွန်လိုင်း မှတ်ပုံတင် စနစ်၌ အသစ် တည်ထောင်မည့် ကုမ္ပဏီများ သာမက တည်ထောင်ပြီး ကုမ္ပဏီ အဟောင်းများ လည်း ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ မှတ်ပုံတင်ရာတွင် ကုမ္ပဏီ မှတ်ပုံတင်ကြေးကို ကျပ် ၂ သိန်းခွဲ သတ်မှတ်ထားပြီး ကုမ္ပဏီ အဟောင်းများ အတွက်မူ အခမဲ့ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။

မြန်မာသကြား ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဌေးက“အွန်လိုင်းစနစ် ဖြစ်လာ မယ် ဆိုတဲ့အတွက် အချိန်ကုန်၊ ငွေကုန်သက်သာသွားမယ်။ ပွဲစား ရှာစရာ မလိုတော့ဘူးပေါ့။ တိတိကျကျ ဖြစ်လာ မယ်။ ဒါပေမယ့် အွန်လိုင်းမှာ တင်ထားတဲ့ အချက်အလက်တွေ မှန်ကန်မှု ရှိ မရှိဆိုတာ တကယ့် လက်တွေ့မှာ ဘယ်လို ပြန်စိစစ်မလဲ ဆိုတဲ့ အပိုင်းတော့ ရှိတာပေါ့”ဟု ပြောဆိုသည်။

အွန်လိုင်းမှ မှတ်ပုံတင်ရန်အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ဘလက် တို့ဖြင့် လျှောက်ထားနိုင်ပြီး အခက်အခဲရှိပါ က သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် သွားရောက်ကာ ဆောင်ရွက်နိုင်မည် ဟု သိရသည်။

ယခင် ကုမ္ပဏီ အက်ဥပဒေအဟောင်းမှာ ၁၉၁၄ ခုနှစ်က ပြဌာန်းခဲ့သည့်အတွက် ခေတ်စနစ်နှင့် မလျော်ညီတော့ဘဲ ကုမ္ပဏီများ အတွက် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များ ရှိသဖြင့် ပြောင်းလဲ ပြင်ဆင်ခြင်း ဖြစ်ကြောင်း ယင်းဥပဒေ အသစ် ရေးဆွဲရာ၌ ပါဝင် အကူအညီ ပေးခဲ့သည့် Aust Cham Myanmar အဖွဲ့ ဥက္ကဋ္ဌ Mr. Chris Hughes က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ စုစုပေါင်း ၆ သောင်းကျော်ရှိပြီး အာဆီယံ နိုင်ငံများတွင် အရေ အတွက် အနည်းဆုံး ဖြစ်ကြောင်း သိရသည်။

The post ကုမ္ပဏီများ အွန်လိုင်း မှတ်ပုံတင်စနစ် ကျင့်သုံးတော့မည် appeared first on ဧရာဝတီ.

NLD အစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ်ပုံ ငွေစက္ကူများ ထုတ်ဝေမည်ဟု ဗဟိုဘဏ်ပြော

$
0
0

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ် အောင်ဆန်းပုံ ထည့်သွင်း ရိုက်နှိပ်ထား သည့် ငွေစက္ကူများ ထုတ်ဝေမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။
နေပြည်တော်တွင် မေလ ၂၉ ရက်က ပြုလုပ်သည့် အစိုးရ ၂ နှစ်ပြည် လုပ်ဆောင်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားခြင်း ဖြစ်သည်။

“အားလုံး ပြင်ထား ဆင်ထားပြီးသား။ အဲဒါကြောင့်မို့လို့ ဒီအစိုးရ လက်ထက်မှာ ထုတ်ကို ထုတ်မှာပါ။ တဖြည်းဖြည်းနဲ့ တပြိုင်နက်တည်း အကုန်ထုတ်လို့ မရဘူး။ တဖြည်းဖြည်း ထုတ်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်၌ အနာဂတ်တွင် ရိုက်နှိပ် ထုတ်ဝေမည့် ငွေစက္ကူ များတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်သွင်းရေး အဆိုကို မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း က တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ရာ တပ်မတော်သား ကိုယ်စားလှယ် ၁၀၈ ဦးနှင့် ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် တဦးတို့က ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၂၈၆ မဲဖြင့် အတည်ပြုခဲ့ သည်။

ဦးအောင်ခင်ဝင်းက လွှတ်တော်တွင် အောင်မြင်ထားသည့် အဆိုတခု ဖြစ်၍ အစိုးရအနေဖြင့် နောင်ထပ်မံထုတ်ဝေမည့် ငွေစက္ကူ အသစ်တိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းပုံကို ထည့်သွင်း ရိုက်နှိပ်ရတော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိတ် ရှည်ရှည်ဖြင့် စောင့်ဆိုင်းလျက် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“ရိုက်တာကလည်း မရိုက်ဘဲနေလို့ မဖြစ်ဘူး။ ဆွေးတာတွေ၊ ပျက်စီးတာတွေ ရှိလာရင် အသစ်က ထပ်ရိုက်ရမှာ။ အရင်တုန်းကတော့ ၈ နှစ်ကို ၅ ကြိမ် ရိုက်ထားတယ်။ အခုလည်း ဗိုလ်ချုပ်ပုံရိုက်ဖို့ လူကြီးတွေ စပြီး စီစဉ်နေပြီလို့ သူ (ဦးစိုးသိန်း)က ပြီးခဲ့တဲ့ ၂ လလောက်က ကျနော့်ကို ပြောတယ်။ မကြာတော့ဘူးလို့ ထင်တယ်။ ရိုက်တိုင်းလည်း တခြား ပုံနဲ့ ရိုက်လို့ မရတော့တာ သေချာတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ဗဟိုဘဏ်ကမူ ငွေစက္ကူ တန်ဖိုးမှာလည်း အမျိုးမျိုးရှိနေသဖြင့် သင့်လျော်သလို ဆက်လက် ထုတ်လုပ်သွားမည် ဖြစ် ကြောင်း၊ ငွေစက္ကူ တခု ထုတ်လုပ်နိုင်ရေး ဒီဇိုင်းဆွဲရာတွင်ပင် အချိန် ၈ လမှ ၁ နှစ်အထိ ကြာကြောင်း၊ ထို့ကြောင့် မည်သည့် အချိန် စတင်ထုတ်နိုင်မည် ဆိုသည်မှာ ပြောရန်ခက်နေပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဝါဇီစက်ရုံနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ဦးစိုးသိန်း က ပြောသည်။

“ငွေစက္ကူတခု ထုတ်တဲ့ဥစ္စာက တကယ်အသေးစိတ်ပြီး Technical အရမ်း ဆန်ပါတယ်။ ထုတ်ဖို့ စဉ်းစားရာကနေ ထုတ် တဲ့ အဆင့်ထိ ရောက်အောင်ဆိုရင် ၉ လကနေ ၁ နှစ်အထိ အချိန်ယူရပါတယ်။ ဘယ်ဟာက စထုတ်မလဲ ဆိုတာ လည်း ထိုနည်းလည်းကောင်းပါပဲ။ လူတွေရဲ့ လက်ထဲကို ဘယ်လို ရောက်စေချင်တာလဲ။ များများကြီး ပျံ့သွား စေချင် တာလား ဒီလို စဉ်းစားရမယ့် အချက်တွေ အများကြီး ရှိပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပသည့် လွှတ်တော်တွင်လည်း လှည့်လည် သုံးစွဲလျက်ရှိသော ငွေစက္ကူ တခုကို အပြည့်အဝ လဲလှယ်ပေးနိုင်ရန် ရိုက်နှိပ် သိုလှောင်ရမည် ဆိုပါက ကျပ် ဘီလီယံ ၁၀၀ ခန့် ကုန်ကျမည် ဖြစ်ပြီး အားလုံး အသုံးများသည့် ငွေစက္ကူများအတွက် ရိုက်နှိပ်သုံးစွဲမည် ဆိုပါက ကျပ် ဘီလီယံ ၃၀၀ ခန့် ကုန်ကျနိုင်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ တဦးက ပြောဆိုဖူးသည်။

The post NLD အစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ်ပုံ ငွေစက္ကူများ ထုတ်ဝေမည်ဟု ဗဟိုဘဏ်ပြော appeared first on ဧရာဝတီ.


ထိုင်းကို ဖောက်လုပ်လာသော ဂျက်မ၏ “မဟာ ဒူးရင်းသီး လမ်းမ”

$
0
0

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ၂ လမ်းသွား ကုန်သွယ်ရေး နှင့် ပတ်သက်၍ ယခုလအတွင်း ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ တခုတွင် ထိုင်းနိုင်ငံကုန်သွယ်ရေး ဝန်ကြီး ဆွန်သီရတ်ဆွန်သီဂျီရာဝေါင် Sonthirat Sonthijirawong က e-commerce (အွန်လိုင်း ကုန်သွယ်ရေး) သည် တိုင်းပြည်ကို နောက်ထပ်မြင့်မားသည့် နေရာတခုသို့ ပို့ဆောင်ပေးမည့် စီးပွားရေး မိုဒယ် တခုအဖြစ် ချီးကျူး ပြောဆိုသည်။

e-commerce ကိုသာ အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့လျှင် အွန်လိုင်း စီးပွားရေးက ထိုင်းနိုင်ငံနှင့် ၎င်း၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံတို့ကြားမှ အပြန်အလှန် ကုန်သွယ်ရေး၌ ၂၀၂၀ တွင် အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံ အထိ ရောက်လာမည်ဟု မျှော်လင့်ရသည်ဟု ကုန်သွယ်ရေး ဝန်ကြီးက ပြောသည်။ ယမန်နှစ်က ဒေါ်လာ ၇၃ ဘီလီယံ ရှိခဲ့ရာမှ သိသိသာသာ မြင့်တက်သွားခြင်း ဖြစ်သည်။

e-commerce ကို ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာခြင်းမှာ တရုတ်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်း လက်လီအရောင်း လုပ်ငန်း ဖြစ်သည့် အလီဘာဘာ အုပ်စု ဦးပိုင် Alibaba Group Holding ၏ ပူးတွဲတည်ထောင်သူ နှင့် အမှုဆောင် ဥက္ကဌ ဂျက်မ Jack Ma ရောက်လာပြီး နောက်ပိုင်းတွင် ဖြစ်သည်။

မကြာသေးမီက ဘန်ကောက်သို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်းတွင် Jack Ma က Alibaba ကို တိုးချဲ့ရန် အမေရိကန် ဒေါ်လာ ၃၅၂.၄ သန်း တန်ဖိုးရှိ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းအားဖြင့် ထိုင်းနိုင်ငံမှ လက်ရှိ စစ်အစိုးရကို သဘောကျ ကျေနပ်စေခဲ့သည်။ အဆိုပါ သဘောတူညီချက်များတွင် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများကို ဆက်သွယ်ပေးသည့် အကြီးဆုံး ပလက်ဖောင်း ဖြစ်သော Alibaba ၏ Tmall မှ တဆင့် တရုတ်နိုင်ငံ ဈေးကွက်သို့ ထိုင်းလယ်သမားများနှင့် သီးနှံစိုက်ပျိုးသူများ ဝင်ရောက်နိုင်အောင် ဆွဲဆောင်မည့် အစီအစဉ် တခုလည်း ပါဝင်သည်။

ပိုမို ထင်ရှားရန် Jack Ma က ထိုင်းနိုင်ငံမှ ကျော်ကြားသော ဒူးရင်းသီးများကို သိန်းနှင့် ချီ၍ ရောင်းချရန် Tmall တွင် တင်ခဲ့သည်။

တရုတ်အစိုးရပိုင် ဆင်ဟွာ Xinhua သတင်းဌာနက နောက်ပိုင်းတွင် မည်သို့ ဆက်ဖြစ်ခဲ့သည်ကို “အလုံးရေ ၈၀၀၀၀၊ တန်၂၀၀ အလေးချိန်ရှိသော ဒူးရင်းသီးများကို Alibaba ၏ Tmall တွင် စက္ကန့် ၆၀ အတွင်း တရုတ်စားသုံးသူများက ဝယ်ယူသွား ကြသည့် အခါ တရုတ် e-commerce ၏ ဂုဏ်ရည်ကို ထိုင်းနိုင်ငံတွင် အလွန် အံ့အားသင့်သွားခဲ့ကြသည်” ဟု ဖော်ပြခဲ့သည်။

