Quantcast
Channel: စီးပွားရေး - ဧရာဝတီ
Viewing all 5004 articles
Browse latest View live

အသုံးပြုသူ သန်း ၁၀၀ ရဲ့ အချက်အလက်တွေ ပါသွားကြောင်း Quora ပြောကြား

$
0
0

လုံခြုံရေးကျိုးပေါက်မှုကြောင့် အသုံးပြုသူပေါင်း သန်း ၁၀၀ ရဲ့ အချက်အလက်တွေ ပါသွားခဲ့ကြောင်း Quora က ကြေညာလိုက်ပါတယ်။

လူသုံးအများဆုံး အမေးအဖြေ ဝဘ်ဆိုဒ်တခုဖြစ်တဲ့ Quora ဟာ ၎င်းရဲ့ စနစ်ထဲ ဟက်ကာတွေ ထိုးဖောက်ဝင်ရောက် ခဲ့တာကို လွန်ခဲ့တဲ့တပတ်မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဟက်ကာတွေ ရယူသွားတဲ့ ဒေတာတွေထဲမှာ အသုံးပြုသူအမည်၊ အီးမေးလ်လိပ်စာ နဲ့ ကုဒ်အဖြစ် ပြောင်းလဲထားတဲ့ စကားဝှက် တွေ ပါဝင်သွားခဲ့ပါတယ်။ အကယ်လို့ အသုံးပြုသူတယောက်ဟာ Facebook သို့မဟုတ် တခြား လူမှုကွန်ရက် တခုခုနဲ့ Quora အကောင့်ကို ချိတ်ဆက်ထားမယ်ဆိုရင် Facebook အကောင့်အမည်၊ နေရပ်ဒေသ စတဲ့ အချက်အလက်တွေလည်း ပါသွားမှာပါ။

တချို့သော Private လုပ်ဆောင်ချက်တွေဖြစ်တဲ့ Quora အသုံးပြုသူရဲ့ အဖြေ တောင်းခံထားမှု၊ Downvote လုပ်ထားမှုနဲ့ တိုက်ရိုက် ပေးပို့ထားတဲ့ မက်ဆေ့တွေလည်း ပါဝင်သွားနိုင်ကြောင်း Quora က ထုတ်ပြန်ထားပါတယ်။

အမည်မဖော်ပြဘဲ Anonymous အနေနဲ့ တင်ထားတဲ့ အကြောင်းအရာတွေမှာတော့ အကောင့်ပိုင်ရှင်ရဲ့ အချက်အလက် ကို မသိမ်းဆည်းထားတဲ့အတွက် Anonymous အနေနဲ့ပဲ ရှိနေမှာ ဖြစ်ပါတယ်။

“ ရယူသွားတဲ့ ဒေတာ အကုန်လိုလိုက Quora မှာ အကုန်မြင်တွေ့နိုင်အောင် Public လုပ်ထားပြီးသား အချက်အလက် တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အကောင့်နဲ့ တခြား အတွင်းရေးအချက်အလက်တွေ ပေါက်ကြားသွားတာကတော့ စိုးရိမ်ရပါတယ်” လို့ Quora CEO Adam D’Angelo က ဘလော့ဂ်ပို့စ်မှာ ရေးသားခဲ့ပါတယ်။

ယခု တိုက်ခိုက်ခံရမှုမှာ ပါသွားခဲ့တဲ့ အကောင့်ပိုင်ရှင်တွေဆီကို Quora က အကြောင်းကြားစာ အီးမေးလ်တွေ ပေးပို့နေပြီဖြစ်တာကြောင့် မိမိအကောင့် ပါ/ မပါ ကို အီးမေးလ် စစ်ကြည့်နိုင်ပါတယ်။

Quora က ယခုဖြစ်ရပ်ကို ဥပဒေအဖွဲ့အစည်းတွေကို အကြောင်းကြားပြီး ဖြစ်ကာ၊ နာမည်ကျော် ဒီဂျစ်တယ် လုံခြုံရေးလုပ်ငန်းတခုကို ငှားရမ်းပြီးလည်း စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။

၂၀၁၅ ခုနှစ်မှာ လစဉ် အသုံးပြုသူပေါင်း သန်း ၂၀၀ ကျော် ရှိခဲ့တဲ့ Quora အတွက် သန်း ၁၀၀ ပမာဏ အကောင့် စုစုပေါင်းရဲ့ တဝက်နီးပါးလောက် ရှိနေပါတယ်။

Ref: The Verge

The post အသုံးပြုသူ သန်း ၁၀၀ ရဲ့ အချက်အလက်တွေ ပါသွားကြောင်း Quora ပြောကြား appeared first on ဧရာဝတီ.


YouTube ကနေ တနှစ် ဒေါ်လာ ၂၂ သန်း ရရှိနေတဲ့ ကလေးငယ်

$
0
0

Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်အတွက် YouTube ရဲ့ ဝင်ငွေအများဆုံး စာရင်းမှာ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးက ဒေါ်လာ ၂၂ သန်းနဲ့ ဦးဆောင်နေပါတယ်။

ကစားစရာအရုပ်တွေအကြောင်း သုံးသပ် Review လုပ်ပေးနေတဲ့ Ryan ToysReview ချန်နယ်က Ryan ဆိုတဲ့ ကောင်လေးဟာ ယခု ဇွန်လအထိ ၁၂ လအတွင်းမှာ YouTube ကနေ စုစုပေါင်း ဒေါ်လာ ၂၂ သန်းအထိ ရှာနိုင်ခဲ့ပါတယ်။

Ryan ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အဆင့် ၈ နေရာမှာပဲ ရှိနေခဲ့ပေမယ့်၊ ယခုနှစ်မှာတော့ ဝင်ငွေ ၂ ဆ ကျော် တက်လာပြီး ပထမနေရာကို ခုန်တက်ခဲ့တာ ဖြစ်ပါတယ်။

Ryan ရဲ့ YouTube ချန်နယ်ကို မိဘနှစ်ဦးကိုယ်တိုင်က ၂၀၁၅ ခုနှစ်၊ မတ်လမှာ ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဗီဒီယို ကြည့်ရှုမှု အရေအတွက်ပေါင်း ၂၆ ဘီလျံ ထိ ရှိနေပြီ ဖြစ်ကာ၊ Follow လုပ်ထားသူပေါင်း ၁၇.၃ သန်းကျော် ရရှိထားပါတယ်။

Forbes ရဲ့ အဆိုအရ Ryan ရရှိခဲ့တဲ့ ဝင်ငွေ ဒေါ်လာ ၂၂ သန်းမှာ ၂၁ သန်း က ဗီဒီယို မစခင် ပြတဲ့ ကြော်ငြာတွေကနေ ရရှိခဲ့တာ ဖြစ်ပြီး၊ ကျန် ၁ သန်းကတော့ ကြော်ငြာပေးတဲ့ ပို့စ်တွေကနေ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သြဂတ်လတုန်းက Walmart ဟာ Ryan’s World လို့ ခေါ်တဲ့ Ryan နာမည်နဲ့ ထုတ်တဲ့ အရုပ် မျိုးစုံကို စတင် ရောင်းချခဲ့ပါတယ်။ Walmart စတိုးတခုမှာ သူ့နာမည်နဲ့ ထုတ်ထားတဲ့ အရုပ်တွေကို လိုက်ရှာနေတဲ့ Ryan နဲ့ မိဘနှစ်ဦးတို့ရဲ့ ဗီဒီယို ဟာဆိုရင် လက်ရှိအချိန်မှာ ကြည့်ရှုပေါင်း ၁၄ သန်း ကျော် ရရှိထားပါတယ်။

Ryan ဟာ ကလေးအရွယ်ပဲ ရှိသေးတာကြောင့် ရရှိသမျှ ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို အသက်ပြည့်တဲ့ အချိန်မှ ထုတ်နိုင်မယ့် ဘဏ်အကောင့်တခုမှာ အပ်ပေးထားတယ်လို့ သိရပါတယ်။

Forbes ရဲ့ ဝင်ငွေအများဆုံး YouTube ကြယ်ပွင့် ၁၀ ဦး စာရင်းမှာတော့ Jake နဲ့ Logan Paul တို့ ညီအကိုက အဆင့် ၂ နဲ့ အဆင့် ၁၀ နေရာတို့မှာ အသီးသီး ရပ်တည်နေပါတယ်။

တတိယနေရာမှာတော့ Dude Perfect ချန်နယ်က ဝင်ငွေ ဒေါ်လာ သန်း ၂၀ နဲ့ ရပ်တည်နေကာ၊ ၂၀၁၇ ခုနှစ် စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်ခဲ့တဲ့ Minecraft gamer Daniel Middleton ကတော့ ဝင်ငွေ ၁၈.၅ သန်းနဲ့ စတုတ္ထ နေရာ ဆင်းသွားတာ တွေ့ရပါတယ်။

YouTube ရဲ့ Subscriber အများဆုံး စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ PewDiePie ကတော့ ဝင်ငွေ ဒေါ်လာ ၁၅.၅ သန်းနဲ့ အဆင့် ၉ မှာ ရှိနေပါတယ်။

Ref: BBC, Gadgets NDTV

The post YouTube ကနေ တနှစ် ဒေါ်လာ ၂၂ သန်း ရရှိနေတဲ့ ကလေးငယ် appeared first on ဧရာဝတီ.

Ohio မှာ မောင်းသူမဲ့ ဘတ်စ်ကားတွေ အခမဲ့ ပြေးဆွဲမည်

$
0
0

Ohio ပြည်နယ်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က စတင်ပြီး မောင်းသူမဲ့ ဘတ်စ်ကားတွေကို အခမဲ့ ခေါက်တို ပြေးဆွဲပေးတော့မှာ ဖြစ်ပါတယ်။

Ohio ပြည်နယ်ဟာ မောင်းသူမဲ့ကားနည်းပညာရဲ့ အချက်အချာကျ ပြည်နယ်တခုဖြစ်ဖို့ လိုလားနေပြီး၊ မောင်းသူမဲ့ကား တွေကို လမ်းမကြီးတွေမှာ စမ်းသပ်ခွင့်ကိုလည်း ချပေးထားပါတယ်။

Ohio ပြည်နယ်ရဲ့ ပထမဆုံး မောင်းသူမဲ့ ခေါက်တိုဘတ်စ်ကားဝန်ဆောင်မှု ဖြစ်လာမယ့် Smart Circuit ကို Ohio ပို့ဆောင်ရေးဌာန နဲ့ စမတ်စီးတီးအကောင်အထည်ဖော်ရေး အစီအစဉ် Smart Columbus တို့ ပူးပေါင်း အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ Ohio ပြည်နယ် ၊ Columbus မြို့မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က စတင် ပြေးဆွဲသွားမှာပါ။

Smart Circuit ကို May Mobility ယာဉ် သုံးစီးနဲ့ Scioto Mile အပန်းဖြေဇုန် ပတ်လည် ၁.၅ မိုင် ပတ်လမ်းကြောင်း အတွင်း လွန်းပြန် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ မနက် ၆ နာရီ ကနေ ည ၁၀ နာရီအထိ ပြေးဆွဲပေးမှာ ဖြစ်ကာ၊ မှတ်တိုင် လေးခု ကနေ ၁၀ မိနစ်ခြားတခါ ထွက်မှာ ဖြစ်ပါတယ်။

Ohio မောင်းသူမဲ့ယာဉ် စမ်းသပ်မှု ဥပဒေအရ လူသားယာဉ်မောင်းတဦးက အရန်အဖြစ် ယာဉ်အတွင်း လိုက်ပါပေးမှာပါ။ ယာဉ်စီးခ ပေးချေစရာ မလိုဘူးလို့ သိရပါတယ်။ မောင်းသူမဲ့ လွန်းပြန်ယာဉ် တစီးမှာ ခရီးသည်ထိုင်ခုံ ၄ ခုံ ပါဝင်ပြီး၊ တနာရီ ၂၅ မိုင်နှုန်းနဲ့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

ယခု ဝန်ဆောင်မှုဟာ သာမန် ဘတ်စ်ကားလိုင်းတွေကို အပြည့်အဝ အစားထိုးနိုင်မယ့် အစီအစဉ်တော့ မဟုတ်ပါဘူး။

မောင်းသူမဲ့ယာဉ်နည်းပညာကို ပိုမို လေ့လာနိုင်ဖို့နဲ့ Columbus ရဲ့ ပို့ဆောင်ရေး ကွန်ရက်ကို ပိုမို တိုးတက်စေဖို့ ရည်ရွယ် စမ်းသပ်ချက်သာ ဖြစ်ပါတယ်။ ဒါ့အပြင် မောင်းသူမဲ့နည်းပညာကို ဒေသခံတွေ ပိုမို စိတ်ဝင်စား၊ ထောက်ခံမှု ရရှိဖို့အတွက်လည်း အထောက်အကူ ဖြစ်မှာပါ။

မောင်းသူမဲ့ယာဉ်နဲ့ နည်းပညာတွေကို ဖန်တီးထုတ်လုပ်နေတဲ့ May Mobility ကုမ္ပဏီအတွက်လည်း ယခု ဝန်ဆောင်မှုက အရေးပါတဲ့ ခြေလှမ်း တရပ်ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇွန်လ တုန်းကလည်း Detroit မှာ မောင်းသူမဲ့ လွန်းပြန်ဘတ်စ်ကားတွေကို ချထားခဲ့ပြီးပါပြီ။

Ohio မှာ စတင်မယ့် Smart Circuit အစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စု အနှံ့မှာ မောင်းသူမဲ့ လွန်းပြန်ဘတ်စ်ကားတွေ ပြေးဆွဲမယ့် May Mobility ရဲ့ ရည်ရွယ်ချက်ထံ တဆင့် နီးကပ်လာခြင်းပါ။

အားလုံး အဆင်ပြေချောမွေ့တယ်ဆိုရင်တော့ မကြာမီ နှစ်အနည်းငယ်အတွင်းမှာ မောင်းသူမဲ့ ဘတ်စ်ကား ဆိုတာ အမေရိကန်မှာ တွေ့နေကြအရာတွေ ဖြစ်သွားပါလိမ့်မယ်။

Ref: Engadget

The post Ohio မှာ မောင်းသူမဲ့ ဘတ်စ်ကားတွေ အခမဲ့ ပြေးဆွဲမည် appeared first on ဧရာဝတီ.

အစိုးရ အချက်အလက်ဌာနအတွက် တောင်ကိုရီးယား ချေးငွေယူရေး လွှတ်တော်တွင် ဆွေးနွေးရန်ရှိ

$
0
0

e-governance ဗဟိုအချက်အလက်ဌာန တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၉၅ သန်းနီးပါး(ကျပ်ငွေ ၁၅၀.၇ ဘီလီယံ) ချေးယူရေး လွှတ်တော်ထောက်ခံမှု ရရှိရန် အစိုးရက ကြိုးပမ်းနေသည်။

နေပြည်တော်တွင် e-Government အချက်အလက် စုစည်းဌာနနှင့် ရန်ကုန်အနီး သံလျင်မြို့နယ်တွင် ၎င်းအရံဌာန တည်ဆောက်ရန် အစိုးရစီမံချက်ကို သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြည်ထောင်စုလွှတ်တော်တွင် တနင်္လာနေ့က ရှင်းလင်းတင်ပြခဲ့သည်။

ဒေါ်လာ ၁၀၄ သန်းကျော် ကုန်ကျမည့် အဆိုပါ ၃ နှစ်စီမံချက်ကို လွှတ်တော်က ထောက်ခံလျှင် လာမည့်နှစ် ဇန်နဝါရီလမှ စတင်၍ ဝန်ကြီးဌာန၏ သတင်းအချက်အလက် နည်းပညာနှင့် ဆိုင်ဘာလုံခြုံရေးဌာနခွဲအနေဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။ ယင်းစီမံချက်အတွက် လိုအပ်သည့်ဘဏ္ဍာငွေကို တောင်ကိုရီးယားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရံပုံငွေ (၎င်းကို သက်ဆိုင်ရာနိုင်ငံ၏ Exim က စီမံနေ) မှ ရရှိမည့်ချေးငွေ ဒေါ်လာ ၉၃ ဒသမ ၇၉၉ သန်းနှင့် မြန်မာအစိုးရဘတ်ဂျက်မှ ဒေါ်လာ ၁၀ ဒသမ ၄၆၇ သန်းတို့ဖြင့် သုံးစွဲသွားမည်ဖြစ်သည်။

အဆိုပါအချက်အလက်ဌာနအနေဖြင့် အွန်လိုင်းဝန်ဆောင်မှု၊ မြန်ဆန် လွယ်ကူစွာ ရနိုင်မည့် သတင်းအချက်အလက်များအား လူထုက ရရှိစေပြီး အစိုးရအချက်အလက်များလည်း ပိုမို စိတ်ချလုံခြုံလာမည်ဟု ဦးသန့်စင်မောင်က လွှတ်တော်သို့ ပြောသည်။

ကိုရီးယားနည်းပညာရှင်များသည် သတင်းအချက်အလက် နည်းပညာနှင့် ဆိုင်ဘာလုံခြုံရေးဌာနခွဲနှင့် eGIDC စီမံကိန်းအပေါ် ဖြစ်နိုင်ချေလေ့လာမှုအတွက် ယမန်နှစ်က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

အဆိုပါချေးငွေကာလမှာ နှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်း ဝ.၀၁ ဖြစ်ကြောင်း သူက ဖြည့်စွက်ပြောသည်။ “သို့သော် အကောင်အထည်ဖော်တဲ့ကုမ္ပဏီဟာ ကိုရီးယားနိုင်ငံက အသေးစား၊ အလတ်စား (သို့မဟုတ်) အလယ်အလတ်အဆင့် (သို့မဟုတ်) အကြီးစားကုမ္ပဏီတခုဖြစ်တယ်ဆိုရင်တော့ ချေးငွေဟာ အတိုးမဲ့ဖြစ်ပါလိမ့်မယ်” ဟု သူက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ လာမည့်သီတင်းပတ်တွင် အကျေအလည်ဆွေးနွေးပြီးနောက် အဆိုပါချေးငွေယူရန် ထောက်ခံမှုရရေး၊ မရရေးအတွက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

The post အစိုးရ အချက်အလက်ဌာနအတွက် တောင်ကိုရီးယား ချေးငွေယူရေး လွှတ်တော်တွင် ဆွေးနွေးရန်ရှိ appeared first on ဧရာဝတီ.