Jack Ma ၏ ကမ်းလှမ်းမှုများကလည်း ထိုင်းစစ်အစိုးရကို ကျေနပ် နှစ်သိမ့်စေခဲ့သည်။ နောက်လာမည့် ၅ နှစ်အတွင်းတွင် သူက ထိုင်းနိုင်ငံမှ သူ၏ ရင်းနှီးမြှုပ်နှံမှုများကို ဒေါ်လာ ၃ ဘီလီယံ အထိ တိုးချဲ့ရန် မျှော်လင့်ထားပြီး ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုများ၊ ထောက်ပံ့ပို့ဆောင်ရေးများ၊ ခရီးသွားလုပ်ငန်းနှင့် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ကို သူ၏ အွန်လိုင်း ကုန်တိုက်ကြီးသို့ ခေါ်ယူရန် အစီအစဉ်များ ရှိသည်။

“မကြာတော့မယ့် အနာဂတ်မှာ ၈၀ ရာခိုင်နှုန်းသော SMEs တွေက အွန်လိုင်း ပလက်ဖောင်းတွေက တဆင့် ကမ္ဘာနဲ့ ချီပြီး အလုပ်လုပ်ကြလိမ့်မယ်” ဟု Jack Ma က ပြောသည်။ ထိုသို့ မထင်ထားသည့်သူများ ဒေသတွင်းတွင်သာ အလုပ်လုပ်သည့် ကုမ္ပဏီများသည် အောင်မြင်မှုရရန် အလွန်ခက်ခဲကြောင်း တွေ့ကြရလိမ့်မည်ဟုလည်း သူက သတိပေးခဲ့သည်။

ဈေးကွက်တခု အတွင်းသို့ Jack Ma ဝင်လာနေခြင်းက အွန်လိုင်းစီးပွားရေး လုပ်ငန်းတွင် ယှဉ်ပြိုင်မှုများ တိုးလာနေ ကြောင်း ဖော်ပြနေသည်။ အွန်လိုင်းနှင့် ပို၍ နီးစပ်ကျွမ်းဝင်သည့် ထိုင်းဈေးဝယ်သူများက ဖက်ရှင်မှသည် အချဉ်ရည် အထိ အရာရာတိုင်းကို ဒီဂျစ်တယ် ပလက်ဖောင်းမှ တဆင့် ဝယ်ယူနေကြသည်။

လူဦးရေ ၆၉ သန်းနီးပါး ရှိ၍ အင်တာနက် အသုံးပြုသူ ၅၇ သန်းရှိသော ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှ၌ အွန်လိုင်း အသုံးပြုချိန် အများဆုံး အဖြစ် ရပ်တည်နေသည်။ နယူးယောက် အခြေစိုက် အွန်လိုင်း ပလက်ဖောင်းတခု ဖြစ်သည့် We Are Social က ဇန်နဝါရီလ အတွင်းတွင် ထုတ်ပြန်ခဲ့သော “Digital 2018 Global Overview” အမည်ရှိ အစီရင်ခံစာတွင် ထိုင်းနိုင်ငံသားများက ပြီးခဲ့သည့် နှစ်အတွင်း တနေ့လျှင် အင်တာနက် အသုံးပြုချိန် ၉.၃၈ နာရီ ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ နောက်တွင် ဖိလစ်ပိုင်က ၉.၂၉ နာရီ နှင့် အင်ဒိုနီးရှားက ၈.၅၁ နာရီဖြင့် ရှိနေသည်။

ထိုကဲ့သို့ အွန်လိုင်း ထိုးဖောက်မှုကောင်းခြင်းက ထိုင်းနိုင်ငံ၏ e-commerce ဈေးကွက်ကို အားကောင်းစေခဲ့သည်။ ထိုင်း အစိုးရ အဖွဲ့အစည်းတခု ဖြစ်သည့် Electronic Transactions Development Agency ၏ အဆိုအရ ဈေးကွက်၏ တန်ဖိုး က ၂၀၁၆ ခုနှစ်တွင် ဘတ်ငွေ ၂.၅၆ ထရီလီယံ(ဒေါ်လာ ၇၉.၇၂ ဘီလီယံ) ရှိခဲ့သည်။ နယ်စပ်ဖြတ်ကျော် e-commerce ဈေးကွက်က အရေးပါသည့် မောင်းနှင်အားတခု ဖြစ်လာနေခြင်းနှင့် အတူ လာမည့်နှစ်တွင် ဘတ်ငွ ၃ ထရီလီယံ အထိ ရောက်ရှိလာမည်ဟုလည်း ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံ၏ စာတိုက်လုပ်ငန်းကို လုပ်ကိုင်နေသည့် ထိုင်းစာတိုက်(Thailand Post) ၏ ဥက္ကဌ စမွန်းဓာတုပီဘွန်း Smorn Terdthumpiboon က “နယ်စပ်ဖြတ်ကျော် e-commerce က SMEs တွေနဲ့ အွန်လိုင်းကုန်သည်တွေ သူတို့ရဲ့ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ နည်းလမ်းကို အသွင်ပြောင်းပေးနေပါတယ်” ဟု ပြည်တွင်း သတင်းစာတစောင်သို့ ပြောကြခဲ့သည်။

Alibaba က ရှယ်ယာ အများစုကို ပိုင်ဆိုင်ထားသည့် စင်ကာပူနိုင်ငံ အခြေစိုက် e-commerce လုပ်ငန်းတခု ဖြစ်သည့် Lazada Group က ထိုင်းနိုင်ငံ အွန်လိုင်း ဈေးကွက်ကို ဦးဆောင်နေသည်။ ၎င်းက ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ငန်းများ ဖြစ်သည့် Shopee၊ Amazon.com၊ 11street နှင့် မကြာသေးမီက ထိုင်းနိုင်ငံမှ အဖျော်ယမကာ နှင့် လက်လီ အရောင်း လုပ်ငန်းကြီး တခုဖြစ်သည့် TCC Group က ဝယ်ယူခဲ့သော ထိုင်းနိုင်ငံ၏ ပထမဆုံး e-commerce ဝက်ဘ် ဆိုက် ဖြစ်သည့် Tarad.com တို့ နှင့် ယှဉ်ပြိုင်နေသည်။

ထိုင်းနိုင်ငံသို့ Jack Ma ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ တိုင်းပြည်က Alibaba ၏ အင်အား ကြီးမားမှုကို စီမံခန့်ခွဲရန် အသင့်ဖြစ်/မဖြစ် နှင့် တရုတ်အွန်လိုင်းကုမ္ပဏီကြီးက ပြည်တွင်း ပြိုင်ဖက်များကို နင်းချေသွားနိုင်သည့် ဖြစ်နိုင်ချေများ အပါအဝင် မေးခွန်းထုတ်မှုများကိုလည်း မြင့်တက်စေခဲ့သည်။

Tarad ကို တည်ထောင်သူ ပါဝတ် ပွန်ဝိထရပနူ Pawoot Pongvitayapanu က သတိပေးခြင်းဖြင့် ပါဝင်လာခဲ့သည်။ Alibaba ပလက်ဖောင်းက ထိုင်းဈေးကွက်အတွင်းသို့ တရုတ်ကုန်စည်များ အလုံးအရင်းဖြင့် ဝင်ရောက်လာစေနိုင်ပြီး တရုတ်ပွဲစားများက ထိုင်းကုန်သည်များ၏ နေရာသို့ အစားထိုး ဝင်ရောက်လာအောင် တံခါးဖွင့်ပေးလိမ့်မည်ဟု ပြည်တွင်း သတင်းဌာနများကို ပြီးခဲ့သည့် လအတွင်းတွင် သူက ပြောကြားခဲ့သည်။

လက်ရှိ အစိုးရက အဆိုပါ ဒီရေကို နှေးကွေးစေရန် ခြေလှမ်းအချို့ ပြုလုပ်ခဲ့သည်။ Jack Ma ရောက်မလာမီ ထိုင်း အစိုးရက ယှဉ်ပြိုင်မှု သေချာရေး စိန်ခေါ်မှုများနှင့် ပတ်သက်၍ ကိုင်တွယ်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်မှ စီးပွားရေး ပညာရှင်များက ပြောသည်။

“ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှု မူဝါဒ တခုနဲ့ ဒီဂျစ်တယ် စီးပွားရေးကို ရောယှက်ဖို့အတွက် စဉ်းစားဖို့ လိုအပ်တဲ့ ကိစ္စ ၂ ခုရှိ ပါတယ်။ ထိုင်းနိုင်ငံက ပထမတခုကို ဖြေရှင်းနေခဲ့ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေး ပညာရှင် ကစ်တီဖုန် အရိယာပရူချာယာ Kiatipong Ariyapruchaya က ပြောသည်။ “ဒါပေမယ့် ဒီဂျစ်တယ် ခေတ်မှာ မျှတတဲ့ ပြိုင်ကွင်းတခု သေချာစေဖို့ ထိုင်းနိုင်ငံမှာ ခိုင်မာအားကောင်းတဲ့ အမျိုးသား အချက်အလက် ဗျူဟာ တခု လိုအပ်ပါတယ်။”

ကမ္ဘာ့ဘဏ်က ဧပြီလတွင် ထုတ်ဝေခဲ့သော “Thailand Economic Monitor: Beyond the Innovation Paradox.” အမည်ရှိ အစီရင်ခံစာတွင် ထိုကိစ္စကို ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ ၂၀၁၇ ခုနှစ် ယှဉ်ပြိုင်မှု ဥပဒေက ယှဉ်ပြိုင်မှုတခုကို အုပ်ချုပ်စီမံခြင်းမှသည် ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည့် ပေါင်းစည်းခြင်း သဘောတူညီချက်များအထိ ကဏ္ဍအများအပြားကို ဖြေရှင်းထားသည်။ သို့သော်လည်း ယခင် ၁၉၉၉ ခုနှစ် ယှဉ်ပြိုင်မှု ဥပဒေ၏ အားနည်းချက် သမိုင်းများအရ ဆိုလျှင် လက်ရှိ ဥပဒေ အကောင်အထည်ဖော်မှုကို စမ်းသပ်ရလိမ့်မည် ဖြစ်သည်။ “တိုင်ကြားမှု ၁၀၀ ရှိခဲ့ပေမယ့် ၁၉၉၉ ခုနှစ် ဥပဒေက တမှုတည်းကိုသာ အောင်မြင်မြင် စွဲချက်တင်နိုင်ခဲ့ပါတယ်” ဟု အဆိုပါ အစီရင်ခံစာက မှတ်ချက်ပြုခဲ့သည်။

ဂရုစိုက် စောင့်ကြည့်ရမည့် ပုဂ္ဂလိက ကဏ္ဍမှ အချက်အလက်များ အပါအဝင် ပိုမို၍ ကျယ်ပြန့်သော အချက်အလက် သုံး သပ်မှုတခု ပြုလုပ်ရန် ကမ္ဘာ့ဘဏ်က တောင်းဆိုထားသည်။ အစိုးရတွင်ရှိသည့် အချက်အလက်များနှင့် ပေါင်းစပ်ထား သော အချက်အလက်များကို မြှင့်တင်ပေးမည့် အစီအစဉ်တခုက ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများအတွက် ပိုမို ကောင်းမွန်စေလိမ့်မည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။ လူနှင့် ကောက်ယူမှတ်သားခြင်း မဟုတ်ဘဲ စက်က ထုတ်ပေးသော အချက်အလက်များ သို့မဟုတ် အချက်အလက်များကို ယူ သုံးစွဲနိုင်သော၊ လွှဲပြောင်းနိုင်သော အခြေအနေများနှင့် ပတ်သက်၍ အမျိုးသား အဆင့် မူဝါဒများ ကင်းမဲ့နေသည် ဟုလည်း သတိပေးထားသည်။

Jack Ma ၏ လမ်းကြောင်းက ထိုင်း-တရုတ် ကုန်သွယ်ရေး၏ အနာဂတ်အတွက် အပြောင်းအလဲများကို ယူဆောင် လာခဲ့သည်။ ပေါ်ထွက်လာနေသည့် အမြင်တခုမှာ သူ၏ အွန်လိုင်း ကုန်တိုက်ကြီး အတွက် ပစ္စည်းပေးသွင်းသူများ အဖြစ် Jack Ma က ဆွဲဆောင်ချင်နေသည့် ထိုင်း လယ်သမားများနှင့် သီးနှံစိုက်ပျိုးသူများက အကျိုးအမြတ် ရရှိရန် ရှိနေသည်ဟု ဘန်ကောက်မြို့ Kasem Bundit တက္ကသိုလ် မှ Institute of Digital Media Law ၏ ဒါရိုက်တာ ကနာတစ် ထုံဂရာဝီဝန် Kanathip Thongraweewong က ပြောသည်။

သို့သော်လည်း ထိုင်းစားသုံးသူများက အရည်အသွေးနိမ့်သော သစ်သီးများ၊ မြင့်မားသော ဈေးနှုန်းများဖြင့် ကျန်ခဲ့မည်ကို စတင် စောဒက တက်နေခဲ့ကြပြီ ဖြစ်သည်ဟု သူက ပြောသည်။ “ဒီနှစ် ဒူးရင်း ရာသီအတွင်းမှာ အဲဒါက စိုးရိမ်စရာ ပါပဲ။”

(Nikkei Asian Review ပါ Marwaan Macan-Markar ၏ Thai e-retailers brace for Jack Ma’s ‘great durian road’ ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

The post ထိုင်းကို ဖောက်လုပ်လာသော ဂျက်မ၏ “မဟာ ဒူးရင်းသီး လမ်းမ” appeared first on ဧရာဝတီ.

ဝတ်ကြီးကျောက်မီးသွေးစီမံကိန်းအတွက် ပြည်နယ်အစိုးရမှ သိန်း ၉၀၀၀ ကျော် နစ်နာကြေးပေးလျော်

$
0
0

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝတ်ကြီးကျေးရွာအုပ်စု၊ သုံးအိမ်ကျေးရရွာတွင် Toyo Thai (TTCL) ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမည့့် ကျောက်မီးသွေးလောင်စာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းမြေနေရာ ၈၁၅ ဧကထဲမှ မြေနေရာအချို့အတွက် ဒေသခံများအား နစ်နာကြေးအဖြစ် ပြည်နယ်အစိုးရဘက်မှ ငွေကျပ် သိန်း ၉၀၀၀ ကျော် ပေးလျော်ထားပြီး ဖြစ်ကြောင်း သိရသည်။

စီမံကိန်းမြေနေရာများထဲမှ ဒေသခံများပိုင်ဆိုင်ကြသည့် မြေဧရိယာ ၂၂၅ ဒဿမ ၉၈ ဧကအတွက် ၂၀၁၇ ခုနှစ်မှ စတင်ကာ နစ်နာကြေးများ ပေးခဲ့သည်မှာ ငါးကြိမ်တိုင်ရှိပြီ ဖြစ်ကြောင်းနှင့် နစ်နာကြေးရရှိခဲ့သူ ၂၂ ဦး ရှိကြောင်း ကရင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမင်းမင်းက ပြောသည်။

စီမံကိန်းဧရိယာမှ ကျန်ရှိနေသေးသည့် ဒေသခံရွာသူရွာသားများ၏ မြေဧရိယာများကိုလည်း နစ်နာကြေးများ ဆက်လက်ပေးသွားမည်ဖြစ်သည်။ နစ်နာကြေးပေးရန် ကျန်ရှိနေသေးသည့် မြေဧရိယာများတွင် လယ်မြေ ၃၅၇ ဒဿမ ၃၂ ဧက၊ မြေရိုင်း ၁၉၈ ဒဿမ ၂၅ ဧက၊ လုပ်ကွက်မပေါ်သည့်မြေ ၂၄၅ ဧက၊ ချောင်းမြေ ၁၄ ဒဿမ ၂၂ ဧက ကျန်ရှိကြောင်း သိရသည်။

“ကျမတို့ ပြည်နယ်အဆင့်ကတော့ ပြီးသွားပြီ။ ပြည်ထောင်စုကို တင်ထားလိုက်ပြီး ပြည်ထောင်စုကနေ ဘာမှ ပြတ်ပြတ်သားသား မပြောသေးဘူး၊ ပြည်ထောင်စုမှာ ဆွေးနွေးနေဆဲဖြစ်ပါတယ်၊ ကျမတို့ကလည်း လိုချင်တဲ့ ဆန္ဒပြင်းပြတယ်၊ ပြီးလို့ရှိရင် မြန်မြန်ဆန်ဆန်လည်း ဆောင်ရွက်စေချင်တဲ့အတွက် တကယ်လို့များ ပြည်ထောင်စု မီးစိမ်းပြလိုက်လို့ရှိရင် ချက်ချင်းလုပ်နိုင်အောင် အဲဒီကမြေတွေကို နစ်နာကြေးအနေနဲ့ ပေးတာ၊ သူတို့ရဲ့ သဘောဆန္ဒကို သိချင်တာလည်း ပါတယ်”ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ဆိုသည်။

ကရင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် မူဝါဒများ ချမှတ်ထားရာ ပထမ ဦးစားပေးအနေဖြင့် လျှပ်စစ်မီးရရှိရေး၊ ဒုတိယ ဦးစားပေးအနေဖြင့် လမ်းတံတားနှင့် တတိယ ဦးစားပေးအနေဖြင့် စိုက်ပျိုး မွေးမြူးရေးဖြစ်ကြောင်း NLD အစိုးရ နှစ်နှစ်ပြည့် သတင်းစာရှင်းပွဲတွင် ၎င်းက ပြောဆိုခဲ့သည်။

ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့် စက်ရုံများအတွက် အစိုးရမှ လျှပ်စစ်ဓာတ်အားကို အလုံအလောက် မပေးနိုင်ပါက ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများက လာရောက်ရန် စိတ်မဝင်စားပါ ဒေသဖွံ့ဖြိုးရေး ကျန်ရစ်ခဲ့မည်ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံရှိ ကရင်ပြည်နယ်၊ သုံးအိမ်ကျေးရွာနှင့် မွန်ပြည်နယ်၊ အံဒင်ကျေးရွာတို့တွင် Toyo Thai ကုမ္ပဏီက အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ ၁၂၈၀ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီမံကိန်းရှိနေခြင်းဖြစ်သည်။

The post ဝတ်ကြီးကျောက်မီးသွေးစီမံကိန်းအတွက် ပြည်နယ်အစိုးရမှ သိန်း ၉၀၀၀ ကျော် နစ်နာကြေးပေးလျော် appeared first on ဧရာဝတီ.

ရဲစခန်းကို ဖုန်းခေါ်ပေးမယ့် “Panic Button” ကို Application မှာ ထည့်ပေးလိုက်တဲ့ Uber

$
0
0

အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ တခုဖြစ်တဲ့ Uber ဟာ ကုမ္ပဏီရဲ့ နာမည်ကျစ ပြုနေတဲ့ လုံခြုံရေးပိုင်းကို ပြန်အဖတ် ဆယ်ဖို့အတွက် အရေးပေါ်ခလုတ် အသစ်တစ်ခုကို Application အတွင်းမှာ ထည့်ပေးသွားမှာ ဖြစ်ကြောင်း ဧပြီလတုန်းက ကြေငြာခဲ့ပါတယ်။

မေလ ၂၉ ရက်နေ့မှာတော့ အဆိုပါ အရေးပေါ်ခလုတ်ကို US (အမေရိကန် ပြည်ထောင်စု) အတွက် စတင်ထည့်ပေးလိုက်ပြီ ဖြစ်ပြီး၊ “Panic Button” လို့ အမည်ပေးထားပါတယ်။ အခုဆိုရင် Uber Mobile Application Version အသစ်ရဲ့ Home Screen မှာ “Safety Center” ဆိုတဲ့ Menu အသစ်ပါဝင်လာတာ တွေ့မြင်ရပြီး၊ ခရီးသည်တွေအနေနဲ့ တစုံတခုအရေးပေါ် အခြေအနေ ကြုံတွေ့ လာရပါက နီးစပ်ရာ ရဲစခန်းဆီ အကူအညီ လှမ်းတောင်းနိုင်မှာ ဖြစ်ပါတယ်။

Safety Center မှာ Uber ယာဉ်မောင်းရဲ့ ကျွမ်းကျင်မှုနဲ့ နောက်ခံသမိုင်းအချက်အလက်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်သလို၊ အာမခံထားရှိထားမှုနဲ့ ခရီးသည် လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတို့ကိုလည်း ဖော်ပြပေးထားမှာဖြစ်ပါတယ်။ 911 ကို ခေါ်ဆိုဖို့အတွက် Home Screen ပေါ်က Safety Center icon ကို နှိပ်ကာ၊ အောက်ဆုံးက 911 Assistance ကို ထပ်နှိပ် ပေးရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ 911 ကို ခေါ်ဖို့ သေချာလားဆိုတာ Confirm ထပ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို နောက်တဆင့် Confirm လုပ်ပေးရတာက မှားနှိပ်ပြီး ခေါ်မိတာမျိုး မဖြစ်စေဖို့အတွက် ဖြစ်တယ်လို့ Uber ရဲ့ Product Management Director ဖြစ်သူ Sachin Kansal က ပြောကြားခဲ့ပါတယ်။ ခရီးသည်တွေ လုံခြုံရေးနည်းတူ ယာဉ်မောင်းတွေ အတွက်လည်း Panic Button တခု ထည့်ပေးသွားဦးမှာ ဖြစ်တယ်လို့ Kansal က ဆိုပါတယ်။

Uber ရဲ့ “Panic Button” လုပ်ဆောင်ချက်

“လူတွေက သူတို့ကို စောင့်ကြည့် မနေမှန်းသိရင် တချို့အဖြစ်အပျက်တွေနဲ့ ရာဇဝတ်မှုမြောက် လုပ်ရပ်တွေ ပြုလုပ် တတ်မှန်း ကျနော်တို့ သတိထားမိပါတယ်။ အခုတော့ ကျနော်တို့ စတင် စောင့်ကြည့်တော့မှာဖြစ်ကြောင်း ပြောချင်ပါတယ်။ ယာဉ်မောင်းနဲ့ ခရီးသည် နှစ်ဖက်စလုံးကို အခု Features တွေ ထုတ်ပေးပြီး၊ ဒီ Features တွေကို အားလုံးသိရှိ အသုံးပြု နိုင်အောင် လုပ်ပေးလိုက်တာက ကျနော်တို့ အစီအစဉ်တွေရဲ့ တစိတ်တပိုင်းပဲ ရှိပါသေးတယ်”လို့ ၎င်းက ဆိုပါတယ်။

Uber ဟာ RapidSOS နဲ့ ပူးပေါင်းပြီး 911 အရေးပေါ်ဆက်သွယ်မှု နည်းပညာသစ် တခုကိုလည်း စမ်းသပ် လုပ်ဆောင်လျက် ရှိပါတယ်။ အဆိုပါ နည်းပညာမှာ Uber ရဲ့ “Panic Button” ကို နှိပ်လိုက်တာနဲ့ ခရီးသည်ရဲ့ တည်နေရာနဲ့ ခရီးစဉ် အသေးစိတ်တို့ကို 911 ဖုန်းလက်ခံသူဆီ အလိုအလျောက် ပေးပို့ပေးသွားမှာဖြစ်ပါတယ်။

Ref: The Verge

The post ရဲစခန်းကို ဖုန်းခေါ်ပေးမယ့် “Panic Button” ကို Application မှာ ထည့်ပေးလိုက်တဲ့ Uber appeared first on ဧရာဝတီ.

စက်မှုဇုန်များ၏ စီမံခန့်ခွဲမှု စရိတ်များ ပြောင်းလဲကောက်ခံရန် အစိုးရ သုံးသပ်နေ

$
0
0

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်အသီးသီးတွင် ကောက်ခံလျက်ရှိသော စီမံခန့်ခွဲမှု စရိတ်များကို ပြောင်းလဲကောက်ခံရန် ပြန်လည်သုံးသပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။

“စက်မှုဇုန်များ မြှင့်တင်ရေး အတွက် အခြေခံ အဆောက်အအုံ မြှင့်တင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းသည် အဓိကကျသည့် အတွက် ယခုလက်ရှိကောက်ခံနေသည့် စီမံခန့်ခွဲမှု စရိတ်ဖြင့် အခြေခံ အဆောက်အအုံများ ပြုပြင်ရန်နှင့် ထိန်းသိမ်းဆောင်ရွက်ရန် မလွယ်ကူသဖြင့် ဇုန်အသီးသီးတွင် ငွေကြေးကောက်ခံမှုနှုန်းထားနှင့် ဆောင်ရွက်ချက်များကို စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီများနှင့် ပြန်လည်သုံးသပ် စိစစ်လျက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေးကို မေလ ၃၁ ရက်နေ့က ကျင်းပရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က စက်မှုဇုန်များ အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီအနေဖြင့် လှိုင်သာယာ စက်မှုဇုန်အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေမှုအခြေအနေကို မေးမြန်းရာတွင် ဝန်ကြီးဒေါ်နီလာကျော်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးကော်မတီကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာယကအဖြစ် ဦးဆောင်ပြီး ၁၂ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ အင်မတန်မှ ကောင်းမွန်ပြီး ထိရောက်နိုင်တဲ့ ဖွဲ့စည်းမှု ဖြစ်ပါတယ်။ ဒီကော်မတီကို ဖွဲ့စည်းထားတာ လပေါင်းများစွာရှိပါပြီ ဒီအချိန်မှာ ဒီကော်မတီ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များကို အဆင့်မြှင့်တင်ဆောင်ရွက်မှုဟာ မြန်ဆန်ထိရောက်စွာ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟု ဦးဝင်းမောင်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များအဆင့်မြှင့်တင်ရေးအတွက် ကနဦးဆန်းစစ်မှုများအနေဖြင့် လှိုင်သာယာ၊ တောင်ဒဂုံနှင့် ရွှေပြည်သာစက်မှုဇုန်များအား လေ့လာခဲ့ရာ လှိုင်သာယာစက်မှုဇုန်များသည် ကျူးကျော်များပြားခြင်းသည် အဓိကပြဿနာ ဖြစ်နေပြီး ကျူးကျော်တဲများကြောင့် အမှိုက်နှင့် ရေမြောင်းပိတ်ဆို့ခြင်းကို ဆောင်ရွက်ရန် အခက်အခဲများရှိနေကြောင်း ဒေါ်နီလာကျော်က ပြောသည်။