ဒေါ်လာဈေး ပြောင်းလဲ၊ ပြည်ပပို့ ပဲဈေးကွက် အေးစက်

$
0
0

အမေရိကန် ဒေါ်လာဈေး အပြောင်းအလဲကို စောင့်ကြည့် နေကြသဖြင့် အိန္ဒိယသို့ တင်ပို့နေသည့် ပဲမျိုးစုံ ဈေးကွက် အရောင်းအဝယ် အေးသွားကြောင်း မန္တလေး ပဲနှမ်း ကုန်စည်ဒိုင်က သတင်း ရရှိသည်။

မန္တလေး ပဲနှမ်း ကုန်စည်ဒိုင်၏ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင်က“မနေ့ကစပြီး ဒေါ်လာဈေး အေးသွားတယ်။ ငွေ ဈေးအေးသွားတာတော့ Export လိုင်း ပဲတွေ အကုန် ဈေးအေးသွားတယ်။ အိန္ဒိယမှာ ပဲလိုအပ်ချက် ရှိပေမယ့် ငွေဈေး အပေါ် တချက် စောင့်ကြည့်နေတဲ့ အနေအထားကြောင့် ဒီမှာ အရောင်းအဝယ် ပြန်ငြိမ်သွားတဲ့ သဘောပါပဲ” ဟု ဧရာဝတီကို ပြောသည်။

ယနေ့ နံနက်ပိုင်း ဒေါ်လာဈေး လဲလှယ်နှုန်းမှာ တဒေါ်လာလျှင် ကျပ် ၁၅၄၀ ဖြင့် ဗဟိုဘဏ်က သတ်မှတ်ထားသော် လည်း ပြင်ပ ငွေကြေး ဈေးကွက်တွင်မူ အရောင်း ၁၅၂၅ ကျပ်၊ အဝယ် ၁၅၁၀ ဝန်းကျင်ဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရ သည်။

ပဲမျိုးစုံ ဈေးကွက်မှာ အရောင်းထိုင်းသွားသည့် အပြင် ဈေးနှုန်းလည်း အနည်းငယ် ကျဆင်းလာကြောင်း ကုန်စည်ဒိုင် က ဆိုသည်။

လက်ရှိ နိုင်ငံခြားငွေဈေး အပြောင်းအလဲ မတိုင်ခင် ပြီးခဲ့သည့် လအတွင်းက ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲ တို့သည် အိန္ဒိ ယ ၏ ဝယ်လိုအား တောက်လျှောက် ကောင်းခဲ့သဖြင့် သုံးတင်းဝင် တအိတ်လျှင် ကျပ် ၈ သောင်းကျော်ထိ ဈေးနှုန်း ရှိခဲ့ရာမှ ယနေ့ ဈေးကွက်တွင် ပဲစင်းငုံ သုံးတင်းဝင် တအိတ်လျှင် ၇၃၀၀၀ ကျပ်၊ မတ်ပဲမှာ အရည်အသွေးပေါ် မူတည် ကာ ၇ သောင်းကျပ်မှ ၇၅၀၀၀ ကျပ်နှင့် ကုလားပဲ(929) တအိတ်လျှင် ၇၉၀၀၀ ကျပ်၊ ကုလားပဲ (ဗွီတူး) ၇၆၀၀၀ ကျပ် တို့ဖြင့်သာ ဈေးပေါက်ကြောင်း မန္တလေး ပဲနှမ်း ဈေးကွက် အတွင်းက သိရသည်။

လက်ရှိ မန္တလေး ဈေးကွက်တွင် ကုန်သည်များ လက်ထဲရှိ ပဲအဟောင်းများသာ ရှိပြီး တောင်သူများ လက်ထဲ၌ ရောင်း ချရန် မရှိသောကြောင့် တောင်သူများအတွက် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း၊ ရှေ့လပိုင်း အတွင်း ဧရာ ဝတီ၊ စစ်ကိုင်း၊ မကွေးတို့မှ ပဲအသစ် ပေါ်လာမည်ဖြစ်ကာ ထိုအချိန်ထိ ပြည်ပပို့ ပဲဈေးကွက် အရောင်းအေး နေလျှင် ပဲစိုက် တောင်သူများကို ထိခိုက်နိုင်ကြောင်း ပဲကုန်သည်များက ပြောဆိုကြသည်။

ဒေါ်လာဈေးမှာ ယခင် ကျပ် ၁၆၀၀ ကျော် အထိ လဲလှယ်နှုန်း မြင့်ခဲ့ရာမှ ယခုကဲ့သို့ ပြန်လည် ကျဆင်းလာခြင်း သည် အမေရိကန်နှင့် တရုတ် နိုင်ငံတို့၏ ကုန်သွယ်မှု ဆိုင်ရာ အကောက်ခွန် စည်းကြပ်နှုန်း တိုးမြှင့်နေမှုများကို ရက် ၉၀ ဆိုင်းငံ့ မည်ဟု ကြေညာပြီးနောက် ယခု လဆန်းပိုင်းမှ စတင်ကာ ဒေါ်လာဈေး တဖြည်းဖြည်း ကျလာခြင်း ဖြစ်သည်ဟု ဦးကျော်သွင်က ပြောသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူက“ပြီးခဲ့တဲ့ ၆ လ အတွင်းမှာလည်း အိန္ဒိယနဲ့ ကုန်သွယ်မှုက လျာထားချက်ထက် ကျော်ခဲ့တယ်။ အဲဒီ သဘော က အိန္ဒိယမှာ ပဲလိုအပ်ချက် ရှိတယ် ဆိုတာပါပဲ။ ဒါကြောင့် သူတို့ဘက်က ဝယ်တော့ ဝယ်နေမယ်။ ဒါပေမယ့် ဒေါ်လာ ဈေး အခြေအနေကြောင့် နည်းနည်း ဆိုင်းသွားတဲ့ သဘောပါပဲ။ အခု ကြားကာလကတော့ ငွေဈေးလဲကျ နေတာ ဆိုတော့ ကုန်သည်တွေ ဝင်ငွေ လျော့သွားမှာပေါ့”ဟု ဧရာဝတီကို ပြောသည်။

ယခုနှစ် အတွင်း အိန္ဒိယနိုင်ငံ၌ မိုးခေါင်ကာ ရာသီဥတု ဖောက်ပြန် သဖြင့် ပဲစိုက် ဧကသိန်းချီ လျော့ကျသွားသလို ပဲစင်းငုံ ထွက်နှုန်း ကျဆင်းနေပြီး လာမည့် ၂၀၁၉ ပဲရာသီတွင် မြန်မာပဲသည် အလားအလာ ကောင်းနိုင် သော်လည်း နှစ်နိုင်ငံ အစိုးရချင်း (G to G) ချိတ်ဆက်ဝယ်ယူမည် ဆိုပါက ပြည်တွင်း ပဲနှမ်း ဈေးကွက် အတွင်း လုပ်ကိုင်သူများ အတွက် အကျိုးအမြတ် နည်းနိုင်မည်ဟု ကုန်သည်များက ခန့်မှန်းကြသည်။

မန္တလေးမြို့ခံ ပဲကုန်သည် ဦးမျိုးဆွေက “G to G ချုပ်တဲ့ စာချုပ်အများစုက အလုပ်မဖြစ်တာ များသလို အောက်ဈေးနဲ့ ရောင်းတာများတော့ ကိုယ့်တောင်သူပဲ နစ်နာဖို့ များတယ်။ အကယ်၍ အစိုးရ အချင်းချင်း စာချုပ်ချုပ်မယ်ဆိုရင် ကိုယ့် နိုင်ငံက တနှစ်ကို ပဲကိုတာ (ခွဲတမ်း) ဘယ်လောက်ရမယ် ဆိုတာကိုပဲ ဦးစားပေး ချုပ်သင့်တယ်”ဟု ဧရာဝတီကို ပြော သည်။

အဆိုပါ ပဲများသည် ပြည်တွင်း အသုံးနည်းပြီး အိန္ဒိယ ဝယ်လိုအားကိုသာ မှီနေသဖြင့် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းက အိန္ဒိယ၏ သွင်းကုန် ပေါ်လစီ အပြောင်းအလဲ တို့ကြောင့် မြန်မာပဲဈေးကွက်မှာ ကမောက်ကမ ဖြစ်ခဲ့ရပြီး ကုန်သည် အများစု အရှုံးခံ ရောင်းချခြင်းများလည်း ကြုံတွေ့ခဲ့ရသည်။

The post ဒေါ်လာဈေး ပြောင်းလဲ၊ ပြည်ပပို့ ပဲဈေးကွက် အေးစက် appeared first on ဧရာဝတီ.

နှစ်ရက်ဆက်တိုက် ကျနေသည့် ငွေလဲနှုန်း အနည်းငယ် ပြန်တက်

$
0
0

ပြည်တွင်းငွေကြေး လဲလှယ်နှုန်းမှာ ဒီဇင်ဘာလ ၄ ရက်က ၁ ဒေါ်လာလျှင် ယခင်လဲလှယ်နှုန်းထက် ၄၅ ကျပ်ဝန်းကျင်အထိ ဈေးကျခဲ့သော်လည်း ဒီဇင်ဘာလ ၅ ရက်တွင်မူ ၂၀ ကျပ်ဝန်းကျင်အထိ ဈေးပြန်တက်လာသည်။

ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းမူ တဒေါ်လာလျှင် ၁၅၂၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်ရာ ညနေပိုင်းဈေးတွင်မူ ၁၅၄၀ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်းကမူ တဒေါ်လာလျှင် မြန်မာငွေ ၁၅၄၅ ကျပ် ဈေးပေါက်ခဲ့ကာ ညနေပိုင်း ဈေးကွက်အပိတ်တွင်မူ ၁၄၉၀ ဖြင့် ဈေးပိတ်ခဲ့သည်။

နိုင်ငံခြားငွေကြေးရောင်းဝယ်သူ ဦးမိုးက “ကျတာကတော့ အရင်တုန်းက ဘိန်းပေါ်ချိန်ဆိုရင် အရင်တုန်းကတည်းက ကျတတ်တယ်။ ဒီနှစ်မှာ ပြန်စတဲ့ သဘောပေါ့။ ဒါပေမယ့် ငွေဝရုန်းသုန်းကားကျတာမျိုးက အမြဲတမ်း ဒီဇင်ဘာဆို အဆုံးသတ်တတ်တယ်။ အဲဒါကိုမှ ဈေးကွက်က တခါတလေကျတော့ ကြောက်လန့်ပြီး ရောင်းတဲ့ အခါမျိုးကျတော့ ဈေးကွက် ကသောင်းကနင်း ဖြစ်တာပေါ့။ ဒါပေမယ့် ၁ ဒေါ်လာ ၁၅၅၀ ကျပ် ပတ်လည်လောက်နဲ့ ငြိမ်နေမှာပေါ့။ မနက်ကထက် အခု ညနေဈေးမှာ ၁ ဒေါ်လာ ကျပ် ၂၀ လောက်ပြန်တက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်း ကျပ်ငွေနှင့် ဒေါ်လာ လဲလှယ်မှုနှုန်း မတည်ငြိမ်ခြင်းမှာ ပြည်တွင်းဗဟိုဘဏ် မသက်ဆိုင်ဘဲ မဟုတ်ဘဲ လတ်တလောတွင် အမေရိကန် – တရုတ် ကုန်သွယ်ရေးစစ် ခေတ္တရပ်ဆိုင်းခြင်းနှင့် ပြည်တွင်းတွင် ဘိန်းပေါ်သည့် ရာသီဖြစ်သည့်အတွက်ကြောင့်ဟု သုံးသပ်မှုများ ရှိသည်။

ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဦးရဲမင်းဦးက “ဒေါ်လာဈေးက စတက်ကတည်းကိုက သူက အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ဖြစ်တယ်။ နောက်တခါ အမေရိကန်အစိုးရ ဗဟိုဘဏ်က သူ့ဒေါ်လာရဲ့ တန်ဖိုးကို ဆွဲတင်တဲ့ အတွက်ကြောင့် တက်တယ်။ ဒါက စပြီးဖြစ်ရတဲ့ အခြေအနေပေါ့။ ဒီရက်ပိုင်းမှာပဲ အမေရိကန် သမ္မတနဲ့ တရုတ်သမ္မတနဲ့က ဒီကုန်သွယ်မှုစစ်ပွဲက ဘယ်သူ့မှ အကျိုးမရှိဘူး။ ဒါကြောင့် ဒီဟာတွေကို ရပ်ခိုင်းမယ် ဆိုပြီး စာချုပ် ချုပ်ကြတယ်။ အဲဒီအတွက် အထိုက်အလျောက် ကျနော်တို့ ဈေးကွက်ကို သက်ရောက်မှု ရှိနေတာပေါ့။ ကျနော်တို့ကြောင့် ကျတာ မဟုတ်ဘူး။ သူ့ဘာသာ ကျတာ ဖြစ်နေလို့။ သူ့ဘာသာကျတဲ့ သဘောက သူ့ဘာသာလည်း ပြန်တက်တတ်တယ်” ဟု ဧရာဝတီကို ပြောသည်။

ဒေါ်လာဈေးမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တဒေါ်လာလျှင် ၁၆၃၀ ကျပ်အထိ မြင့်တက်ခဲ့ဖူးပြီး နိုဝင်ဘာလ တတိယပတ်တွင် ၁၅၈၀ ကျပ်ဝန်းကျင်အထိ ဈေးအနည်းငယ် ပြန်ကျခဲ့ဖူးသည်။

လတ်တလောတွင် ငွေကြေးလဲလှယ်နှုန်းမှာ ခန့်မှန်းရခက်သည့် အခြေအနေတွင် ဖြစ်နေသည့်အတွက် ပို့ကုန်သွင်းကုန် လုပ်ငန်းများအတွက် အခက်တွေ့စေကာ လုပ်ငန်းရှင်များဘက်မှ ငွေကြေးဈေးကွက် တည်ငြိမ်စေလိုသည်ဟု ပြောဆိုနေကြသည်။

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “ဒေါ်လာဈေးကတော့ အကြမ်းမျဉ်းတခုမှာ တည်ငြိမ်ရင်တော့ ပို့ကုန်ဖြစ်ဖြစ်၊ သွင်းကုန်ဖြစ်ဖြစ် လုပ်ရတာ ပိုအဆင်ပြေတယ်။ နာရီပိုင်းအတွင်းမှာ ကျပ် ၃၀ ၊ကျပ် ၄၀ လောက် အပြောင်းအလဲ ဖြစ်နေတဲ့အခါကျတော့ ရောင်းရ၊ ဝယ်ရခက်တဲ့ အနေအထားရှိတယ်။ ၁ ဒေါ်လာ ၁၅၂၀ ကျပ်နဲ့ ၁၅၀၀ ကျပ် ဝန်းကျင်လောက် ကျသွားတယ်။ အခုကတော့ ပြန်ပြီး တက်လာတဲ့သဘောရှိတယ်” ဟု ပြောသည်။

ဗဟိုဘဏ်က ဈေးကွက်အတွင်း ဒေါ်လာရှားပါးမှု မရှိစေရန်အတွက် သြဂုတ်လ ၂၃ ရက်မှစကာ ကာလတို အပြန်အလှန် ချေးငွေ (Swap Facility) ပုံစံဖြင့် ပုဂ္ဂလိကဘဏ်များကို ထုတ်ချေးခဲ့ကာ ဒီဇင်ဘာလ ၅ ရက်တွင် တဒေါ်လာလျှင် ၁၅၄၀ ကျပ်နှုန်းဖြင့် ဒေါ်လာ ၁၃ သန်းကျော် ထုတ်ရောင်းထားကြောင်း သိရသည်။

ဒေါ်လာဈေးနည်းတူ ပြည်တွင်း ရွှေဈေးမှာလည်း အတက်အကျများ ရှိနေပြီး ၁၆ ပဲရည် အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၉၈၀၀၀၀ ဝန်းကျင်မှ ၁၀ သိန်းကျော်အထိ ပြန်လည်မြင့်တက်လာသည်ဟု ရန်ကုန်မြို့ရှိ တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်က ဧရာဝတီကို ပြောသည်။

၎င်းက “ယမန်နေ့တုန်းက ဒေါ်လာဈေးက တော်တော်ကျတယ်။ အခုက ပြန်တက်လာတယ်ဆိုတော့ ရွှေလည်း ပြန်တက်လာတဲ့ သဘောပေါ့နော်။ အခုကတော့ အတက် အကျက ရှိနေသေးတော့ ရွှေဈေးအနေနဲ့ ပြောရရင် ကျပ် ဆယ်သိန်းရဲ့ အပေါ်မှာပဲ ရှိနေဦးမှာပါ” ဟု ဆိုသည်။

၁၅ ပဲရည်မှာမူ ၁ ကျပ်သားလျှင် ၉ သိန်း ၄ သောင်း ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိသည်ဟု သိရသည်။

The post နှစ်ရက်ဆက်တိုက် ကျနေသည့် ငွေလဲနှုန်း အနည်းငယ် ပြန်တက် appeared first on ဧရာဝတီ.