ဆက်လက်ပြီး ဒေါ်နီလာကျော်က တောင်ဒဂုံစက်မှုဇုန်များသည် အခြေခံအဆောက်အဦပိုင်းတွင် အဆင့်မြှင့်တင်ရန် ပြုပြင်မှုများစွာ လိုအပ်နေပြီး ရေနုတ်မြောင်း ပိတ်ဆို့ခြင်း၊ လမ်းများပိတ်ဆို့ခြင်းနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများ ဆောင်ရွက်ရန် လိုအပ်နေကြောင်း ၊ ရွှေပြည်သာ စက်မှုဇုန်များသည် လုံခြုံရေးအရ လိုအပ်ချက်များ၊ မီးသတ်ရေလှောင်ကန် ထားရှိနိုင်မှု အခြေအနေစသည့် လိုအပ်ချက်များ ရှိနေကြောင်း ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် စက်မှုဇုန်များအဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီကို ၂၀၁၇ခုနှစ် ဧပြီလ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

The post စက်မှုဇုန်များ၏ စီမံခန့်ခွဲမှု စရိတ်များ ပြောင်းလဲကောက်ခံရန် အစိုးရ သုံးသပ်နေ appeared first on ဧရာဝတီ.

အအေးပေးစနစ်ပါဝင်တဲ့ “Mindframe”နားကြပ်အသစ်ကို မိတ်ဆက်လိုက်တဲ့ HP

$
0
0

Gaming နားကြပ်တွေရဲ့ အားနည်းချက်တခုက တပ်ဆင်ထားရတာ ဘယ်လောက်ပဲ သက်သောင့်သက်သာ ရှိပါစေ၊ အသုံးပြုတဲ့အချိန် ကြာလာတာနဲ့အမျှ နားတွေ ပူခြစ်လာတာကို ခံစားရတာပါ။

ဒီပြဿနာကို သတိထားမိတဲ့ HP ဟာ Mindframe Headset မော်ဒယ်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ Headset ရဲ့ အထူးခြားဆုံး စွမ်းဆောင်ရည် တခုကတော့ တနေကုန်အသုံးပြုရင်တောင် ပူလာခြင်း မရှိဘဲ အမြဲတမ်း အေးမြနေအောင် စွမ်းဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။

Mindframe Headsets ရဲ့ နားကြပ်ခွက် (Earcup) ထဲမှာ သာမိုအီလက်ထရောနစ် စက်တခု ပါရှိပြီး၊ Acoustic Chamber ထဲက အပူတွေကို အပြင်သို့ စီးကူးစေကာ နားကြပ်ကို အစဉ်အမြဲ အေးမြနေအောင် ပြုလုပ်ပေးနိုင်တယ်လို့ HP က ဆိုထားပါတယ်။ ဒီအအေးပေးစနစ်ဟာ HP မူပိုင်ခွင့်ရ နည်းပညာဖြစ်ပြီး၊ Mindframe နားကြပ်ဟာ အဆက်မပြတ် အအေးပေးစနစ် ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး နားကြပ်ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Omen Gaming Products အသစ်များ မိတ်ဆက်ပွဲမှာ မိတ်ဆက်ခဲ့တဲ့ Mindframe နားကြပ်ကို Engadget ရဲ့ အကြီးတန်းအယ်ဒီတာဖြစ်သူ Devindra Hardawar တယောက် ကိုင်တွယ် စမ်းသပ်ခွင့် ရရှိခဲ့ပြီး၊ အဲယားကွန်း တခုရှေ့မှာ လက်ကို ကပ်ထားရသလိုပဲလို့ ပြန်ပြောပြခဲ့ပါတယ်။

HP Mindframe မှာ နားကို အမြဲအေးမြစေတဲ့ နည်းပညာအပြင် အသံဆူညံမှုကို ဖယ်ရှားပေးကာ ဦးတည်ရာ တခုတည်းက အသံကိုဖမ်းပေးနိုင်တဲ့ မိုက်ခရိုဖုန်း၊ Audio နဲ့ 7.1 Virtual Surround Sound စနစ်၊ RGB Lighting စနစ်နဲ့ USB 2.0 Type-A Connector 3D တို့လည်း ပါဝင်ပါတယ်။ ဈေးနှုန်းကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိဘဲ၊ ၂၀၁၈ နှစ်ဝက်လောက်မှ ဈေးကွက်တွင်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

The post အအေးပေးစနစ်ပါဝင်တဲ့ “Mindframe” နားကြပ်အသစ်ကို မိတ်ဆက်လိုက်တဲ့ HP appeared first on ဧရာဝတီ.

တားမြစ်ထားသည့် မြရိပ်ညို စီမံကိန်း ၂၀၂၀ တွင် အပြီးဆောက်မည် ဟုဆို

$
0
0

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆိုင်းငံ့ထားရန် ညွှန်ကြားထားသော ဗဟန်းမြို့နယ် မြရိပ်ညို ဟိုတယ်ဝင်း အတွင်းရှိ မြရိပ်ညို Mix-Used စီမံကိန်းကို တရုတ်နည်းပညာဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက ဧရာဝတီသို့  ပြောသည်။

ဦးခင်ရွှေ က “၂၀၂၀ မှာ ပြီးအောင် ကြိုးစားကြည့်မယ်။ တရုတ်ရဲ့ တလကို ၆ ထပ်လောက် ပြီးအောင်ဆောက်နိုင်တဲ့ နည်းပညာတော့ ရှိတယ်။ အခု ဆက်ဆောက်နေပြီ။ ဘေးက ဘာပြောပြော ဘာမှ လုပ်စရာမလိုတော့ဘူး။ ပြီးသွားပြီ ကိုယ့်ဝင်းထဲမှာ ကိုယ့်ပရောဂျက် ဆောက်တာပဲ ဘာပြဿနာရှိလို့လဲ။ ရေကန်ကြီးကို လာအကြောင်းပြနေတယ်” ဟု ပြောသည်။

အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံ တည်ဆောက်မည့် မြရိပ်ညို အထပ်မြင့် စီမံကိန်းအား အနီးရှိ သက်တမ်း ၉၂ နှစ်ရှိသော ကုက္ကိုင်း ရေလှောင်ကန်ကြီးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများကို ရန်ကုန်တိုင်းအစိုးရက အတည်ပြုပြီးသည်အထိ ဆိုင်းငံ့ထားရန် ဧပြီလ ၂ ရက်နေ့က ညွန်ကြားထားခြင်းဖြစ်သည်။

စီမံကိန်း ဆိုင်းငံ့စာရပြီး နောက်တနေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးအချို့အား ရေလှောင်ကန် ဘေးကင်းရေး အတွက် ၎င်းတို့၏ အစီအမံများကို ရှင်းပြခဲ့ရာတွင် ရေလှောင်ကန် ဘေးအန္တရာယ် ကင်းရှင်းရေးကို သေချာလုပ်ဆောင်ပြီး လုံခြုံမှု ရှိသည့် အနေအထားရောက်မှ စီမံကိန်းကို ဆက်ရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောဆိုကြောင်း ဦးခင်ရွှေက ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ထို့နောက် ကုက္ကိုင်း ရေလှောင်ကန်ကြီးတွင် ဖြစ်ပေါ်လာနိုင်သည့် အပျက် အဆီးများကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ရေတားရန် water seal များအသုံးပြုပြီး ဘိုးလ်ပိုင်များရိုက်ရန် YCDC က မြရိပ်ညိုရွိုင်ရယ် စီမံကိန်း အကောင် အထည်ဖေါ်သူ ဇေကမ္ဘာကုမ္ပဏီကို ဧပြီလ ၆ ရက်နေ့က ခွင့်ပြုခဲ့ကြောင်းသိရသည်။

YCDC ကော်မတီဝင် ဒေါ်မေမေသွယ် က “သူတို့ အဆိုပြုထားတဲ့ ရေလှောင်ကန် လုံခြုံရေး အစီအမံတွေ ဆောင်ရွက်ဖို့ ရုံးခန်း အဆောက် အအုံနဲ့ မြေတားနံရံ ဆောက်ဖို့ အတွက်ကိုပဲ ခွင့်ပြုတာ။ တခြား ဘာမှ မပါဘူး” ဟု ဧပြီလအတွင်းက ဧရာဝတီ သတင်းဌာနသို့ ပြောထားသည်။

သို့သော်လည်း ယင်း မြရိပ်ညို Mix used project အထပ်မြင့် အဆောက်အဦးများကို ဇေကမ္ဘာ ကုမ္ပဏီက ကုက္ကိုင်းရေလှောင်ကန် ရေတားနံရံများ တည်ဆောက်နေသည့် တချိန်တည်းမှာဘဲ စီမံကိန်းကို တပြိုင်တည်းလုပ်ဆောင်လိုနေခြင်းဖြစ်သည်။

ဦးခင်ရွှေက “အန်ကယ်တို့ အနေနဲ့ကတော့ ဒါကိုတပြိုင်နက်တည်း လုပ်ချင်တယ်။ ဘာကြောင့်လည်းဆိုတော့ မိုးတွင်းဆို တည်ဆောက်ရေး လုပ်ငန်း လုပ်မရတော့ဘူး”ဟု ပြောသည်။

ထိုစီမံကိန်း၏ ကန်ထရိုက်တာမှာ တရုတ်နိုင်ငံ ဆောက်လုပ်ရေး အင်ဂျင်နီယာ ကော်ပိုရေးရှင်း – CSCEC ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက်ရန် အစိုးရထံ တင်ထားပြီးသားဖြစ်ကြောင်း သို့သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မလုပ်ရန် တားမြစ်၍သာ ဆိုင်းငံ့ထားရခြင်းဖြစ်ကြောင်း၊ ထိုအခြေအနေများနှင့် ပတ်သက်၍ အတူလက်တွဲ လုပ်ကိုင်မည့် တရုတ်ကုမ္ပဏီ အနေဖြင့် စိတ်ပျက်နေကြောင်း ဦးခင်ရွှေက ပြောသည်။

“တရုတ်ကုမ္ပဏီက ကြားထဲမှာ တော်တော် စိတ်ပျက်နေပြီ” ဟု ဦးခင်ရွှေက ဆိုသည်။

ထိုစီမံကိန်းတွင် အမြင့်ပေ ၃၈၂ ပေ ၄၁၂ ပေအထိ ရှိသော အဆောက်အအုံ ၁၂ လုံးပါဝင်သည်။ ထိုစီမံကိန်း၏ ၁၃ ဧက ကျယ်သော မြေကွက် အစွန်တွင် ရန်ကုန်မြို့တွင်း ၁၆ မြို့နယ်ကို ရေပေးဝေနေသော ဂါလံ သန်း ၂၀ ဆံ့ ကုက္ကိုင်းရေလှောင်ကန် ရှိနေခြင်း ဖြစ်သည်။

ထိုစီမံကိန်းတည်ဆောက်မှုများနှင့် ပတ်သက်ပြီး အနီးပတ်ဝန်းကျင် နေထိုင်သူများကလည်း ရေလှောင်ကန် ပျက်စီးပြီး ၎င်းးတို့ ရပ်ကွက် ရေလွှမ်းမိုးခြင်း ရေပြတ်လပ်ခြင်းတို့ ကြုံတွေ့ရမည်ကို စိုးရိမ်နေကြသဖြင့် ယင်းစီမံကိန်းအား ဆန့်ကျင်နေခြင်း ဖြစ်သည်။

ယင်းစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် တပ်မတော်မှ တင်ဒါ ခေါ်ယူခဲ့ရာ ဇေကမ္ဘာ မှ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး နှစ် ၅၀ နှင့် ၁၀ နှစ် ၂ ကြိမ် သက်တမ်း တိုးခွင့် ရရှိထားကြောင်း သိရသည်။

ဆက်စပ် ဖတ်ရှုရန် ကုက္ကိုင်းရေလှောင်ကန် ဘေးကင်းရေးအတွက် ဇေကမ္ဘာကုမ္ပဏီ၏ အစီအမံ YCDC ခွင့်ပြု

မြရိပ်ညို စီမံကိန်းအား ဆိုင်းငံ့ထားရန် ရန်ကုန်တိုင်းအစိုးရ ညွန်ကြား

ကုက္ကိုင်း ရေလှောင်ကန် အနီးက ခွင့်ပြုချက်မဲ့ မြရိပ်ညို စီမံကိန်း

The post တားမြစ်ထားသည့် မြရိပ်ညို စီမံကိန်း ၂၀၂၀ တွင် အပြီးဆောက်မည် ဟုဆို appeared first on ဧရာဝတီ.