တရုတ်ထံမှ အတိုးနိမ့်ချေးငွေယူရန် မြန်မာစဉ်းစားနေ

$
0
0

တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သော ရပ်ဝန်းတခု၊ လမ်းတခု စီမံချက်၏ အစိတ်အပိုင်းဖြစ်သည့် ဒေါ်လာ ဘီလျံချီကုန်ကျမည့် စီးပွားရေး စြင်္ကန် သဘောတူညီချက်ကြောင့် အကြွေးထောင်ချောက်တွင် ပိတ်မိမည်ကို စိုးရိမ်နေသည့်ကြားမှပင် ထိုစီးပွားရေး စြင်္ကန်တလျှောက်မှ စီမံကိန်းများအတွက် တရုတ်နိုင်ငံမှ တတ်နိုင်သမျှ အနည်းဆုံး အတိုးဖြင့် ချေးငွေရအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရ အဆင့်မြင့်အရာရှိ တဦးက ပြောကြားလိုက်သည်။

အဓိကကျသော အခြေခံအဆောက်အအုံစီမံကိန်းများ၊ နယ်စပ် အထူးစီးပွားရေးဇုန်များနှင့် မြို့တိုးချဲ့ရေး စီမံကိန်းများ ပါဝင်သော တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် စီမံကိန်းများ (CMEC) ကို အများပြည်သူနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်များနှင့် ချေးငွေများဖြင့် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း အစိုးရ အဆင့်မြင့်အရာရှိတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ သို့သော် အကြွေးဝန်ထုပ်ဝန်ပိုးကို အနည်းဆုံးဖြစ်စေရန်အတွက် အစိုးရသည် အနိမ့်ဆုံး အတိုးနှုန်းကိုသာ ရွေးချယ်ရန် ရည်ရွယ်ကြောင်း ထိုအရာရှိက ဆိုသည်။

မကြာသေးမီက လွှတ်တော်မှတ်တမ်းများ အရ မြန်မာနိုင်ငံသည် ဒေါ်လာ ၁၀.၂ ဘီလျံအကြွေးတင်ရှိနေပြီး ထိုကြွေးမြီ၏ ၄၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ချေးငွေများဖြစ်သည်ဟု သိရသည်။ အထက်ပါ စီမံကိန်း၏ စုစုပေါင်း ကုန်ကျစရိတ်ကို မသိရသေးသော်လည်း CMEC အဆိုပြုချက်အရ ကနဦး အဆင့်အတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၂ ဘီလျံရှိသည်ဟု ခန့်မှန်းထားသည်။

“စီမံကိန်း အကောင်အထည်ဖော်ဖို့ အသေးစိတ်တွေကို မဆွေးနွေးရသေးဘူး” ဟုလည်း ထိုအရာရှိက ဆိုသည်။

အမည်မဖော်လိုသော ထိုအရာရှိသည် နယ်စပ်ဒေသများတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးရန် ရောက်ရှိနေသော ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေမှူး ချန်ဟောင်းနှင့် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယူနန်ပြည်နယ်သည် CMEC မှတဆင့် တရုတ်နှင့် မြန်မာနိုင်ငံတို့ကို ဆက်သွယ်သည့် အဓိက ပြည်နယ်ဖြစ်သည်။

သူ၏ ခရီးစဉ်အတွင် ချန်ဟောင်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ဆုံခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်၊ စီမံကိန်းနှင့် ဘာဏ္ဍာရေး ဝန်ကြီး ဦးစိုးဝင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် အရာရှိများသည် နေပြည်တော်ရှိ တရုတ်သံရုံးတွင် ထိုနေ့ညက ချန်ဟောင်အတွက် ကျင်းပသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ရွေးချယ်ထားသော စီမံကိန်းများကိုရေရှည် ညီမျှသော တိုးတက်ရေး အဆင့်မြင့်စီမံကိန်းဖြစ်သည့် မြန်မာရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) ၏ ဦးစားပေးများနှင့် ကိုက်ညီအောင် ချိန်ညှိရမည်ဖြစ်သည် ဟုလည်း ထိုအရာရှိကပြောသည်။

CMEC အဆိုပြုချက်အရ စီမံကိန်း၏ ကနဦးအဆင့်တွင် နောက်ပိုင်းလုပ်ဆောင်မည့် အခြေခံအဆောက်အအုံ စီမံကိန်းများ မပါဘဲ စီမံကိန်း ၂၄ ခုပါဝင်ပြီး ဒေါ်လာ ၂ ဘီလျံ ကုန်ကျမည်ဖြစ်သည်။ မြန်မာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ စြင်္ကန်တလျှောက်ရှိ ဆည်မြောင်းစနစ်များကို တည်ဆောက်ရန် ဒေါ်လာ သန်း ၄၀၀ ခွင့်ပြုငွေ ရရှိမည်ဖြစ်သည်။

ဒေါ်လာ ၁.၅ ဘီလျံ ကုန်ကျမည်ဖြစ်သော ရန်ကုန်မြို့သစ် စီမံကိန်းသည် CMEC ၏ အစိတ်အပိုင်းဖြစ်ပြီး ထိုစီမံကိန်း အတွက် မူဘောင်သဘောတူညီချက်ကို ရန်ကုန်မြို့သစ် တည်ဆောက်ရေးကုမ္ပဏီ (NYDC) နှင့် ဟောင်ကောင် စတော့အိတ်ချိန်း စာရင်းဝင် တရုတ်ဆယ်သွယ်ရေး၊ ဆောက်လုပ်ရေး ကုမ္ပဏီ (CCCC) တို့ အကြား လက်မှတ် ရေးထိုးထားပြီးဖြစ်သည်။

နည်းပညာ သတ်မှတ်ချက်များ၊ ဘဏ္ဍာရေးအဆိုပြုချက်နှင့် စီးပွားရေးလုပ်ငန်း ပုံစံအပါအဝင် စီမံကိန်း၏ အသေးစိတ်များကို မကြာမီထုတ်ပြန်မည်ဟု NYDC ၏ အဆိုအရ သိရသည်။

ကီလိုမီတာ ၁၇၀၀ ရှည်လျှားသော စီးပွားရေးစြင်္ကန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ စတင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မန္တလေး၊ စီးပွားရေး မြို့တော်ရန်ကုန်နှင့် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဆိပ်ကမ်းအထိ မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အခြာ ဒေသများ ပါဝင်မည်ဖြစ်သည်။

အဆိုပြုချက်တွင် မြန်မာနိုင်ငံမှ မန္တလေးနှင့် မူဆယ်မြို့များကို ဖြတ်သန်းသွားသော အဓိကလမ်းသုံးခုနှင့် ရှမ်းပြည်နယ်မှ လမ်းတချို့ကို အဆင်မြှင့်တင်ခြင်းလည်း ပါဝင်သည်။

CMEC သည် မြန်မာနိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများသို့ တရုတ်နိုင်ငံမှ ကုန်စည်များ တိုက်ရိုက် စီးဆင်းစေမည်ဖြစ်ပြီး တရုတ်နိုင်ငံတွင် လုပ်အားခ မြင့်မားခြင်းနှင့် စက်မှုလုပ်ငန်းများ အလွန်အကျွံ ထုတ်လုပ်ခြင်း တို့ကို လျှော့ချရန် မြန်မာနိုင်ငံသို့ ကူးပြောင်းလာစေနိုင်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် တရုတ်၊ အရှေ့တောင်အာရှနှင့် တောင်အာရှတို့အကြား ကုန်သွယ်ရေး အချက်အခြာနေရာဖြစ်လာမည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံမှ အချက်အခြာ စီးပွားရေးဒေသနှစ်ခုကို ဆက်သွယ်မည့် မြန်နှုန်းမြင့် မူဆယ်-မန္တလေး ရထားလမ်းအတွက် ဖြစ်နိုင်ခြေ စစ်ဆေးမှုပြုလုပ်ရန် တရုတ်နိုင်ငံကို မကြာသေးမီက ခွင့်ပြုခဲ့သည်။

CMEC အတွက် နားလည်မှု စာချွန်လွှာကို နေပြည်တော်နှင့် ဘေဂျင်းတို့ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် တရုတ်မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များ အကောင်အထည် ဖော်ရေးအတွက် အသေးစိတ်များပါဝင်သည်။

မူဆယ်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်တခုကို စတင်တည်ဆောက်နေပြီ ဖြစ်ပြီးသော်လည်း ပိုင်ဆိုင်မှု၊ လုပ်ငန်းလည်ပတ်မှု၊ စီမံကိန်း စည်းကမ်းချက်များနှင့် ဘဏ္ဍာရေးနှင့် မြန်မာနိုင်ငံအနေဖြင့် အခြေခံ အဆောက်အအုံ စီမံကိန်းများအတွက် ငွေကြေး တတ်နိုင်ခြင်းရှိ မရှိစသည့် အဓိကပြဿနာများမှာ ကျန်ရှိနေဆဲဖြစ်သည်။

“မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အကြီးမားဆုံး အန္တရာယ်က ချေးငွေတွေ မတန်တဆ မယူဖို့ရယ်၊ အဲဒီလို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် တရုတ်နိုင်ငံက နိုင်ငံရေးသြဇာ လွှမ်းမိုးဖို့ မျှော်လင့်နေတာတွေရယ်ပဲ” ဟု အာရှရေကြောင်း ပွင့်လင်းမြင်သာမှု အစီအစဉ် ဒါရိုက်တာနှင့် သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ သုတေသီ ဂရီဂေါ်ရီ ပိုးလင်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“ဒီလိုပြဿနာနှစ်မျိုးလုံး ဖြစ်လာတာကို သီရိလင်္ကာ၊ ပါကစ္စတန်နဲ့ မလေးရှားတို့မှာ တွေ့ခဲ့ပြီးပြီ။ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုလိုနေတော့ ကျောက်ဖြူနဲ့ CMEC စီမံကိန်းတွေက မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးတွေ ရှိတာ ထင်ရှားပါတယ်။ ဒါပေမယ့် ဒီလိုစီမံကိန်းတွေကို မျှမျှတတ၊ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ရင်းနှီးမြှုပ်နှံသူအတွက် မဟုတ်ဘဲ၊ အိမ်ရှင်နိုင်ငံအတွက် အကျိုရှိအောင် ညှိနှိုင်း အကောင်အထည် ဖော်သင့်ပါတယ်” ဟုလည်း သူက ရှင်းပြသည်။

တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) ဒုတိယအကြီးအကဲ နင်ကျီကျဲသည် လွန်ခဲ့သော တပတ်က မြန်မာနိုင်ငံသို့ လာရောက်ပြီး CMEC စီမံကိန်း အကောင်အထည် ဖော်ရန် အားပေးသည်။ သူသည် ထိုခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းနှင့် အစိုးရဌာန အမျိုးမျိုးမှ အရာရှိ ၁၁ ဦးတို့နှင့် တွေ့ဆုံခဲ့သည်။

နှစ်ဖက် ခေါင်းဆောင်များသည် စီပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် CMEC တည်ဆောက်ရေးနှင့် ပတ်သက်ပြီး အမြင်ခြင်း ဖလှယ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CMEC သည် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အဓိက အစိတ်အပိုင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံစလုံးမှ ပြည်သူများကို အကျိုးရှိစေမည် ဖြစ်ကြောင်း နင်ကျီကျဲက ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က CMEC စီမံကိန်းသည် နှစ်နိုင်ငံပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို အထောက်အကူ ပြုသင့်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် စီမံကိန်းများကို စနစ်တကျ ညှိနှိုင်းရန်နှင့် ပြည်တွင်း ဥပဒေ စည်းမျဉ်းများကို လိုက်နာရန်လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးထားပြောသည်။

(Myanmar to Consider Low-Interest Loans from China for Economic Corridor  ကိုဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်တရုတ် အင်ဂျင်နီယာတွေ အလုံးအရင်း ဝင်လာတော့လေမလား

The post တရုတ်ထံမှ အတိုးနိမ့်ချေးငွေယူရန် မြန်မာစဉ်းစားနေ appeared first on ဧရာဝတီ.

Walmart မှာ အလိုအလျောက် ကြမ်းတိုက်စက်ရုပ်တွေ စတင် ထားရှိ

$
0
0

မကြာမီအချိန်အတွင်း Walmart စတိုးတိုင်းမှာ ဝန်ထမ်းအသစ်တွေကို တွေ့မြင်ရတော့မှာပါ။ လူသားဝန်ထမ်းတွေတော့ မဟုတ်ပါဘူး။ AI နည်းပညာသုံး စက်ရုပ်တွေ ဖြစ်ပါတယ်။

Walmart ဟာ ၃၆၀ ဒီဂရီ ပတ်လည် အလိုလို မောင်းနှင်နိုင်တဲ့ ကြမ်းတိုက်စက်ရုပ်တွေကို လာမယ့်နှစ်၊ ဇန်နဝါရီလအတွင်း အမေရိကန်တနိုင်ငံလုံးက စတိုးတွေမှာ ထားရှိသွားမှာဖြစ်ကြောင်း Brain Corp နဲ့ သတင်း ပူးပေါင်း ထုတ်ပြန်ခဲ့ပါတယ်။

Brain Corp ဆိုတာကတော့ ယခုစက်ရုပ်တွေကို လည်ပတ်ခိုင်းစေတဲ့ Artificial Intelligence (သိဉာဏ်တု) နည်းပညာသုံး Brain OS ကို ရေးဆွဲထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး လက်လီအရောင်းကုမ္ပဏီ Walmart ဟာ Brain OS ရဲ့ အကူအညီနဲ့အတူ သန့်ရှင်းရေးစက်ရုပ် ၁၀၀ ကျော်ကို စတိုးတွေမှာ ချထား ပေးပြီးပါပြီ။

Brain Corp စက်ရုပ်တွေဟာ အလိုအလျောက် မောင်းနှင်သွားလာနိုင်တဲ့ စက်ရုပ်တွေ ဖြစ်တာကြောင့် စတိုးဝန်ထမ်း တွေအနေနဲ့ သန့်ရှင်းရေး လုပ်ရမယ့် လမ်းကြောင်း သတ်မှတ်ပေးပြီး ခလုတ်တချက်နှိပ်လိုက်ဖို့ပဲ လိုပါတယ်။ ပြီးတာနဲ့ စက်ရုပ်က သတ်မှတ်လမ်းကြောင်းကို အလိုအလျောက် ကြမ်းတိုက်ပေးသွားမှာပါ။

အာရုံခံကိရိယာအမျိုးမျိုး တပ်ဆင်ထားတဲ့အတွက် ဈေးလာဝယ်သူတွေနဲ့ တခြားအတားအဆီးတွေကို မတိုက်မိအောင်လည်း အလိုလို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

“လက်လီအရောင်းဆိုင်တွေမှာ ဈေးဝယ်သူတွေ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေ ဖန်တီးပေးဖို့ Walmart နဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့အပေါ် တကယ် ဝမ်းသာကျေနပ်မိပါတယ်။ BrainOS နည်းပညာဟာ စက်ရုပ်တွေကို လူသူ ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်တွေမှာ အန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် အလုပ်လုပ်နိုင်အောင် စွမ်းဆောင် ပေးနိုင်ပါတယ်။ အလုပ်တွေ ပိုမို ပြီးမြောက်၊ သက်သာမှုကို အဘက်ဘက်က ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်” လို့ Brain Corp ရဲ့ CEO Dr. Eugene Izhikevich က ပြောပါတယ်။

အလိုအလျောက် မောင်းနှင် ကြမ်းတိုက်နိုင်တဲ့ စက်ရုပ်တွေ အလုပ်လုပ်နေစဉ်မှာ ဈေးဝယ်သူတွေ တက်စီးလို့ မရအောင်အတွက် ဘေးတဖက်တချက်မှာ အဝါရောင်လုံခြုံရေးကြိုးတွေ ချိတ်ထားမှာပါ။

ဒါ့အပြင် ယာဉ်လာနေကြောင်း ဈေးဝယ်သူတွေကို သတိပေးဖို့အတွက် အချက်ပြဥသြတခုလည်း ပါရှိမှာ ဖြစ်ပါတယ်။

Walmart သန့်ရှင်းရေးစက်ရုပ်တွေမှာ အချက်အလက်တွေ ကောက်ယူဖို့ အာရုံခံကိရိယာတွေလည်း ပါဝင်ပြီး၊ ရရှိလာတဲ့ ဒေတာတွေကို စတိုးရဲ့ Cloud စနစ်သုံး ပလက်ဖောင်းပေါ် ပြန်ပို့ပေးနိုင်ပါတယ်။ ဒီနည်းအားဖြင့် ဘယ်အတန်းမှာ ပစ္စည်းတွေ ပြတ်နေတယ်ဆိုတာ အလွယ်တကူ သိရှိနိုင်မှာပါ။

Brain Corp ရဲ့ စက်ရုပ်တွေဟာ Seattle ၊ San Diego ၊ Boston နဲ့ Miami လေဆိပ်တွေမှာလည်း ကြမ်းတိုက်ဖို့ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Walmart ဟာ အလိုအလျောက် အလုပ်လုပ်နိုင်တဲ့ Automation နည်းပညာကို စမ်းသပ်မှုတွေ အားထည့် လုပ်ဆောင်နေပါတယ်။

ပစ္စည်းထားတဲ့ စင်တွေမှာ ပစ္စည်းကုန်နေရင်ဖြစ်ဖြစ် ဈေးမှားနေရင်ဖြစ်ဖြစ် သတိပေးနိုင်တဲ့ စက်ရုပ်တမျိုးကိုလည်း ဆိုင်နေရာပေါင်း ၅၀ မှာ ထားရှိ စမ်းသပ်လျက်ရှိပါတယ်။

Ref: DailyMail, NBC

The post Walmart မှာ အလိုအလျောက် ကြမ်းတိုက်စက်ရုပ်တွေ စတင် ထားရှိ appeared first on ဧရာဝတီ.


ရုရှားလုပ် အရပ်ဘက်သုံး ရဟတ်ယာဉ်များ အာရှဈေးကွက်သို့ စတင်ထိုးဖောက်

$
0
0

ရုရှားရဟတ်ယာဉ်များ အာရှဈေးကွက်ကို စတင်ထိုးဖောက်ဝင်ရောက်လာရာ နိုင်ငံပိုင် Rostec ကုမ္ပဏီ၏ ရုရှားရဟတ် ယာဉ် ထုတ်လုပ်ရေးမှနေ၍ ရဟတ်ယာဉ် ဒီဇိုင်းသစ်တခုကို ထိုင်းစစ်ဘက်နှင့် လေကြောင်းအရာရှိများအား အူတာပေါင် စစ်ဘက်လေယာဉ်ကွင်း ပြသခဲ့ကြောင်း Bangkok Post ကဆိုသည်။

ယခုပြသသည့် ရဟတ်ယာဉ်မှာ Kazan Ansat အမျိုးအစား အပေါ့စား ဘက်စုံသုံး ရဟတ်ယာဉ်ဖြစ် ပြီး၊ သယ်ယူပို့ဆောင် ရေးနှင့် အရေးပေါ် ဆေးကုသရေး ဝန်ဆောင်မှုများ အပြင် ပေါ့ပါးစွာ ပျံတက် နိုင်သဖြင့် လေတပ် ဆိုင်ရာအတွက်လည်း အမောင်းသင် လေ့ကျင်ရေး ရဟတ်ယာဉ်အဖြစ် ပြောင်းလွဲ သုံးစွဲနိုင်သည်။

၎င်းကုမ္ပဏီသည် သယ်ယူပို့ဆောင်ရေးနှင့် အရေးပေါ်ဆေးဝါးကုသမှု အပြင် နိုင်ငံအကြီးအကဲများ သို့မဟုတ် ချမ်းသာသည့် စီးပွားရေးသမားများအတွက်လည်း ဇိမ်ခံစီးနင်းနိုင်သည့်အလတ်စား Mi- 171A2 အမျိုးအစား ရဟတ်ယာဉ်ကို ပြသခဲ့သည်။

ရုရှား ရဟတ်ယာဉ်ကုမ္ပဏီသည် အရှေ့တောင်အာရှဒေသသို့ ဆိုဗီယက်ခေတ်ကတည်းက မျက်မှောက် ကာလအထိ ယခု တကြိမ်လာရောက်ပြသမှုမှာ ပထမဆုံးဖြစ်ပြီး၊ အဆိုပါ လေကြောင်း ပြပွဲတွင် ဝါရင့် ရဟတ်ယာဉ်မှူးကြီးများက လာရောက် ကြည့်ရှု့သူများ အပေါ်မှနေ၍ ပျံသန်း မိတ်ဆက်ကာ ပရိတ်သတ်များကလည်း ရဟတ်ယာဉ်မှူး၏ အခန်းသို့ သွားရောက် ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။

ရဟတ်ယာဉ်စမ်းသပ်ပျံသန်းပြသူ ယာဉ်မှူး Vener Mukhametgareev က “Ansat ရဟတ်ယာဉ်ဟာ ယာဉ်မှူးတွေ အတွက်တော့ ကောင်ကောင်း ထိန်းသိမ်းရတာ လွယ်ပြီး တည်ငြိမ်မှု ရှိပါတယ်၊ လေကြောင်းလူနာတင်ယာဉ်သဘောမျိုးနဲ့ အချိန်တိုတွင်းမှာ စက်နှိုးပြီး ပျံတက်နိုင်အောင် အထူး တီထွင်ထုတ်လုပ်ထားပါတယ်”ဟု ရှင်းပြသည်။

ရုရှား ရဟတ်ယာဉ်လုပ်ငန်း၏ မဟာဗျူဟာမှာ အရှေ့တောင်အာရှနှင့်တရုတ်တို့ရှိ အရပ်ဘက်လေ ကြောင်း ဈေးကွက်ထဲသို့ ထိုးဖောက်နိုင်ရန် ယခုကဲ့သို့ လေကြောင်းပြသပွဲများ ပြုလုပ်နေခြင်းဖြစ် သည်။

အဆိုပါကုမ္ပဏီသည် ဒေသတွင်း၌ စစ်ဘက် သဘောတူလုပ်ကိုင်မှုများ ရှိနှင့်ပြီးဖြစ်သော်လည်း အရပ် ဘက်အတွက်လည်း အရေးပေါ် ဆေးကုသရေး၊ ရဲတပ်ဖွဲ့ကိစ္စနှင့် အထူးအရေးကြီး ပုဂ္ဂိုလ်များ သယ်ယူပို့ဆောင်ရေးအတွက် ဈေးကွက်ချဲ့ရန် ရည်ရွယ်ထားသည်။

ရဟတ်ယာဉ်ထုတ်လုပ်သည့် ရုရှားကုမ္ပဏီ အနေဖြင့် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၊ အစိုးရ ဌာနများဖြင့် စီးပွားရေး ဆက်ဆံမှု တိုးချဲ့ရေးကိစ္စများကို ကြိုးပမ်းနေကြောင်း ရုရှားရဟတ်ယာဉ် ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးချုပ် အန်ဒရေးဘိုဂင်စကီက ပြောသည်။

“ဒီနိုင်ငံအတွက် Ka-32A11BC အမျိုးအစားရဟတ်ယာဉ်တွေကိုလည်း ဒီနှစ်အကုန်မှာ ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။ ကျွမ်း ကျင်ရဟတ်ယာဉ်မှူးတွေကနေ အန်ဆက်နဲ့ Mi-8/17 တွေရဲ့ စွမ်းဆောင်ရည် တွေကို ပြသမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ရဟတ်ယာဉ်တွေကို ဒီနေရာမှာ လာပြခွင့်ရတာ ပြီးပြည့်စုံတယ်လို့ ယုံကြည်မိပါတယ်”

တရုတ်နိုင်ငံတွင် ယင်းလေကြောင်းပြသပွဲကို ပြသရာ၌ Ansat ရဟတ်ယာဉ် ၂၀ ရောင်းထွက်ခဲ့ပြီး ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတိုကလည်း စိတ်ဝင်စားကြောင်း သိရသည်။

“ဒီလို ရဟတ်ယာဉ်ပြပွဲပြုလုပ်ခြင်းဖြင့် လုပ်ငန်းသစ်ရရှိစေရုံမကဘဲ ပြည်တွင်းလေကြောင်းလုပ်ငန်း တွေအတွက်လည်း ရုရှားလုပ်ရဟတ်ယာဉ်တွေဟာ အကောင်းဆုံးဖြစ်နေတုန်းပဲဆိုတာ နှိုးဆော်ပေး ရာရောက်ပါတယ်” ဟု အရပ်ဘက် ရဟတ်ယာဉ်အရောင်းဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒီမီထရီ ဒန်နီလော့ဗ်က ပြောကြားသည်။

ရုရှားရဟတ်ယာဉ်များကို ထိုင်းနိုင်ငံတွင် Datagate ကုမ္ပဏီ၏ မိတ်ဖက်အနေဖြင့် ပြသခဲ့ခြင်းဖြစ်ပြီး ၎င်းကုမ္ပဏီအနေဖြင့် ယင်းရဟတ်ယာဉ်များ ပြုပြင်ထိန်းသိမ်းရေး၊ အပိုပစ္စည်းလဲလှယ်ရေးအတွက် ဆောင်ရွက်ပေးနေသည်။

ယင်း ရုရှား ရဟတ်ယာဉ်ကုမ္ပဏီသည် မလေးရှားနိုင်ငံတွင်လည်း ဒီဇင်ဘာ ၃ရက်နေ့က မိတ်ဆက် အနေဖြင့် Kazan Ansatနှင့် Mi- 171A2 တို့ကို ပြသခဲ့ပြီး၊ မလေးရှားအနေဖြင့် ရုရှားလုပ် စစ်ဘက် ဆိုင်ရာ မော်တော်ယာဉ်များနှင့် စက်ကရိယာများကို ယခင်ကတည်းက ဝယ်ယူခဲ့သည့် ဖောက်သည် ဖြစ်ကြောင်း ဆိုသည်။

The post ရုရှားလုပ် အရပ်ဘက်သုံး ရဟတ်ယာဉ်များ အာရှဈေးကွက်သို့ စတင်ထိုးဖောက် appeared first on ဧရာဝတီ.

“Bank of the Year Awards ” ဆု KBZ ဘဏ် ၆နှစ်ဆက်တိုက်ရရှိ

$
0
0

မြန်မာနိုင်ငံ အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည် အကောင်းဆုံးဘဏ်ဆု “Bank of the Year Awards 2018” ကို အကြီးဆုံး ပုဂ္ဂလိက ဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်(KBZ) အား လန်ဒန် အခြေစိုက် Financial Times မှ ချီးမြှင့်လိုက်သည်။

ဤဆုကို KBZ အနေဖြင့် ၆နှစ်ဆက်တိုက် လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး၊ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ဗြိတိန် နိုင်ငံ၊ လန်ဒန်မြို့တွင် ပြီးခဲ့သည့် အပတ် ကြာသပတေးနေ့၌ ဆုလက်ခံရယူခဲ့သည်။

ကမ္ဘောဇဘဏ်နှင့်အတူ တရုတ်နိုင်ငံမှ China Construction Bank၊ ဂျပန်နိုင်ငံမှ Mitsubishi UFJ Financial Group ၊ အမေရိကန်နိုင်ငံမှ Bank of America ၊ အင်္ဂလန်နိုင်ငံမှ Lloyds Banking Group တို့လည်း နိုင်ငံအလိုက် ဘဏ်လုပ်ငန်း ဆိုင်ရာ စွမ်းဆောင်မှု အကောင်းဆုံးဆုများ ရရှိခဲ့ပြီး၊ တကမ္ဘာလုံးဆိုင်ရာ Global Bank of the Year 2018ဆုကို စင်ကာပူနိုင်ငံမှ DBS Bank ရရှိခဲ့ကြောင်း သိရသည်။

Financial Times အဖွဲ့သည် ကမ္ဘာအရပ်ရပ်ရှိ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုဆိုင်ရာများကို အကဲဖြတ် ရန် သီးခြားဖွဲ့စည်း ထားသော The Bankerမှ နေ၍ ကမ္ဘာတဝှန်း ဖြန့်ကျက်၍ ဘဏ်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို စုစည်း ကာ သတ်မှတ်ထားသော စံချိန်စံညွှန်းများပေါ်အခြေခံ၍ နိုင်ငံအလိုက် ဘဏ်လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည် အကောင်းဆုံးဘဏ်များကို ရွေးချယ်၍ “Bank of the Year”ဆုများကို ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဇဘဏ်သည် KBZ Pay ကဲ့သို့ ကမ္ဘာအဆင့် Digital Banking Applicationကို နည်းပညာ အသစ်ဖြင့် ယခုနှစ် အတွင်း မိတ်ဆက်ပေးနိုင်ခဲ့ခြင်း၊ နိုင်ငံ၏ လူဦးရေ ၁၀ရာခိုင်နှုန်း၏ ဘဏ်စာရင်း များ ဖွင့်ပေးနိုင်ခြင်းအပါအဝင် ကြီးမား သော စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ဘဏ် တဘဏ်ဖြစ်ကြောင်း The Banker အဖွဲ့က မှတ်ချက်ပေး ထားသည်။

KBZ ဘဏ်၏ အဆိုအရ KBZ Pay app ဖြန့်ချိခဲ့ပြီးနောက် ၃ လအတွင်း ဘဏ်စာရင်း(Account) ပေါင်း ၄၅၀,၀၀၀ ကျော်ကို မှတ်ပုံတင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်သည် ယခုရရှိသောဆုအပါအဝင် ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ပြည်တွင်း ကုန်သွယ်ဘဏ္ဍာ ဘဏ်ဆု၊ အာရှဘဏ်များထဲတွင် မြန်မာနိုင်ငံမှ မိုဘိုင်းလ်ဘဏ်စနစ် အစပျိုးမှုဆုနှင့် စင်ကာပူရှိ ဘဏ္ဍာရေးဆုများကို ရရှိခဲ့သည်။ နိုင်ငံတဝန်း၌ အဆိုပါဘဏ်သည် ဘဏ်ခွဲပေါင်း ၅၀၀ ကျော် ထူထောင်ပြီးဖြစ်သည်။

The post “Bank of the Year Awards ” ဆု KBZ ဘဏ် ၆နှစ်ဆက်တိုက်ရရှိ appeared first on ဧရာဝတီ.

ဆန်တင်ပို့မှု အခွန်ကိစ္စ အီးယူနိုင်ငံများ မဲခွဲဆုံးဖြတ်မှု မရေရာသေး

$
0
0

မြန်မာနှင့် ကမ္ဘောဒီးယားတို့မှ လာမည့်နှစ် အစပိုင်းတွင် ဆန်တင်ပို့မှု အခွန်စည်းကြပ်ရေး ကိစ္စအပေါ် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ သုံးသပ်မှုမှာ အင်္ဂါနေ့ကအထိ မရေမရာ ဖြစ်နေဆဲရှိပြီး ဥရောပကော်မရှင်က နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ရန် ချန်လှပ်ထားခဲ့ကြောင်း သိရသည်။

အီးယူနိုင်ငံအများစုက နောက် ၃ နှစ်စာ ကာကွယ်ရေး အစီအမံ ချမှတ်မှုကို ကျောထောက် နောက်ခံ ပြုပေးသော်လည်း ၎င်းအစီအမံများ အပေါ် ရှင်းရှင်းလင်းလင်း ဖြစ်ရေးအတွက် လိုအပ်သည့် ပုံစံတကျနှင့် စံချိန်မီ အများစု ဆုံးဖြတ်ချက် ချနိုင်မှု မရှိသေးပေ။

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံအတွက် ကုန်သွယ်ရေးမူဝါဒ ချမှတ်ပေးရသော ဥရောပကော်မရှင်က ယင်း အစီအမံများကို အဆိုတင်သွင်းပြီးဖြစ်ကာ အဖွဲ့ဝင်နိုင်ငံများထံမှ ဆုံးဖြတ်ချက် ပေးနိုင်သည့် မဲပေးမှု မရှိသည့်အတွက် ယင်းအစီအမံများ ပြဌာန်းနိုင်ရန် လုပ်ဆောင်နေဆဲအဆင့်သာ ရှိနေသည်။

“ ကော်မရှင်ကနေ လုံခြုံစိတ်ချရတဲ့ အစီအမံတွေ အသုံးချတဲ့ ကိစ္စအတွက် ဆုံးဖြတ်ချက် ချပေးရမှာ ဖြစ်ပါတယ်” ဟု ကြေညာချက်တစောင်တွင် ကော်မရှင်က ဆိုထားသည်။

ကော်မရှင်၏ အဆိုပြုချက်မှာ ပထမတနှစ်တွင် ဆန်တတန်လျှင် ယူရိုငွေ ၁၇၅ (၁၉၈.၃၁ ဒေါ်လာ) ကောက်ခံရန် ဖြစ်ပြီး ဒုတိယနှစ်တွင် ယူရိုငွေ ၁၅၀ သို့ လျှော့ချကာ တတိယနှစ်အတွက် ယူရိုငွေ ၁၂၅ အထိ ထပ်မံ လျှော့ချရန်ဖြစ်ကြောင်း ယင်းအစီအစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။

လက်နက်မှအပ ကုန်စည်အားလုံး ခွင့်ပြုသည့် အီးယူ၏အစီအမံကို ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့က ခံစားခွင့် ရရှိပြီး ယင်းအစီအမံအရ ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများမှ အီးယူနိုင်ငံများထံသို့ အခွန် ကင်းလွတ်ခွင့်ဖြင့် ကုန်စည် တင်ပို့ရောင်းချနိုင်ရန် ခွင့်ပြုထားခြင်းဖြစ်သည်။

အဆိုပါ ပိတ်ဆို့နိုင်သည့် အလားအလာသည် ဆန်တင်ပို့မှု လုံခြုံစိတ်ချမှုအစီအမံမှ သီးခြား ဖြစ်သော်လည်း မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏လူ့အခွင့်အရေး မှတ်တမ်းများကြောင့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအုပ်စုထံသို့ အထူးချိတ်ဆက် ရောင်းဝယ်ခွင့် ဆုံးရှုံး ရမည့် ပုံပေါ်သည်။

အီတလီနိုင်ငံက စောဒကတက်မှုကြောင့် မတ်လက ဥရောပကော်မရှင်အနေဖြင့် ယင်းနှစ်နိုင်ငံထံမှ ဆန်တင်ပို့မှုကို စုံစမ်းစစ်ဆေးရေး ပြုလုပ်ခဲ့သည်။

၎င်းစုံစမ်းစစ်ဆေးမှုအရ တင်ပို့ကုန်များတွင် သိသာသော ဂယက်တခုမှာ ဥရောပ ဆန်စပါးကဏ္ဍကို စီးပွားရေး ထိခိုက်မှုဖြစ်စေကြောင်း တွေ့ရှိရသည်။ ဆန်စပါးကို ပေါ်တူဂီမှ ဘူလ်ဂေးရီးယားအထိ ဥရောပတောင်ပိုင်း ၈ နိုင်ငံတွင် စိုက်ပျိုးလျှက်ရှိသည်။

အီးယူ၏ လယ်ယာကဏ္ဍအုပ်စု Copa-Cogeca က ပြောကြားရာတွင် အဆိုပါနှစ်နိုင်ငံက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ကုန်ဖြစ်သည့် အင်ဒီကာ ဆန်လုံးရှည် အမျိုးအစားသည် ၂၀၁၂ ခုနှစ်တွင် တန်ချိန် ၉ ထောင်ရှိရာမှ ၂၀၁၇ ခုနှစ်တွင် တန်ချိန် ၃၆၀၀၀၀ အထိ တိုးတက်လာပြီး ရလဒ်မှာ ဆန်ဈေးနှုန်း ဖရိုဖရဲဖြစ်မှု ဖြစ်ကြောင်း ဆိုသည်။

ကိုးကား။ ။ Reuters

The post ဆန်တင်ပို့မှု အခွန်ကိစ္စ အီးယူနိုင်ငံများ မဲခွဲဆုံးဖြတ်မှု မရေရာသေး appeared first on ဧရာဝတီ.