Password မလိုဘဲ Websites တွေကို Log-in ဝင်နိုင်ပြီဖြစ်တဲ့ Chrome 67

$
0
0

Google ဟာ Chrome Browser ရဲ့နောက်ဆုံး Stable ဗားရှင်းဖြစ်တဲ့ Chrome 67 ကို Window, Mac နဲ့ Linux တို့အတွက် မေလ ၃၀ ရက်နေ့က စတင်ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Chrome Version 67.0.3396.62 မှာ Authentication (User စစ်မှန်ကြောင်း သက်သေ အထောက်အထား) ပိုင်းဆိုင်ရာ စံချိန်စံနှုန်း အသစ်တခုဖြစ်တဲ့ WebAuthn ပါဝင်လာပြီ ဖြစ်ပါတယ်။

ဧပြီလတုန်းက စတင်မိတ်ဆက်ခဲ့တဲ့ ယခု Authentication Standard အသစ်ဟာ Website တွေကို Sign In ဝင်တဲ့အခါ Password လုံးဝမလိုဘဲ ဝင်ရောက်နိုင်မယ့် Feature တခုဖြစ်ပြီး၊ FIDO Alliance နဲ့ W3C အဖွဲ့အစည်းတို့ ပူးပေါင်း အကောင်အထည် ဖော်ထားတဲ့ စံနှုန်းအသစ်တခု ဖြစ်ပါတယ်။

WebAuthn API အသုံးပြုထားတဲ့ Websites တွေကို Log In ဝင်တဲ့အခါ၊ Sign In Options အသစ်တခု ထပ်မံမြင်တွေ့ရမှာဖြစ်ပြီး၊ Password ရိုက်ဖြည့်နေစရာ မလိုဘဲ Fingerprint Sensor, Facial Recognition စတဲ့ တူညီမှု လုံးဝမရှိတဲ့ ဇီဝအချက်အလက်တွေ ဒါမှမဟုတ် USB Keys တို့ကို အသုံးပြုပြီး လွယ်ကူလျင်မြန်စွာ ဝင်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။

WebAuthn စနစ်ဟာ Passwords နဲ့ Accounts တွေကို မှတ်သားထားပေးတဲ့ Google Smart Lock ထက် ပိုမို လုံခြုံမှုရှိပြီး၊ Phishing တိုက်ခိုက်မှုတွေ၊ Man-in-the-middle တိုက်ခိုက်မှုတွေ အန္တရာယ်ကနေလည်း ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။

Web Authentication Standards အသစ်ကို Mozilla Firefox, Google Chrome, Microsoft Edge နဲ့ Opera စတဲ့ လူသုံးအများဆုံး အဓိက Browsers ကြီး ၄ ခုစလုံးက ဝင်ရောက်အားထည့် လုပ်ဆောင်လျက် ရှိတာကြောင့် မကြာခင်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့ စနစ်သစ်တခု ဖြစ်လာနိုင်ပါတယ်။

Ref: The Verge

The post Password မလိုဘဲ Websites တွေကို Log-in ဝင်နိုင်ပြီဖြစ်တဲ့ Chrome 67 appeared first on ဧရာဝတီ.


AI Beauty 2.0 နည်းပညာနဲ့ အသစ် ထွက်လာတဲ့ OPPO F7 နဲ့ F7 Youth

$
0
0

OPPO စမတ်ဖုန်း ကုမ္ပဏီမှ စမတ်ဖုန်းသစ်များ ဖြစ်တဲ့ OPPO F7 နဲ့ F7 Youth စမတ်ဖုန်းတို့ကို မြန်မာပြည် ဈေးကွက်မှာ မေလ ၃၀ ရက်နေ့က တရားဝင် မိတ်ဆက်ပေးလိုက်ပါတယ်။ အသစ် မိတ်ဆက်လိုက်တဲ့ F Series ထုတ်ကုန်သစ်များမှာ ယခင် F Series များနဲ့ မတူဘဲ ဒီဇိုင်းပိုင်းမှာ ထူးခြားပြောင်းလဲသွားပြီး အထူးသဖြင့် ဖုန်းရဲ့ နောက်ကျောဘက်ကို ဖန်သား မျက်နှာပြင်ကဲ့သို့ ဖန်တီး ပေးထားတာ တွေ့ရပါတယ်။

ကင်မရာ အပိုင်းကို ပြောရရင်တော့ OPPO က “Selfie” ကို အသားပေး ထုတ်လုပ်ထားပြီး OPPO F7 မှာ 25 Megapixel  အရည်အသွေးရှိတဲ့ Selfie ကင်မရာနဲ့ အဆင့်မြင့် AI Beauty 2.0 နည်းပညာကိုပါ ထည့်သွင်းပေးထားပြီး Sony ရဲ့ 576 sensor အမျိုးအစားကိုပါ Selfie ကင်မရာအတွက် အသုံးပြုတပ်ဆင်ပေးထားတာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဓာတ်ပုံများ ရိုက်ကူးတဲ့အခါ သမားရိုးကျ software HDR ထက် ပိုမိုကောင်းမွန်တဲ့ Sensor HDR အဖြစ် လုပ်ဆောင် ပေးနိုင်တယ်လို့ သိရပါတယ်။

Original ကင်မရာဖြစ်တဲ့ နောက် ကင်မရာအတွက်လည်း 16 Megapixel အရည်အသွေးရှိ ကင်မရာကို အသုံးပြုထားပြီး ကင်မရာတလုံးတည်းနဲ့ Portrait အလှ ဓာတ်ပုံများကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် F7 မှာ ပါဝင်တဲ့ AI Beauty 2.0 နည်းပညာက ဖုန်းအသုံးပြုသူများရဲ့ မျက်နှာပေါ်က Facial Recognition အမှတ်ပေါင်း ၁၉၆ ခု အထိ ဖတ်ယူနိုင်ပြီး ဖုန်းအသုံးပြုသူရဲ့ အသက်၊ ကျား၊ မ သာမက အသားအရောင်၊ အသားအရေ အမျိုးအစားများအထိ အသေးစိတ် ခွဲခြား ပေးနိုင်တယ်လို့ သိရပါတယ်။

အသစ် မိတ်ဆက်လိုက်တဲ့ OPPO F7 နဲ့ F7 Youth စမတ်ဖုန်း (ဓာတ်ပုံ – သီဟတိုး/ဧရာဝတီ)

ဘက်ထရီပိုင်းအနေနဲ့ကတော့ AI Battery Management စနစ်များ ထပ်တိုး ပါဝင်လာခဲ့သလို အရွယ်အစား ကြီးမားသည့် 3400 mAh ဘက်ထရီကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဘက်ထရီကို ပုံမှန်အတိုင်း အသုံးပြုပါက ၁၅ နာရီနီးပါး အထိ ကြာရှည်ခံတယ်လို့လည်း OPPO Myanmar ရဲ့ Product Manager ကိုသန်းအောင်က ပြောပါတယ်။

မျက်နှာပြင် အရွယ်အစား ၆.၂၃ လက်မနဲ့ FullHD+ Super Full Screen ကို အသုံးပြုထားပြီး ဂိမ်းများကစားရမှာ လိုအပ်တဲ့ မျက်နှာပြင် ကျယ်ပြန့်မှုကို ရရှိစေရန် ၁၉း၉ အချိုးကို အသုံးပြုထားတဲ့ စမတ်ဖုန်းလို့ သိရပါတယ်။

Processor အပိုင်းကတော့ စွမ်းဆောင်ရည် ကောင်းမွန်းပြီး 12nm တည်ဆောက်မှုကို အခြေခံဖန်တီးထားတဲ့ Octa-core 2.0 GHz မြန်နှုန်းရှိ CPU နဲ့ အတူ RAM 4GB တို့ကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

Storage အနေနဲ့ Internal memory အဖြစ် 64GB တပါတည်းပါဝင်ပြီး SD card မှတဆင့် 256GB အထိ ထပ်တိုး အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ 4G SIM ကတ် ၂ ကတ် တပြိုင်တည်း အသုံးပြုနိုင်မယ့် Triple slot tray အမျိုးအစား သုံးထားတာ တွေ့ရပါတယ်။

Software ပိုင်းအနေနဲ့ Android Version 8.1 အသုံးပြုထားပြီး OPPO ရဲ့ အသစ်စက်စက် ColorOS 5.0 ကိုလည်း အသုံးပြုထားတာ တွေ့ရပါတယ်။ OPPO F7 စမတ်ဖုန်းများကို အရောင်အနေနဲ့ Solar Red, Moonlight Silver နဲ့ Diamond Black ဆိုပြီး အရောင် ၃ မျိုး ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်း မြန်မာငွေ ကျပ် ၃၈၉,ဝဝဝ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

အသစ် မိတ်ဆက်လိုက်တဲ့ OPPO F7 နဲ့ F7 Youth စမတ်ဖုန်း (ဓာတ်ပုံ – သီဟတိုး/ဧရာဝတီ)

OPPO F7 Youth စမတ်ဖုန်းကတော့ မျက်နှာပြင်အရွယ်အစား ၆ လက်မနဲ့ FullHD+ ဖြစ်ပြီး သူ့မှာလည်း OPPO F7 လိုမျိုး အဆင့်မြင့် AI နည်းပညာများ ပါဝင်တာ တွေ့ရပါတယ်။ မျက်နှာပြင် Full Screen နဲ့အတူ AI Beauty 2.0 နည်းပညာ ပါဝင်ပါတယ်။

ကင်မရာ အရည်အသွေး အနေနဲ့ F7 Youth မှာ 13 Megapixel အရည်အသွေးရှိ ကင်မရာပါဝင်ပြီး Portrait ပုံများ ရိုက်ကူး နိုင်သလို အရှေ့ဘက် Selfie ကင်မရာအတွက် 8 Megapixel အရည်အသွေးရှိ ကင်မရာကို အသုံးပြုထားတာ တွေ့ရပါတယ်။ အရောင်ပိုင်းအနေနဲ့ကလည်း OPPO F7 အတိုင်း တူညီတဲ့ အရောင် ၃ မျိုးကို ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ OPPO F7 Youth စမတ်ဖုန်းဟာ ယခင် လူကြိုက်များ ရောင်းအားကောင်းခဲ့တဲ့ OPPO F5 Youth ကို အဆင့်မြှင့်တင် ထုတ်လုပ်ထားတဲ့ upgrade ဖုန်းတလုံးဖြစ်တာကြောင့် F5 Youth ဈေးနှုန်းအတိုင်း ကျပ် ၃၁၉,ဝဝဝ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ OPPO F7 နဲ့ F7 Youth စမတ်ဖုန်းများကို ဇွန်လ ၉ ရက်နေ့မှစတင်ကာ တနိုင်ငံလုံး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

The post AI Beauty 2.0 နည်းပညာနဲ့ အသစ် ထွက်လာတဲ့ OPPO F7 နဲ့ F7 Youth appeared first on ဧရာဝတီ.

အကောင်းဆုံး Hardware တွေနဲ့ ဆွဲဆောင်လာပြန်တဲ့ OnePlus 6 စမတ်ဖုန်း

$
0
0

မော်ဒယ်မြင့် စမတ်ဖုန်းတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ထုတ်လုပ် ရောင်းချနေမှုကြောင့် နာမည်ကြီးတဲ့ OnePlus ရဲ့ နောက်ဆုံးထွက် မော်ဒယ်ဖြစ်တဲ့ OnePlus 6 ကတော့ မေလထဲ ၅၂၉ ဒေါ်လာနဲ့ စတင်ရောင်းချနေပါပြီ။ OnePlus 5T ပြီးနောက် ၆ လအကြာမှာ ထွက်ရှိလာတဲ့ OnePlus 6 ဟာ အရင် OnePlus ဖုန်းတွေထက် ဘာတွေ ပိုကောင်းလာသလဲ၊ ဘာတွေ ပိုထူးခြားလာလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

ဒီဇိုင်း

နောက်ဆုံးထွက် မော်ဒယ် OnePlus 6 စမတ်ဖုန်း

ဒီဇိုင်းပိုင်းအကြီးအကျယ် ပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ OnePlus 5T ပြီးနောက် ထွက်ရှိလာတဲ့ OnePlus 6 ဖုန်းမှာလည်း နောက်ထပ် ဒီဇိုင်းပြောင်းလဲမှုတွေကို ထပ်မံမြင်တွေ့ ရပါတယ်။ အကြီးမားဆုံး ပြောင်းလဲမှုကတော့ OnePlus ဖုန်းတွေ ထဲမှာ ပထမဦးဆုံးအဖြစ် ကျောဘက်ကိုယ်ထည်ကို ဖန်သားပြောင်းလဲ အသုံးပြုထားတာပါ။ ပြောင်လက်တောက်ပတဲ့ ဖန်သား ကိုယ်ထည်ကြောင့် အရင် OnePlus ဖုန်းတွေထက်စာရင် ပိုပြီးတော့ တန်ဖိုးကြီး ဖုန်းတလုံးဆိုတဲ့ ဖီလင်မျိုး ပိုခံစား လာရပါတယ်။ အရောင်ကွဲတွေအနေနဲ့ Mirror Black, Midnight Black နဲ့ Silk White ဆိုပြီး ၃ မျိုးတွေ့ရပါတယ်။ဖုန်းရှေ့ဘက်ပိုင်းကတော့ 19:9 Aspect Ration ဘောင်မဲ့ Display နဲ့ ဖြစ်ပါတယ်။ အရင် OnePlus 5T တုန်းကလည်း Bezel-less Display နဲ့ ဖြစ်ပေမယ့် Display အပေါ်ဘက်မှာ Notch မပါဝင်ဘဲ အခု OnePlus 6 မှာတော့ Notch ပါဝင်လာတာကို တွေ့ရပါတယ်။

ကျော ကင်မရာနေရာကိုလည်း အရင် OnePlus 5/5T တို့လို မဟုတ်ဘဲ ဖုန်းနောက်ကျောဘက် အလည်တည့်တည့် လောက်ကို ပို့လိုက်ပါတယ်။ Dual-Camera Setup အောက်မှာ Fingerprint Sensor ကို တွေ့မြင်ရမှာဖြစ်ပြီး၊ အဲ့အောက်မှာ OnePlus တံဆိပ်ကို တွေ့ရပါလိမ့်မယ်။ ဒီဇိုင်းပိုင်းက OnePlus5/5T တို့ထက်စာရင် OnePlus 3/3T တို့နဲ့ ပိုဆင်သယောင်ယောင် ရှိပါတယ်။

Design ပိုင်းမှာ အားနည်းချက်တခုကတော့ ဖုန်းအောက်ဘက်က Single-Speaker Grill နေရာကို မပြောင်းလဲ ထားတာပါ။ ဖုန်းကို Landscape အနေအထားနဲ့ လက်ထဲကိုင်ပြီး ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာမျိုးမှာ အသံကို လက်နဲ့အုပ်ပြီး ပိတ်မိသွားတာမျိုး ဖြစ်နိုင်ပါတယ်။

Display

OnePlus ဖုန်းတွေရဲ့ အဓိက နာမည်ကြီးတဲ့ အရာတခုက တောက်ပကြည်လင်ပြီး ကာလာစိုတဲ့ Optic AMOLED Display ဖြစ်ပါတယ်။ Display အရွယ်အစားက ၆.၂၈ လက်မရှိတာကြောင့် ၆.၀၁ လက်မရှိတဲ့ OnePlus 5T Display ထက် ပိုရှည်၊ပိုကြီးသွားပါတယ်။ OnePlus 6 ရဲ့ စခရင်နဲ့ဘောင်အချိုးကလည်း ၈၃ ဒဿမ ၈ ရာခိုင်နှုန်းတောင် ရှိလာပြီး၊ ဘောင်တွေကို သတိမထားမိတော့လောက်အောင် သေးသွားတာကို တွေ့ရပါတယ်။ Display Resolution ကတော့ 1080×2280 pixels (402 ppi) ဆိုတော့ 5T နဲ့ သိပ်မကွာပါဘူး။ Display ရဲ့ ကာလာဖော်ပြနိုင်မှု၊ တောက်ပမှုတို့ကတော့ AMOLED Display တခုဖြစ်တဲ့အတိုင်း အကောင်းဆုံးအရည်အသွေးကို ခံစားရမှာပါ။

Performance

Performance ကတော့ ထုံးစံအတိုင်း အကောင်းဆုံးဆိုတဲ့ Processor ၊ အမြင့်ဆုံး Hardwares တွေကို အသုံးပြု ထားတာကြောင့် Performance အမြင့်ဆုံး Android ဖုန်းတလုံးကို ဒေါ်လာ ၅၃၀ လောက်နဲ့ အသုံးပြုနိုင်မယ့် အခွင့်အရေးပါ။ လက်ရှိ Snapdragon Processor တွေထဲမှာ အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ Snapdragon 845၊ Adreno 540 GPU ၊ 6GB RAM နဲ့ 64 GB Internal Storage တို့ ကို အသုံးပြုထားပါတယ်။ ပိုက်ဆံတတ်နိုင်ရင် 8GB RAM နဲ့ 256GB Storage Model ကို နောက်ထပ် ဒေါ်လာ ၁၀၀ လောက် ပိုသုံးပြီး ဝယ်နိုင်ပါသေးတယ်။

Fingerprint ကတော့ Bezel-less (ဘောင်မဲ့ Display) တွေရဲ့ ထုံးစံအတိုင်း ဖုန်းကျောဘက်ကို ရောက်ရှိသွားပြီး၊ Fingerprint သုံးရတာလည်း တော်တော်မြန်ပါတယ်။ OnePlus 6 ဖုန်းမှာလည်း Face Unlock စနစ်လည်း ပါဝင်တာကြောင့် Fingeprint တောင် သိပ်သုံးစရာလိုမှာမဟုတ်ပါဘူး။ ပြီးတော့ OnePlus ရဲ့ Face Unlock စနစ်က တော်တော်လေးကို မြန်ဆန်၊တိကျလွန်းပါတယ်။ လက်ရှိ Android ဖုန်းတွေထဲမှာ အမြန်ဆုံး Face Unlock စနစ်လို့ ဆိုရင်တောင် မှားမယ်မထင်ပါဘူး။

Software ပိုင်းမှာတော့ Android 8.1 စနစ်အခြေခံ Oxygen OS နဲ့ အသုံးပြုရမှာပါ။ Stock Android နီးပါး ရိုးရှင်းပြီး၊ Feature စုံလင်မြန်ဆန်တဲ့ Oxygen OS နဲ့ Snapdragon 845 တို့ရဲ့ ပေါင်းစပ်မှုကတော့ လျှပ်စီးလက်နေသလိုကို မြန်ဆန်ပါတယ်။ OnePlus ဖုန်းတွေ သုံးစွဲနေကြသူတွေအတွက်ကတော့ Performance ပိုင်းက အထွေအထူး ပြောနေစရာကို လိုမယ်မထင်ပါဘူး။

Camera

OnePlus 6 မှာ 16MP+20MP Dual-Camera Setup ကို အသုံးပြုထားပါတယ်။ ကင်မရာဆန်ဆာနှစ်ခုစလုံး f/1.7 ဆန်ဆာတွေပဲဖြစ်ပါတယ်။ 16MP Sensor Main Camera မှာ OIS ကော EIS စနစ်ပါ ပါဝင်လို့ ဓာတ်ပုံရိုက်ကူးတဲ့ အခါကော ဗီဒီယိုရိုက်တဲ့အခါမှာပါ တုန်ခါမှုကြောင့် ရုပ်မကြည်တာတွေ၊ ဝါးတာတွေ မတွေ့ရပါဘူး။ Camera Mode အနေနဲ့ Portrait, Pro Mode, Panorama, HDR, HQ စတဲ့ Mode မျိုးစုံနဲ့ စိတ်ကြိုက်ရိုက်ကူးနိုင်ပြီး၊ RAW image format လည်း သိမ်းထားနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာတော့ 4K ရုပ်ထွက်ဗီဒီယိုကို 60 fps ထိ ရိုက်ကူးနိုင်ပါတယ်။

ဒါ့အပြင် Super Slow Motion ဗီဒီယိုတွေကို 1080p မှာ 240 fps, 720p မှာ 480 fps တို့နဲ့ ရိုက်ကူးနိုင်ပါတယ်။ Front ကင်မရာကတော့ 16 MP, f/2.0 ကင်မရာဖြစ်ပြီး၊ Front ကင်မရာမှာလည်း Portrait Mode တွေ ပါဝင်ပါတယ်။ OnePlus 6 ရဲ့ ကင်မရာအရည်အသွေးကတော့ ဒီဈေးဝန်းကျင်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ဆိုနိုင်ပြီး၊ အလင်းကောင်းကောင်း ရတဲ့အချိန်မှာ Portrait ကော တခြား Mode တွေပါ အလန်းစားပုံတွေ ရိုက်ကူးနိုင်ပါတယ်။

ဒါပေမယ့် OnePlus ဖုန်းတော်တော်များများရဲ့ အားနည်းချက်တစ်ခုဖြစ်တဲ့ ညဘက်ပိုင်း အလင်းကောင်းကောင်းမရတဲ့ Low-light Photography အပိုင်းမှာ နည်းနည်းလေး အားနည်းနေပါသေးတယ်။ ဒါပေမယ့် ကြည့်ကောင်းတဲ့အဆင့်တော့ ရှိပါသေးတယ်။ ဒါပေမယ့် Video Quality ကတော့ လုံးဝစိတ်ကျေနပ်စရာပါ။

ဘက်ထရီ

OnePlus 6 မှာ Li-Po 3,300 mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး၊ Type C ကနေတဆင့် Dash Charge အားအမြန် သွင်းနည်းပညာကို အသုံးပြုနိုင်ပါတယ်။ Dash Charging ကလည်း လက်ရှိမှာ အမြန်ဆုံး Fast Charging စနစ်တခုဖြစ်ပြီး၊ နာရီဝက်အတွင်း 0% ကနေ 60% လောက်ကို အမြန်သွင်းပေးနိုင်ပါတယ်။

နိဂုံးချုပ်

OnePlus 6 မှာ စာရေးသူ အကြိုက်ဆုံးကတော့ Glass Back Panel ဖြစ်သွားတာပါ။ OnePlus 5 ဖုန်းမှာ စိတ်အညစ်ရဆုံး အချက်တခုက Anodized Aluminum ဘော်ဒီက သိပ်မကြာသေးဘဲ အစင်းရာ၊ အခြစ်ရာ ထင်လွယ်တာပါ။ နည်းနည်းလည်း မွဲခြောက်ခြောက်နိုင်တယ် ခံစားရပါတယ်။ ဒါပေမယ့် အခု OnePlus 6 ကတော့ Glass Body ဖြစ်သွားတော့ တော်တော်မိုက်သွားပါတယ်။

OnePlus 6 ဖုန်းကို နိဂုံးချုပ်ဆိုရမယ်ဆိုရင်တော့ ပေးရတဲ့ ၅၃၉ ဒေါ်လာဈေးနဲ့ ပြန်ရတဲ့ Performance အပိုင်းမှာ လုံးဝတန်တဲ့ ဖုန်းတလုံးပါ။ တန်ဖိုးကြီးဖုန်းတွေရဲ့ မရှိမဖြစ် Features တွေဖြစ်တဲ့ Bluetooth 5.0, NFC, Fast Charging စနစ်တွေ အကုန်ပါဝင်ပြီး၊ ရေစိုလည်း ခံပါတယ်။ (ရေစိမ်တော့ မခံဘဲ IP Rating လည်း မဖော်ပြထားတာကို သတိပြုပါ။)

အပြစ်ပြောရမယ်ဆိုရင် ကြိုးမဲ့အားသွင်းစနစ် မပါသေးတာဘဲ အပြစ်ပြောစရာရှိပေမယ့်၊ ကြိုးမဲ့အားသွင်းစနစ်ကလည်း သိပ်မတွင်ကျယ်၊ မထိရောက်သေးတဲ့အတွက် အရေးတော့မကြီးဘူးလို့ ထင်ပါတယ်။ စာဖတ်သူအနေနဲ့ ဒေါ်လာ ၅၀၀ ဝန်းကျင်ထဲမှာ အကောင်းဆုံး Hardware တွေနဲ့ Android စမတ်ဖုန်းတစ်လုံး ရှာနေတယ်ဆိုရင်တော့ OnePlus 6 က ရွေးချယ်ဖို့ စဉ်းစားသင့်တဲ့ ဖုန်းတလုံးဖြစ်ကြောင်း ညွန်းဆိုလိုက်ပါတယ်။

The post အကောင်းဆုံး Hardware တွေနဲ့ ဆွဲဆောင်လာပြန်တဲ့ OnePlus 6 စမတ်ဖုန်း appeared first on ဧရာဝတီ.