Emote အက ခိုးယူမှုကြောင့် Epic Games တရားစွဲခံရ

$
0
0

Fortnite ဖန်တီးသူ Epic Games ကို Hip-hop အနုပညာရှင်တဦးဖြစ်တဲ့ 2 Milly က တရားစွဲဆိုထားပါတယ်။ သူ့ရဲ့ “Milly Rock” အက ကို ဂိမ်းထဲမှာ ဒေါ်လာပေး ဝယ်ယူရတဲ့ Emote အဖြစ် Game ပြောင်းလဲထားတာကြောင့် Epic Games ကို တရားစွဲဆိုထားတာပါ။

ဗုဒ္ဓဟူးနေ့က ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးမှာ အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်က ထုတ်ခဲ့တဲ့ 2 Milly ရဲ့ Milly Rock သီချင်းက အက ကို Fortnite က “Swipe It” လို့ နာမည်ပြောင်းကာ Emote အနေနဲ့ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လက ထွက်ရှိခဲ့တဲ့ ၁၀ ဒေါ်လာတန် Fortnite Season 5 Battle Pass ဝယ်ယူသူတိုင်း Tier 63 ရောက်ရင် “Swipe It” အက ကို ရရှိတာပါ။ တနည်းအားဖြင့် ပိုက်ဆံပေး ဝယ်ယူရတဲ့ သဘောပါပဲ။

2 Milly ကတော့ သူ့အက အခိုးခံလိုက်ရတယ်လို့ပဲ ခံစားနေရပြီး၊ Epic Games အနေနဲ့ Fortnite မှာ မထည့်ခင် သူ့ကို ကြိုတင် အသိပေးသင့်တယ်လို့ Kotaku ကို ပြောကြားခဲ့ပါတယ်။ 2 Milly ဟာ Epic Games ထံက နစ်နာကြေးနဲ့၊ အဆိုပါ အက ‘Emote’ ကို ဂိမ်းထဲကနေ အပြီးတိုင် ဖယ်ရှားပေးဖို့ လိုလားလျက် ရှိပါတယ်။

ခေတ်ပေါ်ယဉ်ကျေးမှု (Pop Culture) ကို ဖော်ကျူးတဲ့ ကကွက်တွေ၊ Memes တွေကို ဂိမ်းတွင်း ရောင်းချတဲ့ ပစ္စည်းတွေ အဖြစ် ပြောင်းချထားတဲ့ ဂိမ်းတွေ အများအပြားရှိတဲ့အထဲကမှ ယခုအမှုဟာ ပထမဦးဆုံးလို့ ဆိုရမှာပါ။ Fortnite ဂိမ်းဟာ ပလက်ဖောင်းအစုံမှာ အကောင့်ဖွင့် ကစားသူပေါင်း သန်း ၂၀၀ ကျော် ရရှိထားတဲ့ နာမည်ကျော် ဗီဒီယိုဂိမ်းတခု ဖြစ်ပါတယ်။

Fortnite ဟာ အခမဲ့ ကစားနိုင်တဲ့ ဂိမ်းတခုဖြစ်ပြီး၊ ဂိမ်းတွင်း ရောင်းချတဲ့ ဝတ်စုံတွေ၊ Emote ကကွက်တွေ နဲ့ပဲ အဓိက ဝင်ငွေ ရရှိနေတာပါ။ Fortnite မှာ “Swipe It” အပြင် နာမည်ကျော် ကကွက်တခုဖြစ်တဲ့ ‘Floss Dance’ နဲ့ Snoop Dog ရဲ့ “Drop It Like It’s Hot” က ကကွက်တွေလည်း ပါဝင်နေပါတယ်။

Fortnite ဂိမ်းဟာ လူမည်းအနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို အခွင့်မရှိ ယူကာ ပိုက်ဆံရှာနေကြောင်း Chance The Rapper က ဝေဖန်မှုတွေ လုပ်ခဲ့အပြီးမှာ 2 Milly ရဲ့ တရားစွဲမှု ပေါ်ထွက်လာတာပါ။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း သရုပ်ဆောင်မင်းသား Donald Faison က Scrubs ကားထဲက သူ့ ဇာတ်ကောင် Dr. Chris Turk ရဲ့ ကကွက်ကို Fortnite မှာ သုံးထားမှုကြောင့် ရှေ့နေနဲ့ တိုင်ပင်ဖို့ စဉ်းစားနေကြောင်း ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။

ကကွက်တွေကို မူပိုင်ခွင့် ယူနိုင်၊ မယူနိုင်က အငြင်းပွားစရာ ဖြစ်ပေမယ့် Epic Games အနေနဲ့ နာမည်ကြီး ကကွက်တွေကို ဂိမ်းတွင်း ရောင်းချတဲ့ ပုံစံကြောင့် တရားဥပဒေနဲ့ မလွဲမသွေ ရင်ဆိုင်ရတော့မှာပါ။ ကကွက်ကို ဦးတည်ပြီး အမှုဖွင့်မှာထက် မူပိုင်ခွင့်ရပြီးသား ဂီတဗီဒီယိုတွေကို အသုံးချကာ Animations ဖန်တီးမှုတွေကြောင့် အမှု ရင်ဆိုင်ရဖို့ ပိုများပါတယ်။

Ref: The Verge

The post Emote အက ခိုးယူမှုကြောင့် Epic Games တရားစွဲခံရ appeared first on ဧရာဝတီ.

ကျူးဘားမှာ 3G မိုဘိုင်းအင်တာနက် သုံးနိုင်ပြီ

$
0
0

ကျူးဘား နိုင်ငံသားတွေအနေနဲ့ မိုဘိုင်းအင်တာနက်ကို ဖုန်းနဲ့ ပထမဆုံးအကြိမ် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ကျူးဘားအစိုးရပိုင် ဆက်သွယ်ရေးကုမ္ပဏီ Etesca က 3G ဝန်ဆောင်မှု စတင် ပေးတော့မယ့် အကြောင်းကို ရုပ်သံလိုင်းကနေ အင်္ဂါနေ့ ညနေမှာ ကြေညာခဲ့တာပါ။ ဒီဇင်ဘာ ၆ ရက်၊ ကြာသပတေးနေ့က စတင် အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီ့မတိုင်ခင်တုန်းက ကျူးဘားနိုင်ငံသားတွေဟာ အင်တာနက်သုံးဖို့အတွက် Wi-Fi Hotspots တွေနဲ့ အင်တာနက်ကဖေး တွေကိုပဲ အားကိုးခဲ့ရပါတယ်။ မနှစ်ကမှ နေအိမ်ကို အင်တာနက်လိုင်း ချိတ်ဆက်နိုင်မှု စတင်ရရှိခဲ့ကြတာပါ။

3G မိုဘိုင်းအင်တာနက်လိုင်းကြောင့် ကျူးဘား ကျွန်းနိုင်ငံ အနှံ့အပြားကနေ အင်တာနက် ချိတ်ဆက် သုံးနိုင်တော့မှာ ဖြစ်ပေမယ့်၊ ကျူးဘားနိုင်ငံသားအများစုတော့ လက်လှမ်းမီဦးမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အင်တာနက် Data Package ဈေးနှုန်းတွေက 600MB ကိုတင် ၅.၅ စတာလင်ပေါင် ရှိနေပြီး 4GB ဆိုရင် ၂၃.၆၀ ပေါင် လောက် ကျသင့်မှာ ဖြစ်ပါတယ်။ ကျူးဘားရဲ့ အခြေခံလစာဟာ ၁၅ ပေါင်ကနေ ၂၃ ပေါင်အတွင်းပဲ ရှိပါတယ်။

Havana ဒေသခံတဦးဖြစ်တဲ့ Joaquin Montiel က ယခု တိုးတက်မှုကို ဝမ်းသာအားရ ကြိုဆိုပေမယ့်၊ သူ့အတွက်တော့ ဈေးအရမ်းကြီးနေတယ်လို့ ဆိုပါတယ်။

ဒီဈေးနှုန်းကို မတတ်နိုင်သူတွေအနေနဲ့ အိမ်ကနေ ထွက်ပြီး၊ အများသုံး Hotspots မှာ ပိုးကောင်မွှားကောင် အကိုက်ခံရင်း တကိုယ်ရည်လွတ်လပ်ခွင့် မရှိ အင်တာနက် သုံးနေရဦးမှာပါ။

“သက်သောင့်သက်တာနဲ့ အင်တာနက်သုံးနိုင်ရင် သိပ်ကောင်းမှာပေါ့” လို့ အမေရိကန်ရောက် မိသားစုနဲ့ Hotspots တွေကနေ ဗီဒီယိုပြောလေ့ရှိသူ အသက် ၃၈ နှစ်အရွယ် Guillermo Diaz က ဆိုပါတယ်။

Raul Castro နေရာကို လက်ရှိ သမ္မတ Miguel Diaz-Canel ဆက်ခံပြီးနောက်မှာ ကျူးဘား အာဏာပိုင်တွေဟာ အင်တာနက်ချိတ်ဆက်သွယ်မှုကို ပိုမိုတိုးတက် ကောင်းမွန်လာအောင် ကြိုးစားလျက် ရှိပါတယ်။ သမ္မတ ကိုယ်တိုင် ကလည်း Twitter အကောင့်တခုကို အောက်တိုဘာလ ကတည်းက ဖွင့်သုံးနေပါပြီ။

ကျူးဘားနိုင်ငံသားတွေအနေနဲ့ မြောက်ကိုရီးယားလို နိုင်ငံတွင်းကွန်ယက် Intranet ပဲ သုံးရမှာတော့ မဟုတ်ဘဲ၊ အမှန်တကယ် World Wide Web အသုံးပြုနိုင်မှာပါ။

ဒါပေမယ့် Florida ကနေ ကွန်မြူနစ်ဆန့်ကျင်ရေးသတင်းတွေ လွှင့်နေတဲ့ အမေရိကန်ကျောထောက်နောက်ခံ ဝဘ်ဆိုဒ်တွေနဲ့ ကျူးဘားမှာ ပြောင်းလဲမှုကို တောင်းဆိုနေတဲ့ တခြား ဆိုဒ်အနည်းငယ်ကိုတော့ ပိတ်ထားတယ်လို့ သိရပါတယ်။

Ref: The Independent, BBC

The post ကျူးဘားမှာ 3G မိုဘိုင်းအင်တာနက် သုံးနိုင်ပြီ appeared first on ဧရာဝတီ.

ပြည်တွင်း ဆန်ဈေး အကျဘက်သို့ ဦးတည်နေ

$
0
0

လက်ရှိတွင် ပြည်ပသို့ ဆန် တင်ပို့မှု ကျဆင်းနေခြင်းနှင့် နယ်စပ် ကုန်သွယ်ရေးလည်း ရပ်တန့်လုနီးပါး ဖြစ်နေ၍ ပြည် တွင်း ၌ ဆန်လက်ကျန်များပြီး ဈေးနှုန်းများ ကျဆင်းမည့်ဘက်သို့ ဦးတည်နေကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် များ ထံမှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူးနှင့် SWY Group မန်နေဂျင်း ဒါရိုက်တာ ဦးလူမော်မြင့်မောင်က“ မနှစ် က ထက် ဒီနှစ်မှာ ဆန်တင်ပို့မှုကလည်း လျော့ကျနေတယ်။ ဒါကြောင့် လာမယ့် ရေကျနောက်စိုက်စပါးတို့ နွေစပါးတို့ ပေါ်လာမယ် ဆိုရင် စပါးတွေက အများကြီးထပ် ပေါ်လာမယ်။ ဒီအခြေအနေမှာဆိုရင် ကျနော်တို့နိုင်ငံရဲ့ ဆန်ဈေးက ပြည်တွင်းဈေး ကျသွားနိုင်တယ်။ ဒါမှမဟုတ် သတ်မှတ်ဈေးအောက်ကို ရောက်သွားနိုင်တယ်”ဟု ဧရာဝတီသို့ ပြော သည်။

ဆက်လက်၍ ၎င်းက“လတ်တလောမှာလည်း နယ်စပ်ရဲ့ အခြေအနေကလည်း တော်တော်လေး တင်းတင်းကြပ်ကြပ် ပိတ်ထားတဲ့ အတွက် သွားလို့ မရဘူး ဖြစ်နေတယ်။ ကမ္ဘာ့ဈေးကလည်း အခု ဒီလောက်ပဲရှိနေမယ်။ နယ်စပ်ဈေးကွက် ကလည်း ပြန်မဖွင့်ဘူး ဆိုရင်တော့ နည်းနည်းလေး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရမယ့် အခြေနေမှာ ရှိနေတယ်”ဟု ပြောဆိုသည်။

ဆန်ဈေး ကျလာနိုင်ခြင်းသည် ပြည်တွင်း ရောင်းလိုအားနှင့် ဝယ်လိုအားမမျှ၍ ရောင်းလိုအား များနေသည့် အခြေ အနေ တွင် ဖြစ်စေ၊ ပြည်ပသို့ အိပ်စ်ပို့ အရောင်းအားနည်းသည့် အချိန်တွင် ပြည်တွင်း၌ ပြန်လည် ဝယ်ယူနိုင်ခြင်း မရှိ၍ ဖြစ်စေ ထိုအခြေအနေများတွင် ဈေးကျနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

အဓိကအချက်မှာ ဈေးကွက်အတွင်း ငွေလည်ပတ်မှု နည်းသွားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

၂၀၁၇ ဧပြီလ ၁ ရက်မှ ၂၀၁၈ မတ်လ အထိ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးနှင့် နယ်စပ် ကုန်သွယ်ရေး စုစုပေါင်း ဆန်တန်ချိန် ပြည်ပနိုင်ငံများသို့ ၃ ဒသမ ၆ သန်း တင်ပို့ခဲ့ရာမှ ၂၀၁၈ ဧပြီလမှ ၂၀၁၉ မတ်လအထိ ခန့်မှန်းခြေ ဆန် တန်ချိန် ၁ ဒသမ ၇ သန်းခန့်သာ တင်ပို့နိုင်မည် ဖြစ်သောကြောင့် ပြည်တွင်း၌ ဆန်လက်ကျန် တန်ချိန် ၁ သန်းခန့် အထိ ကျန်ရှိနေနိုင်ကြောင်း ဆန်စပါးကုန်သည်များက ပြောကြားသည်။

ထို့ကြောင့် ဆန်စပါး တင်ပို့မှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ပမာဏများစွာ လျော့ကျခဲ့ခြင်း၊ ပြည်တွင်း ဆန်လက်ကျန် ပမာဏများခြင်း တို့ကြောင့် ဆန်ဈေး အကျဘက်သို့ ဦးတည်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

နယ်စပ်မှ တရုတ်နိုင်ငံ ဘက်သို့ ဆန်တင်ပို့ခြင်းသည် တရားမဝင် ကုန်သွယ်မှုဖြစ်သည့် အတွက် ၎င်းတို့နိုင်ငံဘက်မှ ဖမ်းဆီး နေသောကြောင့် ယခင်နှစ် ကာလတိုထက်စာလျှင် အများကြီး လျော့ကျ လာနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။