စမတ်ဖုန်း မလိုဘဲ အသုံးပြုနိုင်တဲ့ Mi VR Headset အသစ် မိတ်ဆက်လိုက်တဲ့ Xiaomi

$
0
0

Xiaomi ဟာ မေလ ၃၁ ရက်နေ့က တရုတ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ Mi 8, Mi 8 Explorer Edition, Mi 8 SE နဲ့ Mi Band 3 တို့ အပြင် နောက်ထပ် Product အသစ်တမျိုးကို မိတ်ဆက် သွားခဲ့ပါတယ်။

Mi VR Standalone Headset လို့ အမည်ပေးထားတဲ့ အဆိုပါ Product အသစ်ဟာ အရင်က Xiaomi က ထုတ်ဖူးတဲ့ VR Headset တွေလို စမတ်ဖုန်း ထည့်သုံးစရာ မလိုဘဲ သူ့ချည်းသက်သက် အသုံးပြုနိုင်မယ့် VR Headset အသစ်ဖြစ်ပါတယ်။

ယခု Headset အသစ်ကို Xiaomi နဲ့ Facebook က ပိုင်ဆိုင်တဲ့ Oculus ကုမ္ပဏီတို့ ပူးပေါင်း ထုတ်လုပ်တာ ဖြစ်ပြီး 32GB မော်ဒယ်ကို တရုတ်ယွမ်ငွေ ၁,၄၉၉ (မြန်မာငွေ ကျပ် ၃ သိန်းကျော်) လောက် ကျသင့်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်းမှာ အခုချက်ချင်း Pre-Order မှာယူလို့ ရနေပြီဖြစ်ပါတယ်။

Xiaomi Mi VR Standalone Headset ကို Qualcomm ရဲ့ Flagship Processor မော်ဒယ် တခုဖြစ်တဲ့ Snapdragon 821 SoC ကို အသုံးပြုထားပြီး၊ 3GB RAM နဲ့ 2560×1440 Pixels Fast Switch LCD Display တို့ ပါရှိပါတယ်။ ဒီ Display ဟာ Refresh Rates ကို 60Hz ကနေ 72Hz အထိ Supports ပြုလုပ်ပေး နိုင်တာကြောင့် VR ကြည့်တဲ့အခါ ပိုမိုချောမွေ့အဆင်ပြေလာမှာဖြစ်ပါတယ်။

ဒါ့အပြင် VR အတွက် Oculus ကနေ သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ Fresnel မှန်ဘီလူးတွေကို အသုံးပြုထားပြီး၊ Direction ၃ ခု အသုံးပြုနိုင်တဲ့ 3DoF စနစ်သုံး Controller တခုလည်း ပါရှိပါတယ်။ နောက်ထပ်မိုက်တဲ့ Feature တခုကတော့ ၃၆၀-ပတ်လည် အသံပြေးစနစ်မျိုးကို ပေးစွမ်းနိုင်တဲ့ နားကြပ်တွေလည်း Headset ထဲမှာ တပါတည်းပါရှိလာတာဖြစ်ပါတယ်။

Wi-Fi အတွက် မြန်နှုန်းမြင့်စံနှုန်းတစ်ခုဖြစ်တဲ့ 802.11ac ကို အသုံးပြုထားကာ၊ micro-USB Port ကနေ အားသွင်းအသုံးပြုရမှာဖြစ်ပါတယ်။ Xiaomi ရဲ့ ပြောကြားချက်အရ ယခု Headset ဟာ “အာရှတိုက်သား” တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး၊ အာရှမျက်နှာပေါက်မျိုးမှာ လုံးဝသက်တောင့်သက်သာ တပ်ဆင်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Xiaomi Mi VR Standalone Headset နဲ့ ကစားနိုင်တဲ့ ဂိမ်းနဲ့ App ပေါင်း ၁၀၀ ကျော်ကိုလည်း Oculus Store မှာ ရယူနိုင်ပြီဖြစ်တယ်လို့ ကုမ္ပဏီက ကြေညာသွားခဲ့ပါတယ်။

Ref: Gadgets 360, VRFocus

The post စမတ်ဖုန်း မလိုဘဲ အသုံးပြုနိုင်တဲ့ Mi VR Headset အသစ် မိတ်ဆက်လိုက်တဲ့ Xiaomi appeared first on ဧရာဝတီ.

ကျောက်ဖြူစီမံကိန်းကို ပြန်သုံးသပ်နေဟု ဆို

$
0
0

ကုန်ကျစရိတ်များလွန်းပြီး ကြွေးမြီများပြန်လည်ပေးဆပ်နိုင်ခြင်းမရှိလျှင် တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက်ရောက် ကျရောက်သွားမည်ကို စိုးရိမ်သောကြောင့် မြန်မာ အစိုးရသည် တရုတ်ကျောထောက်နောက်ခံပြု ဒေါ်လာ ၉ ဘီလီယံတန် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ပြန်လည်သုံးသပ်နေကြောင်း Financial Times သတင်းဌာနက ရေးသားသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ကျောက်ဖြူတွင် တည်ဆောက်ရန် စီစဉ်ထားသော ဆိပ်ကမ်းအတွက် ကုန်ကျစရိတ်များ လျှော့ချရန် ညှိနှိုင်း နိုင်မည့်နည်းလမ်းများကို စီးပွားရေး အရာရှိများက ရှာဖွေနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွင်း ဆွေးနွေးမှုများကို သိရှိသူ ၂ ဦးကို ကိုးကား၍ သတင်းက ဆိုသည်။

တရုတ်နိုင်ငံသည် ၎င်း၏ အနောက်တောင်ပိုင်းအတွက် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက်ကုန်သွယ်ရေး စင်္ကြန်တခုဖြစ်လာရန် မျှော်မှန်းထားသည်။ တရုတ်၏ ပိုးလမ်းမသစ် အစီအစဉ်အရ အာရှဥရောပတိုက်သို့ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တည်ဆောက်ရေး ဒေါ်လာ ၁ ထရီလျှံကုန်ကျမည့် စီမံကိန်းတွင် ထိုဆိပ်ကမ်းသည် အစိတ်အပိုင်းတခုဖြစ်သည်။ ကျောက်ဖြူစီမံကိန်းသည် မြန်မာ့သမိုင်းတွင် အကြီးမားဆုံး အခြေခံ အဆောက်အအုံ စီမံကိန်းများအနက် တခုလည်းဖြစ်သည်။

” မြန်မာနိုင်ငံရဲ့အခြေခံအဆောက်အအုံတွေမှာ တိုးပွားလာမှာဖြစ်လို့ ဒီစီမံကိန်းကို ကြိုဆိုသင့်ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းဟာ ငွေအရမ်းကုန်တယ်ဆိုတာကိုလည်း ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ ဒီတော့မြန်မာနိုင်ငံအတွက် ဆုံးရှုံးနိုင်ခြေရှိပြီး ပါဝင်လုပ်ဆောင်ဖို့ စဉ်းစားစရာဖြစ်လာတယ်” ဟု မြန်မာ အစိုးရကို စီးပွားရေးမူဝါဒဆိုင်ရာ အကြံဉာဏ်ပေးနေသည့် ဩစတေးလျှ ပညာရှင် ရှောင်တန်နဲလ်က ပြောသည်။

တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၏ အစတွင်တည်ရှိသော ထိုစီမံကိန်း၏ ခန့်မှန်ခြေ ကုန်ကျစရိတ်မှာ ဒေါ်လာ ၇.၅ ဘီလျှံရှိပြီး အနီးတွင်တည်ဆောက်မည့် စီးပွားရေးဇုန်အတွက် ဒေါ်လာ ၂ ဘီလျှံ ကုန်ကျမည်ဖြစ်သည်။

ထိုဆိပ်ကမ်းကို တရုတ်နိုင်ငံ၏ အကြီးမားဆုံးနှင့် ဩဇာအရှိဆုံး အစိုးရကျောထောက်နောက်ခံပြု လုပ်ငန်းစုကြီးများအနက် တခုဖြစ်သော Citic Group က တည်ဆောက်မည်ဖြစ်သည်။ Citic Group သည် ၂၀၁၅ ခုနှစ်က တည်ဆောက်ရေးတင်ဒါရရှိပြီး တရုတ်ဖက်က စီမံကိန်း၏ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ မြန်မာအစိုးရနှင့်ပြည်တွင်းကုမ္ပဏီများက ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။

“ကျိုးကြောင်းဆီလျှော်တဲ့ ဘယ်လိုအခြေအနေမျိုးမဆို အခု ကုန်ကျစရိတ်ရဲ့ တစိတ်တပိုင်းလောက်နဲ့ဆို ဆိပ်ကမ်းကို မြန်မာနိုင်ငံက ကောင်းကောင်းအသုံးချနိုင်တယ်” ဟု ရှောင်တန်နဲလ်က ပြောသည်။ ထိုဝေဖန်ပြောကြားခြင်းသည် သူ၏ ပုဂ္ဂလိက အမြင်ဖြစ်သော်လည်း အစိုးရအရာရှိများသည် စီမံကိန်း ကုန်ကျစရိတ်လျှော့ချရေး ညှိနိုင်းရန် နည်းလမ်းရှာနေကြောင်း သူ အတည်ပြုပြောကြားသည်။

မြန်မာအစိုးရအတွင်း ဆွေးနွေးမှုများကို ရှင်းပြသော အခြား နိုင်ငံခြားပညာရှင်တဦးကလည်း ပိုမိုပြင်းထန်စွာ ဝေဖန်သည်။ မြန်မာနိုင်ငံအနေဖြင့် အကြွေးများကို ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ထိုဆိပ်ကမ်းကို တရုတ်နိုင်ငံက ထိန်းချုပ်သွားမည်ကို စိုးရိမ်သောကြောင့် မူဝါဒ မှတ်သူများအတွက် ထိုစီမံကိန်းသည် အိက်မက်ဆိုးကြီး ဖြစ်နေသည်ဟု သူက ပြောသည်။

“စီမံကိန်း အလုပ်မဖြစ်ရင် အကြွေးမဆပ်နိုင်တဲ့ အန္တရာယ် ရှိပြီး တရုတ်ပိုင် ဆိပ်ကမ်းဖြစ်သွားနိုင်တယ်”ဟု စီမံကိန်း၏ အရေးပါမှုကြောင့် အမည်ထုတ်ဖေါ်ပြောဆိုခြင်းမရှိသော ထိုသူက Financial Times သတင်းဌာနသို့ ပြောသည်။

အလားတူ ပြဿနာများကို အာရှတခွင်တွင် တွေ့ကြုံနေရပြီး ဖြစ်သည်။ သီရိလင်္ကာနိုင်ငံသည် စီမံကိန်းကြွေးမြီများကို ပေးဆပ်နိုင်ခြင်းမရှိသောကြောင့် ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို လွန်ခဲ့သော နှစ်က တရုတ်နိုင်ငံသို့ ၉၉ နှစ် အငှားချထားလိုက်ရသည်။

ထိုစီမံကိန်းမှ ရှယ်ယာအတွက် မြန်မာနိုင်ငံက လိုအပ်မည့် ချေးငွေပမာဏမှာ ဒေါ်လာ ၂ ဘီလျှံ သို့မဟုတ် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၃ ရာခိုင်နှုန်းရှိသောကြောင့် ကြွေးမြီများ အကြီးအကျယ်တိုးလာမည် ဟု ရှောင်တာနဲလ်က ခန့်မှန်းသည်။

မြန်မာနိုင်ငံက ထိုစီမံကိန်းကို ပြန်လည်သုံးသပ်ချိန်သည် တိုင်းပြည်အတွက် လွန်စွာ အရေးပါသော အချိန်နှင့် တိုက်ဆိုင်နေသည်။ မြန်မာနိုင်ငံသည် ရခိုင်ပြည် မြောက်ပိုင်းနေ မွတ်စလင်များကို စစ်ရေးအရ ချေမှုန်းမှုကြောင့် နိုင်ငံတကာပြစ်တင်ဝေဖန်မှုများကို ရင်ဆိုင်နေရချိန်ဖြစ်သောကြောင့် တရုတ်နိုင်ငံဖက်သို့ တွန်းပို့ခံနေရချိန်လည်း ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သေနင်္ဂဗျူဟာအရ အရေးပါလှသော ဆိပ်ကမ်းတွင် မူလက ၈၅ ရာခိုင်နှုန်းအထိ ရယူရန် ရည်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် လျှောချခဲ့သည်။ ထိုသဘောတူညီချက်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလက ရယူခဲ့သည်ဟု Reuters သတင်းတပုဒ်က ဆိုသည်။

၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံမြောက်ပိုင်းမှ ဒေါ်လာ ၁.၅ ဘီလျှံတန် မြစ်ဆုံစီမံကိန်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ဆိုင်းငံ့ခဲ့ပြီး ယင်းစီမံကိန်း ဆက်လုပ်ဖြစ် မဖြစ် မရေရာသေးချေ။

The post ကျောက်ဖြူစီမံကိန်းကို ပြန်သုံးသပ်နေဟု ဆို appeared first on ဧရာဝတီ.

ဓာတ်အားပေးစက်ရုံ စီမံကိန်းများ ကိစ္စ ကြံ့ခိုင်ရေးအမတ် ဝေဖန်

$
0
0

တနသာၤရီတိုင်း ကံပေါက်ဒေသ၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကျောက်ဖြူတို့တွင် ဆောင်ရွက်မည့် အမေရိကန် ဒေါ်လာ ၅ ဘီ လျံကျော် တန်ဖိုးရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းလုပ်ငန်းကြီး ၄ ခုကို တင်ဒါခေါ်ယူခြင်း မရှိဘဲ အကောင်အထည်ဖော်နေခြင်းကို အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး)မှ ယနေ့ လွှတ်တော်တွင် ဝေဖန် ပြောဆိုလိုက်သည်။

စီမံကိန်းလုပ်ငန်းများကို တင်ဒါခေါ်ယူရန် သမ္မတရုံးက ညွှန်ကြားချက် ၁/၂၀၁၇ ဖြင့် ထုတ်ပြန်ပြီး ဖြစ်သော်လည်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ညွှန်ကြားချက်ကို ဆန့်ကျင်၍ တင်ဒါမခေါ်ဘဲ လက်သင့်ရာစားတော်ခေါ်ခြင်းကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့် လင်းမြင်သားမှုများ ဘယ်ရောက်သွားသနည်းဟု ကြံ့ခိုင်ရေးပါတီ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ယနေ့ ပြည်သူ့လွှတ်တော်တွင် မေးခွန်းထုတ်သည်။

“ဝန်ကြီးဌာန အနေနဲ့ ဒီကိစ္စကို တင်ဒါမခေါ်ဘဲ စီးပွားရေး ကော်မတီနဲ့ ကက်ဘိနက်ကို တင်ပြဆောင်ရွက်ခဲ့တာပါ ဆိုရင်တော့ အစိုးရ အဖွဲ့ဟာ ကိုယ်ထုတ်တဲ့အမိန့်၊ ညွှန်ကြားချက်ကို ကိုယ်တိုင် မလိုက်နာဘဲ ဖောက်ဖျက်နေပြီလို့ ဝေဖန်ပြောကြားလိုပါတယ်”ဟု ဦးမောင်မြင့်က ပြောသည်။

တနသာၤရီတိုင်း ကံပေါက်ဒေသတွင် LNG to Power စီမံကိန်းကို Total Gas & Power Business Service S.A.S နှင့် SIEMENS A.G နှင့် လည်းကောင်း၊ ဧရာဝတီတိုင်း မီးလောင်ချိုင်တွင် Zhefu Holding Co.,Ltd နှင့် Supreme Trading Co.,Ltd ၊ ရန်ကုန်တိုင်း အလုံ တွင် TTCL Public ကုမ္ပဏီ လီမိတက်နှင့် ကျောက်ဖြူတွင် CCGT စီမံကိန်းကို Sinohydro Corporation လီမိတက်နှင့် Supreme Tradi ng Co.,Ltd တို့ကို ရင်းနှီးမြုပ်နှံနိုင်ရေး အကြိုလုပ်ငန်းများ ခွင့်ပြုချက်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်တွင် ပြောသည်။

ထို့ပြင် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က ကျင်းပသည့် စီးပွားရေးရာ ကော်မတီတွင် ဆုံးဖြတ်ချက်အရ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများကို ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ချမှတ်ထားသော မူဝါဒအရ မူလ စီမံကိန်းများတွင် ပါဝင်ခြင်း မရှိဘဲ ရင်းနှီးမြုပ်နှံသူမှ ၎င်း၏ အစီအစဉ်ဖြင့် ဆောင်ရွက်လိုကြောင့် အဆိုပြုစီမံကိန်းများကို နိုင်ငံတော်နှင့် ဒေသများ အကျိုးဖြစ်ထွန်းနိုင်မှု အပေါ် မူတည်၍ တင်ဒါလုပ်ငန်းစဉ်ကို မလိုအပ်ဘဲ ခွင့်ပြုနိုင်ကြောင်း ဦးဝင်းခိုင်က ရှင်းပြသည်။

ဦးဝင်းခိုင်က “ဒီအချိန်မှာ ရဲရဲဝံ့ဝံ့၊ ပြတ်ပြတ်သားသား၊ မလုပ်ဘူးဆိုရင် နောက် ၃ နှစ်မှာလည်း ဒီလွှတ်တော်မှာ ဒီအကြောင်းပဲ ဆက် ပြီး ပြောနေရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ကတော့ တနှစ်တနှစ်ကို မဂ္ဂါဝပ် ၁၀၀ ဝန်းကျင်လောက်ပဲ ရအောင် လုပ်နိုင်ပါ မယ်။ ဒီလိုသာ ဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထု တောင့်တတဲ့၊ ယခင် လုပ်သင့်လုပ်ထိုက်တာ မလုပ်ခဲ့လို့ အခုအချိန်ကျမှ မဂ္ဂါဝပ် ၃၀၀၀ ကြီးကို လုပ်ရမယ့် အခြေအနေတခု ရောက်နေလို့ လုပ်ရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

ယခင် အစိုးရ အဆက်ဆက်သည် မဂ္ဂါဝပ် ၄၁၀၀၀ ထုတ်မည်ဟု ပြောဆိုခဲ့သော်လည်း စာရွက်ပေါ်တွင်သာ ရှိကြောင်း၊ ယခု တိုင်းပြည် တွင် မဂ္ဂါဝပ် ၃၀၀၀ ရှိရာ နောက်ထပ် ၃ နှစ်အတွင်း လိုအပ်လာမည့် မဂ္ဂါဝပ် ၃၀၀၀ ကို ဆောင်ရွက်နိုင်ရေး နည်းလမ်းမျိုးစုံ ရှာဖွေနေ ရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက လွှတ်တော်တွင် ပြန်လည် ချေပြခဲ့သည်။

“လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးတယောက် အနေနဲ့ နောက် ၃ နှစ်မှာ ကိုယ့်တိုင်းပြည်မှာ ဓာတ်ငွေ့တွေ ကုန်တော့မှာကို သိသိကြီးနဲ့ ဘာမှ မလှုပ်ရှားဘဲ မလုပ်ဘဲ၊ မကိုင်ဘဲ နေလို့မရပါဘူး။ ဓာတ်ငွေ့ ၁၀ ရုံက လောလောဆယ် မဂ္ဂါဝပ် ၁၄၀၀ကျော် ပေးနေပါတယ်။ နောက် ၃နှစ်မှာ အဲဒီ ပြည်တွင်း ဓာတ်ငွေ့တွေ မရရင် ၁၄၀၀ မဂ္ဂါဝပ် System ထဲကနေ ပြုတ်ထွက်သွားမယ်ဆိုရင် ဒီမှာရှိတဲ့ အမတ်ကြီးများ အားလုံး ဘာတွေဖြစ်သွားပြီလဲဆိုတာ မှန်းဆလို့ ရပါတယ်”ဟု ၎င်းက မေးခွန်းပြန်ထုတ်သည်။

မင်းကင်းအမတ် ဦးမောင်မြင့်ကမူ ယခု စီမံကိန်းလုပ်ငန်းများ အားလုံးကို စီးပွားရေး ကော်မတီတခုတည်း၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက် ခြင်းသည် သမ္မတရုံး၏ ညွှန်ကြားချက်ကို ချိုးဖောက်ခြင်းဟု ထပ်မံ အတည်ပြု ပြောဆိုပြီး လုပ်ပိုင်ခွင့် ၂ ကြိမ် တိုင်တိုင် ရရှိသည့် Supreme Trading Co.,Ltd တွင် အနားယူသွားရသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးကျော်ဝင်း၏ ဇနီး ပါဝင်နေကြောင်း ပြောသည်။

“Supreme ဆိုတာ ဗမာကုမ္ပဏီ၊ အဲဒီမှာ ဥက္ကဋ္ဌ ဦးစိန်မြင့်ဆိုတာ ငါနဲ့လည်း သိတယ်။ လူချင်းခင်တာက ခင်တာတပိုင်းပဲ။ လုပ်လို့မရဘူး။ သူက ၂ ခါရတယ်။ ဟိုမှာလည်း တခါရတယ်။ ပေါင်းရတာပေါ့။ အဲဒီ Supreme မှာ အခု ပြုတ်သွားတဲ့ ဦးကျော်ဝင်းရဲ့ မိန်းမ လုပ်တာ။ ဒါကြောင့် ရတာ။ ဒါတည့်တည့် ပြောတာ”ဟု လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။

ဝန်ကြီးအဖြေပေးသည့် အစိုးရက ပိုက်ဆံစိုက်ထုတ်ရခြင်း မရှိဆိုသော်လည်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သည့် ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်ခြင်း လုပ်ငန်းများကို တင်ဒါခေါ်ယူပြီး နိုင်ငံတကာအဖွဲ့တခုဖြင့် ရွေးချယ်ခဲ့ကြောင်း၊ ဝန်ကြီး၏ ဥပဒေများအရလည်း ပြည်ထောင်စု အစိုးရအဖွဲ့မှ သဘောတူရမည် ဖြစ်ရာ တင်ဒါခေါ်ခိုင်းခြင်းကို ဆိုလိုခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဝန်ကြီးဌာနကမူ LNG သုံးစွဲပြီး ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ အဆိုပြု တင် ပြချက် ၂၀ ကျော်ကို လက်ခံစဉ်းစားရာတွင် ရင်းနှီးမြုပ်နှံမှု အဆိုပြု ကုမ္ပဏီ၏ နောက်ခံအချက်အလက်များ၊ ကုမ္ပဏီ ထူထောင်ထား သည့် မူရင်းနိုင်ငံ၊ စီမံကိန်း တည်နေရာနှင့် မြေနေရာ ရရှိနိုင်မှု၊ ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်နိုင်မှု အခြေအနေနှင့် တင်သွင်းမည့် LNG ဓာတ်ငွေ့အတွက် စိတ်ချရမှု အခြေအနေတို့ ဖြစ်ကြောင်း လွှတ်တော်တွင် ရှင်းပြသည်။

ထို့ပြင် တိုင်းပြည်တွင် အရင်းအမြစ် အပေါများဆုံးဖြစ်သော ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ရေးကို ပြည်တွင်း၊ ပြည် ပလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ခေတ်အဆက်ဆက်က MOU၊ MOA၊ JVA များ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုထားသည့် စာချုပ် ၃၀ ရှိပြီး စီမံကိန်း ၅၀ မှ ၄၁၈၃၇၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် ဖြစ်သော်လည်း ၎င်းတို့အားလုံးမှာ စာရွက်ပေါ်တွင်သာ ရှိကြောင်း ဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

“ဒီလုပ်ငန်းတွေကို မင်းတို့ ၄ ယောက် စပြီးတော့ ဆောင်ရွက်ကြ။ မင်းတို့ရဲ့ EIA၊ SIA ဒါတွေကို ရှင်းကြ၊ လင်းကြ။ ငါတို့ပေးနိုင်တဲ့ ဈေးနဲ့ မင်းတို့ ညှိကြ။ ဒါကို လုပ်ဖို့အတွက် NTP (Notice to Proceed) ထုတ်ပေးခြင်း ဖြစ်ပါတယ်။ Contract Award မဟုတ်သေးပါဘူး။ ဒီ အပေါ်မှာ ဒီလိုမှ မလုပ်ရင် နောက် ၃ နှစ် ကျနော်မှာ တာဝန်ရှိပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုမှာ ရန်ကုန်တွင် ၁၂၇၅ မဂ္ဂါဝပ်၊ မန္တလေးတွင် ၄၃၀ မဂ္ဂါဝပ်၊ အခြား ပြည်နယ်နှင့် တိုင်းများ တွင် ၁၄၉၅ မဂ္ဂါဝပ် စုစုပေါင်း ၃၂၀၀ မဂ္ဂဝပ်ခန့်ရှိကြောင်း၊လျှပ်စစ် ဓါတ်အား မရရှိသေးသည့် ပြည်သူ အိမ်ထောင်စု ၆ သန်းကလည်း National Grid မှ လျှပ်စစ် ဓာတ်အားကို တောင်းဆိုနေကြောင်း၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကလည်း တောင်းဆိုနေကြောင်း သိရသည်။

The post ဓာတ်အားပေးစက်ရုံ စီမံကိန်းများ ကိစ္စ ကြံ့ခိုင်ရေးအမတ် ဝေဖန် appeared first on ဧရာဝတီ.

Viewing all 5004 articles
Browse latest View live