“မနှစ်က ဒီအချိန်ဆိုရင် တလကို ဆန်တန်ချိန် ၂ သိန်းလောက် ပို့တယ်။ အခုကတော့ ၈ သောင်း၊ ၉ သောင်း လောက်ပဲ ပို့တယ်။ တရုတ်ပြည်ကို ဒီထက်တင်ပို့ဖို့ ဆက်ကြိုးစားရမှာပေါ့လေ။ အခုက ၁ နှစ်ကို ဆန်တန်ချိန် ၂ သိန်း လက်မှတ်ထိုးထားတယ်။ ၂သိန်းက နေ ၅ သိန်း၊ ၁ သန်းအထိ ဒီလို တင်ပို့လို့ရအောင် လုပ်ရမယ်။ ဒါကလည်း နှစ်နိုင်ငံ ကုန်သွယ်မှုမှာ နှစ်နိုင်ငံ သဘောတူညီချက်တွေ ရှိတာပေါ့နော်။ ချက်ချင်းတော့ လုပ်မရဘူးပေါ့”ဟု ၎င်းက ပြောဆို သည်။

ယခင်က တရက်လျှင် တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ တဆင့် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၅၀၀၀ မှ ၆၀၀၀ ခန့် တင်ပို့ နေသော်လည်း လက်ရှိတွင် ၁၀၀၀ မှ ၁၅၀၀ ကြားသာ တင်ပို့နိုင်သောကြောင့် တင်ပို့မှုမှာ လျော့ကျ လျက်ရှိနေသည် ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

ပြည်တွင်း ဆန်ဈေးကွက်တွင် အောက်တိုဘာလ အတွင်းက ၂၅ မှတ် (ဧည့်မထ) တအိတ်လျှင် ၂၂၇၀၀ ကျပ် ရှိခဲ့ရာမှ ဒီဇင်ဘာလ ယခုတပတ် အတွင်းတွင် ၁၉၇၀၀ ကျပ်မှ ၁၉၈၀၀ ကျပ်အထိ လည်းကောင်း ၅ မှတ် (ဧည့်မထ) တအိတ် လျှင် ၂၅၀၀၀ ကျပ် ရှိခဲ့ရာမှ ၁၈၇၀၀ ကျပ်မှ ကျပ် ၁၈၈၀၀ အထိ ကျဆင်းခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် စာရင်း များတွင် ဖော်ပြထားသည်။

The post ပြည်တွင်း ဆန်ဈေး အကျဘက်သို့ ဦးတည်နေ appeared first on ဧရာဝတီ.

Live ဗီဒီယိုတွေမှာ ဈေးဝယ်ယူနိုင်မယ့် ပုံစံအသစ်ကို Facebook စမ်းသပ်

$
0
0

Live လွှင့်ပြီး ဈေးရောင်းတဲ့လူတွေ ပိုမို အဆင်ပြေစေဖို့အတွက် လုပ်ဆောင်ချက်အသစ်တမျိုးကို Facebook က စမ်းသပ်လျက် ရှိပါတယ်။

အလုပ်လုပ်ပုံကတော့ ဈေးရောင်းသူတဦးက Live လွှင့်ပြီး ပစ္စည်းတခုကို ပြသနေတဲ့အခါမှာ လာကြည့်တဲ့သူတွေဆီမှာ Screenshot ရိုက်နိုင်မယ့် ခလုတ်တခု ပေါ်နေမှာပါ။ မိမိ ဝယ်ချင်တဲ့ ပစ္စည်းကို အဆိုပါ ခလုတ်နဲ့ ဓာတ်ပုံ ရိုက်ပြီး၊ ရောင်းချသူကို Messenger ကနေ တိုက်ရိုက် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

ထို့နောက်မှာတော့ ရောင်းချသူဟာ ပစ္စည်းအတွက် ကျသင့်ငွေကို Messenger ကနေ တောင်းခံနိုင်မှာဖြစ်သလို၊ ဈေးဝယ်သူကလည်းကနေ Messenger ထဲကနေ တခါတည်း ငွေပေးချေနိုင်မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။

App ထဲကနေ တခါတည်း ငွေချေဖို့အတွက် ဝယ်ယူသူဘက်က ငွေပေးချေမှုအချက်အလက် ဖြည့်ထားဖို့တော့ လိုပါတယ်။

Facebook ဟာ ယခု လုပ်ဆောင်ချက်အသစ်ကို ထိုင်းနိုင်ငံမှာပဲ စမ်းသပ်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဟာ Facebook Live နဲ့ ဈေးရောင်းသူ အများဆုံးရှိတဲ့ နိုင်ငံဖြစ်တာကြောင့် ထိုင်းမှာ အရင် စမ်းတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း Live လွှင့်ရောင်းချသူတွေဟာ မက်ဆေ့ဘောက်ကနေပဲ အရောင်းအဝယ် လုပ်နေကြတယ်ဆိုတော့ သိပ်ထူးခြားမှု မရှိဘူးလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် ပစ္စည်းအမျိုးအစား အမြောက်အများကို တပြိုင်တည်း ရောင်းချတဲ့အခါ ယခု လုပ်ဆောင်ချက်အသစ်က နှစ်ဦးနှစ်ဘက် ပိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။ Live လွှင့်နေရင်းနဲ့တင် ငွေချေမှု အပြီးအစီး ရောင်းချနိုင်တာကြောင့် အချိန်ကုန်လည်း ပိုမိုသက်သာမှာပါ။

Live ရောင်းချမှုကနေ ရရှိတဲ့ ငွေကို ပြန်ဖြတ်ဖို့ အစီအစဉ်မရှိဘူးလို့ Facebook က ဆိုထားပါတယ်။

ထိုင်းနိုင်ငံအပြင် တခြားနိုင်ငံတွေမှာလည်း ယခုလုပ်ဆောင်ချက် ရဖို့ ရှိ၊ မရှိ မသိရသေးပါဘူး။

Ref: The Verge

The post Live ဗီဒီယိုတွေမှာ ဈေးဝယ်ယူနိုင်မယ့် ပုံစံအသစ်ကို Facebook စမ်းသပ် appeared first on ဧရာဝတီ.


Huawei တည်ထောင်သူရဲ့ သမီး ကနေဒါနိုင်ငံမှာ ဖမ်းဆီးခံရ

$
0
0

Huawei တည်ထောင်သူ Dong Mingzhu ရဲ့ သမီးဖြစ်သူ Meng Wanzhou ကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

Meng Wanzhou ဟာ Huawei ရဲ့လက်ရှိ ဘဏ္ဍာရေးအရာရှိချုပ် (CFO)နဲ့ လက်ထောက်ဥက္ကဌ (Deputy Chairwoman) အဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

ဖမ်းဆီးရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ မထုတ်ပြန်ရသေးပါဘူး။ ဒါပေမယ့်အီရန်အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားမှုကို Huawei က ချိုးဖောက်နေကြောင်း သံသယရှိတာကြောင့် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ The Globe and Mail က ဆိုပါတယ်။

ကနေဒါနိုင်ငံ၊ တရုတ်သံရုံးက Meng Wanzhou အဖမ်းခံရမှုကို လုံးဝ ကန့်ကွက်တယ်လို့ ဆိုပြီး၊ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဘာစွဲချက်တွေနဲ့ ဖမ်းလဲဆိုတာ Huawei ကုမ္ပဏီကိုယ်တိုင် သေချာမသိရသေးဘဲ၊ Ms Meng ဘက်က အမှားအယွင်း တစုံတရာ ကျူးလွန်ထားတာမျိုးကို မသိရှိကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာနေချိန်မှာ တရုတ်အခြေစိုက်ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းပစ္စည်းကုမ္ပဏီနဲ့ ကမ္ဘာ့ဒုတိယမြောက် အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီရဲ့ CFO ကို ဖမ်းဆီးမှုဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် အနောက်နိုင်ငံတွေမှာ Huawei နည်းပညာတွေ အသုံးပြုမှုကို ထိန်းချုပ်ပိတ်ပင်မှုတွေလုပ်နေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အဖမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

US ၊ သြစတြေးလျနဲ့နယူးဇီလန်နိုင်ငံတွေဟာ 5G မိုဘိုင်းကွန်ရက် ဖော်ဆောင်ရာမှာ Huawei ပစ္စည်းတွေ အသုံးမပြုဖို့ လည်း တားမြစ်ထားကြပါတယ်။ အမေရိကန်သမ္မတ Donald Trump ကလည်း အစိုးရအေဂျင်စီတွေအနေနဲ့ Huawei ရဲ့ ပစ္စည်းတွေ ဝန်ဆောင်မှုတွေ လုံးဝ အသုံးမပြုဖို့ကိုအမိန့်ထုတ် တားမြစ်ထားပါတယ်။

U.K ကတော့ Huawei ပစ္စည်းတွေ မသုံးဖို့ ကုမ္ပဏီတွေကို တားမြစ်ထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် U.K ရဲ့ တယ်လီကွန်းကွန်ရက်ကို ကြီးစိုးထားတဲ့ BT ကုမ္ပဏီကတော့ 5G အခြေခံအဆောက်အဦတွေမှာ Huawei ပစ္စည်းတွေ သုံးမှာမဟုတ်ကြောင်းယခုတပတ်အတွင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Huawei ကုမ္ပဏီရဲ့ လက်ထောက်ဥက္ကဌလည်းဖြစ်တဲ့ Ms Meng ကို အာမခံကြေးနဲ့ အချုပ်လွှတ်ခွင့် (bail hearing) ပြု၊ မပြုကို သောကြာနေ့မှာ ကြားနာသွားမှာ ဖြစ်ပါတယ်။

Ref: Tech Crunch, BBC

The post Huawei တည်ထောင်သူရဲ့ သမီး ကနေဒါနိုင်ငံမှာ ဖမ်းဆီးခံရ appeared first on ဧရာဝတီ.

မန္တလေးမြောက်ပြင်ရှိ ဆရာစံဈေးအား အဆင့်မြှင့်မည်

$
0
0

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်အိုးဘိုရပ်ကွက်ရှိ ဆရာစံဈေးအား ၂၀၁၈ – ၂၀၁၉ ခုနှစ် ဘတ်ဂျက်ကာလ အတွင်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။

အဆိုပါဈေးကို ၁၉၉၂ ခုနှစ်က ဝန်းခြံခတ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မဖြစ်မနေ ပြန်လည်အဆင့်မြှင့်တင်ပေးရန် လိုအပ်လာခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင် ဦးဆောင်၍ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က သူ၏ လူမှုကွန်ရက် facebook စာမျက်နှာတွင် “၂၀၁၈-၁၉ ဘတ်ဂျက်လျာထားချက်အရ ဈေးအဆင့်မြှင့်ပြုပြင်ခြင်းကို ဈေးရုံအလိုက် တောင်ဘက်ကစပြီး တစ်ဆင့်ခြင်း ဆောက်လုပ်ပေးသွားမယ်၊ မိုးမကျမီ အချိန်မီပြီးစီးနိုင်အောင် ဘတ်ဂျက်အနေအထားအရ ဌာနတစ်ခုချင်းအလိုက် အပိုင်း လိုက် ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားပါမယ်” ဟု ဖော်ပြထားသည်။

အဆင့်မြှင့်တင်မှုများ ပြုလုပ်တော့မည်ဖြစ်သည့် ဆရာစံဈေး / ဇော်ဇော်/ ဧရာဝတီ

အဆိုပါဈေးသည် မြောက်ပြင်အိုးဘိုရပ်ကွက် မီးရထားလမ်းဘေးတွင်ရှိပြီး အတည်ပျံကျဆိုင် ၈၃၁ ခန်း၊ ပျံကျဈေးသည် ၉၅၀ ခန့် ရှိကြောင်း သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးနှင့်သားသတ်ဌာနမှ တာဝန်ရှိသူတဦး က “ဈေးက မီးရထားလမ်းဘေးမှာပါ ဈေးဆိုင်တွေနဲ့အပြည့်ပါ၊ အများသုံးသန့်စင်ခန်းကလည်း သားငါးဆိုင်တွေနဲ့ကပ်နေတော့ ကျန်းမာရေး အနေအထားအရ ဈေးပြင် ထုတ်ပေးသွားမယ်၊ မီးရထားလမ်းဘေးဆိုင်များနဲ့ ရပ်ကွက်ထဲက ပျံကျဆိုင်တွေကို လည်း ဈေးပတ်လည်မှာ ဖွင့်လှစ်နိုင်ရေး အတွက်ကိုပါ လုပ်ဆောင်ပေးသွားမှာပါ” ဟု ပြောသည်။

ဆရာစံဈေးအား အဆင့်မြှင့်တင်ရာတွင် ဈေးတောင်ဘက်ခြမ်းမှ စတင်၍ တစ်ဆင့်ခြင်း အဆင့်မြှင့်သွားမည်ဖြစ်ပြီး ဈေး တောင်ဘက်နှင့် မြောက်ဘက် ကွန်ကရစ်လမ်း၊ ဈေးပြင်ပအတည်ပျံကျ ဆိုင်ခန်းများတည်ဆောက်ခြင်း၊ ဈေးအပြင်ဘက် ကွန်ကရစ် ရေမြောင်းကြီးများ တည်ဆောက်ခြင်း၊ ဈေးအတွင်းရှိ ရေမြောင်းငယ်များပြုပြင်ခြင်း စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆရာစံဈေးအတွင်းမှ အထည်ဆိုင်ရှင် ဒေါ်ခင်ခင်ရွှေ က “ဆရာစံဈေးကို အဆင့်ပဲ မြှင့်မြှင့်၊ ပြန်ပဲပြင်ပြင် ကျမတို့ကတော့ ကြိုဆိုပါတယ်၊ ဈေးက ရပ်ကွက်အတွင်းမှာ ရှိတယ်ဆိုပေမယ့် မြောက်ပြင်မှာရှိတဲ့ အိုးဘို၊ သူရဲတပ်စတဲ့ရပ်ကွက်တွေအတွက် မရှိမဖြစ်လိုအပ်တယ်၊ ဒါကြောင့် ဈေးကို စည်ပင်ကနေ အဆင့်မြှင့်ပြီးရင် ဆိုင်ခန်းနေရာတွေကို သတ်သတ်မှတ်မှတ်နဲ့ မူလရှိပြီးသား ဈေးသည်တွေကိုပဲ ပြန်ပေး စေချင်ပါတယ်”ဟု ပြောသည်။

အဆင့်မြှင့်တင်မှုများ ပြုလုပ်တော့မည်ဖြစ်သည့် ဆရာစံဈေး / ဇော်ဇော်/ ဧရာဝတီ

ဆရာစံဈေးနေရာသည် ယခင်က ဘောလုံးကွင်း အဖြစ်အသုံးပြုခဲ့ပြီး သူရဲဈေးဘူတာမှ ပြောင်းရွေ့လာခဲ့ခြင်းဖြစ်ပြီး အဆင့် မြှင့်တင်ခြင်းများ ပြုလုပ်ပြီးပါက စနစ်ကျသည့် ဈေးတခုဖြစ်လာမည်ဟု ဆိုသည်။

မန္တလေးမြို့စည်ပင်သာယာ နယ်နမိတ်အတွင်း ဈေးပေါင်း ၄၄ ဈေးရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဈေးအဆင့်မြှင့်တင်မှု အနေဖြင့် ဘဏ္ဍာနှစ်အလိုက် လိုအပ်ချက်ရှိသည့် ဈေးများကို ပြင်ဆင်ထိန်းသိမ်းမှုများ ပြုလုပ်ပေးခဲ့ပြီး အကြီးစားပြင်ဆင်မှု အနေဖြင့် ဈေးချိုတော်အပါအဝင် ဈေး ၆ ဈေးကို ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဆရာစံဈေး အပါအဝင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တမြို့နယ်၊ တဈေး အဆင့်မြှင်တင်ခြင်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

NLD အစိုးရလက်ထက် ၂၀၁၈ နှစ်ကုန်အထိ ဈေးသစ် ၂ ဈေး တိုးချဲ့ဆောက်လုပ်ပေးခဲ့ပြီး တဈေးမှာ တည်ဆောက်နေဆဲဖြစ်ပြီး နောက်တဈေးကတော့ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

The post မန္တလေးမြောက်ပြင်ရှိ ဆရာစံဈေးအား အဆင့်မြှင့်မည် appeared first on ဧရာဝတီ.

ထိပ်တန်းအခွန်ဆောင်စာရင်းတွင် MPT မပါဝင်မှုအပေါ် မေးခွန်းထုတ်

$
0
0

ထိပ်တန်း အခွန်ပေးဆောင်သူစာရင်းတွင် MPT (Myanmar Post and Telecommunication) မိတ်ဖက်ကုမ္ပဏီ မပါဝင်ခြင်းခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က မေးမြန်းလိုက်သည်။

ဒီဇင်ဘာလ ၆ ရက်က ပြုလုပ်သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဒုတိယ ၆လပတ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၈) တို့နှင့် ပတ်သက်၍ ဆွေးနွေးစဉ် မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

အစီရင်ခံစာအရ ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် MPT၊ Telenor ၊ Ooredoo တို့၏ ကုန်သွယ်လုပ်ငန်းခွန်နှင့် Corporate income Tax ပေးဆောင်မှုတွင် ဈေးကွက်ဝေစုအများဆုံး ရရှိထားသည့် MPT (KDDI) Summit Global Myanmar Co., Ltd က ထိပ်တန်း အခွန်ဆောင်သူများစာရင်းတွင် မပါသည့်အတွက် ဦးတင်ထွန်းနိုင်က မေးမြန်းခြင်းလည်း ဖြစ်သည်။

“တယ်လီဖုန်းကို ဇောက်ချလုပ်နေတဲ့ တယ်လီနောမြန်မာက ဘီလီယံ ၈၀ ကျော် ဆောင်နေတဲ့အချိန်မှာ လုပ်ငန်းခွဲတွေ အများကြီးရှိတဲ့ MPT ရဲ့ မိတ်ဖက်ပါတနာဖြစ်တဲ့ KDDI က ၃၀ ဘီလီယံ (ကျပ်) လျော့ဆောင်တာသည် တယ်လီဖုန်း လုပ်ငန်းတခုတည်းအတွက် ဆောင်တာလား၊ ဒါမှမဟုတ် သူရဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လုပ်ငန်းတွေ အားလုံးအတွက် ဆောင်တာလားဆိုတာ ရှင်းရှင်းလင်းလင်း သိရဖို့ လိုပါတယ်” ဟု ဦးတင်ထွန်းနိုင်က လွှတ်တော်အပြီးတွင် မီဒီယာများကို ပြောသည်။

ကော်ပိုရိတ် ဝင်ငွေခွန် (Corporate Income Tax) ပေးဆောင်ရာတွင်လည်း Telenor က ကျပ်ဘီလီယံ ၈၀ ကျော် ပေးဆောင်ချိန်တွင် MPT ၏ မိတ်ဖက်ကုမ္ပဏီဖြစ်သည့် KDDI က ဘီလီယံ ၃၀ အောက်သာ ပေးဆောင်နေသည်ကိုလည်း ရှင်းလင်းပေးရန်လည်း တောင်းဆိုခဲ့သည်ဟု သိရသည်။

MPT သည် ဂျပန်အခြေစိုက် KDDI နှင့် Sumitomo ကုမ္ပဏီ ပူးပေါင်းကာ ဝန်ထမ်းပေါင်း ၈၀၀၀ ကျော်နှင့် လုပ်ဆောင်နေသည့် ဆက်သွယ်ရေးလုပ်ငန်းဖြစ်ကာ နိုင်ငံအတွင်း ကွန်ရက်လွှမ်းခြုံနိုင်မှု၏ ၉၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး MPT အသုံးပြုသူ သန်း ၂၀ ကျော်ရှိသည်ဟု သိရသည်။

MPT သည် နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်သည့် အခွန်အား နိုင်ငံပိုင် အဖွဲ့အစည်း ခေါင်းစဉ်အောက်တွင်သာ ပေးဆောင်ရခြင်း ဖြစ်သည့် ပုဂ္ဂလိကပိုင် ကုမ္ပဏီခေါင်းစဉ်အောက်တွင် မပါဝင်ခြင်းသာ ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဥပဒေရေးရာနှင့် ညှိနှိုင်းရေးရာဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က “ကျနော်တို့ MPT လည်း အခွန်ဆောင်ပါတယ်။ သူတို့က ကုမ္ပဏီအနေနဲ့ စာရင်းဖော်တာဆိုတော့ MPT သည် နိုင်ငံတော်ပိုင် အဖွဲ့အစည်းဆိုတော့ ကုမ္ပဏီစာရင်းထဲမှာ မပါဘူး။ ကျနော်တို့က အပြည့်အဝဆောင်တာ။ ဖုန်းနဲ့ပတ်သက်လို့ ဝင်သမျှအားလုံးသည် MPT က ဆောင်ပေးတာ။ KDDI က ဆောင်ရမယ့် ခွဲတမ်းလည်း ကျနော်တို့ထဲမှာ ပါထားပြီးသား” ဟု ပြောသည်။

သို့သော် အခွန် မည်မျှ ဆောင်ထားသည်ကိုမူ မသိရှိကြောင်းနှင့် ဖုန်းသုံးစွဲသူများမှ ရရှိသည့် ကုန်သွယ်လုပ်ငန်းခွန် များမှာလည်း MPT ခေါင်းစဉ်အောက်မှသာ ပေးဆောင်ကာ KDDI အနေဖြင့် ၎င်းတို့၏ ဝင်ငွေအပေါ်တွင် သီးခြားအခွန် ပေးဆောင်ရကြောင်းလည်း ၎င်းက ဆိုသည်။

ဧပြီလ မှ စက်တင်ဘာလအထိ ၆ လ ဘတ်ဂျက်အတွင်း ဖုန်းဘီလ်မှ ကုန်သွယ်လုပ်ငန်းခွန် ကောက်ယူရရှိမှုမှာ မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ကျပ် ၂၃၈၂၄ သန်းကျော်၊ Ooredoo မှ ၆ဝ၃၂ သန်းကျော်၊ Telenor မှ ကျပ် ၁၄ဝ၃၁ သန်းကျော်နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) မှ ကျပ် ၃၄၅ သန်းကျော် ရှိခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ကိုးကား၍ ပြည်တွင်းမီဒီယာ တခုဖြစ်သည့် News Watch က ဒီဇင်ဘာလ ၂ ရက်တွင် ရေးသားထားသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် ပတ်သက်၍ လျာထားသည်ထက် လျော့်နည်းမှု အခြေအနေ၊ စီးပွားရေး လုပ်ငန်းကြီးများအပေါ် ထိရောက်စွာ အခွန်ကောက်ခံနိုင်ရေး၊ ထီလက်မှတ်မှ နိုင်ငံအခွန်ရရှိမှု၊ ပြည်ပမှ လာရောက်လုပ်ကိုင်သူများမှ ရရှိသည့် ဝင်ငွေခွန်ကိစ္စများကိုလည်း ယင်းနေ့ လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၀ ဦးကျော်က ဆွေးနွေးခဲ့သေးသည်။

ယင်းဆွေးနွေးချက်များနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လာမည့်အပတ်အတွင်း လွှတ်တော်၌ ပြန်လည်ရှင်းလင်းရမည် ဖြစ်သည်။

ဒုတိယ ၆ လပတ် အခွန်ရငွေစာရင်းတွင် ကျပ်ဘီလီယံ ၅၀၀၀ နီးပါး ရရှိမည် လျာထားသော်လည်း ၄၃၀၀ ကျော်သာ ရရှိခဲ့ပြီး လျာထားချက်ထက် ဘီလီယံ ၆၅၀ ခန့် လျော့နည်းခဲ့သည်။

ကုန်သွယ်လုပ်ငန်းခွန်အနေဖြင့် ကျပ်ဘီလီယံ ၁၅၀၀ လျာထားသော်လည်း ၁၁၀၀ ဘီလီယံကျော်သာ ရရှိပြီး ဝင်ငွေခွန်မှ ၁၆၀၀ ကျော် လျာထားသော်လည်း ၁၂၇၀ ဘီလီယံ၊ အထူးကုန်စည်ခွန်မှ ဘီလီယံ ၈၀၀ ကျော် လျာထားသော်လည်း ၁၀၀ ကျော်သာ ရရှိခဲ့သည်ဟုလည်း သိရသည်။

The post ထိပ်တန်းအခွန်ဆောင်စာရင်းတွင် MPT မပါဝင်မှုအပေါ် မေးခွန်းထုတ် appeared first on ဧရာဝတီ.

စပါးပေါ်ချိန်ဖြစ်သော်လည်း ပေါ်ဆန်းရင် ဈေးနှုန်း မြင့်တက်

$
0
0

စပါးပေါ်ချိန်ဖြစ်သော်လည်း အဝယ်လိုက်နေသည့်အတွက် ပေါ်ဆန်းစပါး အုပ်စုဝင် ပေါ်ဆန်းရင်မှာ တင်း ၁၀၀ လျှင် ကျပ် ၉ သိန်းခွဲမှ ၁၀ သိန်းအထိ ဈေးမြင့်တက်နေကြောင်း ဧရာဝတီတိုင်းရှိ ဆန်စပါး လုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်နှစ် ကာလတူအချိန်က တင်း ၁၀၀ လျှင် ကျပ် ၈ သိန်းခွဲမှ အမြင့်ဆုံး ကျပ် ၉ သိန်းထိသာ ဈေးပေါက်ခဲ့သည်။

ပုသိမ်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ အောင်သုခဆန်စက်ပိုင်ရှင် ဦးမောင်မောင်ဝင်းက ပေါ်ဆန်းရင် စပါး က ဆန်သားကောင်းတဲ့ အခြေအနေအပေါ် မူတည်ပြီးသွားနေတယ်။ ပေါက်ဈေး က ၉ သိန်းခွဲကနေ ၁၀ သိန်းတပတ်လည် အထိ ပေါက်ဈေးရှိတယ်။ ဒီဈေးနှုန်းက မနှစ်ကထက် ပိုမြင့် တယ်။ အမြင့်ဆုံးဈေးနှုန်းလို့ ပြောလို့ရတယ်ဟု ဧရာဝတီကို ပြောသည်။

ပေါ်ဆန်းရင် စပါးပေါ်ချိန်မှာ သီတင်းကျွတ်ကာလ ဖြစ်သည့် အောက်တိုဘာလတွင် ဖြစ်ကာ နိုဝင်ဘာ နှင့် ဒီဇင်ဘာလများ တွင် စပါးအထွက်များသည့်အတွက် ပုံမှန်အချိန်များတွင် ဈေးကျလေ့ရှိသော် လည်း ယခုအခါ မြင့်တက်နေခြင်းလည်း ဖြစ် သည်။

ပြီးခဲ့သည့် အောက်တိုဘာလကမူ ပေါ်ဆန်းရင် စပါး စပေါ်ချိန်က ယခင် လှောင်ထားသည့် ဆန်ဟောင်းရောကာ ကြိတ်ခွဲရန်အတွက် တင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းဖြင့် ဝယ်ယူမှု အချို့ရှိခဲ့ဖူးသည်။

လက်ရှိ ပေါ်ဆန်းရင်စပါးဈေး ပြန်တက်လာတာက ရွာတွေက စပါးလှောင်သမားတွေ အဝယ်လိုက် တဲ့အတွက် ဖြစ်ပါတယ်။ စီးပွားရေးသမားတချို့နဲ့ ငွေရှိတဲ့လယ်သမားတချို့တွေက စပါးကို တလင်း ထဲမှာတင် ဝယ်ပြီးလှောင်နေကြတော့ အဝယ်ပြန်တက်လာတဲ့အတွက် စပါးဈေး ပြန်မြောက်လာတာပါ။ ကြိတ်ရောင်းတဲ့ ဆန်သမားတွေကတော့ စပါးလှောင်သမားနဲ့ ဈေးယှဉ်ပေးပြီး မဝယ်နိုင်လို့ ကြိတ်ရောင်းသူတချို့ နားထားကြတယ်ဟု ပုသိမ်မြို့ခံ စပါးနှင့် ဆန်ကုန်သည် ဦးခင်မောင်လတ်က ဆိုသည်။

လက်ရှိတွင် ပေါ်ဆန်းရင် စပါးနည်းတူ မနောဖြူ၊ ဧရာသွယ် စသည့် စပါးအုပ်စုနှင့် ဆင်းသုခ၊ မနောသုခ စသည့် အကြမ်း စပါးအုပ်စုမှလည်း ယမန်နှစ် ကာလတူဈေးထက် ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ မြင့်တက်လျက် ရှိသည်။

အကြမ်းစပါးဈေးနှုန်းမှာ ယခင်နှစ်က ကျပ် ၅၇၀၀၀၀ မှ ၆ သိန်း အထိ ရှိရာမှ ယခုအခါ အနိမ့်ဆုံး ၆ သိန်းမှ ၆ သိန်း ၂ သောင်းအထိ လည်းကောင်း၊ အသွယ်စပါးဈေးနှုန်းမှာ ယခင်နှစ်က ၆ သိန်း ၆ သောင်းမှ ၇ သိန်းအထိ ရှိခဲ့ရာမှ ယခုအခါ ၆ သိန်း ၈ သောင်းမှ ၇ သိန်း ၃ သောင်းအထိ ဈေးမြင့်တက်လျက် ရှိသည်။

လက်ရှိ ပေါ်ဆန်းရင်စပါးပေါက်ဈေးက လယ်သမားတွေအတွက် အရမ်းအဆင်ပြေပါတယ်။ လယ်ထဲ ကိုထည့်ရတဲ့ မျိုးစပါး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစတဲ့ သွင်းအားစုတွေက ဈေးတွေတက်နေ တဲ့အတွက် လယ်တစ်ဧက စိုက်ပျိုးမှု ကုန်ကျ စရိတ်ကလည်း တက်လာနေတယ်။ ဒီလို စပါးဈေးမြင့် လို့ သာ လယ်သမားတွေ ခံသာတာဟု ကန်ကြီးထောင့်မြို့မှ လယ်သမား ဦးစိုးဝင်းက ပြောသည်။

ဧရာဝတီတိုင်းတွင်းရှိ ခရိုင် ၆ ခုတွင် မိုးစပါးစိုက်ဧကပေါင်း ၃ ဒသမ ၇ သန်း ကျော်ရှိကာ နွေစပါး စိုက်ဧက ၁ ဒသမ ၃ သန်းကျော်ရှိကာ တိုင်းဒေသကြီး လူဦးရေ ၆ သန်းခွဲခန့်အနက် ၇၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြကြောင်း တိုင်းအစိုးရအဖွဲ့ရုံး စာရင်းများအရ သိရသည်။

The post စပါးပေါ်ချိန်ဖြစ်သော်လည်း ပေါ်ဆန်းရင် ဈေးနှုန်း မြင့်တက် appeared first on ဧရာဝတီ.

“ရွာတွေ ခြောက်ပြီး စီးပွားရေးတွေ ထိကုန်ပြီ”

$
0
0

တနင်္သာရီ ပင်လယ် ကမ်းရိုးတန်းဒေသရှိ ကမ်းနီးလုပ်ကွက်များအတွင်း ကမ်းဝေးငါးဖမ်းစက်လှေများ တရားမဝင် ဝင်ရောက် ငါးဖမ်းဆီးမှုများကို အထောက်အထားများ ရယူထားကာ ထိရောက်စွာ အရေးယူနိုင်ရန် လုပ်ဆောင်မည်ဟု တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောသည်။

တရားမဝင် ငါးဖမ်းဆီးမှုနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဆွေးနွေးမှုများ ရှိခဲ့သော်လည်း အောက်ခြေတွင် သက်ဆိုင် ရာ အာဏာပိုင်များက ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းသည့်အတွက် ကိုယ်တိုင်ကွင်းဆင်းကာ မှတ်တမ်းရယူခြင်းများ လုပ်ဆောင်ခဲ့ရသည်ဟုလည်း သိရသည်။

ဦးဇော်ဟိန်းမှာ ပင်လယ်အတွင်း ကိုယ်တိုင်သွားရောက်ကာ တရားမဝင် ငါးဖမ်းနေမှုများအား မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးကာ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာပေါ်တွင် လွှင့်တင်ခဲ့သေးသည်။

ကိုယ်တိုင် ကွင်းဆင်း မှတ်တမ်းရယူရာတွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စည်းကမ်းမဲ့ ငါးဖမ်းလှေတွေကို ကိုယ်တိုင်ကွင်းဆင်းပြီး မှတ်တမ်းယူခဲ့တယ်လို့ သိရတယ်။ ဘာကြောင့် ကိုယ် တိုင် မှတ်တမ်းလိုက်ယူ ဖြစ်တာလဲခင်ဗျာ။

ဖြေ။ ။ ကျနော်တို့ နိုဝင်ဘာလဆန်းပိုင်းက တနင်္သာရီ ကမ်းရိုးတန်းတလျှောက်ပေါ့။ ကျနော့် မဲဆန္ဒနယ် ကျွန်းစုမြို့ နယ် မှာကလည်း ရေလုပ်ငန်းကို မှီခိုနေရတဲ့ ကျေးရွာလေးတွေ များတယ်။ သူတို့ကျေးရွာတွေမှာ ရေရှည်ရပ်တည်လို့ မနိုင် တော့ဘူးလို့ ကျနော့်ကို ပြောတယ်။ စည်းကမ်းမဲ့ ငါးဖမ်းလှေ (ဝါးလတ်) တွေကြောင့် သူတို့ ကမ်းနီးငါးဖမ်း လုပ်ငန်း နဲ့ အသက်မွေးဝမ်းကျောင်းတဲ့ သူတွေကို ထိခိုက်လာတယ်ပေါ့။

ဒီကိစ္စတွေကို ကျနော်တို့ လွှတ်တော်မှာ အကြိမ်ကြိမ် မေးတယ်၊ ဆွေးနွေးတယ်။ ဒါပေမယ့် ဒါတွေကို မထိန်းနိုင်ဘူး။ ဘယ်လိုမှ ပြောမရတဲ့အတွက် ကိုယ်တိုင်ကွင်းဆင်းပြီး ကြည့်တယ်၊ မှတ်တမ်းယူတယ်။ သွားတာက ကော့သောင်း အထိ ရောက်တယ်။ အဲဒီမှာ နေ့ ညအချိန်မရွေး ဖမ်းနေကြတာ။ ညဘက်တွေ ပိုများတယ်။ အုံလိုက်ကျင်းလိုက်ကို စည်းကမ်းမဲ့ လှေတွေ ဆွဲနေကြတာ။ ကျနော့်မှာ မတင်ပြရသေးတဲ့ မှတ်တမ်းတွေ အများကြီး ရှိပါသေးတယ်။ ဘာကြောင့် ဒီလိုလုပ် သလဲ ဆိုတော့ ကိုယ်တိုင်ဆင်းလုပ်မှပဲ ပိုပြီး ထိရောက်မယ်လို့ ယူဆလို့ပါ။

မေး။ ။ တရားမဝင် ဖမ်းဆီးနေတဲ့လှေတွေ ဘယ်လောက် တွေ့ခဲ့လဲ။

ဖြေ။ ။ အစီး ရာချီတာပေါ့ ခင်ဗျာ၊ ရာချီတာပေါ့။ အုပ်စုလိုက် ဖမ်းနေတာတွေကော။

မေး။ ။ ကိုယ်စားလှယ်တို့ တွေ့ခဲ့တဲ့ လှေတွေက တကယ်ရော တရားမဝင် ဖမ်းနေကြတာ သေချာရဲ့လား။ ဘယ်လို အချက်တွေကြောင့် သိတာလဲ။

ဖြေ။ ။ ကမ်းနီးဧရိယာထဲမှာ ဝင်ဖမ်းနေကြတာပေါ့။ သူတို့က လှေနံပါတ်ပြားတွေ၊ နာမည်တွေကို ပလတ်စတစ် ရွက်ကြီးတွေနဲ့ အုပ်ပြီး လုပ်နေကြတာ၊ အရေးယူလို့ မရအောင် မသမာနည်းနဲ့ လုပ်နေကြတာပေါ့၊ မရိုးသားဘူး။ ကမ်းနီးလှေတွေက သွားပြောရင်လည်း သူတို့က“ မင်းတို့အလုပ် မင်းတို့လုပ်၊ ငါတို့အလုပ် ငါတို့လုပ်မယ်၊ မင်းတို့ ဟာက ဘာတန်ဖိုးမှ မရှိဘူး၊ တို့ဟာက တန်ဖိုးနဲ့” ဟုပြောဆိုကြောင်း ဒေသခံတွေက ပြောတယ်။ သူတို့မှာ တိုင်မယ့် သူလည်း မရှိဘူး။ ဒေသခံတွေက ခိုကိုးရာမဲ့ ဖြစ်နေတယ်။

မေး။ ။ အခုလို မှတ်တမ်းဆင်းယူတော့ ဌာနဆိုင်ရာတွေက ဘာပြောသေးလဲ။

ဖြေ။ ။ အခုလို ကိုယ်တိုင်ဆင်းကြည့်တာ ဌာနဆိုင်ရာတွေကို မပြောဘူး။ အရင်ကတည်းက လွှတ်တော်မှာ တင်ပြခဲ့ ပြီးသားပဲ။ ဌာနတွေက ကုန်းပေါ်ပိုင်းပဲ တာဝန်ယူတဲ့သဘောဖြစ်ပြီး ရေထဲကျတော့ တပ်မတော် (ရေ) ဘက်က တာဝန် ယူတဲ့အပိုင်းတွေလည်း ရှိတယ်။ တကယ်တမ်း ဖမ်းတဲ့အခါကျတော့ ကမ်းနီးလှေတွေပဲ များနေတယ်။ စည်းကမ်းမဲ့တဲ့ ကမ်းဝေးလှေတွေ ဖမ်းတာတော့ နည်းတယ်။ ကျနော်တို့က သွားကတည်းက ပုံမှန်ပြည်သူတွေ သွားသလိုပဲ သွားခဲ့ တာ။ ငါတို့လာမယ် ဘာမယ်ဆိုပြီး လိုက်ပြောရင် သတင်းကြိုရပြီး ရှောင်ရင် ရှောင်နိုင်တယ်လေ။ ကိန်းကြီးခန်းကြီးနဲ့ သွားရင် ရှောင်ပြေးကုန်မှာပေါ့။ တကယ့်မြေပြင်က အခြေနေမှန်ကိုလည်း သိနိုင်မှာ မဟုတ်ဘူး။

မေး။ ။ ကိုယ်တိုင်ဆင်းပြီး မှတ်တမ်းယူတော့ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။

ဖြေ။ ။ တချို့လှေတွေဆိုရင် ကျနော်တို့က အနောက်က လိုက်တဲ့အခါ ကိုယ်စားလှယ်လှေမှန်းတော့ မသိလောက်ဘူး၊ မှတ်တမ်းရိုက်နေမှန်းတော့ သိတယ်။ ကျနော်တို့ မလိုက်အောင် ရှေ့မှာ ပိုက်တွေပစ်ချတယ်။ ကျနော်တို့ လှေလေးက သေးတော့ လှိုင်းနဲ့မြုပ်အောင် လုပ်တာမျိုးတွေ ရှိတယ်၊ ကျနော်တို့လှေက နည်းနည်း ပိုမြန်တော့ ဘာမှတော့ မဖြစ်ပါ ဘူး။

မေး။ ။ တရားမဝင် ဖမ်းဆီးမှုတွေကို အဓိက ဘယ်ဌာနတွေက တာဝန်ယူ ကြီးကြပ် လုပ်ဆောင်ရတာလဲ။

ဖြေ။ ။ ဝန်ကြီး ပြောတာကတော့ အဓိကက တပ်မတော်ရေက စစ်ဖို့ တာဝန်ပေးထားတယ်လို့ သိရတယ်ပေါ့။ ဥပဒေ အရတော့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ်မှာ တာဝန်ရှိတယ်။ သူက စီမံခန့်ခွဲလို့၊ စစ်ဆေးလို့ ရတယ်။ ဥပဒေအရ လုပ်ကို လုပ်လို့ရတယ်။

မေး။ ။ ဘာကြောင့်မလို့ ဒီတရားမဝင် ငါးဖမ်းဆီးသူတွေကို ထိရောက်စွာ တားဆီးဖို့ မလုပ်နိုင်တာလို့ ထင်လဲ။

ဖြေ။ ။ တရားမဝင် ဖမ်းနေတာတွေကို ဘာကြောင့် ထိထိရောက်ရောက် မလုပ်နိုင်လဲဆိုတော့ မလုပ်ကြလို့ပေါ့ဗျာ။ ဥပဒေအရ တာဝန်ပေးအပ်ထားတဲ့ အဖွဲ့အစည်းတွေက မလုပ်လို့ပေါ့။ လုပ်ရင် ရပါတယ်။

မေး။ ။ ဒီကိစ္စတွေမှာ အဂတိလိုက်စားမှုတွေ ရှိနိုင်တယ်လို့ ထင်သလား။

ဖြေ။ ။ အဓိကတော့ အဂတိလိုက်စားမှုတွေ ရှိနေလို့ စည်းကမ်းမဲ့ တရားမဝင် ဖမ်းဆီးတဲ့လှေတွေ ဆက်ရှိနေတာပဲ။ အခုတော့ အဂတိကော်မရှင်ကိုပါ တိုင်ထားပါပြီ။ အထောက်အထားတွေလည်း ထပ်ပြီး တင်ပြမှာပါ။

မေး။ ။ ဒီလို ငါးဖမ်းလှေတွေက ဆီ (စက်သုံးဆီ) ပေးနေရတယ်လို့လည်း သိရတယ်။ အခြေအနေမှန်က ဘယ်လိုရှိ လဲ။

ဖြေ။ ။ ကျနော်တို့ သွားတဲ့အခါမှာ ဒီလို တရားမဝင်ဖမ်းဆီးနေတဲ့လှေတွေက တချို့ကို ဆီ တွေ ပေးရတယ်၊ ပိုက်ဆံ တွေ ပေးရတယ်လို့ ဒေသခံတွေက ပြောကြတယ်။ ကိုယ်ကလည်း လက်တွေ့ မမြင်သေးတော့ အချက်အလက်က မရနိုင်သေး ဘူး ဖြစ်နေတယ်။ ဒီလို စည်းကမ်းမဲ့ ငါးဖမ်းနေတဲ့ကိစ္စတွေက ဆယ်စုနှစ် နှစ်ခုကျော်ပြီ။

မေး။ ။ ကွင်းဆင်းမှတ်တမ်းယူပြီးနောက်ပိုင်း ထူးခြားမှုကော ရှိရဲ့လား။

ဖြေ။ ။ ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့တွေ နိုဝင်ဘာ ၁၀ ရက်နေ့ကတိုင်လိုက်တယ်။ ၂ ပတ်လောက် စောင့်ကြည့်တဲ့ အခါမှာ မထူးလာတော့ နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေက သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ၊ တပ်ချုပ်နဲ့ ပြည်ထောင်စုဝန်ကြီး စတာတွေကို ထပ်ပို့လိုက်တယ်။ အဲဒီတော့မှ ၃၀ ရက်နေ့မှာ ဖမ်းမိထား တယ်ဆိုပြီး သတင်း စဝင်လာတယ်။ ကျနော်တို့ မှတ်တမ်းယူပြီး တင်ပြလိုက်တဲ့ တစီးကိုတော့ ဖမ်းလိုက်ပြီ ပြောတယ်။ အရေးယူဖို့ ပြင်ဆင်နေပြီလို့ သိရတယ်။ နောက်ထပ်လည်း အများကြီး ရှိပါသေးတယ်။

မေး။ ။ စည်းကမ်းဖောက်ဖျက်တဲ့ ငါးဖမ်းမှုတွေကို ထောင် ၃ နှစ်အထိ ချနိုင်တယ်လို့လည်း သိရတယ်။ ဘယ်လိုတွေ အရေးယူတယ်လို့ ကြားရသေးလဲ။

ဖြေ။ ။ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း ဥပဒေပုဒ်မ ၃၅ အရ စည်းကမ်းတွေ ချိုးဖောက်တယ်ဆိုရင် ထောင်ဒဏ် ၃ နှစ် ဖြစ်စေ၊ ငွေဒဏ် ၂ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဌာန်းထားတယ်။ ဒါပေမယ့် ငါးဦးစီးမှာ လည်း အရေးယူပုံယူနည်း ညွန်ကြားချက်တွေ ရှိပုံရပါတယ်။ ကျနော်သိသလောက်တော့ ပထမတကြိမ် ဖမ်းမိရင် ငွေ ဒဏ်သိန်း ၃၀ နဲ့ ငါးဖမ်းခွင့် ၃ လပိတ်တယ်။ ဒုတိယအကြိမ်ဆို သိန်း ၆၀ နဲ့ ငါးဖမ်းခွင့် ၆ လပိတ်တယ်။ တတိယ အကြိမ် ဆိုရင် လှေပါ သိမ်းတယ်ဆိုတာ ရှိတယ်လို့တော့ သိရတာပေါ့။ ဥပဒေအရ အတိအလင်း ပြဌာန်းချက်တွေမှာ တော့ ပြစ်မှုကျူးလွန်တဲ့ တရားခံကို ထိန်ချန်မယ်၊ ဖျောက်ဖျက်မယ်ဆိုရင် မည်သည့် ပြည်သူ့ဝန်ထမ်းကိုမဆို ထောင် ၇ နှစ် ချမှတ်ရမယ်ဆိုပြီးပါ ပြဋ္ဌာန်းထားတယ်။

မေး။ ။ ဒရွတ်ဆွဲပိုက်တွေကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုကရော ဘယ်လောက်ထိ ပြင်းထန်သလဲ။

ဖြေ။ ။ ကျနော် သိရသလောက် မြန်မာ့ပင်လယ်ပြင်မှာ ငါးသယံဇာတ စစ်တမ်းသတ်မှတ်ချက်တွေအရ တော်တော်ကို နိမ့်သွားပြီ၊ မရှိတော့ဘူးပေါ့။ သတ်မှတ်ထားတဲ့ စိုးရိမ်အဆင့် ကျော်လွန်သွားပြီ။ ဒရွတ်ဆွဲတဲ့ပိုက်တွေက ငါးမျိုးစိတ် တွေ မျိုးတုန်းစေတဲ့ နည်းတခုပဲ။ ပိုက်အိတ်နဲ့ ရေအောက်ကြမ်းပြင်မှာ ဒရွတ်ဆွဲတော့ သန္တာကျောက်တန်းတွေ၊ ရေ မှော်တွေမှာ နေထိုင်ပေါက်ဖွားပြီး မျိုးပွားကြတဲ့ ငါးလေးတွေ အကုန်လုံးက ပျက်စီးကုန်တယ်။ အရင်တုန်းကဆို ကျနော် တို့ ကျွန်းစုမြို့နယ်ထဲမှာတင် အများကြီးရှိတယ်၊ အခု မရှိတော့ဘူး။ ပြီးတော့ ပိုက်ကွက်ကလည်း သေးတယ် ဆိုတော့ ငါးကြီး ငါးကောင်းဖြစ်လာမယ့် အကောင်တွေရော အကုန်ပါတာ။

တန်ဖိုးကြီးငါးမျိုး သေးသေးလေးမိတော့လည်း ဘယ်လောက်မှမရဘဲ ကောင်ရေ ထောင်ပေါင်းများစွာက ငါးအမှုန့် ကြိတ်တဲ့ စက်ရုံကိုပဲ သွားပို့ရတယ်။ ရေအောက် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးသလို အရွယ်မရောက်ဘဲ ငါးမျိုး စိတ်တွေ ဆုံးရှုံးရတဲ့အတွက်လည်း နောက်မျိုးဆက်တွေအတွက် တော်တော်လေးကို ရင်လေးစရာပဲ။ ကျနော်တို့ ငယ်ငယ်ကနဲ့ စာရင်တောင် အခု တော်တော် ရှားပါးလာပါပြီ။

မေး။ ။ ဒေသခံတွေအပေါ် ထိခိုက်မှုတွေကရော။

ဖြေ။ ။ အရင်တုန်းကဆို ပင်လယ်ကျေးရွာကြီးတွေ ရှိတယ်။ အရင်တုန်းက ဒီနေရာတွေက တံငါလုပ်လို့ အင်မတန် ရတဲ့နေရာတွေ။ ရွာတွေလည်း စည်ကားတယ်။ အခုကျတော့ ရွာတွေက ခြောက်ပြီး စီးပွားရေးတွေ ထိကုန်ပြီ။ တချို့ ဆိုရင် တခြားနေရာတွေ ပြောင်းကုန်ပြီ။ တဖက်နိုင်ငံကို သွားအလုပ်လုပ်ကြသူတွေလည်း ရှိတယ်။ ကမ်းနီးမှာ ငါးရှား ပါးလာတဲ့အတွက် သူတို့အတွက် တကယ်ကို အခက်အခဲ ဖြစ်လာတယ်။

မေး။ ။ တရားမဝင် ငါးဖမ်းဆီးမှုတွေကို တားဆီးဖို့ ဘယ်လောက်အထိ ဆက်လုပ်သွားမှာလဲ။

ဖြေ။ ။ ဒါက ပြည်သူရဲ့ စားဝတ်နေရေးကို ထိခိုက်နေတဲ့ ကိစ္စပါ။ ကျနော်တို့က ပြည်သူနဲ့အတူ ပေါင်းပြီး ဆက်လုပ် သွားရမှာပါပဲ။ လွှတ်တော်မှာ ဆွေးနွေးတယ် ပြောဆိုတယ်၊ အောက်ခြေမှာတော့ မထိရောက်ဘူး။ ကျနော်တို့ကတော့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ကို ဒေသခံလူထုနဲ့ ပေါင်းပြီး လုပ်သွားရမှာပဲ။ ဆက်လုပ်သွားမယ့် အစီအစဉ်တွေ လည်း ရှိပါတယ်။

မေး။ ။ တရားမဝင် ငါးဖမ်းတာတွေကို တားဆီးဖို့ တပ်မတော် (ရေ) ၊ အစိုးရနဲ့ ဌာနဆိုင်ရာတွေကို ဘာပြောချင်သေး လဲ။

ဖြေ။ ။ ကျနော်တို့ကတော့ အားလုံးပူးပေါင်းရွက်ဖို့ပဲ ပြောချင်ပါတယ်။ ပြည်သူ့မျက်နှာကိုပဲ ကြည့်ကြပါလို့။ ပူးပေါင်း လုပ်ဆောင်ကြရင် မရစရာ မရှိပါဘူး။

မေး။ ။ နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ။ ။ ကျနော်တို့တွေ ကိုယ့်နိုင်ငံ၊ ကိုယ့်အရပ်ဒေသမှာ သိက္ခာရှိရှိနဲ့ ရပ်တည်ဖို့ ရေရှည်ကို ကြည့်ပြီးတော့ လုပ်ကြဖို့ လိုအပ်တယ်လို့ပဲ ပြောချင်ပါတယ်။

ဆက်စပ်ကြည့်ရှုရန်

လူမှုကွန်ရက်ပေါ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်း လွှင့်တင်ခဲ့သည့် တရားမဝင် ငါးဖမ်းနေမှု ဗီဒီယို မှတ်တမ်း

The post “ရွာတွေ ခြောက်ပြီး စီးပွားရေးတွေ ထိကုန်ပြီ” appeared first on ဧရာဝတီ.

Viewing all 5004 articles
Browse latest View live